← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇) အပြန်အလှန် စမ်းသပ်ခြင်း

မူရှီးချန်၏ စကားများကို နားထောင်ပြီးနောက် ဟွာရှန့်ယန်သည် ခဏမျှ တိတ်ဆိတ်သွားကာ မေးလိုက် ကြည့်လေသည်။

"မင်း ရွှီရူဟန်ကို အသိပေးမှာလား..."

"မပြောတော့ဘူး..."

မူရှီးချန်က ပြောလိုက်လေသည်။

"သူက ယောင်ရန်နဲ့ မတွေ့ချင်မှတော့… သူ လာလည်တဲ့အကြောင်း ပြောပြနေဖို့ မလိုတော့ပါဘူး..."

ထိုစဉ် တံခါးခေါက်သံကို ကြားလိုက်ရသဖြင့် သူက ဆက်ပြောလိုက်လေ၏။

"ငါ သွားရတော့မယ်၊ နောက်မှပဲ ဆက်ပြောကြတာပေါ့..."

ဖုန်းချလိုက်ပြီးနောက် မူရှီးချန်က ခွင့်ပြုလိုက်လေသည်။

"ဝင်ခဲ့ပါ..."

အစေခံသည် အထဲသို့ ဝင်လာကာ အစီရင်ခံလေ၏။

"သခင်လေးမူ… ဧည့်သည်တွေ ဧည့်ခန်းဆောင်မှာ စောင့်နေကြပါတယ်..."

မူရှီးချန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ကောင်းပြီ… မင်း အလုပ် မင်း ဆက်လုပ်လို့ ရပြီ..."

"ဟုတ်ကဲ့ပါ သခင်လေးမူ..."

အစေခံက ပြန်လည်ဖြေကြားပြီးနောက် ထွက်ခွာသွားခဲ့လေသည်။

အစေခံ ထွက်ခွာသွားပြီးနောက် မူရှီးချန်သည် သူ၏ အခန်းထဲမှ ထွက်လာခဲ့လေသည်။ ပထမထပ်ရှိ ဧည့်ခန်းဆောင်သို့ ဝင်ရောက်သွားသောအခါ ယောင်ရန်ကို ချက်ချင်းပင် မြင်လိုက်ရသဖြင့် နှုတ်ဆက် လိုက်လေ၏။

"မတွေ့ရတာ ကြာပြီနော် မိန်းကလေးယောင်..."

ယောင်ရန်သည် မော့ကြည့်လိုက်ရာ ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော မျက်နှာတစ်ခုကို မြင်တွေ့ လိုက်ရလေသည်။ သူ မည်သူဖြစ်ကြောင်းကို ခဏမျှ အမှတ်ရရန် ကြိုးစားပြီးနောက် တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

"မူရှီးချန်လား..."

တစ်ယောက်ထိုင် ဆိုဖာပေါ်၌ ဝင်ထိုင်လိုက်သော မူရှီးချန်က ပြန်လည်ဖြေကြားလိုက်သည်။

"ကျွန်တော့်ကို မှတ်မိနေသေးတဲ့အတွက် ဝမ်းသာပါတယ်ဗျာ... ကျွန်တော် ခင်ဗျားကို မိန်းကလေး ယောင်လို့ပဲ ခေါ်ရမလား… အရင်ကလို ညီမလေးရန်ရန်လို့ပဲ ခေါ်ရမလား..."

ယောင်ရန်က ပြုံးလိုက်ကာ တုံ့ပြန်လိုက်လေ၏။

"ရှင် အဆင်ပြေသလို ခေါ်နိုင်ပါတယ်..."

သူမ၏ တုံ့ပြန်မှုကို ကြားသောအခါ မူရှီးချန်၏ အေးစက်နေသော မျက်နှာထက်၌ အပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားကာ ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း ညီမလေးရန်ရန်လို့ပဲ ခေါ်တော့မယ်..."

ထိုသို့ ပြောဆိုပြီးနောက် သူသည် လုံယုနှင့် ရှီရွှမ်းတို့ဘက်သို့ အကြည့်လွှဲလိုက်ကာ မေးလိုက်လေသည်။

"သူတို့က..."

ယောင်ရန်သည် လုံယု၏ လက်ကို ဆုပ်ကိုင်ထားရင်း မိတ်ဆက်ပေးလိုက်လေသည်။

"ဒါက လုံယု… ကျွန်မရဲ့ ချစ်သူပေါ့..."

