အခန်း ၃၇၇
Vol. 34 Ch. 377
အခန်း (၃၇၇) - ဘယ်လောက်တောင် ကြီးလိုက်တဲ့ ခေါင်းကြီးလဲ
ဘာသာပြန် - အားသစ်
လေသင်္ဘောသည် လေနက်ချောက်သို့ အလျင်အမြန် ရောက်ရှိလာသည်။ ထိုအခိုက်တွင် လေယာဉ်ပေါ်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများအားလုံး တိတ်ဆိတ်နေကြ၏။
သူတော်စင်ခန်း၏ ရှင်းပြမှုအပြီးတွင် လူသားမျိုးနွယ်က ဤမျှ ကြီးမားလှသော ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်နေရကြောင်း သူတို့ သိရှိသွားခဲ့ကြ၏။
ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး
သူတော်စင်ခန်း၏ ရှင်းပြချက်ကို ကြားရုံမျှဖြင့် သူတို့အားလုံး ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။
ထိုသားရဲကြီးသည်ကား လူသားတို့၏ နံပါတ်တစ် သူတော်စင်ဖြစ်သော သူတော်စင်လင်းဖုန်းပင်လျှင် ရင်ဆိုင်ရန် ခက်ခဲလှသည် ဆို၏။ တကယ့်ကြောက်မက်ဖွယ်ရာ သတ္တဝါဆိုးကြီးပင်။
ထိုသားရဲကြီးက လူသားယဉ်ကျေးမှု တစ်ခုလုံးကိုပင် အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ရှေးပဝေသဏီ ခေတ်ကာလများ၌ တည်ရှိခဲ့ဖူးသော ယဉ်ကျေးမှုကြီးရှစ်ခုသည်လည်း ဤသားရဲကြီး၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသည်။
ထိုယဉ်ကျေးမှုများထဲတွင် လက်ရှိလူသားယဉ်ကျေးမှုထက်ပင် တိုးတက်ထွန်းကားစည်ပင်ခဲ့သော ပထမဆုံးယဉ်ကျေးမှုလည်း အပါအဝင်ဖြစ်၏။ ပထမဆုံးယဉ်ကျေးမှုတွင် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် ညီမျှသည့် နတ်ဘုရင်များလည်း ရှိခဲ့သည်။
ထိုမျှအထိ အားကောင်းလှသော ယဉ်ကျေးမှုကြီးသည်ပင် ဤသားရဲကြီးကို ရင်မဆိုင်နိုင်ခဲ့ပေ။
သူတော်စင်များက သူတို့ကို ကြိုတင် အသိမပေးခဲ့ရသည့် အကြောင်းရင်းမှာ ဤသတင်းက အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။ တစ်ကြိမ် ပေါက်ကြားသွားပါက လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတစ်ခုလုံး အချိန်မတိုင်မီ ကမောက်ကမ ဖြစ်သွားနိုင်ပေသည်။
သို့သော် ယခုအခါတွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး နိုးထလာခြင်း ဖြစ်နိုင်ခြေအလွန်များနေပြီ ဖြစ်သည်။ သူတို့လို တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများက ကမ္ဘာပျက်ကပ်သားရဲကြီးကို ထိပ်တိုက် ရင်ဆိုင်ရပေမည်။ တစ်ကြိမ် သွားပြီးသည်နှင့် သူတို့ တကယ် ပြန်လာနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ဤခရီးစဉ်၏ အန္တရာယ်ကို သိနေသော်လည်း မည်သူကမှ နောက်ဆုတ်မသွားခဲ့ကြချေ။
သူတော်စင်များပင် နောက်မဆုတ်သည့်အချိန်တွင် သူတို့ကရော နောက်ဆုတ်ရန်အတွက် မည်သည့် အခွင့်အရေး ရှိမည်နည်း။ သူတို့က တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ ဖြစ်ကြရုံသာမက လူသားသိုင်းပညာရှင်များလည်း ဖြစ်ကြသည်။
သူတို့ထဲမှ အများစုက ကာကွယ်သူအဖွဲ့ချုပ်မှ ဖြစ်ကြသည်။ ကာကွယ်သူအဖွဲ့ချုပ်၏ အဓိက ရည်ရွယ်ချက်ဖြစ်သော မိမိတို့၏ မိသားစု၊ ချစ်ရသူများနှင့် လူသားမျိုးနွယ် တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည်ကိုလည်း သူတို့အားလုံး သိရှိထားကြသည်။
ဝှစ်
လေနက်ချောက်သို့ လေသင်္ဘော ရောက်ရှိလာချိန်တွင် မိုင်တစ်ထောင် ပတ်လည်အတွင်း၌ မည်သူမျှ မရှိတော့ချေ။ လေနက်ချောက်ကို စောင့်ကြည့်နေသူများပင် ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
လက်ရှိ လေနက်ချောက်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နေရာတိုင်းတွင် အက်ကွဲကြောင်းများ ရှိနေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက အရပ်မျက်နှာ အနှံ့အပြားတွင် ဖျက်ဆီးသောင်းကျန်းနေသည်။
အားလုံး အသက်ရှူအောင့်ကာ အာရုံစိုက်ထားလိုက်ကြ၏။ ယခုလက်ရှိ သူတို့၏ တာဝန်က အလွန်တရာ ကြီးလေးနေသည်။ သူတို့အားလုံး ရင်ထဲတွင် ခဲဆွဲထားသည့်အလား လေးလံနေသော်လည်း သူတို့၏ ရင်ထဲတွင် လက်တွေ့မဆန်သော မျှော်လင့်ချက်လေးတစ်ခု ရှိနေသေး၏။
တကယ်လို့ ဒါက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး မဟုတ်ရင်ရော
အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး နိုးထလာရန်မှာ အနည်းငယ် စောလွန်းနေသေးသည်ဟု ထင်ရသောကြောင့်ပင်။
……………
သို့တစေ သူတို့ လေနက်ချောက်၏အထက် ကောင်းကင်ယံသို့ ရောက်ရှိလာသောအခါ သူတို့အားလုံး လေပေါ်တွင် အိမ်မဆောက်နိုင်ကြတော့ပေ (စိတ်ကူးမယဉ်နိုင်တော့)။
သူတို့အားလုံး အောက်ဘက်မှ နက်ရှိုင်းပြီး ကြီးမားကျယ်ပြန့်ကာ ရိုင်းစိုင်းကြမ်းတမ်းသော အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ကြရသည်။ ထိုအငွေ့အသက်က သူတို့နှင့် အလွန်ဝေးကွာနေသေးသော်လည်း သူတို့အားလုံး အသက်ရှူမဝတော့သလို ခံစားလိုက်ကြရ၏။
ယင်းက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ဖြစ်သည်ကို သံသယဖြစ်ဖွယ် မရှိတော့ချေ။ အကယ်၍ မဟုတ်ခဲ့လျှင် အငွေ့အသက်မျှဖြင့် သူတို့ကို မည်သည့်အရာက အသက်ရှူကြပ်စေနိုင်မည်နည်း။
လင်းဖုန်း၏ အမူအရာသည်လည်း အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူ လေသင်္ဘောထဲမှ တိုက်ရိုက် ပျံသန်းထွက်ခွာသွားသည်။ သူတော်စင် ခြောက်ပါးနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦးတို့သည်လည်း လေသင်္ဘောထဲမှ ပျံသန်းထွက်ခွာလာကာ လေထဲတွင် ရပ်တန့်နေလိုက်ကြသည်။
လင်းဖုန်းက မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ ဖျက်ဆီးခြင်း အငွေ့အသက်ကို အာရုံခံနေခြင်း ဖြစ်၏။
ဤကမ္ဘာပျက်ကပ်သားရဲကြီးသည်လည်း တုန်းဖန်းရှန်ကဲ့သို့ပင် ဖျက်ဆီးရန် ရည်ရွယ်ချက်သက်သက်ဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ဖျက်ဆီးခြင်း အငွေ့အသက် အမြောက်အမြား ရှိနေရပေမည်။ တုန်းဖန်ရှန်က ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့်အတူ မွေးဖွားလာသည်က အလွန်ဖြစ်နိုင်ခြေများသည်။
ယခုလက်ရှိတွင် လင်းဖုန်းသည် ဖျက်စီးခြင်းနိယာမကို ဆုပ်ကိုင်ထားပြီး ဖြစ်၏။ နိယာမက အခြေခံအဆင့်သာ ရှိသေးသော်လည်း ဖျက်ဆီးခြင်း အငွေ့အသက်ကို အာရုံခံနိုင်စွမ်းအရာတွင် ကမ္ဘာပျက်ကပ်သားရဲကြီးပင် သူ့လောက် ထက်မြက်လိမ့်မည် မဟုတ်ပေ။
ဖျတ်
လင်းဖုန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
"ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး တကယ်နိုးလာပြီ"
သူ၏ လေသံက အလွန် တည်ငြိမ်နေ၏။ သို့ပေသော်ငြား သူပြောလိုက်သည့် အကြောင်းအရာက အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
မှန်ပေ၏။ နောက်ဆုံးတော့ အတည်ပြုနိုင်ခဲ့လေပြီ။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး နိုးထလာလေပြီ။
လင်းဖုန်း၏ အာရုံခံနိုင်စွမ်းကို မည်သူကမှ သံသယမရှိကြချေ။
ဝုန်း
နောက်ဆုံးတွင် မြေကမ္ဘာ ပြိုပျက်လုမတက် အသံများနှင့်အတူ လေနက်ချောက်တစ်ခုလုံး မိုးမြေပြောင်းပြန်လန်သည့်အလား ဖြစ်သွားသည်။ ဤတစ်ကြိမ်တွင် မြေပြင်တုန်ခါမှုက ပို၍ပြင်းထန်လာ၏။ ယခင်ကထက် အနည်းဆုံး ဆယ်ဆမက ပိုမိုပြင်းထန်လေသည်။
မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ မြေနေရာတစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။
တောင်တန်းများ ပြိုကျသွားသည်။
မြစ်ချောင်းများ ပြတ်တောက်သွားသည်။
မြေပြင်များ အက်ကွဲသွားသည်။
ဤသည်ကား အမှန်တကယ်ပင် ကမ္ဘာပြိုသည့် မြင်ကွင်းပမာ ဖြစ်ပေ၏။ ကမ္ဘာပျက်လုမတက် မြင်ကွင်းက လူတိုင်းရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာသည်။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးဆိုသော အမည်နာမက အလကား ပေးထားခြင်း မဟုတ်ပေ။ ထိုသားရဲကြီးက အမှန်တကယ်ပင် ဖျက်ဆီးခြင်းနှင့် ကမ္ဘာပျက်မည့်နေ့၏ နိမိတ်လက္ခဏာ ဖြစ်၏။
လင်းဖုန်း၏ အမူအရာက အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူ ကြောက်စရာကောင်းပြီး နက်ရှိုင်းလှသည့် ဖျက်ဆီးခြင်း အငွေ့အသက်ကို အာရုံခံမိလိုက်သည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများနှင့် သူတော်စင်များကို မဆိုထားနှင့်။ သူ့ ရင်ထဲတွင်ပင် တဆတ်ဆတ် တုန်ယင်နေမိသည်။
ဝုန်း
ပြင်းထန်လှသော တုန်ခါမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် လေနက်ချောက်မှာ လုံးဝ ပြောင်းလဲသွားတော့သည်။ အတိအကျပြောရလျှင် လေနက်ချောက် မရှိတော့ပေ။
ယင်းအစား လေနက်ချောက်ထဲမှ ခေါင်းကြီးတစ်လုံး ထွက်ပေါ်လာ၏။
ဘယ်လောက်တောင် ကြီးလိုက်တဲ့ ခေါင်းကြီးလဲ
ဒီခေါင်းကြီးက ဘယ်လောက်ထိတောင်မှ ကြီးနေတာလဲ
ခေါင်းတစ်ခုတည်းကပင် လေနက်ချောက် တစ်ခုလုံးထက် နှစ်ဆ သုံးဆခန့် ပိုမိုကြီးမားနေသည်။ ဧရာမခေါင်းကြီးက မြေကြီးထဲမှ တိုးထွက်လာပြီး အေးစက်စက် အကြည့်များဖြင့် လင်းဖုန်းနှင့် အခြားသူများဆီသို့ ချက်ချင်း စူးစူးရဲရဲ စိုက်ကြည့်လာသည်။
လူတိုင်း ရေခဲတိုက်ထဲသို့ ကျသွားသလို ခံစားလိုက်ကြရသည်။
ဒါက ဘယ်လို အကြည့်မျိုးကြီးလဲ
ထိုအကြည့်တစ်ခုတည်းကပင် ကိုယ်ရောစိတ်ပါ တုန်လှုပ်ချောက်ချားသွားစေ၏။ ထိုအကြည့်ထဲတွင် စိတ်ခံစားမှု သို့မဟုတ် အကျိုးအကြောင်းချိန်ဆမှု တစ်စုံတစ်ရာ မရှိချေ။
ဖျက်ဆီးလိုစိတ် သက်သက်သာ ရှိနေ၏။
"မီးလျှံနတ်ဘုရားနယ်မြေ"
"တိုက်ပွဲဝင်ခန္ဓာကိုယ်"
သူတော်စင်များက ချက်ချင်း အစွမ်းကုန်သုံးကာ တိုက်ခိုက်လိုက်ကြသည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြုလုပ်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများသည်လည်း ချွင်းချက် မဟုတ်ပေ။
သူတို့အားလုံး သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ်များကို အသုံးပြုလိုက်ကြသည်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်များက အနည်းဆုံး မီတာ ရာပေါင်းများစွာ မြင့်မားကြ၏။ အထက်ကောင်းကင်နှင့် သူရိန်နေမင်းကိုပင် အရိပ်မှောင်ကျသွားစေသည်။ ထိုနတ်ဆိုးဧကရာဇ်များထက် လုံးဝ အားနည်းခြင်း မရှိချေ။
တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦး၏ တိုက်ခိုက်လိုစိတ်များက ကောင်းကင်အထိတိုင် မြင့်တက်လာသည်။ သူတို့အားလုံး သူတော်စင်ခြောက်ပါးနှင့်အတူ ဧရာမခေါင်းကြီးကို အားကုန်သုံးကာ တိုက်ခိုက်လိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း
တိုက်ခိုက်မှုများက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး အပေါ်သို့ ထပ်ခါတလဲလဲ ကျရောက်သွား၏။ သို့သော်လည်း သားရဲကြီး၏ အရေပြားကိုပင် မဖောက်နိုင်ခဲ့ချေ။
ဧရာမခေါင်းကြီးက အနည်းငယ်သာ လှုပ်ခါလိုက်၏။ သို့ပေသော်လည်း များစွာသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ လွင့်စင်ထွက်သွားတော့သည်။ သူတို့၏ တိုက်ပွဲခန္ဓာကိုယ်များမှာ ထူးဆန်းသော အင်အားတစ်ခုက စဉ်ဆက်မပြတ် စားသုံးနေသကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ကျိုးပဲ့ပျက်စီးသွားတော့သည်။
"ပြန်ရုပ်သိမ်း"
လင်းဖုန်းက လက်ဝှေ့ယမ်းကာ အခြေခံအဆင့် ဖျက်ဆီးခြင်းနိယာမကို အသုံးပြုကာ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားတချို့၏ ခန္ဓာကိုယ်ထဲမှ ဖျက်ဆီးခြင်းစွမ်းအားများကို ရုပ်သိမ်းပေးလိုက်သည်။
ဤဖျက်ဆီးခြင်း စွမ်းအားများက ဖျက်ဆီးခြင်းလှံတံ၏ ဖျက်ဆီးခြင်းစွမ်းအားအောက် များစွာ နိမ့်ကျနေသည်မှာ အမှန်ပင်။ ယင်းက ဖျက်ဆီးခြင်းလှံတံမှ ဖျက်ဆီးခြင်းစွမ်းအားလောက် မသန့်စင်သလို စွမ်းအားပြင်းထန်မှုတွင်လည်း အနည်းငယ် နိမ့်ကျနေ၏။
သို့သော်လည်း ယင်းက အမှန်တကယ်ပင် ဖျက်ဆီးခြင်းစွမ်းအားဖြစ်၏။ အရာအားလုံးကို လုံးဝ အမြစ်ပြတ်သုတ်သင်ချေမှုန်းပစ်မည့် စွမ်းအားအစစ် ဖြစ်ပေသည်။
ဧရာမသားရဲကြီး၏ ကိုယ်ပိုင်လက္ခဏာကို တိတိကျကျ အတည်ပြုနိုင်ခဲ့လေပြီ။ ယင်းက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ဖြစ်သည်ကို ယုံမှားသံသယဖြစ်ဖွယ် မရှိတော့ချေ။
"အားလုံး နောက်ဆုတ်ကြ။ ဒါက ကမ္ဘာပျက်ကပ်သားရဲကြီးပဲ"
လင်းဖုန်းက ကမန်းကတန်း အော်ပြောလိုက်၏။ စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်က ချက်ချင်း ကြီးထွားလာတော့သည်။
၁၀ ကီလိုမီတာ၊ ကီလိုမီတာ ၂၀၊ ကီလိုမီတာ ၃၀…
မျက်စိတစ်မှိတ်အတွင်း လင်းဖုန်း၏ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ၃၅ ကီလိုမီတာအထိ ပြန့်ကားကြီးထွားသွားသည်။ ဤသည်က အကန့်အသတ်ပင်။
လင်းဖုန်းသည် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု မပြုရသေးသော်လည်း များပြားလှသော စွမ်းအင်များဖြင့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ၃၁ ကီလိုမီတာမှ ၃၅ ကီလိုမီတာအထိ တိုးမြှင့်နိုင်ခဲ့သေးသည်။
သို့သော် ဤသည်က သူ၏ ကန့်သတ်ချက် ဖြစ်နေလေပြီ။ နောက်ထပ်တစ်ကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုမပြုလျှင် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ထပ်မံ တိုးတက်လာနိုင်တော့မည် မဟုတ်ချေ။
၃၅ ကီလိုမီတာရှိသည့် ခန္ဓာကိုယ်က မည်မျှအထိတိုင် ကြီးမားလိုက်သနည်း။
လက်ရှိအချိန်တွင် သူတော်စင်များနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများအားလုံး ခေါင်းမော့ကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့သော်လည်း သူတို့ လင်းဖုန်း၏ ခေါင်းကို လုံးဝ မမြင်နိုင်ကြချေ။
အဘယ်ကြောင့်ဆိုသော် ၃၅ ကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့်အတူ လင်းဖုန်း၏ ဦးခေါင်းက လေထုအလွှာအထက်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
လေထုထဲတွင် တိမ်တိုက်များက ဝန်းရံနေ၏။ သူ အောက်ဘက်ရှိ ကမ္ဘာမြေကို လှမ်းကြည့်လိုက်သော်လည်း ယင်းက အလွန် သေးငယ်ကာ မပြောပလောက်သလို ဖြစ်နေသည်။
နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို တစ်ကြိမ်တစ်ခါမှ အပြည့်အဝ ထုတ်မသုံးခဲ့ဖူးချေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားတချို့မှာ သူတော်စင်လင်းဖုန်း မည်မျှအထိ အစွမ်းထက်ကြောင်းကိုပင် မသိကြချေ။
အဘယ်ကြောင့်ဆိုသော် ကောလာဟလများ မည်မျှပင် ထွက်ပေါ်နေစေကာမူ မျက်မြင်ကိုယ်တွေ့ မမြင်ရဘဲ လင်းဖုန်း မည်မျှ အစွမ်းထက်ကြောင်းကို စိတ်ကူးကြည့်ရန် မဖြစ်နိုင်သောကြောင့်ပင်။
ယခုအခါတွင်မူ သူတို့အားလုံး လူသားတို့၏ နံပါတ်တစ် သူတော်စင်၊ ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သူ သူတော်စင်လင်းဖုန်းကို မြင်တွေ့နေရပြီ ဖြစ်သည်။
သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် အရွယ်အစားက စုစုပေါင်း ၃၅ ကီလိုမီတာအထိပင် ရှိ၏။ ကီလိုမီတာ ဒါဇင်ပေါင်းများစွာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဖိအားကြောင့် သူတို့ အနီးနားသို့ပင် ကပ်မသွားနိုင်တော့ချေ။
အစွမ်းထက်လိုက်တာ
ပြိုင်ဘက်ကင်းပဲ
ဒါက လူသားတွေရဲ့ နံပါတ်တစ် သူတော်စင်လင်းဖုန်းပဲ
လင်းဖုန်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုလိုက်ပြီးနောက် သူတော်စင် ခြောက်ပါးဖြစ်စေ၊ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦးဖြစ်စေ စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သော်လည်း အကူအညီမဲ့သလို ခံစားမနေရတော့ချေ။
သူတို့ဘက်၌ သူတော်စင်လင်းဖုန်း ရှိနေသရွေ့
လူသားမျိုးနွယ်တွင် သူတော်စင်လင်းဖုန်း ရှိနေသရွေ့
အရာအားလုံးအတွက် မျှော်လင့်ချက် ရှိနေသေးသည်။
ထာဝရသိုင်းတာအိုအရှင်