← Chapters

အခန်း ၃၈၀

Vol. 34 Ch. 380

အခန်း ၃၈၀

Vol. 34 Ch. 380

အခန်း (၃၈၀) - ကမ္ဘာပျက်ကပ်

ဘာသာပြန် - အားသစ်

"ပြန်သိမ်းမယ်"

လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သို့သော်လည်း လှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားက ပိုမိုတိုးပွားလာခြင်းမရှိသည့်အပြင် အကြီးအကျယ်ပင် လျော့ပါးသွားခဲ့ကြောင်း သတိပြုမိလိုက်သည်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ပတ်သက်၍မူ…

လင်းဖုန်း၏ မျက်နှာအမူအရာက တင်းမာသွားတော့သည်။

ဝုန်း

ထုထည်ကြီးမားလှသော ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ထပ်မံလှုပ်ရှားလာပြန်သည်။ သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မူလက ဖျက်ဆီးခံလိုက်ရသော နေရာများက ထိုအခိုက်အတန့်တွင် အံ့ဩဖွယ်ရာ ကောင်းလှသည့် အမြန်နှုန်းဖြင့် မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာသည်။ ထိုမျှသာမက သားရဲကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ပိုမိုကြမ်းတမ်းအားကောင်းလာပုံရသည်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လင်းဖုန်းကို လောဘဇောတိုက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ လင်းဖုန်းအား တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်ချင်နေသည့်အလား ရှိနေသည်။

ဖျက်ဆီးခြင်းလှံတံနှင့် ဖျက်ဆီးခြင်းစွမ်းအားက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး အနှစ်သက်ဆုံးအရာများ ဖြစ်ပေသည်။ ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားကိုသာ စုပ်ယူနိုင်လျှင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအနေဖြင့် ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်ကာ သက်ရှိအဆင့်ကို မြှင့်တင်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် လူသားမျိုးနွယ်၏ အဆုံးသတ်ဖြစ်ရုံသာ မကတော့ပေ။ တစ်ကမ္ဘာတစ်ဝှမ်းလုံးနှင့် ကမ္ဘာဂြိုဟ်ကြီး တစ်ခုလုံး၏ ပျက်သုဉ်းခြင်းလည်း ဖြစ်လာပေလိမ့်မည်။

"မဟုတ်ဘူး… မဟုတ်ဘူး… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လူတိုင်း မျှော်လင့်ချက်မဲ့သွားကြသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက သေဆုံးမသွားသည့်အပြင် ယခင်ကထက်ပင် ပိုမိုသန်မာလာပုံရသည်။

ဘုန်း

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက အမြီးဖြင့် ရိုက်ခတ်ကာ လင်းဖုန်းကို လွင့်ထွက်သွားစေသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ အလျင်အမြန် ပြိုလဲသွားတော့သည်။

၃၅ ကီလိုမီတာရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်း အက်ကွဲပျောက်ကွယ်သွားတော့သည်။ လင်းဖုန်း၏ ခန္ဓာကိုယ်က သာမန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။

အကယ်၍ သူသာ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆက်လက်ထိန်းသိမ်းထားလျှင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က တစ်ခဏအတွင်း အစအနမကျန် ပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပြန်လည်စုစည်းရန်ပင် ဖြစ်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် လင်းဖုန်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းလိုက်ရခြင်း ဖြစ်သည်။

သို့သော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကဲ့သို့ ထုထည်ကြီးမားလှသော သတ္တဝါဆိုးကြီးကို ရင်ဆိုင်ရာတွင် လင်းဖုန်းအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်မပါဘဲ မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

တိုက်ပွဲဝင်ခန္ဓာကိုယ်မပါဘဲ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို မည်သို့မည်ပုံ တားဆီးနိုင်ပါမည်နည်း။

"ဖျက်ဆီးခြင်းအမြောက်တွေ… ပစ်ခတ်ကြ"

ထိုအချိန်တွင် စစ်တပ်က ဖျက်ဆီးခြင်းအမြောက်များကို ဤနေရာသို့ သယ်ယူလာပြီး ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

စူးရှတောက်ပသော အလင်းတန်းများက ပတ်ဝန်းကျင်လေထုအတွင်း ပေါက်ကွဲသံနှင့်အတူ ဖြတ်သန်းသွားသည်။ ယင်းတို့သည်ကား ဖျက်ဆီးခြင်းအမြောက်များ၏ ဖျက်ဆီးခြင်းအလင်းတန်းများပင်။

အလင်းတန်းရာပေါင်းများစွာ တစ်ချိန်တည်း လက်ဖြာသွားသည်က မည်မျှအထိတိုင် ခမ်းနားထည်ဝါလှသနည်း။ သို့သော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးရှေ့တွင်မူ ဤဖျက်ဆီးခြင်းအမြောက်များက အချည်းနှီးဖြစ်ရန်သာ ကံပါလာခဲ့သည်။

ဧရာမအမြောက်ကြီးများ၏ ပစ်ခတ်မှုများက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ထိမှန်သွားစဉ် လင်းဖုန်းက ဤအခွင့်အရေးကို အသုံးချကာ အလျင်အမြန် ပြန်လည်ဆုတ်ခွာသွားသည်။

သူ့မျက်နှာအမူအရာက အလွန်တရာ ရှုပ်ထွေးနေ၏။ သူ အရေးနိမ့်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။ သူ၏ ကျဆုံးမှုက လူသားယဉ်ကျေးမှုတစ်ခုလုံး၏ ပျက်သုဉ်းခြင်းကို ဦးတည်သွားစေနိုင်သည်။

"သူတော်စင်လင်းဖုန်း… ဒါက မင်းရဲ့အပြစ်မဟုတ်ပါဘူး။ လာ… သွားကြစို့"

သူတော်စင်ခန်းနှင့် အခြားသူများက လင်းဖုန်း၏ အနားသို့ ချက်ချင်း ရောက်ရှိလာကြသည်။ လင်းဖုန်းအနေဖြင့် ခေါင်းမာလွန်းကာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ထိပ်တိုက်ရင်ဆိုင်ရန် အတင်းအကျပ် ဆက်လက်ကြိုးစားနေမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင် ရရှိမည့်အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုမိုကြီးမားသွားပေလိမ့်မည်။ အဆုံး၌မူ လင်းဖုန်းက အရေးနိမ့်ခဲ့ပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အနိုင်မတိုက်နိုင်ခဲ့သည့်တိုင် သူက လူသားယဉ်ကျေးမှု၏ နောက်ဆုံး မျှော်လင့်ချက်အလင်းတန်း ဖြစ်နေဆဲပင်။

လင်းဖုန်းတစ်ယောက် မဆုတ်ခွာလိုသော်လည်း ဤနေရာတွင် ဆက်ရှိနေခြင်းက မည်သို့မျှ အဓိပ္ပာယ်မရှိတော့ကြောင်း သူ သိသဖြင့် ထွက်ခွာရန်သာ ဆုံးဖြတ်လိုက်သည်။

လင်းဖုန်း ဆုတ်ခွာသွားသည်နှင့် လူတိုင်းလည်း နောက်ဆုတ်သွားကြသည်။ သို့သော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကမူ ရပ်တန့်မသွားခဲ့ချေ။ လူသားတို့၏ မြို့ပြများဆီသို့ တစ်လှမ်းချင်း ဦးတည်ချီတက်သွားသည်။

သားရဲကြီး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ပျက်စီးခြင်းများသာ ကျန်ရစ်ခဲ့သည်။ မြို့ပြများ၊ တောင်တန်းများ သို့တည်းမဟုတ် မြစ်ချောင်းများပင် ဖြစ်ပါစေ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။ ထို့အပြင် ဖျက်ဆီးမှုများ ပိုမိုများပြားလာလေလေ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးပေါ်ရှိ ဖျက်ဆီးခြင်းစွမ်းအားက ပိုမိုအားကောင်းလာလေလေ ဖြစ်သည်။ သားရဲကြီးက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ရန်အတွက်ပင် စတင်ကြိုးပမ်းနေပုံရသည်။

သားရဲကြီးသာ ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်သွားခဲ့လျှင် အရာအားလုံးပြီးဆုံးသွားပေလိမ့်မည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လီဗိုင်ယာသန်ကဲ့သို့ တစ်ကမ္ဘာလုံးကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်လိမ့်မည်။

ထိုအချိန်ရောက်လျှင် အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

…………

လင်းဖုန်းနှင့် အခြားသူတော်စင်များအားလုံး ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

ကာကွယ်သူအဖွဲ့ ဌာနချုပ်ရှိ စွမ်းအင်များကို အားကိုး၍ လင်းဖုန်း သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ကုစားရန် ချက်ချင်း ကြိုးပမ်းလိုက်သည်။ အဆုံးတွင်မူ ယခုတစ်ကြိမ်တွင် တိုက်ပွဲဝင်ခန္ဓာကိုယ်၌ ရရှိခဲ့သော ဒဏ်ရာများက ပြင်းထန်လွန်းလှသဖြင့် ပြန်လည်ကောင်းမွန်လာရန် အချိန်အတော် ကြာမြင့်ပေလိမ့်မည်။

ဤအချိန်အတောအတွင်း ကာကွယ်သူအဖွဲ့ ဌာနချုပ်တွင် ကျန်ရှိနေသော သူတော်စင်ခြောက်ပါးနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများအားလုံး တည်ကြည်လေးနက်သော မျက်နှာထားများ ရှိနေကြသည်။

သူတို့သည် ဤရက်ပိုင်းအတွင်း အဓိကအဖွဲ့အစည်းကြီး ခြောက်ခု၏ ထောက်လှမ်းရေး ကွန်ရက်မှတစ်ဆင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကြောင့် ဖြစ်ပေါ်လာရသည့် ဆုံးရှုံးမှုများကို အချိန်နှင့်အမျှ သိရှိထားကြပြီး ဖြစ်သည်။

စုစုပေါင်း မြို့ကြီးရှစ်မြို့တွင် လူပေါင်း သန်း ၆၀ ကျော် သေကျေပျက်စီးခဲ့ရသည်။

ထိုမြို့ကြီး ရှစ်မြို့စလုံးသည်လည်း လုံးဝဥဿုံ ဖျက်ဆီးခံလိုက်ရပြီး အရာအားလုံး အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဖျက်ဆီးခြင်းအတွက်သာ မွေးဖွားလာခြင်း ဖြစ်၏။ ထို့ကြောင့် မည်သည့်မြို့ပြ မည်သည့်သက်ရှိကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။

လူသန်းပေါင်း ခြောက်ဆယ်နှင့် မြို့ကြီးရှစ်မြို့ဆိုသည်မှာ အစပျိုးရုံမျှသာ ရှိသေးသည်။

လူသားမျိုးနွယ်တစ်ခုလုံး တတ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးပမ်းခဲ့ကြသည်။ ကာကွယ်သူအဖွဲ့သည် စက်ရုပ်ပေါင်း တစ်သန်းကျော်ကိုပင် စေလွှတ်ခဲ့သည်။ သို့သော်လည်း သံသယဖြစ်ဖွယ်မရှိဘဲ ယင်းတို့အားလုံးမှာ အမြောက်စာမျှသာ ဖြစ်ခဲ့ကြရသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိခဲ့ကြချေ။

ဖျက်ဆီးခြင်းများကြားတွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၏ အရှိန်အဝါက တစ်စတစ်စ ပိုမိုသန်မာလာ၏။ ဖျက်ဆီးခြင်းစွမ်းအားများလည်း အဆက်မပြတ် တိုးပွားလာနေသည်။

သားရဲကြီးက ဖျက်ဆီးခြင်းနှင့်အတူ ပိုမိုစွမ်းအားကြီးမားလာနေသည်မှာ ထင်ရှားလှသည်။ ဤနှုန်းအတိုင်းဆိုလျှင် လူသားမျိုးနွယ်အနေဖြင့် မည်မျှအထိ တောင့်ခံထားနိုင်ပါဦးမည်နည်း။

တစ်လလော

နှစ်ဝက်လော

သို့တည်းမဟုတ်… တစ်နှစ်လော

သူတော်စင်ခြောက်ပါးသည်ပင် အဖြေမရှိပေ။ ယခုအခါ သူတို့အားလုံး ဘာမှ မတတ်နိုင်တော့ချေ။ အချို့မြို့ပြများတွင် စည်းစနစ်ကျမှုများကိုပင် သူတို့ မထိန်းချုပ်နိုင်တော့ပေ။

ကမ္ဘာပျက်ကပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် တချို့သူများက သူတို့၏ ရုပ်ဆိုးအကျည်းတန်သော အောက်တန်းကျသည့် စိတ်ဓာတ်များကို ထုတ်ဖော်ပြသလာကြသည်။ သူတို့ကို နှိမ်နင်းရန် အဓိကအဖွဲ့အစည်းကြီး ခြောက်ခု၏ အင်အားသုံး ဖိနှိပ်မှုများကလည်း ထိရောက်မှု သိပ်မရှိတော့ချေ။

သို့သော်လည်း အဓိကတရားခံက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးဖြစ်ကြောင်း လူတိုင်း သိကြသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကိုသာ ဖယ်ရှားပစ်နိုင်လျှင် လူသားယဉ်ကျေးမှုက သဘာဝအတိုင်း တဖြည်းဖြည်း ပြန်လည် နာလန်ထူလာနိုင်ပေလိမ့်မည်။

"သူတော်စင်လင်းဖုန်းရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ"

သူတော်စင်ခန်းက ချူချန်းကို မေးမြန်းလိုက်သည်။ ချူချန်းတစ်ဦးတည်းသာ ကာကွယ်သူအဖွဲ့ ဌာနချုပ်၏ မြေအောက်အခြေစိုက်စခန်းသို့ ဝင်ရောက်ခွင့် ရှိသည်။ ထို့ကြောင့် ချူချန်းတစ်ဦးတည်းသာ လင်းဖုန်း၏ လက်ရှိအခြေအနေကို သိရှိနိုင်သည်။

"အတော်လေး ဆိုးပါတယ်။ လင်းဖုန်းက သူတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့တာပါ…"

ချူချန်း သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုခဲ့စဉ်က သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းကို သူမလည်း မခံစားနိုင်ခဲ့ပေ။

သို့သော်လည်း ဤသည်က လူသားမျိုးနွယ်၏ ပထမဆုံးသူတော်စင်ကြီး ဖြစ်ရခြင်း၏ ပေးဆပ်မှုပင်။ လူသားမျိုးနွယ်၏ သေရေးရှင်ရေး လမ်းဆုံလမ်းခွတွင် လင်းဖုန်းက သတ္တိရှိရှိဖြင့် ရှေ့သို့သာ တက်လှမ်းခဲ့ရသည်။

"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား"

သူတော်စင်များအားလုံး၏ မျက်နှာထက်တွင် နာကျင်ရိပ်များ ထွက်ပေါ်လာ၏။ သူတို့သည် မရေမတွက်နိုင်သော လူသားများ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရသည်ကို မတတ်နိုင်ဘဲ ဒီအတိုင်း စောင့်ကြည့်နေခဲ့ရသည်။ ထိုခံစားချက်က သေရသည်ထက်ပင် ပိုမိုဆိုးရွားလှ၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်…

နောက်ဆုံးတွင် တစ်လအထိ ကြာမြင့်သွားခဲ့လေပြီ။

ဤတစ်လအတွင်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက မြို့ပြပေါင်း ၅၀ ကျော်ကို ဖျက်ဆီးပစ်ခဲ့သည်။ သေကျေပျက်စီးသူ အရေအတွက်ကလည်း သန်း ၆၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး လူသားနယ်မြေ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ မြို့ပြအများစု၏ လူဦးရေကလည်း ဆယ်သန်းထက်မက ကျော်လွန်နေသောကြောင့်ပင်။ လူဦးရေ သန်း ၅၀ ကျော်ရှိသော မြို့ကြီးတချို့ပင် ပါဝင်နေသေးသည်။

ကမ္ဘာပေါ်ရှိ ဘီလီယံနှင့်ချီသော လူဦးရေနှင့် နှိုင်းယှဉ်လျှင်ပင် လူသန်း ၆၀၀ ဆိုသည်က အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော ပမာဏဖြစ်၏။ ကမ္ဘာ့လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့် ရှိသည်။

ဤကိန်းဂဏန်းက အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှပြီး လက်ခံနိုင်စရာပင် မရှိချေ။ ဤအေးစက်လှသော ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် လူသန်းပေါင်းများစွာ၏ အသက်ဝိညာဉ်များက မည်သည့်အရိပ်အယောင်မျှ မကျန်ဘဲ ကွယ်ပျောက်သွားခဲ့ရသည်။

ဤသည်ကား ကမ္ဘာပျက်ကပ်ကြီးပင်။

လူသားမျိုးနွယ်၏ အဆုံးသတ်က အမှန်တကယ်ပင် ရောက်ရှိလာခဲ့လေပြီ။

သူတော်စင် ခြောက်ပါးနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦးတို့သည် ဆက်လက်ထိုင်မနေနိုင်ကြတော့ပေ။

သူတော်စင်ခန်းက အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး ချူချန်းကို ပြောလိုက်သည်။

"ချူချန်း… မင်း ကာကွယ်သူအဖွဲ့မှာပဲ သူတော်စင်လင်းဖုန်း ပြန်ကောင်းလာတာကို စောင့်ပေးပါ။ ငါတို့အတွက်ကတော့ ရှေ့ကို သွားရမယ့်အချိန်ပဲ။ ငါတို့တွေ အဲ့ဒီသားရဲကြီးကို မတားဆီးနိုင်ရင်တောင် အစွမ်းကုန် ကြိုးစားရမယ်။ ဒါက ငါတို့ရဲ့ တာဝန်ပဲ"

သူတို့အားလုံး ကာကွယ်သူအဖွဲ့အတွင်း၌ ဆက်လက်နေထိုင်ပြီး မရေမတွက်နိုင်သော လူသားများ သေဆုံးနေသည်ကို ဒီအတိုင်း စောင့်ကြည့်နေရန် မလိုလားကြတော့ပေ။

"သူတော်စင်ခန်း… ငါလည်း မင်းတို့နဲ့အတူတူ လိုက်ခဲ့မယ်"

ရုတ်တရက် ရင်းနှီးပြီးသား အသံတစ်ခုက လူတိုင်း၏ နားထဲသို့ တိုးဝင်လာတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters