← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) - အစောင့်အရှောက်သားရဲ

ချွမ်မင်းဆက်၏ မြောက်ဘက်နယ်စပ်…

ပေတျန်းရဲတိုက်…

ဟွိုင်တောင်တန်းရှိ စစ်တပ်စခန်း၌ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ၏သတင်းမှာ ထန်ရှောင်ယောင်ထံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ချေသည်။

သူသည် လက်ထဲရှိ လက်ဖက်ရည်ခွက်ကိုကိုင်ထားရင်း ခွက်အောက်ခြေသို့ တဖြည်းဖြည်းနစ်ဆင်းသွားသော လက်ဖက်ခြောက်ရွက်များကို စိုက်ကြည့်နေလေသည်။

သူ၏ရှေ့တွင် မတ်တတ်ရပ်နေကြသော စစ်ဗိုလ်ချုပ်များသည် တိတ်ဆိတ်စွာဖြင့် သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

နောက်ဆုံးတွင်မူ စစ်ဗိုလ်ချုပ်များထဲမှတစ်ဦးက သတ္တိမွေးကာ ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့သည်။

ထိုစစ်ဗိုလ်ချုပ်က ဒူးထောက်လိုက်ပြီး မေးမြန်းလိုက်သည်။

“စစ်သူကြီး... ကျွန်တော်တို့ အဲဒီစစ်တပ်စခန်းကိုပြန်မသိမ်းပိုက်နိုင်ရင် ရိက္ခာတွေ လုံလောက်အောင် ရောက်လာတော့မှာမဟုတ်ဘူး... မှောင်ခိုသမားတွေ သယ်ပေးနိုင်တဲ့ပမာဏက ကျွန်တော်တို့ လိုအပ်ချက်နဲ့ယှဉ်ရင် အရမ်းနည်းလွန်းပါတယ်...”

ကျန်ရှိသော စစ်ဗိုလ်ချုပ်များကလည်း တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ထောက်ခံကြလေသည်။

ထန်ရှောင်ယောင်က လက်ဖက်ရည်ခွက်ကို အသာအယာချလိုက်ပြီး ဒူးထောက်နေသော စစ်ဗိုလ်ချုပ်ကိုထရန် လက်ဝှေ့ယမ်းပြလိုက်သည်။

သူက ခေါင်းမော့ကာ လူတိုင်းကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။

“ငါတို့ စစ်တပ်ကို အဲဒီကို စေလွှတ်ပြီး ကျင့်ကြံသူတွေကို ဒီပေတျန်းရဲတိုက်ထဲ အလွယ်တကူ ဝင်လာခွင့်ပေးရမလား...”

“မင်းတို့ ငါနဲ့အတူ နှစ်တွေအကြာကြီး တိုက်ပွဲဝင်ခဲ့ပြီးတာတောင် ဘာမှ သင်ခန်းစာမရကြသေးဘူးလား...”

စစ်ဗိုလ်ချုပ်အားလုံးမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြချေသည်။

ထန်ရှောင်ယောင်က သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ဆက်ပြောလေသည်။

“ဒါပေမဲ့ မင်းတို့ပြောတာလည်း လုံးဝကြီးမမှားပါဘူး... ငါတို့အတွက် ရိက္ခာတွေ တကယ်လိုအပ်တယ်... ငါက ဟူလူရှီပိုင်ရဲ့ အကြောင်းပြန်ကြားချက်ကို စောင့်နေတာ...”

အစောပိုင်းတွင် ရှေ့သို့ တိုးထွက်လာခဲ့သောစစ်ဗိုလ်ချုပ်က မေးမြန်းလိုက်ပြန်သည်။

“ဟူလူရှီပိုင်ကို တကယ်ရော ယုံကြည်လို့ရပါ့မလား...”

“ဟွန်း... ယုံကြည်မှုဟုတ်လား... လောကမှာ ထာဝရရန်သူဆိုတာမရှိဘူး... ထာဝရအကျိုးစီးပွားပဲရှိတယ်... အခုအချိန်မှာ ငါတို့ရဲ့အကျိုးစီးပွားချင်းက တိုက်တိုက်ဆိုင်ဆိုင် တူညီနေကြလို့ပဲ...”

ထန်ရှောင်ယောင်၏စကားပင် မဆုံးသေးမီ သတင်းပို့စစ်သည်တစ်ဦးမှာ အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့သည်။

သတင်းပို့စစ်သည်က ဦးညွှတ်ကာ တင်ပြလိုက်သည်။

“ဟူလူရှီပိုင်ဆီက ပေးပို့တဲ့စာပါ...”

