အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း (၃၄၈) လျှို့ဝှက်ထားသော ရည်ရွယ်ချက်များ
မူရှီးချန်သည် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်များဆီသို့ လျှောက်သွားကာ ပြောလိုက်လေသည်။
"ငါ သိပါတယ်၊ မင်းရဲ့ သုတေသနကိုပဲ အာရုံစိုက်ထားပါ… ပြီးတော့ ဆေးကိုလည်း မြန်မြန် ဖော်စပ် လိုက်ဦး..."
"နားလည်ပါပြီ..."
ဟွာရှန့်ယန်က တည်ငြိမ်စွာ ပြန်ဖြေပြီးနောက် ဖုန်းချလိုက်လေ၏။
ဖုန်းချပြီးနောက် မူရှီးချန်သည် အခြားနံပါတ်တစ်ခုကို ခေါ်ဆိုကာ ဖုန်းဝင်သွားရန် စောင့်ဆိုင်းနေလိုက် လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အမျိုးသားတစ်ဦး၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။
"သခင်လေးမူ၊ ကျွန်တော် ဘာများ ကူညီပေးရမလဲခင်ဗျ..."
ထိုအမျိုးသား၏ မေးခွန်းကို ကြားသောအခါ မူရှီးချန်က ပြောလိုက်လေသည်။
"လန်ကွမ်းဟွေ့က ယောင်အုပ်စုရဲ့ အမွေဆက်ခံသူ ယောင်ရန်ကို ပြန်ပေးဆွဲသွားပြီးတဲ့နောက် သူမ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းပေးပါ… ဒီမိန်းကလေးနဲ့ ပတ်သက်သမျှ အရာအားလုံးနဲ့ အဲ့အချိန် ကစပြီး သူမ တွေ့ခဲ့တဲ့ လူတွေအားလုံး အကြောင်းကို ငါ သိချင်တယ်..."
"နားလည်ပါပြီ..."
အမျိုးသားဖြစ်သူက အမိန့်ကို လက်ခံပြီးနောက် မူရှီးချန်သည် ဖုန်းချလိုက်လေ၏။ သူသည် တိတ်ဆိတ် စွာ ရပ်နေရင်း မျက်နှာချင်းဆိုင်ရှိ ဗီလာကို အတွေးနက်စွာဖြင့် ငေးကြည့်နေမိလေတော့သည်။
တစ်ချိန်တည်းမှာပင် လူနေရပ်ကွက်၏ အပြင်ဘက်အစွန်ရှိ အခြားဗီလာတစ်ခုတွင် အသက်သုံးဆယ် အရွယ် အမျိုးသားတစ်ဦးသည် သူ၏ဖုန်းကို ချလိုက်လေသည်။ အနီးရှိ လူတစ်ဦးဘက်သို့ လှည့်ကာ သူက မေးလိုက်လေ၏။
"အစ်ကိုလင်း ဘယ်မှာလဲ..."
ထိုနေရာတွင် အလုပ်လုပ်နေသော အမျိုးသားများထဲမှ တစ်ဦးက မော့ကြည့်ကာ ဖြေလိုက်လေသည်။
"အစ်ကိုလင်းက ဖောက်သည်တွေနဲ့ အစည်းအဝေး လုပ်နေတယ်… အရေးကြီးရင် ဂိုဒေါင်ထဲက အစ်ကိုယွမ် ဆီ သွားရှာလို့ ရတယ်..."
အမျိုးသားဖြစ်သူက ခေါင်းငြိမ့်ပြလိုက်လေ၏။
"ကျေးဇူးပဲ..."
ရုံးခန်းထဲမှ ထွက်လာပြီးနောက် သူသည် ဂိုဒေါင်ဆီသို့ အလျင်စလို သွားရောက်ခဲ့လေသည်။ ယွမ်ရီဟွေး က အလုပ်သမားများ လတ်ဆတ်သော အသားများကို ရေတွက်ကာ ထုပ်ပိုးနေသည်ကို စောင့်ကြည့်နေ သည်ကို မြင်သောအခါ ထိုအမျိုးသားသည် သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့လေသည်။
"အစ်ကိုယွမ်..." သူက ခေါ်လိုက်လေ၏။
ယွမ်ရီဟွေးက လှည့်ကြည့်ကာ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ… မင်းပုံစံက ဘာလို့ ဒီလောက် ပြာယာခတ်နေရတာလဲ..."
အမျိုးသားဖြစ်သူက အနီးသို့ ကပ်လာကာ အသံကို နှိမ့်၍ တီးတိုးပြောလိုက်၏။
"အစ်ကိုယွမ်… ဖောက်သည်တစ်ယောက်က မိန်းကလေးယောင်ကို စုံစမ်းပေးဖို့ အခုလေးတင် တောင်း ဆိုလာတယ်..."
ထိုစကားကို ကြားသောအခါ ယွမ်ရီဟွေး၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားလေသည်။
"ဘယ်သူလဲ..." သူက မေးလိုက်လေ၏။
"မူမိသားစုက သခင်လေးပါ..." အမျိုးသားက ပြန်ဖြေလိုက်လေသည်။
ယွမ်ရီဟွေးက မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။
"သခင်လေးမူ... မူရှီးချန်လား..."
အမျိုးသားဖြစ်သူက ခေါင်းငြိမ့်ပြလိုက်ရာ ယွမ်ရီဟွေးက ထပ်မံ၍ မေးလိုက်လေသည်။
"သူက ဘယ်လိုမျိုး စုံစမ်းမှုလုပ်ဖို့ လိုချင်တာလဲ..."
အမျိုးသားက ရှင်းပြလိုက်လေသည်။
"လန်ကွမ်းဟွေ့က မိန်းကလေးယောင်ကို ပြန်ပေးဆွဲသွားပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သခင်လေးမူက စုံစမ်းခိုင်းတာပါ… ပြီးတော့ အဲ့အချိန်ကစပြီး မိန်းကလေးယောင် တွေ့ဆုံခဲ့တဲ့ သို့မဟုတ် သိကျွမ်းခဲ့တဲ့ သူတိုင်းရဲ့ သတင်းအချက်အလက်တွေကိုလည်း သူက လိုချင်နေတယ်..."
အမျိုးသားဖြစ်သူ၏ စကားများကို စဉ်းစားနေရင်း ယွမ်ရီဟွေး၏ မျက်မှောင်ကြုတ်မှုမှာ ပိုမို နက်ရှိုင်း လာခဲ့လေသည်။ သူ အတွေးနယ်လွန်နေသည်ကို မြင်သောအခါ အမျိုးသားဖြစ်သူက စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွမ်ရီဟွေးက ပြောလိုက်လေ၏။
"သူ တောင်းဆိုထားတဲ့အတိုင်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်လိုက်ပါ… ဒါပေမဲ့ မူရှီးချန်ဆီကို မပေးခင် စုံစမ်းရေး အစီရင်ခံစာကို ငါ့ဆီ အရင် ပြရမယ်..."
"ဟုတ်ကဲ့ပါ အစ်ကိုယွမ်..."
အမျိုးသားဖြစ်သူက ပြန်လည်ဖြေကြားပြီးနောက် တာဝန်ကို ထမ်းဆောင်ရန် ထွက်ခွာသွားလေတော့ သည်။
ဂိုဒေါင်ထဲတွင် ရပ်နေရင်း ယွမ်ရီဟွေးသည် ခဏမျှ တွေးတောနေပြီးနောက် အလုပ်သမားများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ငါ အရေးတကြီး ဖြေရှင်းစရာ ကိစ္စလေးတစ်ခု ရှိနေတယ်… မင်းတို့ ထုပ်ပိုးလို့ ပြီးတာနဲ့ ရိက္ခာတွေကို ကားပေါ်တင်ပြီး ဖောက်သည်ဆီ ပို့လိုက်ကြ..."
အလုပ်သမားများက တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်ပြကြလေ၏။
"ဟုတ်ကဲ့ပါ အစ်ကိုယွမ်..."
အမျိုးသားတစ်ဦးထံသို့ စာရွက်စာတမ်းတစ်ခုကို ကမ်းပေးပြီးနောက် ယွမ်ရီဟွေးသည် သူ၏ အစ်ကို ဝမ်းကွဲကို ရှာဖွေရန် ထွက်ခွာသွားခဲ့လေသည်။
လူတိုင်းသည် သူတို့၏ လုပ်ငန်းဆောင်တာများနှင့် အစီအစဉ်များဖြင့် အလုပ်ရှုပ်နေကြချိန်၌ ဆင်းရဲသား ရပ်ကွက်တွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားနေလျက်ရှိလေသည်။
ထိုညတွင် ရပ်ကွက်နေသူ အများစုမှာ သူတို့၏ တဲများအတွင်းသို့ ဝင်ရောက်အနားယူနေကြပြီ ဖြစ်သ ဖြင့် ညစ်ပတ်ကျဉ်းမြောင်းသော လမ်းမများပေါ်၌ လူသူကင်းမဲ့လျက်ရှိနေလေသည်။
မှောင်မိုက်နေသော လမ်းသွယ်တစ်ခုအတွင်း၌ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးသည် ဒဏ်ရာများနှင့် သွေးများ ပေကျံနေသည့် ဒဏ်ရာရ အမျိုးသားတစ်စုရှေ့တွင် ရပ်နေခဲ့လေ ၏။
သူတို့အထဲမှ တစ်ယောက်သည် သူ၏ ကျိုးနေသော လက်မောင်းကို ကိုင်ထားရင်း နံရံကို မှီနေခဲ့ကာ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားအား သိသာထင်ရှားသော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် မျက် ဝန်းများဖြင့် ကြည့်နေလေသည်။ နာကျင်မှုကြောင့် ညည်းညူနေရင်း သူ၏ အသံများမှာ တုန်ယင်နေကာ အသက်ကိုလုရှူရင်း မေးလိုက်လေ၏။
"မင်း…မင်းက ဘယ်သူလဲ..."
ဝူယဲ့ဟောင်သည် ထိုအမျိုးသားကို ငုံ့ကြည့်ကာ အေးစက်စွာ မေးလိုက်လေသည်။
"ငါ့မေးခွန်းကို ဖြေစမ်း… မင်းတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ..."
ထိုမေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဒဏ်ရာရအမျိုးသားက ပြန်ဖြေလိုက်လေ၏။
"မင်း ဘာတွေပြောနေတာလဲ ဆိုတာကို ငါ တကယ် နားမလည်ဘူး..."
ထိုစကားကို ကြားသောအခါ ဝူယဲ့ဟောင်သည် အမျိုးသားဖြစ်သူ၏ ခြေထောက်ကို နင်းချလိုက်ရာ အရိုးကျိုးသံမှာ ချက်ချင်းပင် ထွက်ပေါ်လာလေတော့သည်။
"ဂျွတ်..."
"အား..."
အမျိုးသားဖြစ်သူက နာကျင်စွာ အော်ဟစ်လိုက်စဉ် ဝူယဲ့ဟောင်သည် သူ၏ အဝတ်စွန်း၌ တပ်ဆင်ထား သော အနက်ရောင် ရင်ထိုးတံဆိပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"ဒါက သေတ္တာတော်ရဲ့ ရင်ထိုးတံဆိပ်ပဲ..."
သူသည် အမျိုးသား၏ ကျိုးနေသော ခြေထောက်ကို ပိုမို ပြင်းထန်စွာ ဖိနင်းလိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်လေ၏။
"ပြောစမ်း… မင်းတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ၊ မင်းတို့ရဲ့ တာဝန်က ဘာလဲ..."
"အ့..."
အမျိုးသားဖြစ်သူက အံကြိတ်ကာ ညည်းညူလိုက်သော်လည်း ဘာမျှ ထုတ်ပြောခဲ့ခြင်းမရှိပေ။
သူက စကားပြောရန် ငြင်းဆန်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ဝူယဲ့ဟောင်သည် သူ၏ လက်ချောင်း များကို ဖျတ်ကနဲ မြည်အောင် တီးလိုက်လေသည်။ တစ်စက္ကန့်အကြာတွင် လေထဲ၌ လျှပ်စီးမီးပွားများ တလက်လက် တောက်ပသွားပြီးနောက် ဒဏ်ရာရ အမျိုးသား၏ ဒဏ်ရာများအတွင်းသို့ ဝင်ရောက် တိုက်ခိုက်သွားခဲ့လေ၏။
"အား..."
အမျိုးသားဖြစ်သူ၏ အော်ဟစ်သံများက တိတ်ဆိတ်နေသော ရပ်ကွက်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပြီး ဝူယဲ့ဟောင်၏ မျက်ဝန်းများမှာလည်း ပိုမို အေးစက်လာခဲ့လေသည်။
ကြာရှည်စွာ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်တွင် အမျိုးသားဖြစ်သူသည် ညစ်ပတ်နေသော မြေပြင်ပေါ်၌ သတိလစ်ကာ လဲကျသွားခဲ့တော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဝူယဲ့ဟောင်သည် သူ့အား ဘေး သို့ ကန်ထုတ်လိုက်ပြီးနောက် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်၏။
သူတို့အထဲမှ တစ်ယောက်သည် ဝူယဲ့ဟောင်၏ အကြည့်များ သူ၏အပေါ်သို့ ကျရောက်လာသည်ကို သတိထားမိလိုက်သောအခါ တုန်ယင်သွားပြီး သူ၏ရှေ့၌ အလျင်စလို ဒူးထောက်ချလိုက်လေသည်။
သူ၏ တစ်ကိုယ်လုံးရှိ နာကျင်မှုများကို ကြိတ်မှိတ်ခံစားရင်း အမျိုးသားဖြစ်သူသည် မြေပြင်နှင့် သူ၏ ခေါင်းကို အကြိမ်ကြိမ် ဆောင့်ကာ တောင်းပန်နေလေတော့သည်။
"ငါ ပြောပါ့မယ်... ငါ ပြောပါ့မယ်... ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ..."
"မင်းတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ… မင်းတို့ရဲ့ တာဝန်က ဘာလဲ..."
ဝူယဲ့ဟောင်က အေးစက်စွာဖြင့် ထပ်မံ မေးလိုက်လေသည်။
ဝူယဲ့ဟောင်၏ သတ်ဖြတ်လိုသော အငွေ့အသက်များအောက်တွင် အမျိုးသားဖြစ်သူမှာ တုန်ယင်နေကာ ထစ်ငေါ့စွာ ဖြေလိုက်၏။
"အဲ့ဒါ…အဲ့ဒါ တပ်ကြပ်ရှီပါ..."
ထိုအမည်ကို ကြားလိုက်ရသောအခါ ဝူယဲ့ဟောင်၏ အမူအရာမှာ မှောင်မိုက်သွားလေသည်။ သူ၏ အသံမှာ ပိုမို အေးစက်သွားကာ မေးလိုက်လေ၏။
"ရှီကျင်းကျဲ့လား..."
အမျိုးသားဖြစ်သူက ကမန်းကတန်း ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလေသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... တပ်ကြပ်ရှီကျင်းကျဲ့ပါ..."
ဝူယဲ့ဟောင်၏ သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမို ပြင်းထန်လာသောအခါ အမျိုးသားဖြစ်သူမှာ နေရာတွင်ပင် အေးခဲသွားခဲ့လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် ဝူယဲ့ဟောင်ဆီသို့ တွားသွားကာ သူ၏ ခြေထောက်ကို လှမ်းဖမ်းရန် ကြိုးစားလိုက်သော်လည်း လျင်မြန်စွာ ကန်ထုတ်ခံ လိုက်ရလေသည်။
"ဖုန်း... ဒုတ်..."
"အာ့..."
သူ၏ ခန္ဓာကိုယ်သည် နံရံနှင့် ဝင်တိုက်မိကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားစဉ် လည် ချောင်းထဲမှ အသံတိတ် ညည်းညူသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူ၏ ဗိုက်ကို ဖက်ထားရင်း အမျိုးသားဖြစ်သူက နာကျင်စွာ ညည်းညူလျက် တောင်းပန်လေတော့ သည်။
"မင်း…မင်း သိချင်တာတွေကို ငါ ပြောပြပြီးပြီလေ... ကျေးဇူးပြုပြီး... ငါ့ကို သွားခွင့်ပြုပါ..."
ဝူယဲ့ဟောင်က သူ့အား စိုက်ကြည့်ကာ မေးလိုက်လေသည်။
"ဒီနေရာမှာ မင်းတို့ရဲ့ တာဝန်က ဘာလဲ… ဘာလို့ အသက်ရှင်ကျန်ရစ်သူတွေအဖြစ် ရုပ်ဖျက်ပြီး ဆင်းရဲ သားရပ်ကွက်ထဲမှာ နေထိုင်နေကြတာလဲ..."
သူ၏ ခေါင်းဆောင်အမည်ကို ဖော်ထုတ်ခဲ့ပြီးပြီ ဖြစ်ကြောင်း သိရှိထားသဖြင့် သူ အသက်ရှင်နိုင်မည့် တစ်ခု တည်းသော အခွင့်အရေးမှာ ဝူယဲ့ဟောင်၏ အကာအကွယ်ကို ရရှိရန်သာ ဖြစ်ကြောင်း အမျိုး သားဖြစ်သူက နားလည်သွားခဲ့လေသည်။
ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူသည် အံကြိတ်ကာ ပြန်ဖြေလိုက်လေသည်။
"ငါတို့ရဲ့ တာဝန်က ဒီနေရာမှာ ပရမ်းပတာ ဖြစ်အောင် ဖန်တီးဖို့ပါပဲ..."
ဝူယဲ့ဟောင်က မျက်လုံးများကို ကျဉ်းမြောင်းကာ ထပ်မံ၍ မေးလိုက်လေသည်။
"ဒါပဲလား..."
ဝူယဲ့ဟောင်၏ အေးစက်သော အကြည့်များ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ အမျိုး သားဖြစ်သူမှာ တုန်ယင်သွားခဲ့လေ၏။
သူ၏ အသက်ကို ကယ်တင်ရန် အသည်းအသန် ဖြစ်နေသဖြင့် သူက အလျင်အမြန် ထပ်ဖြည့်ပြောလိုက် လေသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ငါက ပြီးခဲ့တဲ့လကမှ သေတ္တာတော်ထဲ ဝင်ခဲ့တာပါ… ဒါက ငါ့ရဲ့ ပထမ ဆုံး တာဝန်ပါပဲ… ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့... ငါ တခြား ဘာမှ တကယ် မသိတော့ပါဘူး..."