သူမက ပြောလိုက်ပြီးနောက် ရှီရွှမ်းဘက်သို့ လက်ဟန်ပြကာ ထပ်မံ မိတ်ဆက်ပေးလေ၏။

"ပြီးတော့ ဒါက ကျွန်မရဲ့ သူငယ်ချင်း ရှီရွှမ်းပါ..."

လုံယုမှာ ယောင်ရန်၏ ချစ်သူဖြစ်ကြောင်း ကြားလိုက်ရသောအခါ မူရှီးချန်သည် သူ့အား စိတ်ဝင်တစား ဖြင့် ကြည့်လိုက်မိသည်။

*အို ညီမလေးရန်ရန်မှာ ချစ်သူရနေပြီပဲ... ဒါကြောင့်များ ရွှီရူဟန်က သူမနဲ့ မတွေ့ချင်တာ ဖြစ်နိုင်မ လား...*

ရွှီရူဟန်၏ အကျင့်စရိုက်ကို စဉ်းစားမိသွားသောအခါ သူသည် မျက်မှောင်ကြုတ်လိုက်ကာ ဆက်တွေး လိုက်လေသည်။

*မဖြစ်နိုင်ဘူး... အဲ့ဒီ ခံစားချက်ကင်းမဲ့နေတဲ့လူက ရေခဲထက်တောင် ပိုပြီး အေးစက်သေးတာပဲ... သူ့မှာ တခြား ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေတာများလား... အင်း... ဒီကိစ္စက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ... *

ထိုသို့ တွေးတောပြီးနောက် မူရှီးချန်သည် လုံယုနှင့် ရှီရွှမ်းတို့ကို ကြည့်ကာ နှုတ်ဆက်လိုက်လေသည်။

"တွေ့ရတာ ဝမ်းသာပါတယ် သခင်လေးလုံ နဲ့ သခင်လေးရှီ..."

သူတို့ကို နှုတ်ဆက်ပြီးနောက် ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"ညီမလေးရန်ရန်... ညီမ ဦးလေးရွှီကို လာရှာတာလို့ အစေခံဆီကနေ ကြားမိတယ်... တစ်ခုခု လိုအပ်လို့ လား... အကူအညီလိုရင် အစ်ကို့ကို ပြောလို့ရပါတယ်... အစ်ကို ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့် မယ်..."

ရွှီချီဖန်နှင့် သူမတို့၏ အတိတ်က ဆက်ဆံရေးများကို မူရှီးချန် မသိနိုင်ဟု တွေးမိကာ ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"ဦးလေးရွှီက မျက်နှာချင်းဆိုင်က ဗီလာကို ကျွန်မအတွက် သူကိုယ်တိုင် ပြင်ဆင်ပေးခဲ့တယ်လို့ တပ်ကြပ်ဝူဆီကနေ ကြားရလို့ သူ့ကို ကျေးဇူးတင်စကား လာပြောတာပါ..."

သူမသည် သူတို့ ယူဆောင်လာခဲ့သော လက်ဆောင်ဗူးများကို မူရှီးချန်ရှေ့သို့ တိုးပေးလိုက်ရင်း ပြော လိုက်လေ၏။

"ဒါတွေက ဦးလေးရွှီအတွက် လက်ဆောင်လေးတွေပါ... သူ့ဆီကို ပေးဖို့ ကူညီပေးပါဦးနော်..."

ထိုစကားကို ကြားသောအခါ မူရှီးချန်သည် ယောင်ရန်အား အကဲခတ်နေရင်း လက်တင်ခုံကို လက် ချောင်းများဖြင့် ညင်သာစွာ ခေါက်နေလိုက်သည်။ သူ၏ စူးစမ်းနေသော အကြည့်များအောက်တွင် ယောင်ရန်မှာ အလွန်ပင် တည်ငြိမ်လျက်ရှိနေခဲ့လေ၏။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မူရှီးချန်က ပြောလိုက်လေသည်။

"သြော်... ဒီလိုကိုး... ဦးလေးရွှီက အရေးတကြီး ကိစ္စလေးတွေ ရှိနေလို့ အိမ်မှာ မရှိနေတာတော့ ကံဆိုး တာပဲ... သူ့ကို စောင့်နေရင်းနဲ့ ညစာ ပါ တစ်ခါတည်း စားသွားကြပါလား..."

ယောင်ရန်သည် လုံယုကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များ ခဏမျှ ဆုံတွေ့ သွားကြလေသည်။ သူမ လိုချင်သော အဖြေကို ရရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်သဖြင့် ယောင်ရန် သည် မူရှီးချန်ကို ပြုံးပြကာ ငြင်းဆန်လိုက်လေသည်။

"ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးမူ... ဒါပေမဲ့ အချိန်လည်း လင့်နေပြီဆိုတော့ ရှင်လည်း နားဖို့အတွက် ကျွန်မတို့ အနှောင့်အယှက် မပေးတော့ပါဘူးရှင်..."

