← Chapters

အခန်း ၃၇၉

Vol. 34 Ch. 379

အခန်း ၃၇၉

Vol. 34 Ch. 379

အခန်း (၃၇၉) - နောက်ဆုံးအားကိုးရာ

ဘာသာပြန် - အားသစ်

သူတော်စင်များက သတင်းကို ပူးတွဲထုတ်ပြန်လိုက်ကြသည်။

ချက်ချင်းဆိုသလို လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ လူသားယဉ်ကျေးမှု အထွတ်အထိပ်သို့ ရောက်ရှိခါနီးအချိန်တွင်မှ သေရေးရှင်ရေး လမ်းဆုံလမ်းခွသို့ အမှန်တကယ် ရောက်ရှိတော့မည်ဟူသောအချက်ကို မည်သူမျှ မယုံကြည်နိုင်ကြချေ။

သို့သော်လည်း ဤသည်က သူတော်စင်များအားလုံး အတူတကွ ပူးတွဲထုတ်ပြန်လိုက်သည့် သတင်းဖြစ်သဖြင့် မှားယွင်းစရာ အကြောင်းမရှိပေ။

ထို့အပြင် တိုက်ရိုက်ထုတ်လွှင်မှု တစ်ခုလည်း ရှိနေ၏။ ကမ္ဘာပေါ်ရှိ လူတိုင်း သူတော်စင်လင်းဖုန်းနှင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးတို့အကြား တိုက်ပွဲကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ သူတော်စင်လင်းဖုန်းက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ တိုက်ခိုက်မှုကြောင့် အကြိမ်ကြိမ် အခါခါ လွင့်ပျံနေရသည်။ သူတို့နှစ်ဦးတိုက်ပွဲ၏ နောက်ဆက်တွဲလှိုင်းဂယက် ရိုက်ခတ်မှုများက မြို့ပြတချို့ကိုပင် ပျက်စီးစေခဲ့သည်။

အစစ်အမှန် ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာခဲ့လေပြီ။

တချို့က ထိတ်လန့်တုန်လှုပ်နေကြပြီး လူ့အဖွဲ့အစည်း၏ စနစ်တကျရှိမှုများ ပျက်ပြားကာ နေရာအနှံ့ ပရမ်းပတာ ဖြစ်နေတော့သည်။ တချို့ကမူ ဤအကျပ်အတည်းကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးရှာရန် ကြိုးပမ်းနေကြသည်။ သို့သော်လည်း တချို့ကမူ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် စိတ်ပိုင်းဖြတ်ကာ လက်နက်စွဲကိုင်ရန် ပြင်ဆင်နေကြ၏။

လူအများစုကမူ လူသားမျိုးနွယ်၏ အသန်မာဆုံးသူတော်စင်ကြီးက သူတို့ကို ကယ်တင်နိုင်ရန်နှင့် အံ့ဖွယ်တစ်ခု ဖြစ်ပေါ်လာရန်အတွက် တိတ်တဆိတ် ဆုတောင်းနေကြတော့သည်။

လူသားမျိုးနွယ် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမည့် ဖရိုဖရဲဖြစ်ရပ်များကို သူတော်စင်များက ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူတော်စင်များက မည်သည့်ကရုဏာမျှ ပြသခဲ့ခြင်းမရှိပေ။ အဓိကအဖွဲ့အစည်းကြီး ခြောက်ခုက ချက်ချင်းပင် အရေးယူဆောင်ရွက်ခဲ့သည်။

ကမ္ဘာပျက်ကပ် ရောက်ရှိလာသည့်တိုင် အဓိကအဖွဲ့အစည်းကြီး ခြောက်ခု၏ သိုင်းပညာစွမ်းအားနှင့် လွှမ်းမိုးခြိမ်းခြောက်နိုင်စွမ်းက အရာမယွင်း ရှိနေဆဲပင်။ ဥပဒေချိုးဖောက်သူများနှင့် အကျပ်အတည်းကို အခွင့်ကောင်းယူကာ ရှုပ်ထွေးအောင် လုပ်ဆောင်သူများ အားလုံးကို ညှာတာမှုမရှိ ကွပ်မျက်ပစ်ခဲ့သည်။

သို့သော်လည်း သူတို့အနေဖြင့် စည်းစနစ်ကျမှုကို မည်မျှပင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါစေ အဆုံးသတ်တွင်မူ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

အများဆုံး လုပ်ဆောင်နိုင်သည်မှာ လူသားမျိုးနွယ်ကို အတွင်းပိုင်းမှ ပျက်စီးယိုယွင်းမသွားစေရန် အာမခံနိုင်ရုံမျှသာ ဖြစ်၏။ အစစ်အမှန် မျှော်လင့်ချက်ကမူ လင်းဖုန်းအပေါ်တွင်သာ တည်ရှိနေဆဲ ဖြစ်သည်။

…………

ကျယ်ပြောလှသော အသူတရာသေမင်းပင်လယ်အတွင်း၌ ပင်လယ်သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ရေပြင်ပေါ်၌ ပေါ်ထွက်လာကြသည်။

ယင်းတို့အထဲမှ တစ်ကောင်မှာ ကီလိုမီတာ ဆယ်ဂဏန်းကျော် ရှည်လျားသည့် ဧရာမသားရဲကြီးတစ်ကောင်ဖြစ်၏။ ထိုသားရဲကြီးက လေးလံနေသည့် အမူအရာဖြင့် အဝေးကောင်းကင်ယံဆီသို့ လှမ်းမျှော်ကြည့်ရှုနေသည်။

"အင်း… နောက်ဆုံးတော့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး နိုးထလာပြီပဲ"

ပင်လယ်ဧကရာဇ်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။ စင်စစ်တွင် သူ လင်းဖုန်းအပေါ် အမြင်ကောင်း သိပ်မရှိသော်လည်း မဟာမိတ်တစ်ဦး ကျဆုံးခြင်းက သူကိုယ်တိုင်အတွက်ပါ ထိခိုက်နစ်နာစေမည် ဖြစ်၏။

လင်းဖုန်း ပြောခဲ့ဖူးသကဲ့သို့ပင်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လူသားယဉ်ကျေးမှုကို ဖျက်ဆီးပြီးသည်နှင့် အသူတရာသေမင်းပင်လယ်ကို ဆက်လက်မဖျက်ဆီးတော့ပါဟု မည်သို့ အာမခံနိုင်မည်နည်း။

ထို့ကြောင့် သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန် မရွေးချယ်ခဲ့သော်လည်း လင်းဖုန်းအနေဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အကောင်းဆုံး တောင့်ခံထားနိုင်ရန် မျှော်လင့်နေဆဲပင်။

"လူသားတွေ… မင်းတို့ရဲ့ သေရေးရှင်ရေး အကျပ်အတည်းကို မင်းတို့ကိုယ်တိုင်ပဲ ကျော်ဖြတ်ရလိမ့်မယ်…"

ပင်လယ်ဧကရာဇ်က ဝေးကွာလှသော နေရာဒေသရှိ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

……………

ဘုန်း

လင်းဖုန်းတစ်ယောက် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ရိုက်ခတ်မှုကြောင့် ထပ်မံလွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားပြန်သည်။ ယခုလက်ရှိအချိန်တွင် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ ခန္ဓာကိုယ်တစ်ခုလုံး စတင်ပြိုလဲလာပြီး ခန္ဓာကိုယ်အနှံ့ အက်ကွဲကြောင်းများ အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။

လင်းဖုန်း၏ အရှိန်အဝါက မြန်မြန်ဆန်ဆန် အားနည်းလာနေသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း ခံစားမိနေကြ၏။

"ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး…"

လင်းဖုန်း၏ အကြည့်များက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအပေါ်တွင်သာ စူးစိုက်ထားသည်။ တစ်ဖက်ရန်သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက သူ့ကို အကြွင်းမဲ့ ခြေမှုန်းပစ်ရန် အပြည့်အဝ တတ်စွမ်းနိုင်၏။

အခြားသော နည်းလမ်းများကို အသုံးမပြုဘဲနှင့်မူ သူက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

မူလကမူ လင်းဖုန်းအနေဖြင့် လက်တွေ့မကျသော မျှော်လင့်ချက်အနည်းငယ် ထားရှိခဲ့သေးသည်။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို တောင့်ခံထားနိုင်လိမ့်မည်ဟု သူ တွေးထင်မိခဲ့၏။

ထို့နောက်တွင်မူ လူသားမျိုးနွယ်က သူတို့၏ ခွန်အားအားလုံးကို စုစည်းပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အပြင်းအထန် ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု တွေးခဲ့သည်။

သို့သော် ယခုမူ လင်းဖုန်းအနေဖြင့် ကံတရားအပေါ်တွင် မည်သည့်မျှော်လင့်ချက်မျှ မထားနိုင်တော့ပေ။ သူ အစွမ်းကုန် ကြိုးစားရမည်ဖြစ်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

ဝှစ်

လင်းဖုန်းက သူ့လက်ကို ဆန့်ထုတ်လိုက်၏။ သူ့လက်ဝါးထဲတွင် လှံတံတစ်စင်း ထွက်ပေါ်လာသည်။

ဖျက်ဆီးခြင်းလှံတံ

ယင်းက လင်းဖုန်း၏ နောက်ဆုံးလက်နက်ပင်။ ဖျက်ဆီးခြင်းလှံတံ တစ်ခုတည်းကသာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ရင်ဆိုင်နိုင်မည့် စွမ်းအားကို ပေးစွမ်းနိုင်လိမ့်မည်။ သို့သော်လည်း ယင်းက လင်းဖုန်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပါမည်လော ဆိုသည်ကိုမူ လင်းဖုန်းကိုယ်တိုင်ပင် ယုံကြည်ချက် သိပ်မရှိချေ။

အခြားရွေးချယ်စရာသာ ရှိခဲ့လျှင် လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံကို အသုံးပြုရန် ရွေးချယ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖျက်ဆီးခြင်းလှံတံကသာ အလုပ်မဖြစ်ခဲ့လျှင် လူသားယဉ်ကျေးမှုတစ်ခုလုံးအတွက် အစစ်အမှန် မျှော်လင့်ချက်မဲ့ခြင်းသို့ ရောက်ရှိသွားမည် ဖြစ်သောကြောင့်ပင်။

လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို ထုတ်ယူလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအရှိန်အဝါက လင်းဖုန်း၏ ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပြည့်နှက်သွားသည်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည်လည်း တစ်ဒင်္ဂမျှ ရပ်တန့်သွား၏။ သားရဲကြီး၏ ဖျက်ဆီးလိုစိတ်များဖြင့် ပြည့်နှက်နေသည့် မျက်လုံးများထဲတွင် နောက်ဆုံး၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှု အနည်းငယ်လည်း ရှိနေသည်။

မှန်ပေ၏။ ကြောက်ရွံ့နေခြင်းပင်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည်လည်း ဖျက်ဆီးခြင်းလှံတံကို ကြောက်ရွံ့နေသည်။

အမှန်စင်စစ် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဖျက်ဆီးခြင်းလှံတံကို အလွန်တရာ အလိုရှိနေခြင်း ဖြစ်နိုင်သည်။ အဆုံး၌မူ ဖျက်ဆီးခြင်းလှံတံထဲတွင် ကြယ်တာရာတစ်လုံး၏ ဖျက်ဆီးခြင်းစွမ်းအား ပါဝင်နေသည်။

ယင်းက ဂြိုဟ်အဆင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲရန် ခြေလှမ်းဝက်မျှသာ လိုတော့သည့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအတွက် အလွန်ဆွဲဆောင်မှု ရှိလှသည်။

သို့သော်လည်း ဖျက်ဆီးခြင်းလှံတံထဲရှိ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားက သူ့ကိုလည်း သတ်ဖြတ်နိုင်၏။ ထိုသည်ကို သူ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

သူ စိတ်လှုပ်ရှားနေသလို အနည်းငယ်လည်း ကြောက်ရွံ့နေသည်။ လင်းဖုန်းအနေဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၏ အကြည့်ထဲရှိ ပြောင်းလဲမှုကို မြင်တွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

လင်းဖုန်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ ဧရာမသားရဲကြီး၏ ကြောက်ရွံ့မှုကို အတိုင်းသား ခံစားမိနေသည်။ သူ၏ တစ်ခုတည်းသော အားကိုးရာက ဖျက်ဆီးခြင်းလှံတံဖြစ်၏။ ယင်းက သူ၏ နောက်ဆုံးဝှက်ဖဲလည်း ဖြစ်သည်။

"ဖျက်ဆီးခြင်းစွမ်းအား"

လင်းဖုန်း မျက်လုံးများကို မှိတ်လိုက်သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကောင်းကင်ကြီးပင် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားဟန်ရှိ၏။ သူ ဖျက်ဆီးခြင်းလှံတံအတွင်းသို့ အခြေခံအဆင့် ဖျက်ဆီးခြင်းနိယာမအားလုံးကို ထည့်သွင်းလိုက်တော့သည်။

လင်းဖုန်း ဖျက်ဆီးခြင်းလှံတံထဲရှိ လှိုင်းထန်နေသော ဖျက်ဆီးခြင်းစွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ယင်းက အနည်းငယ်မျှ ခံစားမိရုံဖြင့်ပင် ရင်ထဲအသည်းထဲမှ ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဖြစ်သည်။

အကယ်၍ သူသာ အတွင်းပိုင်းရှိ ဖျက်ဆီးခြင်းစွမ်းအားအားလုံးကို ထုတ်ယူနိုင်ခဲ့လျှင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး တစ်ကောင်မဆိုထားနှင့် ရှစ်ကောင်မက ဆယ်ကောင်အထိပင် ဖြစ်ပါစေ လင်းဖုန်းအတွက် ရင်ဆိုင်ရန် လွယ်ကူပေလိမ့်မည်။

ကံမကောင်းစွာဖြင့် လင်းဖုန်းက ဖျက်ဆီးခြင်းနိယာမကို အခြေခံအဆင့်မျှသာ နားလည်သဘောပေါက်ထားသူ ဖြစ်၏။ သို့ဖြစ်ရာ သူ ဖျက်ဆီးခြင်းလှံတံကို အနည်းငယ်လှုပ်ရှားစေနိုင်ရုံမျှသာ လုပ်နိုင်စွမ်းရှိသည်။ အလွန်ဆုံးရှိလျှင် ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအား၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ ထုတ်ယူနိုင်ပေလိမ့်မည်။

ဆယ်ပုံတစ်ပုံခန့်ရှိသော ဖျက်ဆီးခြင်းစွမ်းအားသည်ပင် အလွန့်အလွန် အားကောင်းလှပေပြီ။ အကယ်၍ သူ အခြားနတ်ဆိုးဧကရာဇ်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်လျှင် လင်းဖုန်းအနေဖြင့် မည်သည့်စိုးရိမ်ပူပန်မှုမျှ ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း အဆုံးမဲ့ ဖျက်ဆီးခြင်းများမှတစ်ဆင့် ဖျက်ဆီးခြင်း၏ အစစ်အမှန်အဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေပြီး ဂြိုဟ်အဆင့်သက်ရှိအဖြစ်သို့ အသွင်ပြောင်းလဲလိုနေသည့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ရင်ဆိုင်ရချိန်တွင်မူ လင်းဖုန်းတွင် မည်သည့်ယုံကြည်မှုမျှ ရှိမနေတော့ချေ။

သို့သော်လည်း သူ့၌ အခြားရွေးချယ်စရာလည်း မရှိတော့ပေ။

ဝုန်း

လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်စွဲလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို စုစည်းပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထံသို့ အားကုန် ထိုးနှက်လိုက်တော့သည်။

ဖျက်ဆီးခြင်းလှံတံသည် အလင်းတန်းတစ်ခုအလား မျက်စိတစ်မှိတ်အတွင်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထံသို့ ချဉ်းကပ်သွား၏။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ ဖျက်ဆီးခြင်းလှံတံက သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်ဝင်ရောက်သွားသည်။

သေးငယ်လှသော လှံတံက အရှည်အားဖြင့် ဆယ်မီတာကျော်မျှသာ ရှိသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးရှေ့တွင်မူ ယင်းက သွားကြားထိုးတံတစ်ချောင်းအလား ဖြစ်နေ၏။ သွားကြားထိုးတံထက်ပင် ပို၍ သေးငယ်နေနိုင်သေးသည်။

သို့သော်လည်း ဤသေးငယ်လှသော သွားကြားထိုးတံလေးက အံ့ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုကို ပေါက်ကွဲထွက်စေခဲ့သည်။

ဂရီး…

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးလည်း အလွန်တရာ နာကျင်ခံစားရဟန်ဖြင့် ကောင်းကင်ယံသို့ မော့ကာ အော်ဟစ်လိုက်သည်။ မီးခိုးရောင် လေထုအလွှာတစ်ခုက ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ပေါက်ကွဲထွက်နေသည်။ သားရဲကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ထိုအခိုက်အတန့်တွင် အပေါက်များစွာ ဖြစ်ပေါ်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲပျက်စီးနေပုံရသည်။

"လဲကျသွားပြီ…"

"ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး လဲကျသွားပြီကွ"

"ငါ…ငါတို့ နိုင်သွားပြီလား"

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဧရာမခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်တွေ့လိုက်ရသည့် လူသားအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

မကြာသေးမီကပင် သူတို့အားလုံး မျှော်လင့်ချက်မဲ့နေခဲ့ကြရသည်။ ယခုမူ သူတော်စင်လင်းဖုန်းက သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အနိုင်ယူနိုင်ခဲ့လေပြီ။

သို့သော်လည်း လင်းဖုန်းကမူ ဝမ်းသာအားရ အော်ဟစ်နေကြသည့် လူများထဲတွင် ပါဝင်မနေခဲ့ပေ။

သူက အခြေခံ ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်ထားသူ ဖြစ်၏။ ထို့ကြောင့် ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်ကို အရူးအမူး ဖျက်ဆီးနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

သားရဲကြီး၏ ခန္ဓာကိုယ်က မည်မျှပင် ကြီးမားနေပါစေ ဖျက်ဆီးခြင်းစွမ်းအား၏ ကျူးကျော်ဝင်ရောက်မှုကို တောင့်ခံနိုင်ခြင်း မရှိပေ။

သို့သော်လည်း လင်းဖုန်း ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ခံစားမိနေသည်။ စင်စစ် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်ဗဟိုချက်ရှိ ဖျက်ဆီးခြင်းစွမ်းအားက ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားကို ဖြည်းဖြည်းချင်း စုပ်ယူနေသည်။ ဤသည်က တုန်ဖန်းရှန်၏ ဖျက်ဆီးခြင်းစွမ်းအားကို ဖျက်ဆီးခြင်းလှံတံက စုပ်ယူခဲ့စဉ်ကနှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေ၏။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက တကယ်တန်းတွင် ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားကို တဖြည်းဖြည်းချင်း ပြန်လည်စုပ်ယူနေခြင်း ဖြစ်သည်။

မကောင်းသော နိမိတ်တစ်ခုက လင်းဖုန်း၏ စိတ်ထဲ၌ စွဲထင်ထွက်ပေါ်လာတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters