အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀) - အနောက်ဘက်ဆောင်
ကျောက်ချင်းယင်က အပေါ်သို့ခုန်တက်ကာ ဓားလှိုင်းကိုရှောင်တိမ်းလိုက်ပြီး လီဟန်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
လေပွေတိုက်ကွက်တစ်ခုက လီဟန်ထံသို့ တိုးဝင်သွားလေသည်။
လီဟန်က လက်ထဲရှိ ဦးခေါင်းပြတ်ကိုမြှောက်ကာ လေပွေတိုက်ကွက်နှင့် တည့်တည့်ရင်ဆိုင်စေလိုက်သည်။
ထိုမှော်ပစ္စည်းပေါ်ရှိ မျက်လုံးများက ထပ်မံပွင့်ဟလာပြန်သည်။
ထို့နောက် လေပွေတိုက်ကွက်သည် ယခင်အတိုင်းပင် လေထဲ၌ ပျောက်ကွယ်သွားချေသည်။
ကျောက်ချင်းယင်က လေဟာနယ်ကိုနင်းခြေကာ လမ်းကြောင်းပြောင်းလဲလိုက်ပြီး လီဟန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
လီဟန်က စုပ်ယူထားသောလေပွေတိုက်ကွက်ကို ပြန်လည်ထုတ်လွှတ်ရန် ဦးခေါင်းပြတ်ကို ကျောက်ချင်းယင်ထံသို့ဦးတည်ရန် ကြိုးစားလိုက်သော်လည်း မမီတော့ချေ။
ဝုန်း…
ကျောက်ချင်းယင်၏အရှိန်က အလွန်မြန်ဆန်လွန်းလှသဖြင့် သူ၏လက်ဝါးချက်က လီဟန်၏ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
လီဟန်၏ နံရိုးများ ကျိုးကြေသွားသောအသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
အဟွတ်…
လီဟန်က သွေးတစ်လုပ်အန်ထုတ်လိုက်ရာ ကြေးဒင်္ဂါးမျက်နှာကာပေါ်သို့ သွေးများ စင်ဟပ်သွားချေသည်။
လီဟန်က ကျောက်ချင်းယင်၏လက်မောင်းကို လက်တစ်ဖက်ဖြင့်လှမ်းကိုင်လိုက်ရင်း ပြောလိုက်သည်။
“မင်းက ငါ့ရဲ့ ခန္ဓာကိုယ်အသစ်ဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ...”
သူက အခြားလက်တစ်ဖက်ကိုမြှောက်ကာ ဦးခေါင်းပြတ်မှော်ပစ္စည်းကို ကျောက်ချင်းယင်၏မျက်နှာရှေ့သို့ တေ့လိုက်သည်။
ကျောက်ချင်းယင်လည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုမှော်ပစ္စည်းသည် လူတစ်ယောက်၏ဝိညာဉ်ကို ဝါးမြိုနိုင်စွမ်း ရှိပုံရသည်။
သို့သော် သူက ဂရုမစိုက်ဘဲ လက်ကိုအသင့်ပြင်ကာ လီဟန်၏ ရင်ဘတ်ဆီသို့ လေပွေတိုက်ကွက်ဖြင့် ထိုးနှက်လိုက်ပြန်သည်။
ဦးခေါင်းပြတ်၏ မျက်လုံးများ ပွင့်လာလေသည်။
သို့သော် လီဟန်အံ့ဩသွားရသည်မှာ ကျောက်ချင်းယင်သည် ဝိညာဉ်လွင့်စင်သွားခြင်းမရှိဘဲ ခန္ဓာကိုယ်မှာ ကြည်လင်လာပြီး ပုံရိပ်ယောင်အသွင်သို့ ပြောင်းလဲသွားခြင်းပင်။
လီဟန်က သူ၏နောက်ဆုံးစကားလုံးကို ရေရွတ်လိုက်သည်။
“မင်းက ပုံရိပ်ယောင်ပဲ...”
ကျောက်ချင်းယင်၏လေပွေတိုက်ကွက်က လီဟန်၏ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်စေခဲ့လေသည်။
လီဟန်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားပြီးနောက် ကျောက်ချင်းယင်က ရှောင်တိထံသို့ အာရုံပြောင်းလိုက်သည်။
ရှောင်တိက လက်ထဲတွင် ဓားကိုကိုင်ဆွဲကာ အသင့်ပြင်ထားချေပြီ။
ကျောက်ချင်းယင်က ရှောင်တိ၏အစွမ်းကို စမ်းသပ်ရန်အတွက် ဓားလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
ဒေါင်…
ရှောင်တိက ဓားကိုအသုံးပြု၍ ဓားလှိုင်းကို ခုခံကာကွယ်လိုက်ပြီး ကျောက်ချင်းယင်ထံသို့ ပြေးဝင်သွားသည်။
ဓားဦးက ကျောက်ချင်းယင်၏လည်ပင်းဆီသို့ ဦးတည်လာရာ လက်ကိုမြှောက်လိုက်ပြီး အရက်ဘူးဖြင့် ခုခံလိုက်သည်။
ဒေါင်…
ပြင်းထန်သောရိုက်ခတ်မှုကြောင့် ရှောင်တိ၏ဓားလမ်းကြောင်းမှာ လွဲချော်သွားပြီး ခန္ဓာကိုယ်သည်လည်း ကျောက်ချင်းယင်၏ရှေ့တွင် အကာအကွယ်မဲ့သွားချေသည်။
ကျောက်ချင်းယင်က လေပွေတိုက်ကွက်ကိုအသုံးပြုကာ ရှောင်တိ၏ဝမ်းဗိုက်ဆီသို့ လက်ချောင်းများ ညွှန်လိုက်သည်။
ရှောင်တိ၏ ချပ်ဝတ်တန်ဆာပေါ်ရှိ ကျမ်းစာများမှာ တောက်ပလာပြီး အဖြူရောင်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားလေသည်။
ဝုန်း…
လေပွေတိုက်ကွက်က ချပ်ဝတ်တန်ဆာ၏အကာအကွယ်စည်းကို မဖောက်ထွက်နိုင်သဖြင့် တိုးညင်းသောအသံတစ်သံသာ ထွက်ပေါ်လာသည်။
ကျောက်ချင်းယင်က အရက်ဘူးကိုအသုံးပြု၍ ရှောင်တိ၏ဦးခေါင်းကို ရိုက်ချလိုက်သည်။
ရှောင်တိသည် ခုခံရန် လက်ထဲရှိဓားကို အမြန်မြှောက်လိုက်သည်။
ဒေါင်…
အရက်ဘူးနှင့် ရိုက်ခတ်မိသဖြင့် သူ၏ ဓားဆီမှ သံစဉ်တစ်ခု ထွက်ပေါ်လာသည်။
သို့သော် ရှောင်တိအံ့ဩသွားရသည်မှာ အရက်ဘူးဝက ပိတ်မထားသဖြင့် အရက်များက သူ၏မျက်လုံးထဲသို့ စီးကျလာခြင်းပင်။
ထိုအရာက သူ့ကို ခဏတာ မျက်စိကွယ်သွားစေသည်။
ကျောက်ချင်းယင်က ယခုတစ်ကြိမ်တွင် ရှောင်တိ၏လည်ပင်းကို ပစ်မှတ်ထားလိုက်သည်။
သူသည် ချပ်ဝတ်တန်ဆာ အကာအကွယ်မရှိသော လည်ပင်းဆီသို့ လက်ချောင်းများဖြင့် ချိန်ရွယ်လိုက်သည်။
ရွှစ်…
လေပွေတိုက်ကွက်က ရှောင်တိ၏လည်ပင်းကို ဆွဲဖြဲပစ်လိုက်သဖြင့် သွေးများနှင့် အသားစများက မြေပြင်ပေါ်သို့ လွင့်စင်ကျသွားချေသည်။
စစ်သည်များသည် မိမိတို့၏တပ်မှူး ကျဆုံးသွားသည်ကိုမြင်သောအခါ ဖရိုဖရဲဖြစ်သွားကြပြီး ဂိုဏ်းတပည့်များ၏တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ဆုတ်ခွာသွားကြရလေသည်။
“ဟုတ်ပြီကွ... ငါတို့ နိုင်ပြီကွ...”
“စစ်တပ်စခန်းကို ငါတို့ ထိန်းချုပ်နိုင်ပြီ...”
“ဒါက ထန်ရှောင်ယောင်ကို ငါတို့အစွမ်း ပြလိုက်တာပဲ...”
စစ်တပ်များ ဆုတ်ခွာထွက်ပြေးသွားသည်ကို မြင်သောအခါ ဂိုဏ်းတပည့်များက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ကျောက်ချင်းယင်က ချင်းယန်ဇီထံသို့ လှမ်းကြည့်လိုက်သည်။
ချင်းယန်ဇီက ခေါင်းညိတ်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်ရှိသောကိစ္စရပ်များမှာ ပေတျန်းရဲတိုက်အတွင်းရှိ လင်းဖန်နှင့် သူ၏အဖွဲ့အပေါ်တွင်သာ မူတည်နေသောကြောင့်ပင်။
သူတို့နှစ်ဦးလုံးသည် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
သူတို့၏ ပင်မခန္ဓာကိုယ်များမှာ စွမ်းအားအားလုံးကို လိုအပ်နေချေပြီ။
…
ပေတျန်းရဲတိုက်…
ကင်းစောင့်များက မီးရှူးမီးပန်းများကိုအာရုံစိုက်နေစဉ် လင်းဖန်က တံတိုင်းများကိုကျော်ဖြတ်ကာ ရဲတိုက်၏အနောက်ဘက်ခြမ်းသို့ ရောက်ရှိသွားသည်။
သူသည် မြားပစ်သမားများအတွက် ပြုလုပ်ထားသော ထောက်လှမ်းရေးအပေါက်ကိုဖြတ်ကျော်ကာ အခန်းတွင်းသို့ ဝင်ရောက်လိုက်သည်။
အခန်းထဲတွင် မည်သူမျှမရှိသဖြင့် သူသည် မုတ်ဆိတ်ထူထူနှင့်စစ်သည်၏ ချပ်ဝတ်တန်ဆာကို အမြန်လဲလှယ်ဝတ်ဆင်လိုက်သည်။
ထိုချပ်ဝတ်က သူ့အတွက် အနည်းငယ်ကြီးမားနေသော်လည်း ယခုအချိန်တွင် ဖြစ်သလိုသာ ဝတ်ဆင်ရပေလိမ့်မည်။
သူ၏ ပစ်မှတ်မှာ စင်္ကြံလမ်းတစ်လျှောက် မီတာနှစ်ရာခန့် အကွာရှိ အခန်းထဲတွင် ရှိနေသည်။
သူ၏ အသံမှတ်ဉာဏ်စွမ်းရည်ကို အသုံးပြု၍ ပြင်ပမှ လှုပ်ရှားမှုများကို နားစွင့်လိုက်သည်။
ကင်းလှည့်စစ်သည်များမှာ မည်သူ့ဇနီးက အခြားအမျိုးသားနှင့် ဖောက်ပြန်နေသည်ဟူသော အတင်းအဖျင်းများကိုပြောဆိုရင်း ကင်းလှည့်နေကြသည်။
“တော်ကြစမ်း... ငါ အပေါ့သွားနေတုန်း သတိရှိရှိ စောင့်ကြ...”
“ဟုတ်ကဲ့ တပ်မှူး...”
ကင်းလှည့်တပ်မှူးက အတင်းပြောခြင်းကို တားမြစ်လိုက်သဖြင့် စစ်သည်များကလည်း ငြိမ်သက်သွားကြသည်။
တပ်မှူးထွက်သွားပြီးနောက် လင်းဖန်က အပြင်သို့ ချောင်းကြည့်လိုက်သည်။
စစ်သည်များက ရပ်တန့်ကာ တပ်မှူးကို စောင့်ဆိုင်းနေကြသည်။
ထို့နောက် လင်းဖန်က အသံမှတ်ဉာဏ်စွမ်းရည်ကိုအသုံးပြုကာ တပ်မှူး၏အသံကို ၎င်းတို့၏စိတ်ထဲသို့ ထည့်သွင်းလိုက်သည်။
“မင်းတို့အားလုံး ငါ့ဆီလာပြီး ကူညီကြဦး...”
စစ်သည်များက အချင်းချင်းကြည့်ကာ မေးမြန်းလိုက်ကြသည်။
“မင်း ကြားလိုက်လား...”
“အေး... တပ်မှူးက အကူအညီလိုနေတာလား...”
“ငါလည်း မသိဘူး... ဒါပေမဲ့ ငါက အသက်ကြီးဆုံးဆိုတော့ ငါ့ကိုခေါ်တာ မဟုတ်လောက်ဘူး...”
သူတို့မှာ အချင်းချင်း စကားများနေကြပြန်သည်။
လင်းဖန်က ပိုမိုအရေးကြီးသော အခြေအနေဖြစ်အောင် ဖန်တီးရန်အတွက် သူတို့၏စိတ်ထဲသို့ အသံကို ထပ်မံထည့်သွင်းလိုက်သည်။
“အား... ငါ့ကို အခုချက်ချင်း လာကူညီကြစမ်း...”
အရေးပေါ် အော်ဟစ်အကူအညီတောင်းသံက ထိရောက်သွားပြီး ကင်းလှည့်စစ်သည်များမှာ မိမိတို့၏တပ်မှူးကို ကူညီရန် အပြေးအလွှား ထွက်ခွာသွားကြတော့သည်။
လင်းဖန်က မှောင်မိုက်သောအခန်းထဲမှ အမြန်ထွက်ကာ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းသွားလိုက်ပြီး သူ၏ ပစ်မှတ်ရှိရာအခန်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။
အဝေးတစ်နေရာတွင်မူ ကင်းလှည့်စစ်သည်များက မိမိတို့၏တပ်မှူးအော်ဟစ်သံကို မည်သို့ကြားလိုက်ရသည်ဟူ၍ ငြင်းခုံနေကြဆဲပင်။
နောက်ဆုံးတွင် သူသည် အခန်းရှေ့သို့ရောက်ရှိသွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
အခန်းထဲတွင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စာရေးခုံပေါ်၌ တစ်ခုခုကို ရေးသားနေချေသည်။
တံခါးပွင့်သံကို ကြားသောအခါ သူက လှည့်ကြည့်လိုက်သည်။
“မင်း ဘာလို့ ခွင့်မတောင်းဘဲ ဝင်လာတာလဲ...”
ထိုအမျိုးသားသည် အရပ် ၁.၈မီတာခန့် ရှိပြီး လင်းဖန်နှင့် အရပ်အမောင်း တူညီပေသည်။
သူက လက်ထဲတွင် စုတ်တံကိုကိုင်ဆောင်ထားပြီး သာမန်ကိုယ်ခန္ဓာတည်ဆောက်ပုံရှိသဖြင့် ပညာရှိတစ်ဦးနှင့် အလွန်တူလှပေသည်။
လင်းဖန်ကပြုံးလိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော့်ကို တောင်ပေါ်က စစ်တပ်စခန်းရဲ့တပ်မှူးက လွှတ်လိုက်တာပါ... သူက သခင်ကြီးဆီ အရေးကြီးတဲ့သတင်းစကား ပါးလိုက်ပါတယ်...”
“ဘာသတင်းစကားလဲ...”
“သူက သခင်ကြီးကို ငရဲပြည်မှာလာတွေ့ဖို့ ပြောလိုက်ပါတယ်...”
လင်းဖန်က ပြောလိုက်ပြီးနောက် မူလချီလက်သည်းကိုအသုံးပြုကာ ထိုပညာရှိထံသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။