ထန်ရှောင်ယောင်က ပြန်ပြောလိုက်သည်။

“စာကို အရှေ့ယူခဲ့...”

သတင်းပို့စစ်သည်က ရှေ့သို့တိုးလာပြီး စာကို ထန်ရှောင်ယောင်ထံသို့ ရိုသေစွာ ဆက်သလိုက်သည်။

သူသည် စာအိတ်ကိုဖွင့်ကာ ဖယောင်းတံဆိပ်ကို ဖျက်ဆီးပြီးနောက် စာကိုထုတ်ယူကာ ဖတ်ရှုလိုက်လေသည်။

အခန်းတွင်းရှိ စစ်ဗိုလ်ချုပ်များမှာ တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြပြီး မြောက်ဘက်လေပြင်း၏ တဝူးဝူး တိုက်ခတ်သံကိုသာ ကြားနေရသည်။

“ဟူလူရှီပိုင်က စစ်တပ်စခန်းကို ပြန်လည်လုယူဖို့အတွက် သူ့ရဲ့စစ်သည်တွေကိုစေလွှတ်ဖို့ ငြင်းဆန်လိုက်တယ်...”

“ပြီးတော့ သူခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပါတောင်းဆိုနေသေးတယ်...”

“ငါက သူ့ကို ရည်မှန်းချက်ကြီးတဲ့သူလို့ ထင်ထားခဲ့တာ... ဒီလောက်အထိ အမြင်ကျဉ်းလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး...”

“တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ...”

ထန်ရှောင်ယောင်ကစကားပြောရင်း ခေါင်းကိုခါယမ်းလိုက်ပြီး လက်ထဲရှိစာရွက်ကို ဆုပ်ခြေပစ်လိုက်သည်။

သူသည် ဤကဲ့သို့သော အကြောင်းပြန်ကြားချက်မျိုးကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူသည် လောင်းကြေးထပ်ခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ချေသည်။

သူ့အတွက် ရွေးချယ်စရာလမ်းများမှာ များများစားစား မကျန်တော့ချေ။

အကယ်၍ သူသည် စစ်တပ်စခန်းကိုပြန်လည်သိမ်းပိုက်ရန် စစ်သည်အများစုကိုစေလွှတ်လိုက်ပါက ဟူလူရှီပိုင်က ပေတျန်းရဲတိုက်ကို တိုက်ခိုက်လာနိုင်ပေသည်။

ကျင့်ကြံသူများအနေဖြင့် မည်သည့်အရာကိုမျှပင် လုပ်ဆောင်ရန် လိုအပ်တော့မည် မဟုတ်ချေ။

လက်ရှိအချိန်တွင် အကောင်းဆုံးရွေးချယ်စရာလမ်းမှာ စစ်သည်တစ်ဝက်ကို စစ်တပ်စခန်းသို့စေလွှတ်ပြီး ကျန်တစ်ဝက်ကိုမူ ဤနေရာ၌ပင် ချန်ထားရစ်ရန်သာ ဖြစ်ချေသည်။

“လီ၊ ဟော် ပြီးတော့ ကန်း... မင်းတို့သုံးယောက်က စစ်သည်တွေကိုဦးဆောင်ပြီး စစ်တပ်စခန်းကိုပြန်သိမ်းပိုက်ချေ... ကျန်တဲ့သူတွေကတော့ ဒီမှာပဲနေပြီး တိုက်ပွဲအတွက်ပြင်ဆင်ထားကြ...”

ထို့နောက်တွင်မူ ထန်ရှောင်ယောင်က သူတို့ကို ပြန်လည်ထွက်ခွာခွင့် ပေးလိုက်လေသည်။

သူသည် ဤမျှအထိ ခရီးပေါက်ခဲ့ပြီးဖြစ်ကာ ထန်မိသားစုကို အထွတ်အထိပ်သို့ပို့ဆောင်ရန် အလွန်ပင် နီးကပ်နေပြီဖြစ်သည်။

ဤမျှလောက်သော အတားအဆီးလေးက သူ့ကို ဟန့်တားနိုင်လိမ့်မည်မဟုတ်ပေ။

…

ဟွိုင်တောင်တန်း…

စစ်တပ်စခန်း…

လင်းဖန်နှင့် အခြားတပည့်များသည် စစ်တပ်စခန်း၏ တံတိုင်းပေါ်တွင်ရပ်နေရင်း ချင်းယန်ဇီနှင့် ကျန်ရှိသောကျင့်ကြံသူများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

မကြာမီပင် ကျင့်ကြံသူအများအပြား စစ်တပ်စခန်းဆီသို့ ဦးတည်လာနေကြသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လင်းဖန်က လိုက်လံရှာဖွေကြည့်သော်လည်း ချင်းယန်ဇီ၏ အရိပ်အယောင်ကိုမူ မတွေ့ရှိရပေ။

ထိုစဉ် ကောင်းကင်ယံမှ ဧရာမအရိပ်မည်းကြီးတစ်ခု စစ်တပ်စခန်းပေါ်သို့ကျရောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို မှောင်မိုက်သွားစေသည်။

စစ်တပ်စခန်းတံတိုင်းပေါ်ရှိ လူတိုင်းမှာ ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။

သူတို့အားလုံး အံ့အားသင့်သွားကြသည်မှာ ကောင်းကင်ယံ၌ ဧရာမလင်းယုန်ကြီးတစ်ကောင် ပျံသန်းဝဲပျံနေသောကြောင့်ပင်။

၎င်းမှာ လင်းဖန် ယခင်က မြင်တွေ့ဖူးသမျှ အရာအားလုံးထက်ပင် အဆမတန် ပိုမိုကြီးမားလှသည်။

ဧရာမလင်းယုန်ကြီးသည် တဖြည်းဖြည်းချင်း အောက်သို့ဆင်းသက်လာခဲ့သည်။

၎င်းက အတောင်ပံများကို ခတ်လိုက်သောအခါ ဖုန်မှုန့်များလွင့်စင်သွားပြီး ပြင်းထန်သောလေပြင်းများကြောင့် အနီးနားရှိသစ်ပင်အချို့ပင် အမြစ်မှ ကျွတ်ထွက်သွားကြချေသည်။

တံတိုင်းပေါ်ရှိ တပည့်အချို့မှာ ပြုတ်မကျစေရန် တံတိုင်းကို အတင်းအကျပ် ဆွဲကိုင်ထားကြရလေသည်။

ထိုလင်းယုန်ကြီးသည် အမြင့် ၁၀ မီတာခန့်အထိ ထည်ဝါစွာ မတ်တတ်ရပ်နေလေသည်။

၎င်း၏ ကျောပေါ်တွင်မူ ချင်းယန်ဇီ၊ ကျောက်ချင်းယင်နှင့် အခြားဂိုဏ်းချုပ်များ ပါရှိနေကြသည်။

၎င်းမှာ ချင်ဖုန်းဂိုဏ်း၏ အစောင့်အရှောက်သားရဲပင် ဖြစ်ချေသည်။

ချင်းယန်ဇီသည် အချိန်ဆွဲမနေဘဲ ချက်ချင်းပင် ပြင်ဆင်မှုများကို စတင်လိုက်သည်။

သူသည် စစ်တပ်စခန်းကို ကာကွယ်ရန်အတွက် တပည့်များကို စနစ်တကျ နေရာချထားပေးလေသည်။

လာမည့်တိုက်ပွဲတွင် လူတိုင်း၌ ကိုယ်စီတာဝန်များ ရှိကြပေသည်။

သို့သော် လင်းဖန်နှင့် သူ၏အဖွဲ့မှာမူ ချွင်းချက် ဖြစ်နေသည်။

သူတို့အတွက် မည်သည့်တာဝန်ကိုမျှ သတ်မှတ်ပေးထားခြင်းမရှိချေ။

သူတို့အတွက် အခြားထူးခြားသော အစီအစဉ်တစ်ခု ရှိနေလိမ့်မည်ကို လင်းဖန် ခံစားမိနေသည်။

အရာအားလုံးကို စီစဉ်ပြီးသွားသောအခါ ချင်းယန်ဇီက သူတို့ကို အခန်းတစ်ခုထဲသို့ ခေါ်လိုက်သည်။

ချင်းယန်ဇီက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ရင်းပြောလိုက်သည်။

“ကောင်းတယ်... လင်းဖန်... မင်းနဲ့ မင်းရဲ့အဖွဲ့ လုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေအကြောင်း ငါသိပြီးပြီ...”

လင်းဖန်က ဦးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။

“ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ်...”

“ငါ့မှာ အချိန်အများကြီးမရှိဘူး... ဒါကြောင့် မင်းတို့ရဲ့ နောက်ထပ်တာဝန်ကိုပဲ တိုတိုတုတ်တုတ် ရှင်းပြတော့မယ်...”

“မင်းနဲ့ မင်းရဲ့အဖွဲ့က မေဟွားမြို့မှာရှိတဲ့ ဟွမ်ယွမ်ခွန်းနဲ့ အရင်ဆုံး သွားရောက်ပူးပေါင်းရမယ်...”

“အစောင့်အရှောက်သားရဲက မင်းတို့ကို အဲဒီအနီးအနားအထိ လိုက်ပို့ပေးလိမ့်မယ်...”

“မြောက်ဘက်ဒေသမှာ နယ်မြေစိုးမိုးလိုစိတ်အရမ်းပြင်းထန်တဲ့ သားရဲတွေရှိနေလို့ အစောင့်အရှောက်သားရဲက အဲဒီထက်ပိုပြီး ရှေ့ဆက်သွားလို့ မရဘူး...”

“အချိန်တန်ရင်တော့ ငါနဲ့ အခြားဂိုဏ်းချုပ်တွေက ပေတျန်းရဲတိုက်ကို တိုက်ခိုက်ကြလိမ့်မယ်...”

သူတို့၏ အလစ်ငိုက်တိုက်ခိုက်မှု အောင်မြင်ရန်အတွက် အချိန်မှာ အလွန်ပင် အရေးကြီးသောကြောင့် ချင်းယန်ဇီသည် အချိန်ဆွဲမနေပေ။

ထန်ရှောင်ယောင်တစ်ယောက် သူ၏စစ်တပ်ကို ပြန်လည်စုစည်းခြင်းမပြုနိုင်မီ တိုက်ခိုက်ရမည် ဖြစ်ချေသည်။

လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင်ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း တိုက်ပွဲများငြိမ်သက်နေစဉ် သူတို့သည် ခန္ဓာကိုယ်ကို ပြန်လည်ကုစားထားပြီးဖြစ်၍ အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။

သို့သော် သူတို့သည် ကုန်သည်အဖွဲ့အဖြစ် ထပ်မံဟန်ဆောင်ကြရမည် ဖြစ်ချေသည်။

သူတို့၏ ကျင့်ကြံသူဝတ်ရုံများကိုဝတ်ဆင်၍ သွားရောက်ပါက ရန်သူများသံသယဝင်ရန် အရမ်းလွယ်ကူလွန်းလှသည်။

ပြင်ဆင်မှုများပြီးဆုံးသွားသောအခါ အစောင့်အရှောက်သားရဲပေါ်သို့ တက်ရောက်ရမည့် အချိန်ဖြစ်လေသည်။

လင်းဖန်သည် အစောင့်အရှောက်သားရဲ၏ရှေ့တွင် ရပ်လိုက်သောအခါ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကိုကြည့်ပြီး အံ့ဩမဆုံး ဖြစ်သွားရသည်။

အစောင့်အရှောက်သားရဲက ၎င်း၏ခန္ဓာကိုယ်ကို အောက်သို့နှိမ့်ပေးလိုက်ရာ လင်းဖန်က ကျောပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။

အစောင့်အရှောက်သားရဲ၏ကျောပေါ်တွင် ထိုင်ခုံများကို ကြိုးများဖြင့် တပ်ဆင်ထားချေသည်။

၎င်းမှာ အစောင့်အရှောက်သားရဲ ပျံသန်းနေစဉ်အတွင်း လင်းဖန်နှင့်ကျန်ရှိသောသူများ ပြုတ်မကျစေရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။

လူတိုင်း နေရာတကျထိုင်ပြီးသွားသောအခါ အစောင့်အရှောက်သားရဲသည် အတောင်ပံများကိုစတင်ခတ်လိုက်ပြီး မကြာမီပင် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

အစောင့်အရှောက်သားရဲမှာ ပိုမိုမြင့်မားစွာပျံသန်းလေလေ၊ အောက်ခြေရှိ စစ်တပ်စခန်းမှာလည်း တဖြည်းဖြည်း သေးငယ်သွားလေလေ ဖြစ်သည်။

မြောက်ဘက်ဒေသ၏ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးများကို ကောင်းကင်ယံမှ မြင်တွေ့နေရသည်။

လင်းဖန်သည် ယခင်ဘဝက လေယာဉ်ပျံများနှင့် ရဟတ်ယာဉ်များကိုစီးနင်းဖူးသဖြင့် အလွန်ပင် တည်ငြိမ်နေပေသည်။

သို့သော် ကျန်ရှိသောအဖွဲ့ဝင်များမှာမူ သူ့ကဲ့သို့ မတည်ငြိမ်နိုင်ကြဘဲ ထိုင်ခုံများကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားကြရရှာလေသည်။

All Chapters