← Chapters

အခန်း ၃၈၂

Vol. 34 Ch. 382

အခန်း ၃၈၂

Vol. 34 Ch. 382

အခန်း (၃၈၂) - သူတော်စင်နှစ်ပါး၏ စတေးမှု

ဘာသာပြန် - အားသစ်

သူတို့အားလုံး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို လုံးဝ မယှဉ်နိုင်ကြချေ။ ဧရာမသားရဲကြီး၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ အားကောင်းလွန်းလှသည်။ သူတော်စင်ခြောက်ပါးနှင့် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု နှစ်ကြိမ် ပြီးမြောက်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦးတို့၏ ပူးပေါင်းအင်အားသည်ပင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိခဲ့ကြချေ။

ထို့အပြင် သူတို့ဘက်၌ အသေအပျောက်များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတော်စင်ခြောက်ပါး၏ နတ်ဘုရားနယ်မြေများ ဆုတ်ဖြဲခံလိုက်ရပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ဆယ်ယောက်ကျော်သည်လည်း ကြိတ်ခြေခံရကာ သေဆုံးသွားခဲ့ရသည်။

ဝုန်း

မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လင်းဖုန်းက ပြန်လည်မတ်တတ်ရပ်လိုက်ပြန်သည်။ သူ့လက်ထဲတွင် ဖျက်ဆီးခြင်းလှံတံ ထွက်ပေါ်လာပြီ ဖြစ်သည်။ ယခင်တစ်ကြိမ်က ဖျက်ဆီးခြင်းလှံတံသည် အလုပ်မဖြစ်ခဲ့သော်လည်း ယင်းက လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့သောကြောင့်ပင်။

ယခုမူ လင်းဖုန်းက အခြေခံ ဖျက်ဆီးခြင်းနိယာမကို အသုံးပြုကာ ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားကို တတ်နိုင်သမျှ အစွမ်းကုန် ပေါက်ကွဲစေလိုက်သည်။

ရွှစ်

လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို ကိုင်စွဲကာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၏ ဦးခေါင်းအတွင်းသို့ အားကုန် ထိုးစိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လင်းဖုန်း၏ ထုထည်ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအပေါ်သို့ ဖိနှိပ်ကျဆင်းသွားပြီး သားရဲကြီး၏ ဦးခေါင်းဆီသို့ အရူးအမူး ထိုးနှက်တိုက်ခိုက်တော့သည်။

ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအား ပေါက်ကွဲထွက်လာမှုကြောင့် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းက သိသိသာသာ ကျုံ့ဝင်သွားသည်။ အဆုံးသတ်တွင်မူ သားရဲကြီး၏ ဦးခေါင်းတစ်ခုလုံး ကွယ်ပျောက်တော့မည့်အလား ဖြစ်သွားသည်။

သို့သော်လည်း ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ မီးခိုးရောင် ဖျက်ဆီးခြင်းစွမ်းအား အလွှာက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဖျက်ဆီးခြင်းလှံတံကို အရူးအမူး လွှမ်းခြုံသွားသည်။

ဘုန်း

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီးက ဧရာမခန္ဓာကိုယ်ကြီးကို အပြင်းအထန် ယမ်းခါလိုက်ကာ လင်းဖုန်းကို ဝေးရာသို့ လွင့်ထွက်သွားစေလိုက်သည်။

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းတစ်ခုလုံး လုံးဝဥဿုံ ဖျက်ဆီးခံရလုနီးပါး ဖြစ်နေချိန်တွင်မှ ဖျက်ဆီးခြင်းစွမ်းအားက ဖျက်ဆီးခြင်းလှံတံကို လွှမ်းခြုံသွားခဲ့ပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအား ဖြည်းညှင်းစွာ ပြန်လည်သက်သာလာစေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သားရဲကြီးက ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားကို ဆက်လက်စုပ်ယူနေဆဲပင်။

"မြန်မြန်… ကမ္ဘာပျက်ကပ် သားရဲကြီးရဲ့ ခေါင်းကို ဆက်ပြီး တိုက်ခိုက်ကြ"