သူမက ငြင်းဆိုလိုက်သဖြင့် မူရှီးချန်သည် ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကောင်းပါပြီ... တစ်ခုခု လိုအပ်ရင် အချိန်မရွေး လာလည်လို့ ရပါတယ်... ရွှီရူဟန်နဲ့ ဟွာရှန့်ယန် အထူး သဖြင့် ရွှီရူဟန်ပေါ့ က ညီမလေးကို ပြန်တွေ့ရရင် အရမ်းကို ဝမ်းသာနေမှာ... ပြီးတော့ တို့ မိသားစုတွေ က မျိုးဆက်ပေါင်းများစွာ ရင်းနှီးလာခဲ့တဲ့ မိတ်ဆွေတွေပဲလေ... အစ်ကိုလို့ပဲ သက်တောင့်သက်သာ ခေါ် ပါ..."

သူ၏ စကားများအတွင်းမှ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ရိပ်မိသွားသဖြင့် ယောင်ရန်သည် သူမ၏ ချစ်သူကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူက မည်သည့် အမူအရာမှ မပြဘဲ ထိုင်နေသည်ကို မြင်သောအခါ သူမက ပြောလိုက်လေသည်။

"နားလည်ပါပြီ... ဒါဆိုရင် ကျွန်မတို့ကို ပြန်ခွင့်ပြုပါဦးရှင်..."

မူရှီးချန်က သူတို့ကို အပြင်ဘက်အထိ လိုက်ပို့ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ယောင်ရန်က အလျင်အမြန် ပြောလိုက်လေသည်။

"အစ်ကိုရှီးချန် လိုက်မပို့ပါနဲ့တော့... အစေခံကပဲ ကျွန်မတို့ကို လိုက်ပို့ပေးပါလိမ့်မယ်..."

မူရှီးချန်သည် ရပ်တန့်သွားကာ ခေါင်းငြိမ့်ပြလိုက်လေ၏။

"ကောင်းပါပြီ... ဒါဆိုလည်း နောက်မှ ပြန်တွေ့ကြတာပေါ့..."

"ဟုတ်ကဲ့..."

သူမက တုံ့ပြန်လိုက်လေသည်။

ဧည့်ခန်းဆောင်ထဲတွင် ရပ်နေရင်း မူရှီးချန်သည် သူတို့ သုံးဦး ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့လေ သည်။ အတန်ကြာပြီးနောက် သူသည် ဖုန်းကို ထုတ်ယူကာ ဟွာရှန့်ယန်၏ နံပါတ်ကို ခေါ်ဆို၍ စောင့် ဆိုင်းနေလိုက်လေ၏။

ဖုန်း နှစ်ခါခန့် မြည်သွားပြီးနောက် ဟွာရှန့်ယန်က ဖုန်းလက်ခံလိုက်လေသည်​ တစ်စက္ကန့်ခန့် အကြာတွင် သူက မေးမြန်းလာလေသည်။

"ဘယ်လိုလဲ... မိန်းကလေးယောင်က ဦးလေးရွှီဆီကို ဘာလို့ ရုတ်တရက် လာလည်ရတာလဲ ဆိုတာ မင်း သိရပြီလား..."

မူရှီးချန်က ပြန်လည် ဖြေကြားခြင်း မပြုဘဲ မေးလိုက်လေသည်။

"ရှန့်ယန်... ညီမလေးရန်ရန်မှာ ချစ်သူရှိနေပြီ ဆိုတာကို မင်း သိလား..."

မူရှီးချန်က ယောင်ရန်ကို 'ညီမလေး' ဟု ခေါ်ဝေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ဟွာရှန့်ယန်မှာ တိတ်ဆိတ်သွားခဲ့လေ၏။ ဖုန်းလိုင်း ပြတ်တောက်သွားသည်ဟု ထင်မှတ်ကာ မူရှီးချန်သည် ဖုန်းကို နားမှ ခွာကြည့်လိုက်သော်လည်း လိုင်းချိတ်ဆက်နေဆဲ ဖြစ်ကြောင်း မြင်တွေ့လိုက်ရလေသည်။

မျက်မှောင်အနည်းငယ် ကုတ်လိုက်ရင်း သူက မေးလိုက်လေသည်။

"ရှန့်ယန်... မင်း ရှိနေသေးရဲ့လား..."

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ဟွာရှန့်ယန်၏ အသံ ထွက်ပေါ်လာလေ၏။

"မင်းက ဘယ်အချိန်ကစပြီး မိန်းကလေးယောင်ကို 'ညီမလေးရန်ရန်' လို့ ခေါ်ဖြစ်သွားတာလဲ... မင်းတို့ နှစ်ယောက်က ဘယ်အချိန်ကစပြီး ဒီလောက် ရင်းနှီးသွားခဲ့ကြတာလဲ..."

သူ၏ တည်ငြိမ်နေသော အသံထဲ၌ အံ့သြမှုနှင့် သံသယ အငွေ့အသက် အချို့ ရောယှက်နေလျက်ရှိ လေသည်။

မူရှီးချန်က ခဏမျှ စဉ်းစားလိုက်ကာ ပြန်ဖြေလေ၏။

"လွန်ခဲ့တဲ့ ငါးမိနစ်လောက်က ထင်တယ်..."

"..."

သူ၏ ငယ်သူငယ်ချင်းဖြစ်သူ၏ အဖြေကို ကြားလိုက်ရသောအခါ ဟွာရှန့်ယန်မှာ ဆွံ့အသွားရလေတော့ သည်။ သူက သက်ပြင်းတစ်ချက် ချလိုက်ကာ မေးလိုက်လေသည်။

"ဒါဆို ညီမလေးရန်ရန်က ဦးလေးရွှီဆီကို ဘာကိစ္စနဲ့ လာလည်တာတဲ့လဲ..."

အရေးကြီးသော ကိစ္စကို သတိရသွားသဖြင့် မူရှီးချန်က ပြန်လည်ဖြေလိုက်လေ၏။

"သူမအတွက် ဗီလာကို ပြင်ဆင်ပေးခဲ့တဲ့ ဦးလေးရွှီကို ကျေးဇူးတင်စကား လာပြောတာလို့တော့ ပြော သွားတာပဲ... ဒါပေမဲ့ ငါ ထင်တာတော့ ဦးလေးရွှီ အပြင် ဒီနေရာမှာ တခြား ဘယ်သူတွေ ရှိနေသေးလဲ ဆိုတာကို စုံစမ်းချင်လို့ လာတာ ဖြစ်လိမ့်မယ်... ပြီးတော့ သူက သူ့ ချစ်သူကိုပါ ငါနဲ့ မိတ်ဆက်ပေးသွား သေးတယ်..."

ဖုန်း၏ အခြားတစ်ဖက်ရှိ ဟွာရှန့်ယန်သည် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရာ သူ၏ မျက်ဝန်းများ အတွင်း၌ စိတ်ဝင်စား မှုများက တလက်လက် တောက်ပသွားခဲ့လေတော့သည်။

"အို... ဒါဆိုရင်တော့ နောက်တစ်ခေါက် သူတို့ ဦးလေးရွှီဆီ လာလည်ကြတဲ့အခါ သူ့ရဲ့ ချစ်သူကို ငါ သေချာပေါက် တွေ့ကြည့်သင့်တာပေါ့..."

သူ၏ အသံထဲ၌ တိုးပွားလာသော စိတ်ဝင်စားမှုကို ရိပ်မိလိုက်သဖြင့် မူရှီးချန်က သတိပေးလိုက်လေ သည်။

"ရှန့်ယန်... လောလောဆယ် ဘာမှ မလုပ်နဲ့ဦး... ရွှီရူဟန် ဘာတွေ စီစဉ်နေသလဲ ဆိုတာကို ငါတို့ မသိရ သေးဘူးလေ... တကယ်လို့ ငါတို့က သူ့ရဲ့ အစီအစဉ်ကို မတော်တဆ ဖျက်ဆီးမိသွားရင် ဒီကောင်က အနည်းဆုံး တစ်လလောက်တော့ စိတ်ကောက်နေလိမ့်မယ်..."

ရွှီရူဟန် စိတ်ကောက်နေချိန်၌ လူများကို ဆူပူကြိမ်းမောင်းတတ်သော အကျင့်ကို ပြန်လည် သတိရသွား ကာ ဟွာရှန့်ယန်သည် မူရှီးချန်၏ စကားကို သဘောတူလိုက်လေ၏။

"ကောင်းပါပြီ... ဓာတ်ခွဲခန်းထဲမှာ ငါ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်... တစ်ခုခု အကြောင်း ထူးလာရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့ဦး..."

All Chapters