← Chapters

အခန်း ၃၈၃

Vol. 34 Ch. 383

အခန်း ၃၈၃

Vol. 34 Ch. 383

အခန်း (၃၈၃) - သေဆုံးခြင်းလော

ဘာသာပြန် - အားသစ်

"မဖြစ်နိုင်တာ…"

ပေါက်ကွဲမှုဗဟိုချက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် လင်းဖုန်းအပါအဝင် သူတော်စင်များအားလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းက အမှန်တကယ်ပင် သနားစဖွယ်ကောင်းလောက်အောင် သွေးချင်းချင်းနီနေခဲ့သော်လည်း သူ သေဆုံးမသွားခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားက အဆက်မပြတ် တိုးပွားလာနေသည်။

တိုးပွားလာသည်…

အရူးအမူး တိုးပွားလာနေသည်…

ကြောက်စရာကောင်းလောက်အောင် တိုးပွားလာနေသည်။

လူတိုင်း ဆွံ့အမှင်သက်သွားကြ၏။ သူတို့အနေဖြင့် ဤအခြေအနေက မည်သို့မည်ပုံ ဖြစ်ပျက်နေမှန်း နားမလည်နိုင်ကြတော့ချေ။

ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက သေလုမြောပါး ဖြစ်မနေဘူးလား။ သားရဲကြီးရဲ့ အရှိန်အဝါက ဘာလို့ ပိုပြီးတော့တောင် သန်မာလာရတာလဲ။

သားရဲကြီး၏ အခြေအနေက ဆိုးရွားနေပုံရသော်လည်း အရှိန်အဝါက အဆက်မပြတ် သန်မာလာနေသည်။ ဤအဖြစ်က ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဒဏ်ရာရရှိမှုက မပြင်းထန်ခဲ့သည့်အပြင် ယခင်ကထက်ပင် ပိုမိုသန်မာလာကြောင်း ပြသနေသည်။ သို့သော် ဤသည်ကား မည်သို့နှယ် ဖြစ်နိုင်ပါအံ့နည်း။

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းတွင် စိုက်ဝင်နေသော ဖျက်ဆီးခြင်းလှံတံက အလွန်တရာ ထင်ထင်ရှားရှား ရှိနေသည်။

"ဖျက်ဆီးခြင်းလှံတံ…"

လင်းဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဧရာမသားရဲကြီး၏ ဦးခေါင်းပေါ်တွင် ဖျက်ဆီးခြင်းအရှိန်အဝါများ ထုတ်လွှတ်နေသော ဖျက်ဆီးခြင်းလှံတံက သားရဲကြီး၏ ဦးခေါင်းအတွင်းသို့ တဖြည်းဖြည်း နစ်ဝင်သွားနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ထို့အပြင် ထိုဖြစ်ရပ်က အလွန်လျင်မြန်လှသဖြင့် လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံကို ပြန်လည်ဆွဲထုတ်လိုသည့်တိုင် အချိန်မမီတော့ချေ။

စွပ်

ဖျက်ဆီးခြင်းလှံတံက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းအတွင်းသို့ လုံးဝဥဿုံ နစ်ဝင်ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက အလွန်တရာ ပြင်းထန်လှသော နာကျင်မှုကို အောင့်အည်း သည်းခံနေရဟန်ရှိကာ သူ၏ခန္ဓာကိုယ်ကြီးက အဆက်မပြတ် လူးလွန့်ယမ်းခါနေပြီး မရပ်မနား ဟိန်းဟောက်အော်ညည်းနေသည်။

သို့သော် ထိုသို့ဖြစ်နေခြင်းက မည်သို့နှယ် ထူးပါဦးမည်နည်း။

…………

များမကြာမီ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဦးခေါင်းက မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာသည်။ လုံးဝဥဿုံ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင်မူ ဧရာမသားရဲကြီး၏ ဦးခေါင်းပုံစံက လုံးဝပြောင်းလဲသွားတော့၏။ သားရဲကြီး၏ မျက်လုံးများက ပိုမိုအေးစက်ကြမ်းကြုတ်လာပြီး အလုံးစုံ သောင်းကျန်းဖျက်ဆီးလိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းစွမ်းအား အရှိန်အဝါများ အမှန်တကယ်ပင် ထွက်ပေါ်လာနေခြင်းပင်။ သားရဲကြီး၏ ခန္ဓာကိုယ်က ဆက်လက်ဖျက်ဆီးခြင်း မခံရတော့ပေ။ သူ၏ ထုထည်ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ခွေလိပ်ကာ ဖျက်ဆီးခြင်းစွမ်းအားများကို အစွမ်းကုန် ဝါးမြိုစုပ်ယူနေတော့သည်။

လင်းဖုန်းက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို သေသေချာချာ စိုက်ကြည့်နေ၏။ သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကို အာရုံခံမိပြီး ရဲတင်းကာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော အတွေးတစ်ခု သူ့စိတ်ထဲတွင် လက်ခနဲ ပေါ်လာသည်။

"ဒီကောင်က ဖျက်ဆီးခြင်းလှံတံထဲမှာရှိတဲ့ ဖျက်ဆီးခြင်းစွမ်းအားကို အားကိုးပြီးတော့ ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှုကို လုပ်ချင်နေတာပဲ…"

သူ နားလည်သွားသည်။ ယခုအခါ လင်းဖုန်း အရာအားလုံးကို သဘောပေါက်သွား၏။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဖျက်ဆီးခြင်းအတွက်သာ မွေးဖွားလာခြင်းဖြစ်သည်။ သူအရာအားလုံးကို ဖျက်ဆီးရခြင်း၏ ရည်ရွယ်ချက်က ယင်းမှတဆင့် ဖျက်ဆီးခြင်းစွမ်းအား များစွာကို ရရှိနိုင်ရန် ဖြစ်၏။

ထို့နောက် ထိုဖျက်ဆီးခြင်းစွမ်းအားကို အားကိုးအားထားပြု၍ ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်ကာ ဂြိုဟ်အဆင့် သက်ရှိတစ်ကောင် ဖြစ်လာစေရန် ဖြစ်ပေသည်။

သို့သော်လည်း သက်ရှိများနှင့် အရာဝတ္ထုများကို ဖျက်ဆီးခြင်းမှ ရရှိသော ဖျက်ဆီးခြင်းစွမ်းအားက သန့်စင်မှုအပိုင်းတွင် ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားနှင့် နှိုင်းယှဉ်၍ မရချေ။ ဖျက်ဆီးခြင်းလှံတံ အတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားက အဆပေါင်းများစွာ ပိုမိုသန့်စင်ကာ အစွမ်းလည်း ထက်ပေ၏။

ယခုတစ်ကြိမ်တွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဖျက်ဆီးခြင်းလှံတံ အတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားများကို ပေါက်ကွဲထွက်လာစေရန် ခွင့်ပြုခဲ့ပြီး ထိုဖျက်ဆီးခြင်းစွမ်းအားများဖြင့် သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးစေခဲ့သည်။

အမှန်တရားကမူ သူက ဖျက်ဆီးခြင်းစွမ်းအားကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် ကြိုးပမ်းနေခြင်းသာဖြစ်၏။ ဖျက်ဆီးခြင်းလှံတံထဲရှိ သန့်စင်လှသော ဖျက်ဆီးခြင်းစွမ်းအားကို အားကိုးကာ ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်ရန် လုပ်ဆောင်လိုနေခြင်း ဖြစ်သည်။

အရာအားလုံး ရှင်းလင်းသွားခဲ့လေပြီ။

"ဒီကောင့်ကို တားရမယ်… ငါတို့ ဒီသားရဲကြီးကို သေချာပေါက် တားဆီးရမယ်…"

လင်းဖုန်း ကောင်းကောင်း သိ၏။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသာ များစွာသော ဖျက်ဆီးခြင်းစွမ်းအားများကို စုပ်ယူပြီး ဖျက်ဆီးခြင်းစွမ်းအား၏ အစစ်အမှန် အနှစ်သာရကို နားလည်သဘောပေါက်သွားပါက ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို အမှန်တကယ် အောင်မြင်သွားနိုင်ခြေ ရှိသည်။

ထိုအချိန်ရောက်လျှင် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာပြီဖြစ်သည့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လီဗိုင်ယာသန်ကဲ့သို့ပင် မြေကမ္ဘာဂြိုဟ်ကြီး တစ်ခုလုံးကို သေချာပေါက် ဝါးမြိုပစ်ပေလိမ့်မည်။

လင်းဖုန်း အချိန်ဆွဲမနေတော့ပေ။ ရှေ့သို့ အပြင်းချီတက်သွားသည်။ သူ၏ ၃၅ ကီလိုမီတာရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထံသို့ တဟုန်ထိုး ခုန်အုပ်လိုက်တော့သည်။

ဂရီး…

လက်ရှိအချိန်တွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေခြင်း ဖြစ်၏။ သားရဲကြီးအနေဖြင့် တစ်စုံတစ်ယောက်က သူ့အား လာရောက်နှောင့်ယှက်ခြင်းကို မည်သို့လျှင် ခွင့်ပြုပါမည်နည်း။

ထို့ကြောင့် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ထုထည်ကြီးမားလှသော ခန္ဓာကိုယ်ကြီးက လင်းဖုန်းအပေါ်သို့ အပြင်းအထန် ဖိကြိတ်ဝင်တိုက်လိုက်တော့သည်။

ဝုန်း

လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ အစိတ်စိတ် အပိုင်းပိုင်း ကွဲအက်သွားပြီး ကြိုးပြတ်သွားသော စွန်တစ်စင်းပမာ နောက်သို့ ဖရိုဖရဲ လွင့်ထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက သူ့အား အလွတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သားရဲကြီးက ဧရာမခန္ဓာကိုယ်ကြီးဖြင့် ထပ်မံတိုးဝင်လာကာ သူ့ကို တိုက်ရိုက် ဖိကြိတ်ပစ်လိုက်တော့သည်။

ခလွပ် ဗျစ်…

လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ထပ်မံ၍ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားပြန်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားနေကြောင်း လင်းဖုန်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ဤသည်ကား ဖျက်ဆီးခြင်းစွမ်းအား၏ အကျိုးသက်ရောက်မှုနှင့် လုံးဝဥဿုံ ကွဲပြားခြားနားလှသည်။ ယင်းက လင်းဖုန်း၏ ဆဲလ်များကို သေဆုံးစေကာ သူ၏စွမ်းအင်များကို တိုက်စားလွင့်ပျယ်သွားစေပြီး တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားစေသည့် အားကောင်းလှသော စွမ်းအားတစ်ခု ဖြစ်သည်။

ယင်းက ဆဲလ်များကို တိုက်ရိုက်ဖျက်ဆီးပစ်သည့် ဖျက်ဆီးခြင်းစွမ်းအားမျိုး မဟုတ်ချေ။

လင်းဖုန်း သူ မကြာမီ သေဆုံးရတော့မည်ဖြစ်ကြောင်း သိရှိလိုက်ရ၏။

ဝုန်း

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ထုထည်ကြီးမားလှသော ခန္ဓာကိုယ်ကြီးက တဟုန်ထိုး ဖိနှိပ်ကျဆင်းလာပြန်သည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ချက်ချင်းပင် အစအနမကျန် ပျက်စီးသွားပြီး သူ၏ အသက်စွမ်းအားများသည်လည်း မြန်မြန်ဆန်ဆန်ပင် ဆုတ်ယုတ်သွားတော့သည်။

"ငါ သေတော့မယ်…"

"ငါ ပင်ပန်းနေပါပြီ…"

"နောက်ဆုံးတော့ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီပဲ…"

လင်းဖုန်း၏ စိတ်ထဲတွင် သူ ငယ်ရွယ်စဉ်မှစ၍ ယခုအချိန်အထိ ပုံရိပ်များ တစ်ခုပြီးတစ်ခု တလက်လက် ထွက်ပေါ်လာသည်။

"သခင်… ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပါဦး…"

လောင်ဘီသမ်၏ အသံက သူ့စိတ်ထဲတွင် ဟိန်းထွက်လာသော်လည်း ဘာများ ထူးပါဦးမည်နည်း။ သူ၏စိတ်ဆန္ဒ မည်မျှပင် ခိုင်မာနေပါစေ လက်တွေ့ဘဝကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိချေ။ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိတော့ချေ။ ယခုအချိန်တွင် သူ အရေးနိမ့်ခဲ့ပြီဖြစ်သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်လည်း ပျက်စီးသွားခဲ့ပြီဖြစ်ရာ သူ သေခြင်းတရား၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက အလွန်တရာ အားကောင်းလွန်းလှ၏။ လင်းဖုန်း၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဖျက်ဆီးခြင်းလှံတံပင် အလုပ်မဖြစ်ခဲ့သည့်နောက် လင်းဖုန်းအနေဖြင့် အမှန်တကယ်ပင် မည်သို့မှ မတတ်နိုင်တော့ချေ။

သူ့ခန္ဓာကိုယ်မှ ဆဲလ်များ တစ်စတစ်စ ပျက်စီးလာသည်နှင့်အမျှ လင်းဖုန်း၏ အသက်စွမ်းအားကလည်း တဖြည်းဖြည်း လျော့ပါးသွားသည်။

သူ့အား တစ်စုံတစ်ယောက်က အရူးအမူး အော်ဟစ်ခေါ်ဆိုနေသည့်အသံကို ကြားလိုက်ရသလို ရှိသော်လည်း သူ လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ချေ။

သူ့ မိဘများအနေဖြင့် ဝမ်းနည်းပူဆွေးကာ စိတ်နှလုံးထိခိုက်ရပေလိမ့်မည်။ ချူချန်းသည်လည်း ပူဆွေးသောကရောက်ကာ စိတ်နှလုံးကြေကွဲရပေလိမ့်မည်။ သူနှင့် ချူချန်းတို့တွင် မည်သည့်သားသမီးမျှ မထွန်းကားခဲ့ရခြင်းက ကံဆိုးလှပေ၏။

သို့သော်လည်း သားသမီးများ ရှိခဲ့လျှင်ပင် သိပ်မထူးတော့ချေ။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် သတ္တဝါတိုင်း သေဆုံးကြရမည်သာ ဖြစ်သည်။ တစ်ကမ္ဘာလုံး လုံးဝဥဿုံ ပျက်သုဉ်းသွားရမည်ဖြစ်ရာ အရာအားလုံးက မည်သို့နှယ် အဓိပ္ပာယ် ရှိပါဦးမည်နည်း။

လင်းဖုန်း၏ အသိစိတ်က တဖြည်းဖြည်းနှင့် ဝေဝါးလာခဲ့သည်။ သူ အေးစက်တည်ငြိမ်လှသော သူတော်စင်ပင်းယုကို လှမ်းတွေ့လိုက်ရသည်။ လင်းဖုန်းအနေဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ပင်းယုအပေါ် အနည်းငယ် စိတ်ဝင်စားမှုရှိနေကြောင်းကိုပင် မသဲမကွဲ ခံစားမိခဲ့သေးသည်။

သို့သော် ယခုမူ သူတော်စင်ပင်းယုက ကိုယ့်ကိုယ်ကို ပေါက်ကွဲပစ်လိုက်လေပြီ။ ကြီးမားလှသော ပေါက်ကွဲမှုနောက်ဆက်တွဲ လှိုင်းလုံးကြီးများကြောင့် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုးရွေ့လျားသွားသည်။ လင်းဖုန်းအနေဖြင့် ဧရာမသားရဲကြီး၏ ထုထည်ကြီးမားလှသော ခန္ဓာကိုယ်ကြီး၏ ဖိအားကို ဆက်လက်၍ မခံစားရတော့ချေ။

သို့သော်လည်း သူ့အသက်က အဆုံးသတ်သို့ ရောက်ရှိနေလေပြီ။ သူ၏ အသက်စွမ်းအားက မီးစာကုန်ဆီခမ်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှာ တစ်စစီ ဖျက်ဆီးခံနေရသည်ကို ဒီအတိုင်း ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ချေ။ လက်ရှိအခြေအနေတွင် သူ လုပ်နိုင်သောအရာ ဘာမှမရှိတော့ချေ။

"ဖျက်ဆီးခြင်းလား…"

လင်းဖုန်းသည် ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ အလွန်တရာ ရင်းနှီးကျွမ်းဝင်လှ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ထရီလီယံနှင့်ချီသော ဆဲလ်များ ရှိနေသည်။ ထိုအခိုက်အတန့်တွင် ယင်းတို့အားလုံး တစ်စစီ ဖျက်ဆီးခံနေရ၏။ သို့သော်လည်း ယင်းတို့က လင်းဖုန်း ယခင်က မြင်တွေ့ခဲ့ဖူးသော သေဆုံးခြင်း ပျက်စီးခြင်းတို့နှင့် လုံးဝဥဿုံ ကွဲပြားခြားနားလှသည်။

လင်းဖုန်းတစ်ယောက် သူ၏ အသက်စွမ်းအားများ တစ်စတစ်စ ဆုတ်ယုတ်သွားရခြင်းနှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ တဖြည်းဖြည်းချင်း ဖျက်ဆီးခံနေရခြင်းတို့ကို ယခုကဲ့သို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးချေ။

ဤသည်က သဘာဝကျပေ၏။ မည်သူကများ မိမိကိုယ်ကိုယ် သေခြင်းတရားနှင့် ရင်ဆိုင်ရန် ခွင့်ပြုပါမည်နည်း။

"သက်ရှိတွေရဲ့ ပျက်စီးခြင်း…ဖျက်ဆီးခြင်းရဲ့ စွမ်းအား"

လင်းဖုန်း မှင်သေငေးငိုင်သွားသည်။ သူ အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရသလို ရှိပြီးနောက်တွင်မူ တစ်ကမ္ဘာလုံးက အလုံးစုံ ပြောင်းလဲသွားလေတော့သည်။

မူလက အရောင်အသွေး စုံလင်လှသော ကမ္ဘာကြီးသည် ရုတ်တရက် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွား၏။ သူ့မျက်စိရှေ့မှ အရာမှန်သမျှ…

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး၊ သူတော်စင်များ၊ သိုင်းပညာရှင်များ၊ သာမန်လူသားများနှင့် ပြိုလဲပျက်စီးနေသော ကွန်ကရစ်များ၊ ကျောက်တုံးများနှင့် အခြားအရာများအားလုံး…

လင်းဖုန်း၏ အမြင်တွင် အရာအားလုံးက အနည်းငယ် ထူးခြားနေ၏။ သူ့ရှေ့မှ အရာမှန်သမျှ မီးခိုးရောင် ဖြစ်နေသည်။ ယင်းက သက်ရှိများသာမက အရာအားလုံး တစ်စတစ်စ ဖျက်ဆီးခံနေရသည့်အလား ရှိနေခြင်း ဖြစ်သည်။

သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ အခြားမည်သည့်အရာဖြစ်စေ အရာဝတ္ထုမှန်သမျှ အဆုံး၌ အလုံးစုံ ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။

"ဖျက်ဆီးခြင်းဆိုတာ တကယ်ပဲ ပြန်လှည့်လို့မရတဲ့ အရာတစ်ခုလား…"

ထိုအခိုက်အတန့်တွင် လင်းဖုန်း မလှုပ်ရှားနိုင်တော့ချေ။ ဤအတွေးကသာ သူ့စိတ်ထဲ၌ အချိန်အတော်ကြာအောင် စွဲထင်ကျန်ရစ်နေတော့သည်။

ရုတ်တရက် လင်းဖုန်း ဉာဏ်အလင်းပွင့်သွားသည်။ ထိုအခိုက် အလုံးစုံ ဗီဇစိတ်အရ ဖျက်ဆီးခြင်းစွမ်းအား အရိပ်အယောင်တစ်ခုက လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်၌ တဖြည်းဖြည်းချင်း စုစည်းလာ၏။

ဤဖျက်ဆီးခြင်းစွမ်းအား အရိပ်အယောင်က သက်ရှိတို့၏ ဖျက်ဆီးခြင်းစွမ်းအားနှင့် လုံးဝဥဿုံ ကွဲပြားခြားနားလှပေ၏။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက ပိုမိုအေးစက်ကာ ပိုမိုမှောင်မိုက်ပြီး ပို၍လည်း သန့်စင်လှသည်။

ဤသည်ကား သက်မဲ့ဝတ္ထုတစ်ခု၏ ဖျက်ဆီးခြင်းစွမ်းအားပင်။

"ဒီတော့… ဖျက်ဆီးခံရနိုင်တာက သက်ရှိတွေတင် မဟုတ်ဘူးပဲ…"

လင်းဖုန်း၏ နှလုံးအိမ်က နောက်ဆုံးတွင် ထပ်မံ လှုပ်ခတ်လာပြန်သည်။ သူ့ရှေ့မှ မီးခိုးရောင် ကမ္ဘာကြီးအပေါ် ထူးခြားဆန်းကြယ်သည့် ခံစားချက်တစ်ခု ထပ်မံရရှိလာပုံရသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters