အခန်း ၃၇၈
Vol. 34 Ch. 378
အခန်း (၃၇၈) - သေခြင်းရှင်ခြင်း
ဘာသာပြန် - အားသစ်
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ၃၅ ကီလိုမီတာအခြေအနေအထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။ ယင်းက မည်မျှအထိတိုင် ကြီးမားလိုက်သနည်း။
လင်းဖုန်း အပေါ်သို့ မော့ကြည့်လိုက်သောအခါ တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် ကောင်းကင်မျက်နှာကျက်ကိုပင် မြင်တွေ့နေရသည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ လေနက်ချောက်ကြီးကို ဗဟိုပြု၍ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ နယ်မြေတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေသည်ကို မြင်လိုက်ရသည်။ အတိုင်းအဆမဲ့ ကြီးမားလှသည့် ခေါင်းကြီးတစ်လုံးက မြေပြင်အောက်မှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသည်။
နောက်ဆုံးတွင် ထိုသားရဲကြီးကို လင်းဖုန်း သေသေချာချာ မြင်လိုက်ရ၏။ ၎င်းက ဧရာမမြွေနဂါးကြီးတစ်ကောင်နှင့် ဆင်တူလှသည်။ သို့သော်လည်း အနက်ရောင်အကြေးခွံများ ထပ်ဆင့်ဖုံးလွှမ်းနေပြီး ခြေလက်နှင့် ခေါင်းများပေါ်တွင် ဦးချိုများ အတက်အလက်များ ပါရှိသည်။ သားရဲကြီး၏ ဧရာမမျက်လုံးကြီးများထဲတွင် အကြွင်းမဲ့ ဖျက်ဆီးလိုစိတ်ဖြင့် ပြည့်နှက်နေ၏။
သားရဲကြီး၏ ခန္ဓာကိုယ်အတိုင်းအဆကိုမူ လင်းဖုန်း မခန့်မှန်းနိုင်တော့ချေ။ အကျဉ်းချုပ်ရလျှင် မိုင်တစ်ထောင် သို့မဟုတ် ကီလိုမီတာရာထောင်ချီသည့် နယ်ပယ်တစ်ခုလုံး ကမ္ဘာပျက်ကပ်သားရဲကြီး၏ ခန္ဓာကိုယ်ဖြင့် ပြည့်နှက်နေခြင်း ဖြစ်နိုင်သည်။
လင်းဖုန်း၏ အကြည့်များ အေးစက်သွားပြီး မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ အောက်သို့ ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။
ဘုန်း
လင်းဖုန်း အားကုန်ဆောင့်နင်းချလိုက်သည်။ သူ့ခြေထောက်က ကောင်းကင်ထက်မှ ကျဆင်းလာသော ဧရာမကြိတ်ဆုံကျောက်ကြီးပမာ ကြမ်းကြုတ်ပြတ်သားသည့် အရှိန်အဝါဖြင့် ဖိနှိပ်ခြေမှုန်းလိုက်သည်။
ဝုန်း
ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်သွား၏။ လင်းဖုန်းက သားရဲကြီး၏ ဦးခေါင်းပေါ်သို့ နင်းမိသွားကာ ခေါင်းတစ်ခုလုံး မြေကြီးထဲသို့ နစ်ဝင်သွားသည်။
လင်းဖုန်း၏ နင်းချေမှုကြောင့် မြေပြင်ပေါ်တွင် ဧရာမတွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးလည်း ပိုမိုပြင်းထန်စွာ လှုပ်ရှားလာသည်။ သားရဲကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက မြေပြင်တစ်ခုလုံးကို ပြင်းအား ၁၀ အထက်ရှိသည့် ငလျင်တစ်ခုအလား လှုပ်ခါသွားစေ၏။ တောင်တန်းများနှင့် မြေကမ္ဘာမျက်နှာပြင်အနှံ့အပြား ပြိုလဲပျက်စီးကာ ကမ္ဘာပျက်ကပ် မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။
...………
လင်းဖုန်းသည်လည်း အနည်းငယ် ယိမ်းထိုးသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ ချက်ချင်းဆိုသလို ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ထုထည်ကြီးမားလှသော ခန္ဓာကိုယ်က မြေအောက်မှ လုံးဝရုန်းထွက်လာသည်။
သားရဲကြီးက ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ထက်သို့ အပြည့်အဝ ထွက်ပေါ်လာစေသောအခါ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအများစုကမူ ရစ်ခွေနေဆဲ ဖြစ်၏။ သို့သော်လည်း သားရဲကြီး၏ မြွေအမောက်ကပင် လင်းဖုန်းထက် ပိုမိုကြီးမားနေသေးသည်။
လူတိုင်း ရှေ့မှ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို တုန်လှုပ်ခြောက်ခြားစွာဖြင့် စိုက်ကြည့်နေမိကြသည်။ အခြားသူတော်စင်များနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများပင် ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ သူတို့၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်များ ထင်ဟပ်စနေသည်။
နောက်ဆုံးတွင် သူတို့အားလုံး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေပြီ။ သို့သော်လည်း ဤမျှအထိ ကြီးမားလှသော သားရဲကြီးကို မြင်တွေ့လိုက်ရပြီးနောက် သူတို့အနေဖြင့် မည်သို့များ မျှော်လင့်ချက် ထားနိုင်တော့မည်နည်း။
ကီလိုမီတာတစ်ရာ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးနှင့် နှိုင်းယှဉ်လျှင် လင်းဖုန်းသည်ပင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးရှေ့တွင် သေးနုပ်လွန်းလှသည်။ သက်ရှိတစ်ယောက်၏ ခန္ဓာကိုယ်ထုထည်က ဤမျှအတိုင်းအဆအထိ ရောက်ရှိသွားသောအခါ တိုက်ခိုက်ရေးနည်းစနစ်များက အသုံးဝင်ပါဦးမည်လော။
"ဆုတ်ကြ၊ ဆုတ်ကြ၊ အခုချက်ချင်း ဆုတ်ကြ" သူတော်စင်ခန်းက အော်ပြောလိုက်သည်။
ဤကဲ့သို့သော တိုက်ပွဲက သူတို့ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာ မဟုတ်တော့ပေ။ လူအင်အားများပြားခြင်းက မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်ခြင်းမရှိချေ။ ဤသားရဲကြီးရှေ့တွင် မြို့တစ်မြို့ပင်လျှင် တစ်ဒင်္ဂအတွင်း အမှုန့်ခြေဖျက်ဆီးခံရပေလိမ့်မည်။
ဤမျှကြီးမားသော ခန္ဓာကိုယ်ကြီးနှင့်ဆိုလျှင် မြေပြင်ပေါ်သို့ အသာအယာ လှဲချရုံမျှဖြင့် မြို့တစ်မြို့လုံး ပျက်စီးသွားစေနိုင်သည်။ သူတော်စင်များနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများသာ ထိုသားရဲကြီးနှင့် အနည်းငယ်မျှ ထိမိခဲ့သော် သေဆုံးခြင်းမရှိလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။ သို့ဖြစ်ရာ သူတို့အနေဖြင့် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ လင်းဖုန်းသာ ဖြစ်သည်။
ထိုအချိန်တွင် လင်းဖုန်း၏ အကြည့်များက အလွန်တရာ တည်ကြည်လေးနက်နေ၏။ သူ့အနေဖြင့် အမှန်တကယ်ပင် မယုံနိုင်လောက်အောင် သန်မာလှသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားကို အဆုံးစွန်အထိ ထုတ်ဖော်ထားသော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ပိုမိုသန်မာနေသေး၏။ ထိတွေ့မှုတိုင်းတွင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖျက်ဆီးရန်အတွက် ပြင်းထန်လှသော ဖျက်ဆီးခြင်းစွမ်းအား အမြောက်အမြားက သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်။
သို့သော်လည်း လင်းဖုန်းက အခြေခံဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်ထားသူ ဖြစ်သဖြင့် ဖျက်ဆီးခြင်းစွမ်းအားမျှကို လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့သည်။
ဖျက်ဆီးခြင်းစွမ်းအားက လင်းဖုန်းအပေါ် မထိရောက်သော်လည်း အမှန်စင်စစ် ကြောက်စရာကောင်းလောက်အောင် အားကောင်းသန်မာလှသည့် အရာက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၏ မွေးရာပါ ကြီးမားလှသော ခန္ဓာကိုယ်ကြီးပင်။
ဘုန်း
လင်းဖုန်းတစ်ယောက် ဧရာမသားရဲကြီး၏ ရိုက်ခတ်မှုကြောင့် ကြိုးပြတ်သွားသော စွန်တစ်ခုပမာ လွင့်ထွက်သွားသည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက နောက်သို့ ကီလိုမီတာ ဆယ်ဂဏန်းမျှ လွင့်ထွက်သွား၏။ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျကာ ဧရာမတွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားစေသည်။
ဤတိုက်ခိုက်မှုတစ်ခုတည်းကပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သိသိသာသာ ဒဏ်ရာရရှိစေခဲ့သည်။ သို့သော်လည်း လင်းဖုန်း၌ ပြန်လည်ကုစားနိုင်စွမ်း ရှိ၏။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကြယ်တာရာစွမ်းအားများစွာကို အလျင်အမြန် စုပ်ယူလိုက်သည်။
လင်းဖုန်းနှင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးတို့သည်ကား မဟာပထဝီမြေကြီးတစ်ခုလုံးကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဖျက်ဆီးပစ်မည့် သတ္တဝါဆိုးကြီးနှစ်ကောင်အလား ဖြစ်နေသည်။
သူတို့နှစ်ဦးကြားရှိ တိုက်ပွဲတွင် မည်သည့်နည်းစနစ်မျှ မရှိတော့ချေ။ အကြွင်းမဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲအဖြစ် တိုက်ပွဲဝင်ခန္ဓာကိုယ်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြခြင်း ဖြစ်သည်။
ဤမဟာတိုက်ပွဲကြီးက မိုးမြေမှောက်ခုံလှန်မတက် မြေကမ္ဘာတစ်ခုလုံးကို တုန်ဟည်းစေ၏။ တိုက်ပွဲတစ်လျှောက်တွင် လင်းဖုန်းက လုံးဝအရေးနိမ့်နေပြီး ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ရက်ရက်စက်စက် ဖိနှိပ်တိုက်ခိုက်ခြင်းကို အလူးအလဲ ခံနေရသည်။
ဖျက်ဆီးခြင်းစွမ်းအားမပါလျှင်ပင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လင်းဖုန်းကို လုံးဝ အသာစီးရယူထားနိုင်၏။
ထို့အပြင် သန့်စင်သော စွမ်းအင်သုံးစွဲမှု တိုက်ပွဲတွင်လည်း ဧရာမသားရဲကြီးက လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ထက် များစွာ ပိုမိုသန်မာသည်။ အဆုံးတွင်မူ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ပဉ္စမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဆဋ္ဌမအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို ပြုလုပ်ကာ ဂြိုဟ်အဆင့်သက်ရှိတစ်ခုအဖြစ်သို့ ပြောင်းလဲရန်အတွက် ခြေလှမ်းဝက်မျှသာ လိုတော့သည်။
လင်းဖုန်း၏ အမှတ်သညာထဲရှိ လီဗိုင်ယာသန်ကဲ့သို့ပင် ဤသားရဲကြီးက ဤကမ္ဘာမြေပေါ်ရှိ မည်သည့်သက်ရှိကမျှ ဖက်တုယှဉ်ပြိုင်နိုင်စွမ်း မရှိသော ပြိုင်ဘက်ကင်းသက်ရှိတစ်ကောင်ဖြစ်၏။ ယခုလက်ရှိအချိန်တွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ထိုစဉ်ချိန်ခါက လီဗိုင်ယာသန်ထက်ပင် ပိုမိုသန်မာနေသေးသည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၌ ဖျက်ဆီးခြင်းစွမ်းအား ရှိနေဆဲဖြစ်ပြီး ဖျက်ဆီးခြင်းမှတစ်ဆင့် စွမ်းအားများကို စဉ်ဆက်မပြတ် ရရှိနိုင်သောကြောင့်ပင်။ ဤကဲ့သို့သော သားရဲကြီးက ဤဂြိုဟ်ပေါ်၌ အကြွင်းမဲ့ ပြိုင်ဘက်ကင်းသက်ရှိ ဖြစ်နေ၏။
ဝုန်း
လင်းဖုန်းတစ်ယောက် အမြောက်ကျည်ဆန်တစ်ခုအလား ထပ်မံလွင့်ထွက်သွားပြန်သည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက သူ့ကို မြေကြီးထဲသို့ ရိုက်သွင်းလိုက်သဖြင့် ဧရာမတွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားစေပြန်၏။ ထိပ်တိုက်ထိတွေ့မှုများ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်ပွားပြီးနောက် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မြောက်မြားစွာသော အက်ကွဲကြောင်းများ ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့လေပြီ။
မသေနိုင်ဟု ဆိုရမည့် အခြေအနေတွင်ပင် ကန့်သတ်ချက်တစ်ခု ရှိနေသေးသည်။
သူတော်စင်များနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများနှင့် နှိုင်းယှဉ်လျှင် လင်းဖုန်းက မသေမျိုးတစ်ယောက်အလား ဖြစ်နေပြီး အနှိုင်းမဲ့ ပြိုင်ဘက်ကင်းလှ၏။ သူတို့ မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
သို့သော် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ရင်ဆိုင်ရချိန်တွင်မူ သားရဲကြီး၏ ဖျက်ဆီးခြင်းစွမ်းအားကို ထည့်မတွက်လျှင်ပင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က သားရဲကြီး၏ ခွန်အားသက်သက်ဖြင့် တိုက်ခိုက်မှုများကိုပင် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
ဤသည်က ခွန်အားချင်း ကွာခြားချက်ပင်။
လင်းဖုန်းအနေဖြင့် ဤမျှ သနားစရာကောင်းသည့် အခြေအနေမျိုးသို့ တစ်ခါမှ မရောက်ဖူးခဲ့ချေ။ လက်ရှိအချိန်တွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် လင်းဖုန်းတို့ လေနက်ချောက်ကြီးကို ဖြတ်ကျော်ခဲ့ပြီး လူသားတို့၏ မြို့ပြများဆီသို့ပင် ချဉ်းကပ်လာနေလေပြီ။
ဤမျှကြီးမားလှသော လှုပ်ခတ်မှုကို ဖုံးကွယ်ထားရန် နည်းလမ်းမရှိပေ။
လူအများက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် လင်းဖုန်းတို့အကြားရှိ တိုက်ပွဲကို သတိပြုမိသွားကြသည်။ အထူးသဖြင့် တိုက်ပွဲဖြစ်စဉ်က အလွန်ပင် ထိတ်လန့်စရာကောင်းပြီး ကမ္ဘာပျက်ကပ် မြင်ကွင်းတစ်ခုအလား ဖြစ်နေ၏။ သူတို့တိုက်ပွဲ၏ နောက်ဆက်တွဲ လှိုင်းဂယက် ရိုက်ခတ်မှုကပင် ပြင်းအား ၁၀ ရှိသည့် ငလျင်တစ်ခုအလား မြေကမ္ဘာတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ယင်သွားတတ်သည်။
"ဒါက သူတော်စင်လင်းဖုန်း မဟုတ်ဘူးလား။ သူတော်စင်လင်းဖုန်းက ဘာကြီးနဲ့ တိုက်ခိုက်နေတာလဲ"
"အဲ့ဒါက နတ်ဆိုးဧကရာဇ် တစ်ကောင်ကောင် ဖြစ်မလား”
“သောက်ကျိုးနည်း… ဘယ်နတ်ဆိုးဧကရာဇ်ကမှ ဒီလောက်ထိ ကြောက်စရာ မကောင်းနိုင်လောက်ဘူး"
"ငါတို့ လူသားတွေက ပြင်ပနယ်မြေကို သိမ်းပိုက်တော့မှာ မဟုတ်ဘူးလား။ ငါတို့ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားတွေ ဘယ်ရောက်ကုန်တာလဲ"
"ဒီလိုနတ်ဆိုးဧကရာဇ်မျိုး တစ်ခါမှ မကြားဖူးပါဘူး။ ကြည့်… ကြည့်ရတာတော့ သူတော်စင်လင်းဖုန်းတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး ထင်တယ်"
ခဏအတွင်း မြို့တွင်းရှိလူတိုင်း ဤကိစ္စကို အပြင်းအထန် ဆွေးနွေးနေကြတော့သည်။ အင်တာနက်ပေါ်တွင်လည်း ဤဖြစ်ရပ်အကြောင်း ဆွေးနွှေးငြင်းခုံမှုများ ပလူပျံနေ၏။ လူတိုင်း၏ နှလုံးအိမ်အတွင်း ထိတ်လန့်တုန်လှုပ်မှုများ ပြန့်နှံ့ဝင်ရောက်လာတော့သည်။
လင်းဖုန်းက မည်သူနည်း။
သူက လူသားမျိုးနွယ်၏ လက်ရှိ ပထမဆုံးသူတော်စင်ဖြစ်ပြီး အနှိုင်းမဲ့ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သာမန်လူအများစု၏ အမြင်တွင် သူတော်စင်လင်းဖုန်းက အရာရာကို အနိုင်ယူနိုင်သူ ဖြစ်သည်။
သို့သော် ယခုမူ မည်သို့နှယ် ဖြစ်နေသနည်း။
သူတော်စင်လင်းဖုန်းက ကြောက်မက်ဖွယ်ရာ ဧရာမသားရဲကြီး၏ လုံးဝဥဿုံ တိုက်ခိုက်ခြေမှုန်းခြင်းကို ခံနေရသည်။ သူတော်စင်လင်းဖုန်းတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း အနည်းငယ်မျှပင် ရှိပုံမရပေ။
သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် နေရာအနှံ့ရှိ အက်ကွဲကြောင်းများကို ကြည့်ရုံမျှဖြင့် လင်းဖုန်းက ထိုဧရာမသားရဲကြီးထက် များစွာ နိမ့်ကျနေသည်ကို မည်သူမဆို သိနိုင်သည်။
ဒါက တကယ်ပဲ ကမ္ဘာပျက်ကပ် ဖြစ်လာတော့မှာလား။
လူသားမျိုးနွယ် လူ့အဖွဲ့အစည်းအတွင်း ထိတ်လန့်မှုများ ပြန့်နှံ့နေခဲ့သည်။ သူတော်စင်များက လက်ရှိအခြေအနေကို သဘာဝကျကျပင် နားလည်ထားကြ၏။
သူတော်စင်ခန်းက အံတင်းတင်းကြိတ်ကာ စကားဆိုလိုက်သည်။
"ချက်ချင်းပဲ သတင်းပြန်ကြားရေးဌာနကို အကြောင်းကြားလိုက်။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်း သတင်းကို ချက်ချင်း ထုတ်ပြန်ခိုင်းလိုက်တော့။ အခုက လူသားမျိုးနွယ်တစ်ခုလုံး သေရေးရှင်ရေး လမ်းဆုံလမ်းခွကို ရောက်နေပြီ။ သေဆုံးခြင်းနဲ့ အဆုံးသတ်ရမယ်ဆိုရင်တောင် သူတို့ကို ဘာကြောင့်လဲဆိုတာ နားလည်အောင် အသိပေးရမယ်"
အခြားသူတော်စင်များအားလုံး တိတ်ဆိတ်သွားကြသည်။ ယခုအချိန်က အမှန်တကယ်ပင် သေရေးရှင်ရေးကို အဆုံးအဖြတ်ပေမည့် အရေးကြီးသော အချိန်ကာလဖြစ်ပေ၏။ အတိတ်ကာလကမူ သူတို့အနေဖြင့်ထိတ်လန့်တုန်လှုပ်မှုများ မဖြစ်ပေါ်စေရန် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအကြောင်း သတင်းများကို ဖုံးကွယ်ထားခဲ့ကြသည်။
ယခုမူ ထိုကိစ္စကို ဖုံးကွယ်ထားရန် နည်းလမ်းမရှိတော့ပေ။ သို့ဆိုလျှင် သူတို့အနေဖြင့် သတင်းအတိအကျကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်လိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
လူသားယဉ်ကျေးမှုတစ်ခုလုံး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အတူတကွ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။
ထာဝရသိုင်းတာအိုအရှင်