အခန်း ၃၈၁
Vol. 34 Ch. 381
အခန်း (၃၈၁) - ဗဟိုပင်လယ်မြို့ အကျပ်အတည်း
ဘာသာပြန် - အားသစ်
"သူတော်စင်လင်းဖုန်း…"
လူတိုင်း လှည့်ကြည့်လိုက်ကြရာ လင်းဖုန်း လျှောက်လှမ်းဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
"သူတော်စင်လင်းဖုန်း… မင်း ပြန်ကောင်းလာပြီလား" သူတော်စင်ခန်းက ဝမ်းသာအားရဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော့်ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကတော့ တော်တော်လေး ပြန်ကောင်းလာပါပြီ။ ဒါပေမဲ့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ရင်ဆိုင်ဖို့ကတော့ ကျွန်တော့်မှာ တခြားနည်းလမ်း မရှိသေးပါဘူး"
လင်းဖုန်း၏ စကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ တစ်ဖန်ပြန်၍ ညိုးငယ်သွားရပြန်သည်။
တကယ်တန်းတွင် လင်းဖုန်းက လွန်ခဲ့သော ခုနစ်ရက်ကတည်းက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို လုံးဝဥဿုံ ပြန်လည်ကုစားနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသော အချိန်များတွင်မူ သူ ပဉ္စမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို တွေးတောကြံဆနေခဲ့၏။ သို့တည်းမဟုတ် ဒီရေလှိုင်းနိယာမကို မည်သို့နားလည်သဘောပေါက်အောင် လုပ်ရမည်ကို လေ့လာနေခဲ့သည်။
ကံမကောင်းစွာဖြင့် လင်းဖုန်း မည်မျှပင် တွေးတောဆင်ခြင်နေပါစေ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သူသည် စိတ်စွမ်းအားအပိုင်းတွင်ပင် အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ မည်သို့လျှင် ပဉ္စမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါမည်နည်း။
ထို့အပြင် ဒီရေလှိုင်းနိယာမဆိုသည်က အချိန်ပေးရုံမျှဖြင့် နားလည်သဘောပေါက်နိုင်သောအရာ မဟုတ်ပေ။ ယင်းက စိတ်ပိုင်းဆိုင်ရာ ရုတ်တရက် ဉာဏ်အလင်းပွင့်မှုကို လိုအပ်သဖြင့် ပြောသလောက် မလွယ်ကူလှချေ။
ခုနစ်ရက် ကြာမြင့်ပြီးနောက် လင်းဖုန်းသည်လည်း မြေအောက်အခြေစိုက်စခန်းအတွင်း မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် ထိုင်မနေနိုင်တော့သဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ ထွက်လာချိန်တွင် သူတော်စင်ခန်းနှင့် အခြားသူများ၏ ထွက်ခွာရန် ဆုံးဖြတ်ချက်ကို တိုက်တိုက်ဆိုင်ဆိုင် ကြားသိလိုက်ရသည်။
"သူတော်စင်လင်းဖုန်း… မင်း ကာကွယ်သူအဖွဲ့ ဌာနချုပ်မှာပဲ နေရစ်ခဲ့ပါ။ မင်းက ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ မင်း ဘာမှအထိခိုက်ခံလို့ မဖြစ်ဘူး"
သူတော်စင်ခန်းက လေးနက်သော မျက်နှာထားဖြင့် ပြောကြားလိုက်သည်။ အခြားသူများအားလုံးထက် သူတို့ လင်းဖုန်းကို မည်သည့်ဘေးအန္တရာယ်မျှ မကျရောက်စေရန် ကာကွယ်ထားရမည် ဖြစ်သည်။
လင်းဖုန်းက လူသားမျိုးနွယ်တစ်ခုလုံး၏ နောက်ဆုံးမျှော်လင့်ချက် မဟုတ်ပါလော။
"သူတော်စင်ခန်း… ကျွန်တော် ဒီမှာ ဆက်နေရင်တောင် စိတ်နှလုံး မတည်မငြိမ်ဖြစ်နေတဲ့အတွက် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပဉ္စမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲဖို့အကြောင်းကိုတော့ ပြောနေဖို့တောင် မလိုတော့ပါဘူး။ ဒီအချိန်က လူသားမျိုးနွယ်ရဲ့ သေရေးရှင်ရေး အရေးအကြီးဆုံး အခိုက်အတန့်ပဲ။ ကျွန်တော့်ရဲ့ စိတ်နှလုံးကို ဘယ်လိုမှ တည်ငြိမ်အောင် မလုပ်နိုင်ပါဘူး"
လင်းဖုန်းက တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။ သို့သော်လည်း သူ၏ လေသံက အလွန်တရာ ပြတ်သားလှ၏။
"သူတော်စင်ခန်း… လင်းဖုန်းကို ရှင်တို့နဲ့အတူတူ လိုက်ပါခွင့်ပြုလိုက်ပါ။ ဒါက သူ့ရဲ့ တာဝန်ပါပဲ"
ရုတ်တရက် ချူချန်းက ရှေ့သို့ တက်လာကာ စကားဆိုလိုက်သည်။
သူမ လင်းဖုန်းကို ကြည့်လိုက်၏။ သူမ၏ အကြည့်များက အလွန်ပင် နူးညံ့သိမ်မွေ့နေသည်။ သူမက လင်းဖုန်းကိုကြည့်ကာ ဆက်ပြောလိုက်သည်။
"လင်းဖုန်း… သွားပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို အမြဲတမ်း ထောက်ခံအားပေးနေမှာပါ"
လင်းဖုန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ချူချန်းက သူ၏ စိတ်နှလုံးကို နားလည်ပြီး သူ ဘာလိုအပ်သည်ကိုလည်း သိရှိသည်။ ဤကဲ့သို့သော ဇနီးကောင်းတစ်ဦးကို ပိုင်ဆိုင်ထားရသည့် လင်ယောက်ျားတစ်ဦးအနေဖြင့် နောက်ထပ် ဘာများ တောင်းဆိုရန် လိုပါဦးမည်နည်း။
"သွားကြစို့"
လင်းဖုန်း အခြားအရာများကို ထပ်ပြောမနေတော့ချေ။ သူတော်စင်ခြောက်ပါးကို ဦးဆောင်ကာ လေသင်္ဘောများဖြင့် ချက်ချင်း ထွက်ခွာသွားတော့သည်။
ချူချန်းတစ်ယောက် ကောင်းကင်ယံထက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော လေသင်္ဘောကို ငေးကြည့်နေမိသည်။ ယခုတစ်ကြိမ် ထွက်ခွာသွားပြီးနောက် လင်းဖုန်းအနေဖြင့် ဘယ်တော့မှ အမှန်တကယ် ပြန်မလာနိုင်တော့သည်လည်း ဖြစ်နိုင်ကြောင်း သူမ သိရှိနေ၏။
…………
"ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက အခု ဘယ်နေရာမှာလဲ"
လင်းဖုန်းက လေသံခပ်ဖျော့ဖျော့ဖြင့် မေးမြန်းလိုက်သည်။
"ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက မြို့ပြပေါင်း ၅၀ ကျော်ကို ဖျက်ဆီးပစ်ခဲ့ပြီးပြီ။ အဲ့ဒီကောင်က မြို့ပြတွေကို ဘာကန့်သတ်ချက် ဘာဦးတည်ချက်မျှမရှိဘဲနဲ့ မြင်မြင်သမျှ ဖျက်ဆီးနေတာ။ သက်ရှိတွေ ရှိတဲ့နေရာမှန်သမျှကို ဦးတည်သွားနေတာ ဖြစ်တာကြောင့်မို့ သူ့ရဲ့ လမ်းကြောင်းကို ခန့်မှန်းဖို့က မဖြစ်နိုင်ဘူး"
"ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီးရဲ့ လှုပ်ရှားမှုကို ခြေရာခံပြီး ခန့်မှန်းခြေ လမ်းကြောင်းတစ်ခု ဆွဲလိုက်ပါ"
မကြာမီတွင် ဒေသများစွာ ပါဝင်သော ခန့်မှန်းခြေ လမ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်ကြသည်။
လင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ ထိုလမ်းကြောင်းတစ်လျှောက်ရှိ မြို့ပြများထဲတွင် သူ မမြင်ချင်ဆုံး နာမည်တစ်ခုကို မြင်တွေ့လိုက်ရ၏။
ယင်းက ဗဟိုပင်လယ်မြို့ပင်။
…………
ကမ္ဘာပျက်ကပ် အကျပ်အတည်းအတွင်း၌ မြို့ပြတိုင်း ဖရိုဖရဲ ဖြစ်နေခဲ့ကြသည်။
ဗဟိုပင်လယ်မြို့သည်လည်း ထူးမခြားနားပင်။ သို့သော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဗဟိုပင်လယ်မြို့သို့ ချဉ်းကပ်လာနေပြီဟူသော သတင်းကို မြင်တွေ့လိုက်ရချိန်တွင် ဗဟိုပင်လယ်မြို့အတွင်းရှိ ဥပဒေစိုးမိုးမှုနှင့် စည်းစနစ်ကျမှုများက ပို၍ပင် ဆိုးဆိုးရွားရွား ပျက်ပြားသွားခဲ့တော့သည်။
လူသားတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရုပ်ဆိုးအကျည်းတန်မှုများကို အကျပ်အတည်း ကာလများတွင်သာ မြင်တွေ့နိုင်သည်။
သာမန်အချိန်များတွင်မူ သူတို့က ရုံးဝန်ထမ်းတစ်ဦး၊ ကားဒရိုင်ဘာတစ်ဦး သို့တည်းမဟုတ် အလုပ်သမားတစ်ဦး ဖြစ်နိုင်၏။ သို့သော်လည်း နောက်တစ်ခဏ၌ အကျပ်အတည်း ချဉ်းကပ်လာချိန်တွင်မူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေသောသူများက သူတို့၏ ဆင်ခြင်တုံတရားများကို ချက်ချင်း လက်လွှတ် ဆုံးရှုံးသွားကြတတ်သည်။
မြို့ပြပုန်ကန်မှုများတွင် ဤကဲ့သို့သာ အမြဲတမ်း ဖြစ်ပွားလေ့ရှိသည်။
ဗဟိုပင်လယ်မြို့သည် နိုင်ငံတကာ အဆင့်မီ မဟာမြို့ပြကြီးတစ်ခု ဖြစ်၏။ ဤမြို့သည် စီးပွားရေးအရ တိုးတက်ထွန်းကားလျက် ရှိပြီး သန်း ၁၀၀ နီးပါးအထိ ရှိသော ထူထပ်များပြားလှသည့် လူဦးရေရှိသည်။
အဓိကအဖွဲ့အစည်းကြီး ခြောက်ခုသည်လည်း ဤမျှကြီးမားလှသော မြို့ကြီးတစ်မြို့အတွင်း သိုင်းသမားအင်အား အမြောက်အမြားကို ချထားပေးခဲ့သည်။ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည့်တိုင်အောင် ထိန်းချုပ်နိုင်စွမ်း ရှိနေဆဲပင်။
လက်ရှိ လင်းမိသားစုသည် ဗဟိုပင်လယ်မြို့၏ ထိပ်သီးမိသားစုများထဲမှ တစ်ခုဖြစ်၏။ လင်းဖုန်း စေလွှတ်ထားသော လက်နက်ကိုင်စက်ရုပ်များ၏ ကာကွယ်မှုကို ရရှိထားသဖြင့် လင်းမိသားစု၏ ဗီလာက အလွန်ပင် လုံခြုံဘေးကင်းနေဆဲ ဖြစ်သည်။
သို့သော်လည်း လင်းမိသားစုသည် ယခုအခါ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်ရှိ တင်ဆက်သူ၏ စိတ်ပျက်အားလျော့နေသော မျက်နှာထားကို ပူပန်မှုများဖြင့် ကြည့်ရှုနေကြ၏။ ယခုတစ်ကြိမ်တွင် လင်းဖုန်းကိုယ်တိုင်ပင် ဗဟိုပင်လယ်မြို့ကို ကာကွယ်နိုင်တော့မည် မဟုတ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
ကမ္ဘာပျက်ကပ်ကြီးက အမှန်တကယ်ပင် အချိန်မရွေး ရောက်ရှိလာတော့မည် ဖြစ်သည်။
"အဖေ… အမေ… အဖေတို့ အမေတို့ ကာကွယ်သူအဖွဲ့ ဌာနချုပ်ကို သွားသင့်တယ်"
"မသွားပါဘူး… ငါတို့ ဘယ်မှမသွားဘူး။ ငါတို့က အသက်ကြီးနေပါပြီ။ သေရမယ်ဆိုရင်လည်း သေရုံပဲပေါ့… ဘာများ ကြောက်စရာ ရှိလို့လဲ"
လင်းမိသားစုက ခေါင်းမာမာဖြင့် လုံးဝ မထွက်ခွာရန် ဆုံးဖြတ်ထားကြသည်။ ဤကဲ့သို့သော အကျပ်အတည်းမျိုးတွင် သူတို့အနေဖြင့် အသက်ရှင်သန်နိုင်ရန် မည်သည့်အရပ်သို့များ ထွက်ပြေးတိမ်းရှောင်နိုင်ပါဦးမည်နည်း။
လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းတော့မည့် အခြေအနေ ဖြစ်သည်။
"ငါကတော့ တတိယမြောက်သားလေးကို ယုံကြည်တယ်။ သူက ဗဟိုပင်လယ်မြို့ကို သေချာပေါက် ကာကွယ်ပေးနိုင်လိမ့်မယ်" လင်းကတော်က လေသံတိုးတိုးဖြင့် စကားဆိုလိုက်သည်။
မိခင်တစ်ဦးအနေဖြင့် သူမသည် သူမ၏ သားဖြစ်သူအတွက် အလွန်ပင် ဂုဏ်ယူမိ၏။ အထူးသဖြင့် လင်းဖုန်းက လူသားမျိုးနွယ်၏ အသန်မာဆုံး ပထမသူတော်စင်ကြီး ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း လင်းဖုန်း၏ အဆင့်အတန်းက မည်မျှပင် မြင့်မားနေပါစေ သူက သူမ၏ သားအဖြစ်သာ ရှိနေဆဲပင်။
သားကြီးဖြစ်သူကမူ မတတ်နိုင်ဟန်ဖြင့် ခေါင်းခါလိုက်မိသည်။ ယခုအချိန်တွင် လင်းဖုန်းကိုယ်တိုင်ပင် ဗဟိုပင်လယ်မြို့ကို မကာကွယ်နိုင်တော့ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည်။
ဝုန်း
ဗဟိုပင်လယ်မြို့အတွင်း ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား တုန်ခါသွားသည်။ လူတိုင်း တုန်ခါမှု ပေါ်ပေါက်လာရာ အရင်းအမြစ်ဆီသို့ မော့ကြည့်လိုက်ကြသည်။
ထိုအခိုက် သူတို့အားလုံး ကောင်းကင်ယံထက်တွင် ဧရာမဦးခေါင်းကြီးတစ်လုံးကို မြင်တွေ့လိုက်ရ၏။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက မျက်စိတစ်ဆုံးအထိတိုင် ရှည်လျားလှသည်။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ရောက်ရှိလာလေပြီ။
…………
"နောက်ဆုံးရရှိထားတဲ့ သတင်းအရ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက ဗဟိုပင်လယ်မြို့ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်"
သတင်းရောက်ရှိလာချိန်တွင် လူတိုင်း မတတ်သာဘဲ သူတော်စင်လင်းဖုန်းကို လှမ်းကြည့်လိုက်မိကြသည်။ သူတော်စင်လင်းဖုန်း၏ မိဘများက ဗဟိုပင်လယ်မြို့တွင် ရှိနေဆဲဖြစ်ကြောင်း လူတိုင်းသိကြသည်။
"ဗဟိုပင်လယ်မြို့ကို အမြန်ဆုံး သွားကြမယ်"
လင်းဖုန်းက မည်သည့် မျက်နှာအမူအရာမျှ မပြဘဲ ပြောဆိုလိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင်မူ အလွန်တရာ စိုးရိမ်ပူပန်နေခဲ့၏။ မည်သို့ပင်ဖြစ်စေ စိုးရိမ်ပူပန်နေခြင်းက အချည်းနှီးသာ ဖြစ်သည်။ ထို့အပြင် ဗဟိုပင်လယ်မြို့သို့ ရောက်ရှိသွားခဲ့လျှင်ပင် သူ ကာကွယ်နိုင်ပါမည်လော။
လင်းဖုန်းကိုယ်တိုင်ပင် အဖြေကို မသိချေ။
လေသင်္ဘောက အရှိန်ကို ထပ်မံမြှင့်တင်လိုက်သည်။ သူတို့သည် မူလကတည်းက ဗဟိုပင်လယ်မြို့နှင့် သိပ်မဝေးလှသဖြင့် မကြာမီတွင်ပင် ရောက်ရှိသွားသည်။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ပတ်သက်၍မူ သူတို့ အဝေးကပင် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကို မြင်တွေ့နေရပြီ ဖြစ်သည်။
ဗဟိုပင်လယ်မြို့ရှိ မြင့်မားလှသော အဆောက်အအုံများစွာမှာ ပြိုလဲပျက်စီးနေခဲ့လေပြီ။ မရေမတွက်နိုင်သော လူများသည်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။ လင်းဖုန်းက သူ၏ မိဘများရှိရာ ဗီလာကို သိရှိနိုင်ရန် စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ဖြန့်ကျက်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ မိဘများရှိရာ ဗီလာက အဆင်ပြေနေဆဲပင်။ ထို့အပြင် သူတို့၏ ဗီလာတွင် လက်နက်ကိုင်စက်ရုပ် အမြောက်အမြား ရှိနေသောကြောင့် စိတ်ကောင်းနှလုံးကောင်းမရှိသော လူအများ၏ တိုက်ခိုက်မှုများကို တားဆီးထားနိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လူများစွာက ခိုလှုံခွင့်ရရှိရန် သူတို့၏ ဗီလာသို့ ထွက်ပြေးလာခဲ့ကြသည်။
သခင်ကြီးလင်းနှင့် ဇနီးဖြစ်သူတို့က သူတို့အား မောင်းထုတ်ခြင်း မပြုခဲ့ပေ။ ကလေးငယ်များစွာ အပါအဝင် ခိုလှုံရန် ရောက်ရှိလာကြသော လူများစွာကို တက်ကြွစွာဖြင့်ပင် လက်ခံစောင့်ရှောက်ပေးခဲ့ကြသည်။
လင်းဖုန်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူ၏ မိဘများ ဘေးကင်းနေသော်လည်း အခြားသူများ၏ မိဘများကမူ သေဆုံးသွားခဲ့ကြပြီ ဖြစ်နိုင်သည်။
"အောက်ကို ဆင်းကြစို့။ ငါတို့ သေသေ ရှင်ရှင် ဒီဧရာမသားရဲကြီးကို အစွမ်းကုန် တားဆီးရမယ်"
လင်းဖုန်းက အရင်ဦးဆုံး အောက်သို့ ခုန်ချလိုက်သည်။ လေထဲ၌ပင် သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ဖြန့်ကြက်လိုက်၏။ ၃၅ ကီလိုမီတာရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ဧရာမတောင်ကြီးတစ်လုံးအလား ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးပေါ်သို့ ဖိနှိပ်ကျဆင်းသွားသည်။
ဝုန်း
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးလည်း အလွန်တရာ ဒေါသထွက်သွားသည်။ သားရဲကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက ရုတ်တရက် တစ်ပတ်လည်သွားပြီး ၎င်း၏ ဧရာမအမြီးကြီးဖြင့် လင်းဖုန်းကို အပြင်းအထန် ရိုက်ချလိုက်သည်။
ဘုန်း
လင်းဖုန်း၏ ခန္ဓာကိုယ်သည်လည်း အမြောက်ဆန်တစ်ခုပမာ လွင့်ထွက်သွားပြီး မြင့်မားလှသော အဆောက်အအုံတချို့ကို ဝင်တိုက်မိသွားသည်။
သူတော်စင်ခြောက်ပါးသည်လည်း သူတို့၏ နတ်ဘုရားနယ်မြေများကို ချက်ချင်း အသုံးပြုလိုက်ကြသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦးတို့သည်လည်း ယခုတစ်ကြိမ်တွင် အစွမ်းကုန် ကြိုးစားတိုက်ခိုက်လိုက်ကြသည်။ သူတို့အားလုံး သူတို့၏ ကိုယ်ပိုင် တိုက်ပွဲဝင်ခန္ဓာကိုယ်များကို အသုံးပြုကာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၏ အားနည်းချက်များကို ဦးတည်၍ တိုက်ခိုက်လိုက်ကြသည်။
သူတို့က သားရဲကြီး၏ မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်း၊ ပါးစပ်နှင့် ဝမ်းဗိုက်ပိုင်းတို့ကိုပင် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများသည်ကား သားရဲကြီး၏ အနုနယ်ဆုံး အစိတ်အပိုင်းဖြစ်သော ပါးစပ်၏ ခုခံကာကွယ်မှုကိုပင် ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ကြချေ။
ဂရီး…
တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများနှင့် သူတော်စင်များ၏ တိုက်ခိုက်မှုများက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို လုံးဝ ဒေါသထွက်သွားစေသည်။ သားရဲကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက ရှေ့သို့ တဟုန်ထိုး တိုးဝင်လာပြီး အတားအဆီးအားလုံးကို အစွမ်းရှိသမျှဖြင့် ဖိကြိတ်ပစ်လိုက်သည်။
ခလွပ် ခလွပ်
သူတော်စင်ခြောက်ပါး၏ နတ်ဘုရားနယ်မြေများမှာ အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရ၏။ ထို့အပြင် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ အနည်းငယ်မျှ ဖိကြိတ်လိုက်မှုကြောင့်ပင် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ဆယ်ကျော်တို့ ချက်ချင်းပင် အသားပုံကြီးအဖြစ်သို့ တိုက်ရိုက်ကြိတ်ခြေခြင်း ခံလိုက်ရတော့သည်။
ထာဝရသိုင်းတာအိုအရှင်