← Chapters

အခန်း ၃၈၄

Vol. 34 Ch. 384

အခန်း ၃၈၄

Vol. 34 Ch. 384

အခန်း (၃၈၄) - လက်ညှိုးတစ်ချောင်းဖြင့် ဖျက်ဆီးခြင်း

ဘာသာပြန် - အားသစ်

ဝုန်း

သူတော်စင်ပင်းယုသည်လည်း မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည်။ အေးစက်ပြီး စကားနည်းလှသော သူတော်စင်ပင်းယုက ဤမျှအထိ ပြတ်သားစွာဖြင့် မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

ပြင်းထန်လှသော ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအား ထိခိုက်မှု ကြီးကြီးမားမား မဖြစ်စေနိုင်ခဲ့ပေ။ သို့သော်လည်း သားရဲကြီး၏ ဧရာမခန္ဓာကိုယ်ကြီးကိုမူ အနည်းငယ် လွင့်သွားစေခဲ့ပြီး လင်းဖုန်း၏ ဒဏ်ရာဗရပွဖြင့် ခန္ဓာကိုယ်ကို ပေါ်ထွက်လာစေခဲ့သည်။

ယခုလက်ရှိအချိန်တွင် လင်းဖုန်းတစ်ယောက် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ဆက်လက်မထိန်းသိမ်းထားနိုင်တော့ချေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အသက်စွမ်းအားက အလွန်တရာ ဆုတ်ယုတ်သွားခဲ့ပြီဖြစ်ရာ အချိန်မရွေး ငြိမ်းသေကွယ်ပျောက်သွားတော့မည့် မီးအိမ်တစ်ခုအလား ရှိနေသည်။

"သူတော်စင်ပင်းယု…"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် လက်သီးများကို တင်းတင်းဆုပ်လိုက်ကာ အသံကုန်အော်ဟစ်လိုက်မိသည်။ သူ၏မျက်လုံးများမှာ သွေးရောင်အလား ချင်းချင်းနီနေ၏။

ယခုလက်ရှိအချိန်တွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင်ခန်းနှင့် သူတော်စင်ကျိုးထျန်းချီတို့ သုံးယောက်သာ ကျန်ရှိနေတော့သည်။ ယခင်က လင်းဖုန်းအပါအဝင် သူတော်စင်ဆယ်ပါး ရှိခဲ့သော်လည်း ယခုအခါတွင်မူ သုံးပါးသာ ကျန်ရှိတော့သည်။

လင်းဖုန်းသည်လည်း သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ဤသည်ကား အစစ်အမှန် ကမ္ဘာပျက်ကပ်ကြီးပင် ဖြစ်ပေတော့သည်။

"ငါတို့ အစွမ်းကုန် ကြိုးစားကြတာပေါ့… ဘယ်သူမှ ကမ္ဘာပျက်ကပ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…"

သူတော်စင်ခန်း ကောင်းကင်ယံသို့ မော့ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ လင်းဖုန်းသည်ပင် သေလုမြောပါး ဖြစ်နေခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် အခြားမည်သည့် အံ့ဖွယ်ဖြစ်ရပ်ကို မျှော်လင့်နိုင်ပါဦးမည်နည်း။

ဘယ်လို အံ့ဖွယ်ဖြစ်ရပ်မျိုးမှ ထပ်မံရှိလာနိုင်တော့မည် မဟုတ်ချေ။

သူတော်စင်ခန်း၊ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ကျိုးထျန်းချီတို့အားလုံး များပြားထူပြောလှသော ကြယ်တာရာစွမ်းအားကို ချက်ချင်း ဆွဲယူလိုက်ကြသည်။

ဗဟိုပင်လယ်မြို့ရှိ လူသားများအပါအဝင် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လူသားအားလုံး မျက်ရည်များ ဝဲသီလာခဲ့ကြရသည်။ ထိုသူတော်စင်သုံးပါး လုပ်တော့မည့်အရာကို သူတို့ ကောင်းကောင်း သိကြသည်။

ထိုသူတော်စင် သုံးပါးသည်လည်း နောက်ဆုံးအနေဖြင့် အစွမ်းကုန် စွန့်လွှတ်စတေးတော့မည် ဖြစ်သည်။ ထိုသူတော်စင်သုံးပါးရောပါ သေဆုံးသွားခဲ့လျှင် လူသားမျိုးနွယ်ထံသို့ မည်သည့်အရာက ဆိုက်ရောက်လာပါမည်နည်း။

သံသယဖြစ်ဖွယ်မရှိ လုံးဝဥဿုံ ပျက်သုဉ်းခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤသည်ကား အစစ်အမှန် ကမ္ဘာပျက်ကပ် ဘေးဒုက္ခကြီး ဖြစ်ပေသည်။

ဗဟိုပင်လယ်မြို့တစ်ခုလုံး ပူဆွေးသောကများနှင့် လွှမ်းခြုံစိုးမိုးနေခဲ့သည်။ ဤမြို့သည် အခြားမြို့များနှင့် ကွဲပြားခြားနားလှ၏။ ဤနေရာက သူတော်စင်လင်းဖုန်း၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သည်။ ဗဟိုပင်လယ်မြို့သည် လင်းဖုန်းအတွက် အမြဲတမ်း ဂုဏ်ယူနေခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဗဟိုပင်လယ်မြို့ရှိ လူတိုင်း လူသားမျိုးနွယ်၏ အသန်မာဆုံး ပထမသူတော်စင်ကြီး၊ ဗဟိုပင်လယ်မြို့၏ သူရဲကောင်းဖြစ်သူ သူတော်စင်လင်းဖုန်းတစ်ယောက် မြေပြင်ပေါ်သို့ လဲကျနေပြီး သေသလား ရှင်သလားကိုပင် မသိနိုင်တော့သည့် အခြေအနေကို ငေးကြည့်နေရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်တော့ချေ။

မရေမတွက်နိုင်သော လူများက အံ့ဖွယ်တစ်ခု ဖြစ်ပေါ်လာရန် မျှော်လင့်နေကြသည်။ လူပေါင်းများစွာက လင်းဖုန်း၏ အမည်နာမကို အသံကုန် အော်ဟစ်ခေါ်ဆိုနေကြသည်။

လင်းမိသားစုအတွင်း၌မူ လင်းဇနီးမောင်နှံ၊ သားကြီးနှင့် သမီးငယ်တို့မှာ မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးနေကြတော့သည်။ သူတို့အားလုံး ရုပ်မြင်သံကြားပေါ်ရှိ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေသည့် မြင်ကွင်းကို ဝမ်းနည်းမှုများစွာဖြင့် ကြည့်ရှုနေကြ၏။ လင်းဖုန်းတစ်ယောက် မြေပြင်ပေါ်တွင် လဲကျနေသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်လည်း လုံးဝပျက်စီးကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် မလှုပ်မယှက် ရှိနေ၏။

ဤသည်ကား လင်းမိသားစုအတွက် အလွန်တရာ စိတ်နှလုံးထိခိုက်စရာ ကောင်းလှပေသည်။

လင်းမိသားစုသာမက လင်းဖုန်း လဲကျသွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် ကျန်းချီကျိ၊ ချူချန်းနှင့် ကာကွယ်သူအဖွဲ့ချုပ် အဖွဲ့ဝင်များစွာတို့သည်လည်း မျက်ရည်များ ဆည်ကျိုးသည့်အလား ကျဆင်းလာကြသည်။

ယခုတစ်ကြိမ်တွင် လင်းဖုန်းအနေဖြင့် အမှန်တကယ်ပင် အဆုံးသတ်သွားခဲ့ပြီဟု ထင်ရသည်။

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ အရှိန်အဝါက ပို၍ပင် သန်မာလာ၏။ စကြဝဠာထဲမှ များပြားလှသော ကြယ်တာရာစွမ်းအားများ တဟုန်ထိုး ကျဆင်းလာသည်။ ထိုသူတော်စင်သုံးပါးက လူသားမျိုးနွယ်၏ ထောက်တိုင်များအနေဖြင့် သူတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်အတွက် စွမ်းအားစက်ကွင်းများကို ဖောက်ခွဲတော့မည့် အချိန်၌…

ရုတ်တရက် တိုးညှင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

"သူတော်စင်… သူတော်စင်လင်းဖုန်းလား…"

သူတော်စင်ခန်းက မျက်လုံးထောင့်မှတစ်ဆင့် လင်းဖုန်း လှုပ်ရှားလာသည်ကို မြင်တွေ့လိုက်ရသည်။ လင်းဖုန်းက တစ်ခုခု ပြောဆိုနေပုံရသော်လည်း သူ လင်းဖုန်း ဘာပြောနေသည်ကို လုံးဝ မကြားရချေ။

ထိုသူတော်စင်သုံးပါးလည်း ကြယ်တာရာစွမ်းအားစက်ကွင်းကို ချက်ချင်း ဖောက်ခွဲပစ်ခြင်း မပြုကြတော့ချေ။ သူတို့အားလုံး အေးစက်စက် စွမ်းအားတစ်ခုက လင်းဖုန်းကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသောကြောင့်ပင်။ ထိုမျှမက ထိုအေးစက်စက် စွမ်းအားများက တစ်စတစ်စ ပိုမိုစုစည်းလာပြီး နောက်ဆုံးတွင် မီးခိုးရောင် လေစီးကြောင်းအလွှာတစ်ခုအဖြစ် ပြောင်းလဲကာ လင်းဖုန်းကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။

လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်၌ သေခြင်းတရား၏ အငွေ့အသက်များ ရှိနေခဲ့ပြီး ဖြစ်၏။ ယခုအခါ ထိုသေခြင်းတရား၏ အငွေ့အသက်များက ပို၍ပင် သန်မာလာသည်။ သို့သော်လည်း ယင်းက လေပြင်းထဲမှ မီးစာကလေးကဲ့သို့ အချိန်မရွေး ငြှိမ်းသတ်ခံရတော့မည့် ပုံစံမျိုး မဟုတ်တော့ချေ။

ဆန်းကြယ်လှသည်က ထိုကဲ့သို့ ပြင်းထန်လှသည့် သေခြင်းတရား အရှိန်အဝါအောက်တွင် လင်းဖုန်း၏ အသက်စွမ်းအားက တဖြည်းဖြည်း ပြန်လည်သန်မာလာခဲ့ခြင်းပင်။

"ဒါက…"

လူတိုင်း ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိသွားသည်။

ဧရာမသားရဲကြီးက ဦးခေါင်းကို တစ်ပတ်လည်အောင် လှည့်လိုက်ကာ မြေပြင်ပေါ်ရှိ လင်းဖုန်းကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ အတိုင်းအဆမဲ့ ဖျက်ဆီးခြင်းစွမ်းအားများ လင်းဖုန်းထံသို့ စုစည်းသွားနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ဤသည်ကား သူအနေဖြင့် မည်သို့မျှ လက်ခံနိုင်စွမ်း မရှိသောအရာပင်။ သူက ဖျက်ဆီးခြင်းစွမ်းအားကို လိုအပ်နေခြင်းဖြစ်ရာ မည်သည့်စွမ်းအား အရိပ်အယောင်ကိုမှ အဆုံးရှုံးမခံနိုင်ချေ။

ဝုန်း

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ရုတ်တရက် သူ့အမြီးကို မြှောက်ကာ လင်းဖုန်းထံသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့သည်။

ဧရာမအမြီးကြီးက ကောင်းကင်ယံထက်မှ တောင်ကြီးတစ်လုံး ပြိုကျလာသည့်ပမာ ရှိနေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားက လူတိုင်းကို အသက်ရှူကျပ်လုနီးပါး ဖြစ်သွားစေသည်။ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ အမြီးတစ်ချက် ရိုက်ခတ်မှုစွမ်းအားကို လင်းဖုန်းအနေဖြင့် အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့စဉ်ကပင် တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ချေ။

သားရဲကြီး၏ အမြီးက လင်းဖုန်းနှင့် ထိတွေ့တော့မည့် အချိန်တွင်…

ဝှစ်…

လင်းဖုန်း သူ့မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူ လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဖျက်ဆီးခြင်း"

ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလ်ု ဖြစ်သွားသည်။ မျှော်လင့်ထားသည့်အတိုင် မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းသွားစေမည့် အသံမျိုး ထွက်ပေါ်မလာခဲ့သလို လင်းဖုန်း၏ ခန္ဓာကိုယ်ကလည်း လုံးဝဥဿုံ ကြိတ်ခြေခြင်း မခံလိုက်ရချေ။

လင်းဖုန်း၏ လက်ညှိုးဖြင့် အသာအယာ တို့ထိလိုက်မှုကြောင့် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ အမြီးက စွမ်းအားတစ်စုံတစ်ရာကြောင့် တိုက်ရိုက် အမှုန့်ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြီးတစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ လင်းဖုန်း၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသော လေပြည်လေညင်းလေးတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

"ဒါက…"

လူတိုင်း အံ့အားသင့်သွားကြသည်။ ကျန်ရှိနေသော သူတော်စင်သုံးပါး၏ မျက်လုံးများပင် ပြူးကျယ်သွားကြသည်။ သူတို့ မြင်တွေ့နေရသောအရာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

သူ့တွင် တိုက်ပွဲဝင်ခန္ဓာကိုယ် မရှိတော့ချေ။ လက်ရှိတွင် လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ပြန်လည်ရုပ်သိမ်းထားခဲ့ပြီး ဖြစ်၏။ လင်းဖုန်း၏ ယခုလက်ရှိ အခြေအနေအရ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မည်သို့မျှ ထုတ်ဖော်နိုင်စွမ်း မရှိချေ။

ထို့အပြင် လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားကလည်း လေတစ်ချက်အဝေ့တွင် ငြိမ်းသေသွားတော့မည့် မီးတောက်ငယ်လေးတစ်ခုပမာ အမှန်တကယ်ပင် အလွန်တရာ အားနည်းလှသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက လေညင်းလေးတစ်ခုကိုပင် ခံနိုင်ရည်မရှိတော့ဘဲ အချိန်မရွေး လဲပြိုသွားတော့မည့်အလား အလွန်အားနည်းနေပုံရသည်။

အထူးသဖြင့် သူ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ရှေ့မှောက်တွင် ရပ်တည်နေချိန်၌ ပုရွက်ဆိတ်ငယ်လေး တစ်ကောင်ကဲ့သို့ ရှိနေခဲ့၏။ သေသေချာချာ မကြည့်ပါက သူ့ကို မြင်တွေ့နိုင်မည်ပင် မဟုတ်ချေ။

သို့သော်လည်း ဤကဲ့သို့ သေးငယ်လှသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်တည်မှုလေးက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ အမြီးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ပြာအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ဧရာမသားရဲကြီး၏ အမြီးက အနည်းဆုံး ၁၀ ကီလိုမီတာခန့်အထိ ရှည်လျားလှ၏။ သားရဲကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး၏ ဆယ်ပုံတစ်ပုံခန့်ကို နေရာယူထားခြင်း ဖြစ်သည်။

ယခုအခါ ထိုဆယ်ပုံတစ်ပုံခန့်ရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းက လက်ညှိုးတစ်ချောင်းကြောင့် ချက်ချင်း ကွယ်ပျောက်သွားခဲ့ရ၏။ သို့ဖြစ်ရာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအနေဖြင့် မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

သို့သော်လည်း လူတိုင်း သားရဲကြီး၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုကို မြင်တွေ့လိုက်ကြရသည်။

မှန်ပေ၏။ ယင်းက ကြောက်ရွံ့မှုပင်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည် အမှန်တကယ်ပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူ ကြောက်ရွံ့နေရသူက မြေပြင်ပေါ်ရှိ သေးဖွဲသိပ်နုပ်လှသော ပုရွက်ဆိတ်ငယ်လေးသဖွယ် ရှိသည့် လင်းဖုန်းပင်။ လင်းဖုန်းက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထံသို့ မည်သည့်အားကောင်းလှသော အရှိန်အဝါမျှ မပြဘဲ ခြေတစ်လှမ်းချင်း တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

သို့သော် သူ ဤကဲ့သို့ ပြုမူလေလေ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ပို၍ ထိတ်လန့်တုန်လှုပ်လေလေ ဖြစ်သည်။ သားရဲကြီးလည်း ဂနာမငြိမ်ဖြစ်ကာ ကြောက်ရွံ့တုန်လှုပ်မှုများကြောင့် မတတ်သာဘဲ ခပ်တိုးတိုး ဟိန်းဟောက်လိုက်၏။

သို့သော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးပေါ်ရှိ အရှိန်အဝါက အဆက်မပြတ် ပိုမို သန်မာလာနေဆဲပင်။

လင်းဖုန်း ရပ်တန့်လိုက်သည်။ သူ့ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်ကို အသာအယာ ဆန့်ထုတ်လိုက်၏။

ဝီး…

ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါသွားပြီး ဒေါသတကြီးဖြင့် ထပ်မံဟိန်းဟောက်လိုက်ပြန်သည်။ သို့သော်လည်း သားရဲကြီး၏ ဦးခေါင်းက ရုတ်တရက် ပေါက်ကွဲသွား၏။ ထိုပေါက်ကွဲမှုကြားမှ ဖျက်ဆီးခြင်းလှံတံက လင်းဖုန်း၏ လက်ထဲသို့ ပြန်လည် ပျံသန်းဝင်ရောက်လာသည်။

လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ဆုပ်ကိုင်ကာ လှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားကို လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းသာ တွင်တွင်ခါယမ်းမိလိုက်သည်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဤလှံတံမှ စွမ်းအားများကို အနည်းငယ်မျှသာ စုပ်ယူနိုင်ခဲ့၏။

သို့သော် သေသေချာချာ ပြန်လည်စဉ်းစားကြည့်လျှင်မူ ဤသည်က ဖြစ်သင့်ပေသည်။ ဤလှံတံက မူလလက်နက်တစ်ခု ဖြစ်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြီးမြောက်ထားသော သက်ရှိတစ်ခုအနေဖြင့် ဖျက်ဆီးခြင်းလှံတံကို မည်သို့လျှင် အပြည့်အဝ တတ်ကျွမ်းနားလည်နိုင်ပါမည်နည်း။

ဖျက်ဆီးခြင်းလှံတံကို အားကိုး၍ ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်လိုပါက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအနေဖြင့် အောင်မြင်နိုင်စရာ အကြောင်းမရှိချေ။

ဂရီး…

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ထိတ်လန့်တုန်လှုပ်နေသော်လည်း တစ်ချိန်တည်း၌ အလွန်တရာလည်း ဒေါသထွက်နေသည်။ ဖျက်ဆီးခြင်းလှံတံက သူ၏ အသွင်ပြောင်းလဲမှုအတွက် အဓိက အခြေခံအုတ်မြစ် ဖြစ်၏။ သူ့ရှေ့မှ ဤသက်ရှိက ကြီးမားလှသော ခြိမ်းခြောက်မှုကို ပေးစွမ်းနေသည့်တိုင် သူ့အနေဖြင့် လှံတံကို မရမက ပြန်လည်ရယူရမည်သာ ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လင်းဖုန်းထံသို့ ချက်ချင်း ခုန်အုပ်လိုက်တော့သည်။

လင်းဖုန်းကမူ သူ့မျက်လုံးများကို မှိတ်လိုက်၏။ သူ၏ အာရုံခံစားမှုအတွင်း၌ ကမ္ဘာကြီးက ခပ်ဝါးဝါး မီးခိုးရောင်မျှသာ ဖြစ်သည်။ ဖျက်ဆီးခြင်းစွမ်းအားများက နေရာတိုင်းတွင် ရှိနေ၏။ သက်ရှိများနှင့် သက်မဲ့အရာဝတ္ထုများထံမှ ဖျက်ဆီးခြင်းစွမ်းအားများ ထူထပ်သိပ်သည်းစွာ ထွက်ပေါ်နေခဲ့သည်။

ထိုဖြစ်စဉ်က ကမ္ဘာဂြိုဟ်တစ်ခုလုံးအထိပင် ကျယ်ပြန့်နေ၏။ ထိုအခိုက်အတန့်၌ ကမ္ဘာကြီးတစ်ခုလုံးတွင်လည်း များပြားထူပြောလှသော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။

ဤမြေကမ္ဘာက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဖျက်ဆီးမှုများကြောင့် တဖြည်းဖြည်းနှင့် ပျက်သုဉ်းခြင်းဆီသို့ ဦးတည်နေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုလက်ရှိ လင်းဖုန်းက ယခင်က လင်းဖုန်းနှင့် မတူတော့ချေ။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ပျက်စီးနေပြီး အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တစ်ကြိမ်သာ ပြုလုပ်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားတစ်ဦးလောက်ပင် သန်မာမှု မရှိတော့ချေ။

သို့ပေသော်ငြား လက်ရှိအချိန်၌ လင်းဖုန်းက သံသယဖြစ်ဖွယ်မရှိ အသန်မာဆုံးသူ ဖြစ်နေလေပြီ။

အဘယ်ကြောင့်ဆိုသော် သူ ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်တည်း။

…………

လင်းဖုန်း သေလုမြောပါး ဖြစ်နေချိန် သေခြင်း၏ သဘောတရားကို တဖြည်းဖြည်း နားလည်သဘောပေါက်လာချိန်တွင် သူ၏ ဖျက်ဆီးခြင်းနိယာမက အခြေခံအဆင့်မှ ဂြိုဟ်အဆင့်သို့ တိုးတက်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ဤသည်ကား အမှန်တကယ်ပင် ရယ်စရာကောင်းလှပေ၏။ ယခင်က လင်းဖုန်းတစ်ယောက် ဒီရေနိယာမကို နားလည်သဘောပေါက်နိုင်ရန် အပတ်တကုတ် ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း ထိုနိယာမနှင့်ပတ်သတ်၍ မည်သည့်အရိပ်အယောင်မျှ မတွေ့ခဲ့ရချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ဖျက်ဆီးခြင်းနိယာမကိုမူ တိုက်တိုက်ဆိုင်ဆိုင် နားလည်သဘောပေါက်သွားခဲ့သည်။

ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားတချို့ကို အသုံးပြုနိုင်ခြင်းမှတစ်ပါး အခြေခံ ဖျက်ဆီးခြင်းနိယာမက တကယ့်တိုက်ပွဲတွင် သိပ်အသုံးမဝင်လှချေ။ အနည်းဆုံး ထိုနိယာမက လင်းဖုန်း၏ သန်မာမှုကို တိုးတက်စေရန်အတွက် ကန့်သတ်ချက်များစွာ ရှိနေ၏။

သို့သော် နိယာမတစ်ခုက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဆိုလျှင်မူ ယင်းက အရည်အသွေးပိုင်းဆိုင်ရာ အကြီးအကျယ် တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဂြိုဟ်အဆင့်ရှိသည့် နိယာမက ဂြိုဟ်တစ်ခု၏ သဘာဝအတိုင်း လည်ပတ်မှုကိုပင် သက်ရောက်မှု ရှိစေနိုင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဂြိုဟ်အဆင့် သက်ရှိများသာ ဂြိုဟ်အဆင့် နိယာမများကို တတ်ကျွမ်းနားလည်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း အရာအားလုံး၌ ခြွင်းချက်များ ရှိစမြဲပင်။ စကြဝဠာကြီးက ကျယ်ပြောလှပြီး မတွေးနိုင်အောင် ထူးခြားဆန်းပြားသည့် အရာမှန်သမျှ ရှိနေကြသည်။ ဂြိုဟ်အဆင့်မဟုတ်သော သက်ရှိတစ်ယောက်က ဂြိုဟ်အဆင့် နိယာမတစ်ခုကို တတ်ကျွမ်းနားလည်သွားခြင်းက အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှပေ၏။

လင်းဖုန်းသည်လည်း ထိုကဲ့သို့ ထူးခြားဆန်းကြယ်လှသည့် ခြွင်းချက်တစ်ခုပင် ဖြစ်သည်။ ဂြိုဟ်အဆင့် နိယာမကို နားလည်သဘောပေါက်ခြင်းက ဂြိုဟ်အဆင့် သက်ရှိတစ်ယောက် တိုက်ရိုက်ဖြစ်လာခြင်းထက်ပင် ပိုမိုခက်ခဲလှသည်။ မည်သို့ပင်ဆိုစေ သူ ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဂြိုဟ်အဆင့် နိယာမက ဂြိုဟ်အဆင့် သက်ရှိများအပေါ်တွင် သက်ရောက်မှု အကန့်အသတ်တစ်ခု ရှိနိုင်သော်လည်း ဂြိုဟ်အဆင့်အောက်ရှိ သက်ရှိများအတွက်မူ သေချာပေါက် သေစေနိုင်လောက်သည့် စွမ်းအား ဖြစ်ပေ၏။

"မင်းရဲ့ တာဝန်က ပြီးသွားပြီ…အခု… ပျောက်ကွယ်သွားတော့…"

လင်းဖုန်းက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အသာအယာ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်က စတင်ပြိုလဲပျက်စီးလာ၏။ ခန္ဓာကိုယ် အစိတ်အပိုင်းများ တစ်စချင်း လွင့်ပါးကွယ်ပျောက်ကာ အပိုင်းအစများ အမှုန်အမွှားများ ဖုန်မှုန့်များအဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။

ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးမှာ အဆက်မပြတ် ဟိန်းဟောက်အော်ညည်းနေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သည်။ ဖျက်ဆီးခြင်းစွမ်းအားက သူ့ခန္ဓာကိုယ်ကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပစ်နေခြင်းကို မည်သို့မှ မတားဆီးနိုင်ခဲ့ချေ။ သူ၏ အသက်စွမ်းအားသည်လည်း တိုက်ရိုက်ပင် ဖျက်ဆီးခံလိုက်ရတော့သည်။

ဤသည်ကား သူ၏ အသက်အနှစ်သာရကို လုံးဝဥဿုံ ပျက်သုဉ်းသွားစေခြင်း ဖြစ်၏။ သားရဲကြီးအနေဖြင့် မည်သို့မျှ ခုခံနိုင်စွမ်း မရှိချေ။

လင်းဖုန်းက တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူ၏ လက်ညှိုးတစ်ချက် ညွှန်ပြလိုက်မှုကြောင့် အလွန်တိုတောင်းသော အချိန်လေးအတွင်းမှာပင် ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းအစ ခြေအဆုံး လုံးဝဥဿုံ အကြွင်းမဲ့ သုတ်သင်ဖျက်ဆီး ခံလိုက်ရတော့သည်။ နောက်ဆုံးတွင်မူ အားလုံး ပြာအတိ ပြောင်းလဲသွားကာ လေတစ်ချက်အဝှေ့၌ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

တိတ်ဆိတ်သွားသည်။

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

သူတော်စင်များ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လူသားများအားလုံးလည်း ထိုအခိုက်အတန့်၌ ဆွံ့အမှင်သက်သွားကြသည်။

ဘာ တွေ ဖြစ် သွား တာ လဲ။

မည်သူမျှ နားမလည်နိုင်ကြသလို မည်သူမျှလည်း သဘောမပေါက်နိုင်ကြချေ။

ကမ္ဘာပျက်ကပ် ဘေးဒုက္ခကြီးက ဒီလိုပဲ ပြီးသွားပြီလား။

ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကို ပိုင်စိုးထားပြီး ရှေးယခင်က ယဉ်ကျေးမှုရှစ်ခုကိုပင် ဖျက်ဆီးပစ်ခဲ့သည့် တရားခံဖြစ်သော ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ယခုမူ လင်းဖုန်းကြောင့် ဤအတိုင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသလော။

စိတ်ကူးယဉ် အကောင်းဆုံးသူပင် ဤမျှအထိ ရဲတင်းလှသည့် အတွေးမျိုးကို တွေးဝံ့မည် မဟုတ်ချေ။

"နိယာမ…"

လင်းဖုန်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ မြေကမ္ဘာတစ်ခုလုံးကို သံကြိုးများနှယ် လွှမ်းခြုံအုပ်မိုးထားသည့် နိယာမများကို မြင်ယောင်ကြည့်နိုင်စွမ်း ရှိလာသလို ခံစားလိုက်ရ၏။ နိယာမတိုင်းက အလွန်တရာ ကျယ်ပြောကာ ဆန်းကြယ်လှပေသည်။

လင်းဖုန်းအနေဖြင့် သူ့ စိတ်ကူးတစ်ချက်မျှဖြင့် တစ်ကမ္ဘာလုံးရှိ ဖျက်ဆီးခြင်းနိယာမကို လှုံ့ဆော်လိုက်ပါက ဤမြေကမ္ဘာပေါ်ရှိ သက်ရှိမှန်သမျှ အားလုံး သူ၏ စိတ်ကူးတစ်ချက်ဖြင့်ပင် လုံးဝဥဿုံ ပျက်သုဉ်းကာ ပြာအတိ ပြောင်းလဲသွားနိုင်ကြောင်း မသဲမကွဲ ခံစားမိလိုက်သည်။

နိယာမ၏ လွှမ်းမိုးမှုအောက်တွင် အရာအားလုံးက အရေးမပါလှတော့ချေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters