← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) - မုတ်ဆိတ်ထူထူကြီး

“အား...”

စစ်သည်တော်သည် ရင်ဘတ်ကိုဖိထားရင်း နာကျင်စွာ အော်ဟစ်လိုက်လေသည်။

ကျောက်ကျားရွေ့သည် သွေးရောင်လွှမ်းနေသောကျောက်တုံးနီကို လက်ထဲတွင် ကိုင်ထားလေသည်။ ထိုကျောက်တုံးသည် ရဲရဲတောက် တောက်ပလာပြီး စစ်သည်တော်၏ ခန္ဓာကိုယ်အတွင်းရှိသွေးလည်ပတ်မှုကို ပြောင်းပြန်စီးဆင်းသွားစေချေသည်။

သူမသည် လခြမ်းပုံသဏ္ဌာန် ဓားဖြင့် စစ်သည်တော်ထံသို့တိုးဝင်ကာ သူ၏မေးရိုးအောက်ပိုင်းကို ဖြတ်တောက်လိုက်လေသည်။

ထိုစစ်သည်သည် မီးတောက်သမင်၏ကျောပေါ်မှ မြေပြင်ပေါ်သို့ နာကျင်စွာဖြင့် လိမ့်ကျသွားသည်။

“တောက်...”

“အားလုံးကို သတ်ပစ်ကြ...”

“တစ်ယောက်မှ လွတ်မသွားစေနဲ့...”

ကင်းလှည့်စစ်သည်များ၏ ခေါင်းဆောင်သည် သတိဝင်လာပြီး လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

သူသည် ကျန်ရှိသောစစ်သည်များကို လင်းဖန်နှင့်အခြားသူများအား ဝိုင်းရံပိတ်ဆို့ရန် အချက်ပြလိုက်ချေသည်။

လင်းဖန်သည် ဖားပြုတ်ရုပ်တုငယ်အတွင်းသို့ ချီစွမ်းအင်များကိုချက်ချင်းထည့်သွင်းကာ နဂါးဟိန်းသံလှံကို ထုတ်ယူလိုက်လေသည်။

အဖွဲ့၏ကျန်ရှိသူများလည်း လှုပ်ရှားလိုက်ကြပြီး သတ်မှတ်ထားသောပစ်မှတ်များဆီသို့ အသီးသီးတိုးဝင်သွားကြသည်။

ဝုန်း…

လင်းဖန်သည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကိုအသုံးပြုကာ လေထဲသို့ ခုန်တက်လိုက်လေသည်။

သူ့ထံသို့ဦးတည်လာသော စစ်သည်နှစ်ဦးသည် ဇက်ကြိုးများကိုဆွဲလိုက်သဖြင့် မီးတောက်သမင်များက ဦးခေါင်းများကို မော့လိုက်ကြသည်။

မီးတောက်သမင်များ၏ဦးချိုများပေါ်တွင် ရစ်ပတ်နေသောမီးတောက်များသည် ပြင်းထန်စွာတောက်လောင်လာပြီး အချင်းတစ်မီတာခန့်ရှိသော ဧရာမမီးလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားချေသည်။

ရှူး…

မီးလုံးနှစ်လုံးသည် လင်းဖန်ထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

သူတို့ကို အံ့အားသင့်စေသည်မှာ လင်းဖန်သည် မြူခိုးများအဖြစ်သို့ပြောင်းလဲသွားပြီး မီးလုံးကြီးများသည် သူ့ကို ဖြတ်သန်းသွားခြင်းပင်။

လင်းဖန်သည် စစ်သည်တစ်ဦးထံသို့ လှံဖြင့် ထိုးသွင်းလိုက်သည်။

ထိုစစ်သည်သည် လှံကိုခုခံရန် သူ၏ဓားကို မြှောက်လိုက်ချေသည်။

သို့သော် လှံဖျားမှထွက်ပေါ်လာသော ထိုးသွင်းအားလှိုင်းသည် ဓားကိုဖြတ်သန်းသွားပြီး အပိုင်းပိုင်း ကြေမွသွားစေသည်။

ထိုလှိုင်းသည် စစ်သည်၏ဦးခေါင်းနှင့် မီးတောက်သမင်၏ခန္ဓာကိုယ်ကိုပါ ဆက်လက်ဖောက်ထွက်သွားလေသည်။

ဘုန်း…

လင်းဖန်၏လှံမှ ထိုးသွင်းအားလှိုင်းကြောင့် မီးတောက်သမင်၏ဝမ်းဗိုက်သည် ပေါက်ကွဲသွားပြီး မြေပြင်ပေါ်တွင် ကျင်းငယ်တစ်ခု ဖြစ်ပေါ်သွားချေသည်။

‘ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...’

အနီးဆုံးတွင်ရှိနေသော စစ်သည်သည် သူ၏မျက်စိကိုပင် မယုံကြည်နိုင် ဖြစ်နေသည်။

သူသည် လျင်မြန်စွာထွက်ပြေးရန် ကြိုးစားလိုက်လေသည်။

‘ဒီလူတွေက အရမ်းကို အစွမ်းထက်လွန်းတယ်...’

‘ငါ အထက်အရာရှိတွေကို သတင်းပို့ရမယ်...’

သူသည် မီးတောက်သမင်ကိုလှည့်ရန် ဇက်ကြိုးကိုမဆွဲနိုင်မီမှာပင် လင်းဖန်၏သံတူများသည် သူ့ဦးခေါင်းဆီသို့ ဦးတည်လာနေပြီ ဖြစ်ချေသည်။

သူ နောက်ဆုံး မြင်တွေ့လိုက်ရသည်မှာ ပိုမိုနီးကပ်လာသော သံတူများပင်။

ဘုန်း…

လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။

[ဒင်၊ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် ပေါင်း ၂၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၄၁၀]

လင်းဖန်သည် လှည့်ကြည့်ကာ အခြားသူများ၏ အခြေအနေကို စစ်ဆေးလိုက်သည်။

ဟိုမင်၊ ဟွမ်ယွမ်ခွန်းနှင့် ဟူထော်တို့သည် သူတို့၏ ပစ်မှတ်များကို ရှင်းလင်းပြီးနေပြီ ဖြစ်ချေသည်။

လိုင်ညီအစ်ကိုသည်လည်း မိမိတို့၏ နောက်ဆုံးပစ်မှတ်ကို သုတ်သင်နေကြသည်။

ကျောက်ကျားရွေ့သည် စတင်လှုပ်ရှားခဲ့သဖြင့် စောစီးစွာ ပြီးစီးသွားခဲ့ပြီးဖြစ်ရာ ရှေ့တွင်ရှိနိုင်သော အန္တရာယ်များကို စောင့်ကြည့်နေလေသည်။

“ခဏလေးစောင့်ဦး...”

လင်းဖန်သည် မီးတောက်သမင်၏ အလောင်းကိုခွဲကာ မိစ္ဆာသားရဲအမြုတေကိုထုတ်ယူရင်း ပြောလိုက်သည်။

အဖွဲ့၏ကျန်ရှိသူများသည် ထိုအရာဖြင့် ပြုလုပ်နိုင်သည့်အရာကို သိရှိကြသဖြင့် သူ့ကို စောင့်ဆိုင်းပေးကြလေသည်။

သူ၏ မိစ္ဆာသားရဲများအဖြစ် ပြောင်းလဲနိုင်သောစွမ်းရည်သည် လိုအပ်လာပါက သူတို့အတွက် အသုံးဝင်နိုင်ချေသည်။

လင်းဖန် ပြီးစီးသွားပြီးနောက် သူတို့သည် ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြသည်။

ထို့နောက်ပိုင်းခရီးစဉ်သည်လည်း အေးအေးဆေးဆေးပင် ရှိခဲ့လေသည်။

နာရီဝက်ခန့်ခရီးဆက်ပြီးနောက် သူတို့သည် တောင်တန်း၏ မြင့်မားသော ကျောက်ဆောင်ချောက်ကမ်းပါးများအကြားရှိ ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။

ထိုကွင်းပြင်၏အလယ်တွင် စစ်တပ်၏ ကင်းစခန်းငယ်တစ်ခု ရှိနေချေသည်။

စစ်သည်အချို့သည် ကင်းစောင့်နေကြပြီး အချို့မှာမူ ကင်းလှည့်ရန် ပြင်ဆင်နေကြသည်။

သူတို့အနေဖြင့် ဖြစ်နိုင်လျှင် ထိုကင်းစခန်းကို ရှောင်ကွင်းသွားလိုကြချေသည်။

သို့သော် သွားလာနိုင်သည့် တစ်ခုတည်းသောလမ်းမှာ ကင်းစခန်း၏အနောက်ဘက်တွင် ရှိနေသဖြင့် ရှောင်ကွင်း၍မရနိုင်ပေ။

လင်းဖန်သည် အခြေအနေကိုသုံးသပ်ပြီးနောက် အစီအစဉ်တစ်ခုကို စဉ်းစားလိုက်သည်။

“ကျွန်တော်က စွမ်းရည်ကိုသုံးပြီး ကင်းစခန်းရဲ့ အနောက်ဘက်ကိုသွားမယ်... အစ်ကိုတို့ကတော့ အရှေ့ကနေ တိုက်ခိုက်ပေး...”

“ဘယ်သူ့ကိုမှ ထွက်ပြေးပြီး ရဲတိုက်ဆီကို သတင်းပို့ခွင့် မပေးနိုင်ဘူး...”

“အနောက်ဘက်ကနေ ထွက်ပြေးတဲ့သူမှန်သမျှကို ကျွန်တော် ရှင်းပစ်မယ်...”

အဖွဲ့သားများက သဘောတူလိုက်ကြသည်။

ဝုန်း…

လင်းဖန်သည် လေထဲသို့ ဒေါင်လိုက် ခုန်တက်လိုက်လေသည်။

ထို့နောက် သူသည် လေထုကို နံရံတစ်ခုကဲ့သို့နင်းခြေကာ ကင်းစခန်းဆီသို့ ခုန်ပျံသွားသည်။

ဤသို့ အကြိမ်အနည်းငယ်ပြုလုပ်ပြီးနောက် သူသည် မည်သူမျှသတိမထားမိစေဘဲ ကင်းစခန်းကို ဖြတ်ကျော်သွားနိုင်ခဲ့ချေသည်။

သူသည် ကင်းစခန်း၏အနောက်ဘက်သို့ ဆင်းသက်လိုက်ပြီးနောက် ဆက်သွယ်ရေးကျောက်စိမ်းပြားအား အသုံးပြုကာ အခြားသူများကို အကြောင်းကြားလိုက်သည်။

မကြာမီမှာပင် ဟွမ်ယွမ်ခွန်းသည် ကျန်ရှိသူများကိုဦးဆောင်ကာ ကင်းစခန်းဆီသို့ လျှောက်လှမ်းသွားလေသည်။

“ရပ်လိုက်...”

ကင်းမျှော်စင်ပေါ်ရှိ စစ်သည်များသည် သူတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အော်ဟစ်လိုက်ကြသည်။

မြားသမားများသည် သူတို့၏ လေးနှင့် မြားများကိုပြင်ဆင်ကာ ချိန်ရွယ်လိုက်ကြချေသည်။

ကင်းစခန်းကို တာဝန်ယူထားသောအရာရှိသည် အခြေအနေကိုကြည့်ရှုရန် သစ်သားခံတပ်တံတိုင်းပေါ်သို့ တက်လာသည်။

မုတ်ဆိတ်ထူကြီးနှင့် ထိုလူသည် ဟွမ်ယွမ်ခွန်းကို အော်ဟစ်မေးမြန်းလိုက်လေသည်။

“မင်းတို့က ဘယ်သူလဲ... ဒီနေရာကို မင်းတို့ လာလို့မရဘူး...”

“ကျွန်တော်တို့က တောင်ထဲမှာ လမ်းပျောက်နေတဲ့ကုန်သည်တွေပါ...”

ဟွမ်ယွမ်ခွန်းသည် အနီးသို့ ခြေလှမ်းအနည်းငယ်တိုးကပ်ရင်း ယပ်တောင်ကိုခတ်ကာ ပြောလိုက်သည်။

“လီ ဘာတွေလုပ်နေတာလဲ... သူတို့ ကင်းလှည့်အဖွဲ့က ဒီကောင်တွေကိုရှင်းပစ်ရမှာ မဟုတ်ဘူးလား...”

မုတ်ဆိတ်ထူကြီးသည် ပြောလိုက်ပြီးနောက် ခဏမျှစဉ်းစားလိုက်ရာမှ သူ၏မျက်လုံးများ ပြူးကျယ်သွားချေသည်။

“ပစ်ကြ...”

မုတ်ဆိတ်ထူကြီးသည် ချက်ချင်းပင် အော်ဟစ်အမိန့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူသည် နှလုံးသားဆီမှနာကျင်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တွင်းရှိ သွေးများ ပြောင်းပြန်စီးဆင်းသွားချေသည်။

“တပ်မှူး...”

သူ့ဘေးတွင်ရှိနေသော စစ်သည်များသည် သူ့ကို သစ်သားတံတိုင်းပေါ်မှ အမြန်ပင် တွဲချလိုက်ကြသည်။

ဝုန်း…

မြားသမားများ၏ ချီစွမ်းအင်များလွှမ်းခြုံထားသော မြားများသည် ဟွမ်ယွမ်ခွန်းနှင့် အခြားသူများထံသို့ပစ်ခတ်လာပြီး မြေပြင်ပေါ်သို့ကျရောက်ကာ ပေါက်ကွဲသွားချေသည်။

သို့သော် ယင်းသည် အသုံးမဝင်ခဲ့ပေ။

ဟိုမင်သည် သူ၏လိပ်ခွံမှော်ရတနာကို အသုံးပြုလိုက်ရာ တောက်ပသော ဧရာမလိပ်ခွံကြီးတစ်ခုပေါ်လာပြီး မိုးရွာသကဲ့သို့ ကျရောက်လာသောမြားများကို ကာကွယ်ပေးလိုက်လေသည်။

နောက်ထပ် မြားမိုးများမကျရောက်မီမှာပင် တောက်ပသောလိပ်ခွံကြီးသည် ပျောက်ကွယ်သွားပြီး သူတို့သည် သစ်သားတံတိုင်းပေါ်သို့ ခုန်တက်လိုက်ကြသည်။

ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် မြားသမားများကို စတင်တိုက်ခိုက်ကြလေသည်။

သူတို့၏ လေပြင်းတိုက်ကွက်များကြောင့် မြားသမားများသည် ခုခံနိုင်စွမ်း မရှိကြပေ။

စစ်သည်များ၏ ချပ်ဝတ်တန်ဆာပေါ်ရှိ ထွင်းထုထားသောကျမ်းစာများပင်လျှင် လေပြင်းတိုက်ကွက်များကိုမခုခံနိုင်ဘဲ ဆွဲဖြဲခြင်းခံလိုက်ရချေသည်။

လိုင်ညီအစ်ကို၊ ဟူထော် သို့မဟုတ် ကျောက်ကျားရွေ့တို့ထံသို့ ဦးတည်လာသော အခြားစစ်သည်များ၏ အခြေအနေသည်လည်း ပိုမကောင်းလှပေ။

လိုင်ညီအစ်ကိုသည် ကျားနှင့်ကြိုးကြာသိုင်းကို အသုံးပြုကာ အပေးအယူမျှမျှဖြင့်တိုက်ခိုက်ကြပြီး လက်ကောက်ဝတ်မှ ချပ်ဝတ်ပြားများဖြင့် တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ကာ စစ်သည်များကို ထိခိုက်ဒဏ်ရာ ရရှိစေလေသည်။

ဟူထော်သည် ရွှေဝါရောင်အလင်းတန်းဖြင့် တိုက်ခိုက်မှုများကိုကာကွယ်ပြီး လက်သီးချက်များဖြင့် စစ်သည်များကို ကြေမွသွားစေချေသည်။

ရိမေဓားသိုင်းသည် ကြောက်စရာကောင်းအောင် အစွမ်းထက်လှပြီး ကျောက်ကျားရွေ့သည် စစ်သည်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တိကျစွာ ဖြတ်တောက်လိုက်လေသည်။

“တပ်မှူး... မြန်မြန်ပြေးပြီး စစ်သူကြီးထန်ကို သတင်းပို့တာ ပိုကောင်းလိမ့်မယ်...”

စစ်သည်တစ်ဦးက အော်ဟစ်လိုက်လေသည်။

All Chapters