လင်းဖုန်း ကျယ်ကျယ်လောင်လောင် အော်ဟစ်လောဆော်လိုက်သည်။ ဤသည်က ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး အားနည်းသွားသည့် တစ်ခုတည်းသော အခိုက်အတန့် ဖြစ်နိုင်သည်။ သားရဲကြီးသာ ဤအားနည်းသည့် အခြေအနေမှ ကျော်လွန်သွားခဲ့လျှင် ဤသတ္တဝါဆိုးကြီးကို မည်သူက နှိမ်နင်းနိုင်ပါတော့မည်နည်း။ ထိုအချိန်ကျလျှင်မူ အစစ်အမှန် ကမ္ဘာပျက်ကပ်ကြီး ဖြစ်လာပေလိမ့်မည်။

"သတ်ကြ…"

ကျန်ရှိနေသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၁၃ ဦးတို့က သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထံသို့ တစ်လှိုင်းပြီးတစ်လှိုင်း ချီတက်သွားကြပြီး သားရဲကြီး၏ ဦးခေါင်းကို အကြိမ်ကြိမ် အထပ်ထပ် မရပ်မနား တိုက်ခိုက်ကြတော့သည်။

ဘန်း

တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားတစ်ဦးမှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သဖြင့် ဧရာမသားရဲကြီး၏ အမြီးဖြင့် တိုက်ရိုက် ကြိတ်ခြေခံလိုက်ရသည်။

ဝုန်း

အခြားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား သုံးဦးသည်လည်း ဧရာမသားရဲကြီးက ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ဝေ့ယမ်းလိုက်မှုကြောင့် တိုက်ရိုက် ကြိတ်ခြေခံလိုက်ရပြန်သည်။

သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား အရေအတွက်က အလျင်အမြန် လျော့နည်းလာနေသည့်တိုင် သူတို့အားလုံး မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းကို မနားတမ်း ဆက်လက် တိုက်ခိုက်နေခဲ့ကြသည်။

၁၃ ယောက်၊ ၁၂ ယောက်၊ ၉ ယောက်၊ ၇ ယောက်၊ ၄ ယောက်၊ ၂ ယောက်…

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများထံမှ မည်သည့်လှုပ်ရှားမှုမှ ထွက်ပေါ်မလာတော့ချေ။

သူတို့ ၂၃ ယောက်စလုံး တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရပြီ ဖြစ်သောကြောင့်ပင်တည်း။

လေထုထဲတွင် သွေးညှီနံ့များ ထူပြောစွာ စွဲထင်ကျန်ရစ်နေခဲ့သည်။ အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု နှစ်ကြိမ် ပြီးမြောက်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား စုစုပေါင်း ၂၃ ဦးတို့သည် သူတို့၏ အသက်ကို တွန့်ဆုတ်တုံ့ဆိုင်းခြင်း စိုးမျှပင်မရှိဘဲ စတေးခဲ့ကြသည်။ သူတို့အားလုံး တိုက်ပွဲအတွင်း၌ ကျဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။

သို့တစေ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းပေါ်ရှိ ဖျက်ဆီးခြင်းလှံတံက သားရဲကြီး၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေခဲ့ပုံရသည်။ ဒဏ်ရာကလည်း အဆက်မပြတ် ကျယ်ပြန့်လာနေ၏။ မီးခိုးရောင် ဖျက်ဆီးခြင်းစွမ်းအား အလွှာတစ်ခုသည်လည်း အဆက်မပြတ် တလက်လက် ဖြစ်နေသည်။

"ငါတို့အလှည့် ရောက်ပြီ" ရုတ်တရက် သူတော်စင်ခန်းက စကားဆိုလိုက်သည်။

သူတော်စင်ငါးပါးလုံး တုံ့ဆိုင်းမနေတော့ဘဲ တပြိုင်နက်တည်း အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ ကံမကောင်းစွာဖြင့် သူတို့၏ နတ်ဘုရားနယ်မြေများ မရှိတော့သဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ အားနည်းလွန်းလှသည်။

သူတို့ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအပေါ် ဖြစ်ပေါ်စေသည့် ပျက်စီးမှုက ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများထက်ပင် နိမ့်ကျနေသေးသည်။

