အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) - တစ္ဆေကျင့်ကြံသူ
ဧရာမကျောက်တုံးကြီးများ နောက်ထပ်အကြိမ်အနည်းငယ်မျှလွင့်ပျံလာပြီး ဂိုဏ်းတပည့်များကို ပိုမိုထိခိုက်ဒဏ်ရာရရှိစေလေသည်။
ထို့နောက် စစ်ဗုံသံနှင့်အတူ စည်းချက်ညီညီချီတက်လာသော စစ်တပ်ကြီးကြောင့် မြေပြင်တစ်ခုလုံး တုန်ဟည်းသွားတော့သည်။
တံတိုင်းပေါ်ရှိဂိုဏ်းတပည့်များသည် စစ်စခန်းဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်လာပြီး ရှေ့ရှိကွင်းပြင်ကျယ်ကို ပိတ်ဆို့ထားသော ရာနှင့်ချီသည့် စစ်သည်များကို မြင်တွေ့လိုက်ရလေသည်။
စစ်ဗိုလ်များ၏အမိန့်ပေးသံ ထွက်ပေါ်လာသည်။
“အသင့်ပြင်...”
လေးသမားများသည် မိမိတို့၏လေးများကို အသင့်ပြင်လိုက်ကြပြီး မြားများထဲသို့ ချီစွမ်းအင်များထည့်သွင်းလိုက်သဖြင့် မြားတံများမှာ တောက်ပလာချေသည်။
“ပစ်...”
မြားမိုးများ လေထဲသို့ပျံတက်သွားပြီး စစ်စခန်းတံတိုင်းဆီသို့ ဖြည်းညှင်းစွာ ကျရောက်လာတော့သည်။
ဂိုဏ်းတပည့်များက အော်ဟစ်လိုက်ကြသည်။
“သတိထား...”
၎င်းတို့သည် မြားများကိုကာကွယ်ရန် ဓားများနှင့်လက်နက်များကို ဝှေ့ယမ်းလိုက်ကြသည်။
စွပ်…
လျင်မြန်ခြင်းမရှိသူများမှာ မြားများဖြင့် အပစ်ခံလိုက်ရလေသည်။
နောက်တစ်စက္ကန့်တွင် မြားများပေါက်ကွဲသွားပြီး ဂိုဏ်းတပည့်များကို အပိုင်းပိုင်းအစစ ဖြစ်သွားစေတော့သည်။
စစ်စခန်းတစ်ခုလုံးတွင် ညည်းတွားသံများနှင့် နာကျင်စွာအော်ဟစ်သံများ ဖုံးလွှမ်းသွားချေသည်။
ထန်ရှောင်ယောင်၏စစ်တပ်သည် အချိန်ဆွဲမနေဘဲ ခြေလျင်တပ်သားများက နောက်ထပ် ချဉ်းကပ်လာကြသည်။
ဧရာမလှေကားကြီးများသဖွယ် ပြုလုပ်ထားသော သစ်သားအဆောက်အအုံများကို တံတိုင်းဆီသို့ တွန်းပို့လိုက်ကြသည်။
ဂိုဏ်းတပည့်တစ်ဦးက အော်ဟစ်လိုက်သည်။
“သူတို့ကို တားကြ...”
သူသည် မီးတောက်များ ရစ်ပတ်နေသော ဓားကို လှေကားများဆီသို့ ဝှေ့ယမ်းလိုက်သည်။
မီးတောက်များက လှေကားတစ်ခုဆီသို့ ပျံသန်းသွားပြီး ၎င်းကို တောက်လောင်သွားစေသည်။
အခြားဂိုဏ်းတပည့်များကလည်း လျင်မြန်စွာပင် မိမိတို့၏တိုက်ကွက်များကို လှေကားများဆီသို့ ထုတ်လွှတ်လိုက်ကြသည်။
စစ်တပ်ဘက်မှကျင့်ကြံသူများသည် လှေကားများရှေ့တွင် အစီအရင်တစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်ကြသည်။
မကြာမီပင် အဖြူရောင်တောက်ပသော အကာအကွယ်ဒိုင်းတစ်ခုက လှေကားများရှေ့တွင် ပေါ်လာလေသည်။
တံတိုင်းပေါ်ရှိ ဂိုဏ်းတပည့်များ ထုတ်လွှတ်လိုက်သော မီးတောက်များနှင့် စွမ်းမင်လှိုင်းများသည် ထိုအကာအကွယ်ဒိုင်းနှင့် ထိမိသည့်အခါ ပျောက်ကွယ်သွားကြလေသည်။
ထိုအချိန်တွင် လေးသမားများသည် နောက်ထပ်တစ်ကြိမ်ပစ်ခတ်ရန် အသင့်ဖြစ်နေကြပြီ။
လေးသမားတပ်မှူးက အော်ဟစ်လိုက်သည်။
“ပစ်...”
မြားများက ဂိုဏ်းတပည့်များအပေါ်သို့ ထပ်မံရွာသွန်းလာပြန်သည်။
ယခုတစ်ကြိမ်တွင်လည်း ထိုနည်းတူပင် ဖြစ်ပျက်ခဲ့ပြီး ဂိုဏ်းတပည့်များ ပိုမိုထိခိုက်ကာ ဒဏ်ရာရရှိခဲ့သည်။
ကျောက်ချင်းယင်ကအော်ဟစ်လိုက်ပြီး တံတိုင်းပေါ်မှခုန်ချကာ စစ်တပ်ဆီသို့ ပြေးဝင်သွားလေသည်။
“ငါ တော်တော်သည်းခံပြီးပြီ...”
ချင်းယန်ဇီသည် သူ့ကိုတားဆီးရန် မသိစိတ်အရ လက်မြှောက်လိုက်သော်လည်း တိတ်ဆိတ်စွာပင် ပြန်ချလိုက်သည်။
မိမိတို့သည် ကျင့်ကြံသူများဖြစ်ပြီး စစ်သားများကဲ့သို့ တိုက်ကွက်ဆင်ခြင်းမှာ မိမိတို့၏ တာအိုမဟုတ်ကြောင်း ကျောက်ချင်းယင်က သူ့ကို ပြောပြခဲ့ဖူးလေသည်။
ယခုဖြစ်ပျက်နေသည်များကိုကြည့်ပြီး ကျောက်ချင်းယင်ပြောသည်မှာ မှန်ကန်ကြောင်း သူ သဘောပေါက်လိုက်သည်။
ကျင့်ကြံသူဖြစ်ရခြင်းမှာ တစ်စုံတစ်ခုသောဘောင်အတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားခြင်းမဟုတ်ပေ။
၎င်းမှာ မိမိကိုယ်ပိုင်လမ်းစဉ်နှင့် တာအိုသာ ဖြစ်ချေသည်။
ချင်းယန်ဇီသည် တစ်နည်းနည်းဖြင့် မိမိ၏တာအိုမှ သွေဖည်နေခဲ့သည်ဟု ခံစားလိုက်ရသည်။
ဤအရာအားလုံး ပြီးဆုံးသွားသောအခါ သူ၏လမ်းစဉ်ပေါ်သို့ ပြန်လည်ရောက်ရှိရန် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်ရပေလိမ့်မည်။
“ဂိုဏ်းတပည့်အားလုံး... မင်းတို့ လုပ်သင့်တာကိုလုပ်ပြီး စစ်တပ်ကိုသုတ်သင်ကြ... ချင်ဖုန်းဂိုဏ်းရဲ့ ဓားအစီအရင် အသင့်ပြင်...”
ချင်းယန်ဇီကအော်ဟစ်လိုက်ပြီးနောက် ဂိုဏ်းတပည့်များ လှုပ်ရှားလာကြသည်။
၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် တံတိုင်းပေါ်မှခုန်ချကာ ကျောက်ချင်းယင်၏နောက်မှ လိုက်ပါလျက် စစ်တပ်ဆီသို့ ပြေးဝင်သွားကြသည်။
ကျောက်ချင်းယင်သည် လက်ကို ဓားသဖွယ်ပြုလုပ်ကာ အလျားလိုက် ဝှေ့ယမ်းလိုက်သည်။
ဓားလှိုင်းသည် လှေကားများ၏ အကာအကွယ်ဒိုင်းကို ဖြတ်တောက်သွားပြီး လှေကားများကို နှစ်ခြမ်းခွဲပစ်လိုက်သည်။
လှေကားများနောက်ကွယ်ရှိ စစ်သည်များသည် ပြုတ်ကျလာပြီး မြေပြင်ပေါ်ရှိ စစ်သည်များအပေါ်သို့ ထပ်ကျကုန်ကြသည်။
စစ်သားများတုံ့ပြန်ရန် အချိန်မရမီမှာပင် ကျောက်ချင်းယင်သည် စစ်တပ်ဆီသို့ နောက်ထပ် ဓားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။
ဖုန်း…
စစ်သားများ၏ချပ်ဝတ်တန်ဆာပေါ်တွင် ကျမ်းစာများထွင်းထုထားသော်လည်း ကျောက်ချင်းယင်၏ ဓားလှိုင်းက အလွန်အစွမ်းထက်လွန်းလှပေသည်။
မတ်တပ်ရပ်နေသူ သို့မဟုတ် လှေကားပေါ်မှပြုတ်ကျသူဖြစ်စေ စစ်သည်များအားလုံးမှာ ခန္ဓာကိုယ်နှစ်ခြမ်းပြတ်ခြင်း သို့မဟုတ် ခေါင်းပြတ်ခြင်းများကို ကြုံတွေ့လိုက်ရသည်။
ဂိုဏ်းတပည့်များက အော်ဟစ်လိုက်ကြသည်။
“ဟေး...”
“ဒီကောင်တွေကို ငါတို့အစွမ်း ပြလိုက်ကြစို့...”
ကျောက်ချင်းယင်၏ လှုပ်ရှားမှုများသည် ဂိုဏ်းတပည့်များ၏စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်လေသည်။
လူအင်အား သုံးဆခန့် ကွာခြားနေသော်လည်း သူတို့သည် သတ္တိရှိရှိဖြင့် စစ်တပ်ဆီသို့ တိုးဝင်သွားကြသည်။
လှေကားများကိုရှင်းလင်းပြီးနောက် ကျောက်ချင်းယင်သည် ရှေ့သို့လှမ်းကြည့်လိုက်ရာ စစ်တပ်၏တပ်မှူးကို လှမ်းမြင်လိုက်ရသည်။
သူသည် အချိန်ဆွဲမနေဘဲ တပ်မှူးဆီသို့ ခုန်ဝင်သွားသည်။
စစ်တပ်ဘက်မှကျင့်ကြံသူများက ရှေ့သို့တိုးလာပြီး ကျောက်ချင်းယင်ကိုတားဆီးရန် ကြိုးစားကြသည်။
သို့သော် ၎င်းတို့သည် သူ၏ တိုက်ကွက်တစ်ကွက်ကိုပင် မခံနိုင်ကြပေ။
အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရခြင်းမှာ ၎င်းတို့၏ ကံကြမ္မာပင် ဖြစ်ချေသည်။
ကျောက်ချင်းယင်တစ်ယောက် အနီးသို့ ရောက်လာသောအခါ လေးသမားများက သူ့ကို ပစ်ခတ်လိုက်ကြသည်။
၎င်းမှာ တပ်မှူးကိုကာကွယ်ရန် ကြိုးစားခြင်းပင်။
ကျောက်ချင်းယင်သည် ချီစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ဖုံးအုပ်လိုက်သည်။
ဒုန်း…
မြားများသည် အဖြူရောင်အလင်းတန်းကို ထိမိပြီး ပေါက်ကွဲသွားကြသည်။
စစ်တပ်၏တပ်မှူး ရှောင်တိသည် သူ့ဘေးတွင်ရပ်နေသော ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။
ကျင့်ကြံသူလီဟန်သည် အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဖြူလျော်သောမျက်နှာရှိကာ သူ၏မျက်နှာအောက်ပိုင်းကို ကြေးဒင်္ဂါးများဖြင့် ပြုလုပ်ထားသော မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။
သူသည် တစ္ဆေကျင့်ကြံသူတစ်ဦး ဖြစ်ချေသည်။
လီဟန်သည် လက်ကိုမြှောက်ကာ ကျောက်ချင်းယင်ဆီသို့ ပိုက်ကွန်တစ်ခုကို ပစ်လွှတ်လိုက်သည်။
အနီရောင်ရှိသော ထိုပိုက်ကွန်ပေါ်တွင် အဝါရောင်အင်းစာရွက်များ ချည်နှောင်ထားပြီး ကျောက်ချင်းယင်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။
မြားများကိုရှင်းလင်းရန် အလုပ်ရှုပ်နေသော ကျောက်ချင်းယင်သည် အချိန်မီ ရှောင်တိမ်းလိုက်နိုင်သည်။
ဒုန်း…
ပိုက်ကွန်သည် မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသွားပြီး ပတ်ဝန်းကျင်ရှိအပင်များမှာ ညှိုးနွမ်းကာ သေဆုံးကုန်ကြသည်။
လေးသမားတပ်မှူးက သူ၏အမိန့်ကို ထပ်မံအော်ဟစ်လိုက်သည်။
“အသင့်ပြင်...”
သို့သော် နောက်ထပ်အမိန့်မပေးနိုင်မီမှာပင် ချင်ဖုန်းဓားသည် သူ့ဆီသို့ ပျံသန်းလာပြီး သူ၏ဦးခေါင်းကို ချက်ချင်း ဖြတ်တောက်သွားတော့သည်။
ချင်ဖုန်းဓားသည် ရပ်တန့်မသွားဘဲ လမ်းကြောင်းအတိုင်း ဆက်လက်ပျံသန်းကာ လေးသမားများကို တို့ဖူးကဲ့သို့ လွယ်ကူစွာ ဖြတ်သန်းသွားလေသည်။
လေးသမားများသည် အသက်ရှင်သန်ရန်အတွက် ထွက်ပြေးကြသဖြင့် ပရမ်းပတာ ဖြစ်ကုန်ကြသည်။
ကျောက်ချင်းယင်သည် ချင်ဖုန်းဂိုဏ်းမှတပည့်များနှင့်အတူ တိုက်ပွဲထဲသို့ဝင်ရောက်လာသော ချင်းယန်ဇီကို လှည့်ကြည့်လိုက်သည်။
ယခုအခါ လေးသမားများကို ဖယ်ရှားပြီးပြီဖြစ်သဖြင့် လီဟင်းနှင့် တပ်မှူးရှောင်တိတို့ကို ကိုင်တွယ်ရန် အချိန်ကျရောက်လာလေပြီ။
ဘုန်း…
ကျောက်ချင်းယင်ကိုတားဆီးရန် ရှေ့သို့တိုးလာသော စစ်သည်များသည် သူ၏ အရက်ဘူးသီးခြောက်ဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
လီဟန်သည် မှော်လက်နက်ကိုထုတ်ယူရင်း ပြုံးလိုက်သည်။
၎င်းမှာ မျက်လုံးများပိတ်ထားသော ဦးခေါင်းတစ်ခု ဖြစ်လေသည်။
၎င်း၏အရွယ်အစားမှာ ပုံမှန်မဟုတ်ဘဲ လက်သီးဆုပ်ခန့်အထိ ကျုံ့ဝင်နေသည်။
ကျောက်ချင်းယင်သည် လက်ကိုမြှောက်ကာ လီဟန်ဆီသို့ ဓားလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုဦးခေါင်း၏မျက်လုံးများ ပွင့်လာပြီးနောက် ဓားလှိုင်းမှာ ပျောက်ကွယ်သွားလေသည်။
၎င်းက ကျောက်ချင်းယင်ကို အံ့အားသင့်သွားစေသည်။
သူသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သဖြင့် အစွမ်းမထက်သော်လည်း သူ၏ဓားလှိုင်းကို တားဆီးနိုင်ရန်အတွက် ထိုအရာသည် အနည်းဆုံး ကောင်းကင်အဆင့်မှော်လက်နက်တစ်ခု ဖြစ်ရပေမည်။
လီဟန်က ထပ်မံပြုံးလိုက်ပြီး ထိုဦးခေါင်းက ပါးစပ်ကို ဖွင့်လိုက်သည်။
ရှူး…
၎င်းသည် ကျောက်ချင်းယင်ဆီသို့ ဓားလှိုင်းတစ်ခုကို ပြန်လည်ပစ်လွှတ်လိုက်တော့သည်။