"အားလုံးပဲ… ဒါက သေရေးရှင်ရေး အဆုံးအဖြတ် ကာလပဲ။ ငါတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရအောင်"

ရုတ်တရက် သူတော်စင်ခန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောကြားလိုက်သည်။

သူတော်စင်များအားလုံး တိတ်ဆိတ်သွားကြ၏။ ထိုတိတ်ဆိတ်မှုထဲတွင် တုံ့ဆိုင်းမှုများနှင့် တွန့်ဆုတ်မှုများ အနည်းငယ် ရောယှက်ပါဝင်နေသည်။ သူတို့ငါးယောက် အဆက်မပြတ် ဟိန်းဟောက်နေဆဲဖြစ်သော ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို လှမ်းကြည့်လိုက်ကြသည်။ သားရဲကြီး၏ ထုထည်ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက ဖျက်ဆီးခြင်းလှံတံကြောင့် ဖြစ်ပေါ်လာရသည့် နာကျင်မှုကို အောင့်အည်းသည်းခံနေရဟန် ရှိသည်။

"အမှန်ပဲ။ ငါတို့ တကယ်ပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရမယ့်အချိန် ရောက်ပြီ။ ငါပဲ အရင်သွားပါ့မယ်"

သူတော်စင်ယွမ်ယီက ဆက်လက် တွေဝေမနေတော့ဘဲ ရှေ့သို့ တက်လှမ်းသွားသည်။

သူတော်စင်ခန်း၏ မျက်နှာအမူအရာက ရှုပ်ထွေးနေ၏။ သူ မည်သို့ ပြောဆိုရမည် ဖျောင်းဖျရမည်ကို မသိတော့ချေ။ သူတော်စင်ယွမ်ယီက သူ၏ မိတ်ဆွေဟောင်းဖြစ်ပြီး သူ အားကိုးရသည့် မဟာမိတ်လည်း ဖြစ်သည်။ သူတော်စင်များထဲတွင် သူတော်စင်ယွမ်ယီက သူတော်စင်ခန်းကို အမြဲတမ်း ထောက်ခံအားပေးခဲ့သူ ဖြစ်သည်။

သို့သော် ယခုမူ စွန့်လွှတ်အနစ်နာခံရမည့်အချိန် သို့ ရောက်ရှိလာခဲ့လေပြီ။ သူတော်စင်ယွမ်ယီက ပထမဆုံးအဖြစ် ရှေ့သို့ ထွက်လာခဲ့၏။

သူတော်စင်ယွမ်ယီက တစ်ချက်ပြုံးလိုက်ပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထံသို့ ရဲရင့်ပြတ်သားသော ခြေလှမ်းများဖြင့် မယိုင်မလဲ မတွန့်မဆုတ် တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

သူ၏ အရှိန်က မမြန်လှသော်လည်း အလွန်တိုတောင်းလှသည့် အချိန်လေးအတွင်းမှာပင် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ အနီးနားသို့ ချဉ်းကပ်ရောက်ရှိသွားသည်။

နောက်ဆုံးတွင် သူတော်စင်ယွမ်ယီတစ်ယောက် သားရဲကြီး၏ ဧရာမဦးခေါင်းကြီး အနားသို့ ချဉ်းကပ်မိသွားသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကလည်း ရူးသွပ်စွာဖြင့် အတင်းအကျပ် တိုးဝင်လာ၏။ ထိုချိန်တွင် သူတော်စင်ယွမ်ယီက စကြဝဠာထဲရှိ ကြယ်တာရာစွမ်းအားများကို အပြင်းအထန် ဆွဲယူလိုက်တော့သည်။

များပြားထူပြောလှသော ကြယ်တာရာစွမ်းအားများက ကောင်းကင်ယံမှ မြစ်ကြီးတစ်စင်း စီးဆင်းပြိုကျလာသည့်အလား တဟုန်ထိုး ကျဆင်းလာသည်။ တစ်ဒင်္ဂအတွင်း သူတော်စင်ယွမ်ယီနှင့် ကမ္ဘာပျက်ကပ် သားရဲကြီး၏ ဧရာမဦးခေါင်းကြီးကို တစ်ချိန်တည်း လွှမ်းခြုံသွားတော့သည်။

ဝုန်း

သူတော်စင်ယွမ်ယီက ခပ်ဖျော့ဖျော့ တစ်ချက်ပြုံးလိုက်ပြီး ကြယ်တာရာစွမ်းအားစက်ကွင်းကို ကိုယ်တိုင် ဖောက်ခွဲပစ်လိုက်တော့သည်။

ကြောက်မက်ဖွယ်ရာ ကြယ်တာရာစွမ်းအားစက်ကွင်း ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုနောက်ဆက်တွဲ လှိုင်းလုံးကြီးများက အရပ်မျက်နှာအနှံ့သို့ ကတိုက်ကရိုက် တိုးဝင်သွားသည်။ ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေသော ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည်လည်း ပေါက်ကွဲမှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွား၏။

မှန်ပေသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ဒဏ်ရာရရှိသွားခဲ့လေပြီ။ နောက်ပြီး အလွန်တရာ ပြင်းထန်လှ၏။

သားရဲကြီး၏ ဦးခေါင်းမှာ မှတ်မိနိုင်စရာမရှိလောက်အောင် ပျက်စီးသွားခဲ့ပြီး နေရာအနှံ့ သွေးများဖြင့် ပြည့်နှက်သွားသည်။ ဤသည်ကား ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအနေဖြင့် ဤမျှအထိ ပြင်းပြင်းထန်ထန် ဒဏ်ရာမျိုးကို ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။

"ဂရီး…"

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက နာကျင်သွားဟန်ဖြင့် အရူးအမူး ဟိန်းဟောက်လိုက်သည်။ နာကျင်မှုများကြောင့် သွေးရူးသွေးတန်း အော်ဟစ်မြည်တမ်းနေပြီး မြင်သမျှ တွေ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။ သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဖျက်ဆီးခြင်းစွမ်းအားများက အရပ်မျက်နှာအနှံ့သို့ ကြီးမားလှသော အရှိန်အဝါဖြင့် တဟုန်ထိုး ပျံ့နှံ့သွားသည်။

"ပြန်သိမ်းမယ်"

ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်နှင့် လင်းဖုန်းက အလွယ်တကူ ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ အခြေခံ ဖျက်ဆီးခြင်းနိယာမက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားကို မယှဉ်နိုင်သော်လည်း ၎င်းမှ ထုတ်လွှတ်လိုက်သော ဖျက်ဆီးခြင်းစွမ်းအားကိုမူ သူ လွယ်လင့်တကူ ထိန်းချုပ်နိုင်သည်။

ထို့ကြောင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး ရူးသွပ်သွားချိန်တွင် သူတော်စင်များအပေါ် မည်သည့်ထိခိုက်ပျက်စီးမှုမျှ ဖြစ်ပေါ်စေနိုင်ခြင်း မရှိခဲ့ချေ။

သို့သော်လည်း ဤသည်က လုံလောက်မှု မရှိသေးပေ။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး လုံးဝသေဆုံးသွားခြင်း မရှိသေးသောကြောင့်ပင်။ သူတို့အနေဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်ရန် လိုသေးသည်။

ကျန်ရှိနေသော သူတော်စင်လေးပါးလည်း ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိချေ။ သူတို့၏ အကြည့်များက လေးလံနေသော်လည်း တစ်ယောက်ကိုတစ်ယောက် ပြတ်သားဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူတော်စင်ပါမန်က ရှေ့သို့ လှမ်းတက်လာ၏။

"ငါသွားမယ်"

အကယ်၍ ရွေးချယ်စရာသာ ရှိခဲ့လျှင် သူတော်စင်ပါမန်အနေဖြင့် သေခြင်းတရားကို တတ်နိုင်သမျှ ရှောင်လွှဲပေလိမ့်မည်။ သို့သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။ ကျန်ရှိနေသော သူတော်စင်လေးပါးထဲတွင် သူတော်စင်ခန်းနှင့် ပညာရေးအဖွဲ့အစည်းမှ သူတော်စင်နှစ်ပါးစလုံးက စွန့်လွှတ်စတေးမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

စစ်တပ်အုပ်စုမှ သူတော်စင်နှစ်ပါးသာ ကျန်ရှိနေတော့၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စစ်တပ်အဖွဲ့အစည်းအနေဖြင့် ဘာမှမလုပ်ဘဲ နေ၍မရပေ။ ထို့ကြောင့် သူတော်စင်ပါမန်အတွက် ရှေ့သို့ ထွက်လာရန်သာ ရှိတော့သည်။

သူတော်စင်ပါမန်သည် သာမန်အချိန်များတွင် တိုက်ခိုက်လေ့မရှိပေ။ သို့သော်လည်း စင်စစ်တွင် သူက အလွန်တရာ သန်မာသူ ဖြစ်သည်။ ထိပ်သီးသူတော်စင် သုံးပါးအတွင်း အဆင့်ဝင်သူ ဖြစ်၏။

သူက ဒဏ္ဍာရီလာ လက်သီးသူတော်စင်ထက်ပင် အနည်းငယ်မျှ ပိုမိုသန်မာနိုင်သေးသည်။

သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဘုရားနယ်မြေက မည်မျှပင် သန်မာနေပါစေ ဆုတ်ဖြဲခြင်း ခံရမည်သာ။ ယခုလက်ရှိအချိန်၌ သူ အကောင်းဆုံး လုပ်နိုင်သည်မှာ ကြယ်တာရာစွမ်းအားစက်ကွင်းကို ကိုယ်တိုင်ဖောက်ခွဲပစ်ရန်သာ ရှိတော့သည်။

သူတော်စင်ပါမန်က ထူထပ်များပြားလှသော ကြယ်တာရာစွမ်းအားများကို ဆွဲငင်ယူဆောင်လိုက်သည်။ ထို့နောက် သူ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး အနားသို့ ချဉ်းကပ်သွားပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ကြယ်တာရာစွမ်းအားစက်ကွင်းကို ချက်ချင်း ဖောက်ခွဲပစ်လိုက်တော့သည်။

ဝုန်း

ယခုတစ်ကြိမ် ကြယ်တာရာစွမ်းအားစက်ကွင်း ပေါက်ကွဲမှုက သူတော်စင်ယွမ်ယီ၏ ကြယ်တာရာစွမ်းအားစက်ကွင်း ပေါက်ကွဲမှုထက်ပင် ပိုမိုပြင်းထန်ပုံရ၏။

ကြယ်တာရာစွမ်းအားစက်ကွင်း ပေါက်ကွဲသွားသည်နှင့် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှိုင်းလုံးကြီးများက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အလုံးစုံ လွှမ်းခြုံဝါးမြိုသွားသည်။

ဧရာမသားရဲကြီးသည် ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေခဲ့ပြီး သူတော်စင်နှစ်ပါး၏ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုကို အပြည့်အဝ ခုခံခဲ့ရသည်။ သားရဲကြီး၏ ဦးခေါင်းသည်လည်း ဖျက်ဆီးခြင်းလှံတံကြောင့် အပြင်းအထန် ဒဏ်ရာရရှိထားခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် မည်မျှအထိ ဆက်လက်တောင့်ခံထားနိုင်ပါဦးမည်နည်း။

ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ဖုန်မှုန့်များ မီးခိုးများ ဝေမှိုင်းအုပ်ဆိုင်းသွားသည်။ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်သည်လည်း လှုပ်ရှားမှု ရပ်တန့်သွား၏။ လူတိုင်း အသက်ရှူအောင့်ကာ အာရုံစိုက် ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နိုင်ကြောင်း သူတို့အားလုံး သိကြသည်။

ဤကဲ့သို့သော အဖျက်အားအပြည့်ရှိသည့် တိုက်ပွဲအတွင်း သူတော်စင်နှစ်ပါး၏ မိမိကိုယ်ကိုယ် စတေးကာ ဖောက်ခွဲမှုနှင့် ဖျက်ဆီးခြင်းလှံတံတို့၏ ထိုးစိုက်မှု ဒဏ်တို့ကြောင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး မည်မျှပင် သန်မာနေပါစေ အပြင်းအထန် ဒဏ်ရာရရှိသွားရမည်သာ ဖြစ်သည်။

ဖုန်မှုန့်များ ကွယ်ပျောက်သွားသောအခါ လူတိုင်း ပေါက်ကွဲမှုဗဟိုချက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters