← Chapters

အခန်း ၃၈၅

Vol. 34 Ch. 385

အခန်း ၃၈၅

Vol. 34 Ch. 385

အခန်း (၃၈၅) - ရွှေခေတ်

ဘာသာပြန် - အားသစ်

"ငါတို့ လွတ်မြောက်သွားပြီကွ"

"ဟားဟားဟား…ငါတို့ အသက်ရှင်နိုင်ပြီပဲ"

လူပေါင်းများစွာ ဝမ်းသာလုံးဆို့သွားခဲ့ကြရသည်။ သူတို့အနေဖြင့် အနည်းငယ် ဝေခွဲမရဖြစ်ကာ အံ့အားသင့်နေခဲ့ကြသော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည်ကား အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုသားရဲကြီးက နှိမ်နင်းခံရခြင်း ချိတ်ပိတ်ခံရခြင်းမျိုး မဟုတ်ချေ။ လုံးဝဥဿုံ သုတ်သင်ချေမှုန်းခံရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင်မှ မြေကမ္ဘာပေါ်ရှိ လူတိုင်း ဝမ်းသာမျက်ရည်များ ကျဆင်းလာကြ၏။ ဘေးဒုက္ခကြီးတစ်ခုမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သောကြောင့် အားလုံး၏ ရင်ထဲ၌ လေးလံနေမှုများ ပျောက်ကွယ်သွားကာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှုများကို ခံစားလိုက်ရတော့သည်။

"ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက တကယ်ပဲ သေသွားပြီလား"

သူတော်စင်ခန်း၏ မျက်လုံးအစုံမှာ ပြူးကျယ်နေ၏။ သူ ဤကိစ္စရပ်ကို မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ မကြာသေးမီ အခိုက်အတန့်လေးကပင် ဤသားရဲကြီးက တစ်ကမ္ဘာလုံးကို ချက်ချင်းလက်ငင်း ဖျက်ဆီးပစ်တော့မည့်ဟန် ရှိနေခဲ့သည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သားရဲကြီး သေဆုံးသွားခဲ့လေပြီ။

လင်းဖုန်းကို ကြည့်ရသည်ကမူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် မထုတ်ဖော်နိုင်လောက်အောင် အလွန်တရာ အားနည်းနေဆဲ ဖြစ်၏။ ဤသို့သော အခြေအနေမျိုး၌ သူ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို မည်သို့မည်ပုံ သတ်ဖြတ်လိုက်သနည်း။

လင်းဖုန်းက သူတော်စင်ခန်း၊ သူတော်စင်ကျိုးထျန်းချီနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို လှမ်းကြည့်လိုက်သည်။ သူကိုယ်တိုင်အပါအဝင် ဂုဏ်သတင်းကြီးမားလှသော လူသားမျိုးနွယ်၏ သူတော်စင် ဆယ်ပါးထဲမှ ယခုအခါ လေးပါးသာ ကျန်ရှိတော့သည်။

လူသားမျိုးနွယ်သည်ကား အလွန်တရာ ကြီးမားလှသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရ၏။

လူသန်းပေါင်းများစွာ သေဆုံးခဲ့ရပြီး သူတော်စင်များစွာ ကျဆုံးခဲ့ရသည်။ မြို့ပြပေါင်းများစွာသည်လည်း အပျက်အစီးပုံအဖြစ် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ရသည်။

သို့သော်လည်း နောက်ဆုံးတွင် သူတို့ အောင်ပွဲခံနိုင်ခဲ့၏။ ဤသည်ကား ခါးသီးလှသော အောင်ပွဲကြီးပင် ဖြစ်ပေတော့သည်။

လင်းဖုန်း သူ့ခေါင်းကို မော့ကာ တိမ်ကင်းစင်နေသည့် ကောင်းကင်ပြာကြီးကို ငေးမောကြည့်လိုက်သည်။ သူအနည်းငယ် ပျော်သလိုလို ဝမ်းနည်းသလိုလို ခံစားလိုက်ရသည်။ သို့သော် နောက်တစ်ဒင်္ဂတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ထွေပြားနောက်ကျိနေမှုများကို ထွက်သက်နှင့်အတူ ရှင်းထုတ်လိုက်သည်။

သူ့မျက်နှာထက်တွင် ပျော်ရွှင်ရိပ် ဝမ်းနည်းရိပ်များ မရှိတော့ပေ။ သူ့စိတ်နှလုံးထဲတွင် လုံးဝဥဿုံ ပေါ့ပါးလွတ်လပ်မှုများသာ ကျန်ရှိနေတော့သည်။ သူ ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်သွားခဲ့ပြီးနောက် ဤရလဒ်ကို ကောင်းကောင်း ခန့်မှန်းသိရှိထားခဲ့ပြီးသားပင်။

"သူတော်စင်ခန်း… ကျန်တဲ့ကိစ္စတွေကိုတော့ ခင်ဗျားပဲ တာဝန်ယူလိုက်ပါတော့။ အခုအချိန်မှာတော့… ကျွန်တော် အိမ်ပဲ အရင်ပြန်ချင်တယ်"

လင်းဖုန်း၏ ခန္ဓာကိုယ်က အလင်းတစ်ချက် လက်သွားကာ မည်သည့်အရိပ်အယောင်မျှ မကျန်ရစ်ဘဲ ကွယ်ပျောက်သွားတော့သည်။

…………

ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းရမည့် ဘေးဒုက္ခကြီး နောက်ဆုံး၌ ပြီးဆုံးသွားခဲ့လေပြီ။ နောက်ထပ် လအနည်းငယ်မှ တစ်နှစ်ခန့်အထိ လူသားမျိုးနွယ်တစ်ခုလုံး ဤကြီးမားလှသော အောင်ပွဲကြီးကို အောင်ပွဲခံနေခဲ့ကြသည်။ လူတိုင်း၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

လူအများစုတို့က လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်နေကြရသည့်တိုင် အခက်အခဲများနှင့်သာ ကြုံတွေ့နေရသည့်တိုင် ကံကြမ္မာ၏ နှိပ်စက်ခြင်းကို အလူးအလဲ ခံနေရသည့်တိုင် သူတို့ အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့ကြသည်။ ဘဝက မည်မျှပင် ခက်ခဲနေပါစေ ယင်းက ကမ္ဘာပျက်ကပ်ကြီးထက်မူ များစွာ ပိုမိုကောင်းမွန်လှသေးသည်။

သူတို့အားလုံး ကမ္ဘာပျက်ကပ်ကြီးမှ လွတ်မြောက်ခဲ့ကြပြီဖြစ်ရာ သူတို့၏ ဘဝစာမျက်နှာသစ်ကို လက်ကမ်း ကြိုဆိုကြရမည်သာ ဖြစ်သည်။

"လင်းဖုန်း… ကြည့်စမ်းပါဦး။ အရာရာတိုင်းက အရမ်းကို လှပလွန်းမနေဘူးလား။ ဘဝကြီးက ဒီလိုပဲ ဆက်ပြီး လည်ပတ်နေရင် သိပ်ကောင်းမှာပဲနော်…"

ချူချန်းနှင့် လင်းဖုန်းတို့နှစယောက်သား မြို့အတွင်း၌ သာမန်လူများသဖွယ် လမ်းလျှောက်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး သူတို့၏ ရုပ်သွင်ကို ပြောင်းလဲထားခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ရှင်သူတော်စင်ကြီးအဖြစ် ကျော်ကြားလှသော လင်းဖုန်းကို မည်သူမျှ မမှတ်မိခဲ့ကြချေ။

မှန်ပေ၏။ လင်းဖုန်းကို ယခုအခါ ကယ်တင်ရှင်သူတော်စင်ကြီးအဖြစ် လူသိများနေခဲ့လေပြီ။ လူသားကမ္ဘာတွင် အသက်ရှင် ကျန်ရှိနေသော သူတော်စင်လေးပါးထဲမှ တစ်ဦးအဖြစ်လည်းကောင်း၊ အထူးသဖြင့် လူသားမျိုးနွယ်တစ်ခုလုံးနှင့် ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်ခဲ့သူအဖြစ်လည်းကောင်း လင်းဖုန်း၏ ဂုဏ်သတင်းက လူသားများအကြားတွင် အနှိုင်းမဲ့နတ်ဘုရားတစ်ပါးပမာ ဖြစ်တည်မှုအဖြစ် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လင်းဖုန်းသည်လည်း ခပ်ဖွဖွပြုံးလိုက်ကာ စကားဆိုလိုက်သည်။

"မှန်တာပေါ့… ကမ္ဘာကြီးက တကယ့်ကို လှပပါတယ်။ အရာအားလုံး ပြီးဆုံးသွားခဲ့ပါပြီ"

လူသားမျိုးနွယ်တွင် သူတော်စင်လေးပါးသာ ကျန်ရှိတော့သော်လည်း လင်းဖုန်း ရှိနေသရွေ့ လူသားမျိုးနွယ်၏ သန်မာမှုက ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေလိမ့်မည်။ အချိန်အနည်းငယ် ကုန်လွန်သွားခဲ့မည်ဆိုလျှင် လူသားများအကြားတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်သိုင်းပညာရှင် အသစ်များ ထပ်မံထွက်ပေါ်လာပေလိမ့်မည်။ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း သုံးလေးကြိမ်အထိ ပြုလုပ်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများစွာပင် ထွက်ပေါ်လာနိုင်သေးသည်။

"လင်းဖုန်း… ရှင့်အတွက် သတင်းကောင်းတစ်ခု ရှိတယ်"

"ဘာသတင်းကောင်းများလဲ"

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ"

"ကိုယ်ဝန် ဟုတ်လား"

လင်းဖုန်း အနည်းငယ် ဆွံ့အသွား၏။ သို့သော်လည်း ထို့နောက်တွင်မူ သူ အလွန်တရာ ပျော်ရွှင်ဝမ်းမြောက်သွားသည်။ သူ၏ ယခုလက်ရှိ ခွန်အားနှင့် ဂုဏ်ပုဒ်အရ မည်သည့်အရာကမှ သူ့ကို ဤမျှအထိ ပျော်ရွှင်အောင် မလုပ်နိုင်တော့ချေ။

ချူချန်းတွင် ကိုယ်ဝန်ရှိလာခြင်းက လင်းဖုန်းအတွက် အကောင်းဆုံးသော လက်ဆောင်မွန်ပင် ဖြစ်ပေတော့သည်။

မူလက လင်းဖုန်း၏ လေးကြိမ်တိုင်တိုင် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု ပြုထားသော သန်မာလှသည့် ခန္ဓာကိုယ်တည်ဆောက်ပုံအရ သူ သားသမီးရရှိရန်မှာ အလွန်တရာ ခက်ခဲလှသည်။ သို့သော်လည်း ထင်မှတ်မထားဘဲ ယခုအခါ သူ သားသမီးတစ်ယောက် ရရှိခဲ့လေပြီ။

"ချူချန်း… ကောင်းကောင်း အနားယူပါဦး။ မင်း တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုသာ ပြောနော်"

"ကျွန်မ ဘာမှမလိုချင်ပါဘူးရှင်။ ကျွန်မအနားမှာ ရှင် ရှိနေပေးရင်ပဲ လုံလောက်ပါပြီ"

ချူချန်းက ကိုယ်စိတ်နှလုံး ချမ်းသာသုခနှင့် ပြည့်စုံကုံလုံနေသော မျက်နှာအမူအရာဖြင့် လင်းဖုန်း၏ ရင်ခွင်အတွင်းသို့ တိုးဝင်မှီတွယ်နေတော့သည်။

……………

ကိုးလ ကြာပြီးနောက် ချူချန်းက သမီးငယ်လေးတစ်ယောက်ကို ဖွားမြင်ခဲ့၏။ သူမ၏အမည်ကို လင်းရှင်း ဟု မှည့်ခေါ်ခဲ့ကြသည်။ ယင်းက "အသစ်" ဟူသော စကားလုံးနှင့် အသံထွက်တူလှ၏။ ကမ္ဘာပျက်ကပ်ကြီး ပြီးဆုံးသွားပြီးနောက် လူတိုင်း ဘဝသစ်ကို ရရှိခဲ့ကြပြီဟူသော အဓိပ္ပာယ်ဖြစ်သည်။

ဤသည်ကား ကြီးကျယ်လှသော အခမ်းအနားတစ်ခု ဖြစ်ပေသည်။ ကမ္ဘာပေါ်ရှိ သတင်းမီဒီယာအားလုံးက ဤသတင်းကို အပြိုင်အဆိုင် ထုတ်လွှင့်နေခဲ့ကြသည်။ ကယ်တင်ရှင်သူတော်စင်ကြီးတွင် သမီးငယ်လေးတစ်ဦး ထွန်းကားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူမက ကမ္ဘာပေါ်ရှိ လူတိုင်း၏ ချစ်ခင်မြတ်နိုးခြင်းကို ခံယူရသော မင်းသမီးလေးတစ်ပါးအလား ရှိနေခဲ့သည်။

သုံးနှစ် ကြာမြင့်ပြီးနောက်တွင်မူ ချူချန်းက သားငယ်လေးတစ်ဦး ထပ်မံဖွားမြင်ခဲ့ပြန်၏။ သူ့ကို လင်းရှန့် ဟု အမည်မှည့်ခေါ်ခဲ့ကာ ယင်းအမည်နာမက လူသားမျိုးနွယ်၏ ရွှေခေတ်(ဖွံ့ဖြိုးတိုးတက်ခြင်း)ကို ကိုယ်စားပြုခြင်း ဖြစ်သည်။

အမှန်တကယ်လည်း လူသားမျိုးနွယ်၏ ရွှေခေတ်ကြီး ဆိုက်ရောက်လာခဲ့လေပြီ။ လူသားမျိုးနွယ်က ကမ္ဘာပျက်ကပ် ဘေးဒုက္ခကြီးမှ လွတ်မြောက်ခဲ့ပြီး သုံးနှစ်အတွင်းမှာပင် အရာအားလုံးက အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

မရေမတွက်နိုင်သော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများစွာ ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု နှစ်ကြိမ် ပြုထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ ဖြစ်ကြ၏။ ထိုအဆင့် သိုင်းသမားအရေအတွက်က တစ်ထောင်ကျော်အထိပင် ရှိနေခဲ့ပြီဖြစ်သည်။ အသက်ဝိညာဥ်အသွင်ပြောင်းလဲမှု သုံးကြိမ်အထိ ပြီးမြောက်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၁ ဦးအထိပင် ရှိနေခဲ့လေပြီ။

စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုထားသော သိုင်းပညာရှင်များကမူ ထွက်ပေါ်မလာသေးချေ။ သို့သော်လည်း လူသားမျိုးနွယ်အနေဖြင့် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု လေးကြိမ်အထိ ပြုလုပ်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ အနှေးနှင့်အမြန် ထွက်ပေါ်လာလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။

ရိုးရာသိုင်းပညာများမှာမူ လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးမှ လွတ်မြောက်ခဲ့ကြသော သူတော်စင်သုံးပါးစလုံးပင် တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဉ်ကို လူသိရှင်ကြား ထောက်ခံအားပေးခဲ့ကြ၏။ ထို့နောက် သူတို့၏ ရာထူးနေရာများမှ အနားယူခဲ့ကြသည်။

ထိုသူတော်စင်သုံးပါး၏ စွမ်းအားက တတိယအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု ပြုထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၁ ဦးထက် နိမ့်ကျနေခဲ့ပြီ ဖြစ်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု သုံးကြိမ် ပြီးမြောက်ထားသော သိုင်းသမားတိုင်းက သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိကြသည်။

သို့သော်လည်း မည်သူကမှ သူတို့၏ ရာထူးအဆင့်အတန်းကို မလှုပ်ခါနိုင်ကြချေ။ ကမ္ဘာပျက်ကပ် ဘေးဒုက္ခကြီးမှ လွတ်မြောက်ခဲ့ကြသော သူတော်စင်သုံးပါးအဖြစ် ဤဂုဏ်သရေနှင့် တည်ရှိမှုတစ်ခုတည်းကပင် သူတို့အား လူသားအားလုံး၏ ဂုဏ်ယူရာ ရိုသေလေးစားရာ ဖြစ်စေသည်။

သို့သော်လည်း သူတို့က ရာထူးနေရာများမှ ဆန္ဒအလျောက် အနားယူခဲ့ကြသည်။ အာဏာများကို တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြခြင်းဖြင့် သူတော်စင်တို့၏ မြင့်မြတ်လှသော စရိုက်လက္ခဏာကို ပြသခဲ့ကြသည်။

တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခြင်းအပြင် လူသားတို့၏ နည်းပညာသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ နည်းပညာအသစ်များစွာ တစ်ပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆန့်ကျင်ဘက်ဆွဲအားနည်းပညာ၊ စွမ်းအင်နည်းပညာ၊ ဇီဝပုံတူကူးခြင်းနည်းပညာနှင့် မျိုးရိုးဗီဇပြုပြင်ခြင်းနည်းပညာ စသည်တို့ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

အတိုချုပ်ဆိုရသော် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့် သိုင်းပညာ မလေ့ကျင့်သော လူသားများပင်လျှင် သူတို့၏ သက်တမ်းမှာ များစွာ ရှည်လျားလာခဲ့သည်။ ရောဂါဘယများသည်လည်း လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ မည်ကဲ့သို့သော ရောဂါမျိုးပင်ဖြစ်ပါစေ မွေးရာပါဖြစ်နေသည့်တိုင် မျိုးရိုးဗီဇပြုပြင်ခြင်းနည်းပညာဖြင့် အလွယ်တကူ ကုသနိုင်စွမ်း ရှိလာသည်။

လူသားမျိုးနွယ်က အစစ်အမှန် အတိုင်းအဆမဲ့ ဖွံ့ဖြိုးတိုးတက်သော ခေတ်ကြီးသို့ ရောက်ရှိသွားခဲ့လေပြီ။

မူလကမူ လူသားမျိုးနွယ်တွင် အဓိကအဖွဲ့အစည်းကြီး ခြောက်ခု ရှိခဲ့၏။ သို့သော်လည်း ယခုအခါ ကာကွယ်သူအဖွဲ့ချုပ်က ကမ္ဘာပေါ်တွင် အကြီးမားဆုံး အဖွဲ့အစည်းကြီး ဖြစ်လာခဲ့သည်။ အခြားအဖွဲ့အစည်းကြီး ငါးခုမှာမူ တစ်နေ့ထက်တစ်နေ့ သေးငယ်သွား၏။

လူသားမျိုးနွယ်သည် မကြုံစဖူး ထူးထူးခြားခြား စည်းလုံးညီညွတ်ပြီး သန်မာအားကောင်းလာသည်။ ထို့ကြောင့် လူသားမျိုးနွယ်က ပြင်ပနယ်မြေများကို စတင်ကျူးကျော် တိုက်ခိုက်တော့သည်။ ပြင်ပနယ်မြေ၏ ကျယ်ပြောလှသော နယ်နိမိတ်များအားလုံး လူသားတို့၏ နယ်မြေအတွင်းသို့ သွတ်သွင်းခဲ့သည်။

အမှန်တကယ်တန်းတွင် လူသားမျိုးနွယ်အနေဖြင့် ကြမ်းကြုတ်သားရဲများ အားလုံးကို မျိုးသုဉ်းအောင် သတ်ဖြတ်ခြင်း မပြုခဲ့ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသားရဲများကို အဆက်မပြတ် မျိုးပွားပြီး ရှင်သန်နိုင်စေရန်အတွက် နယ်မြေတစ်ခုကို သီးသန့် သတ်မှတ်ပေးခဲ့ကြသည်။ အချို့မျိုးစိတ်များကမူ လူသားတို့၏ နည်းပညာကို တိုးတက်စေရန်အတွက် သုတေသနပြုလုပ်ရန် ပံ့ပိုးပေးနိုင်သေးသည်။

သို့သော်လည်း ကြမ်းကြုတ်သားရဲများအကြားမှ နတ်ဆိုးဧကရာဇ်များကိုမူ ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားခဲ့သည်။ နတ်ဆိုးဧကရာဇ်တစ်ကောင် ထွက်ပေါ်လာသည်နှင့် လူသားမျိုးနွယ်က တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများကို စေလွှတ်ကာ ထိုသားရဲကို သုတ်သင်လိုက်ကြသည်။

လူသားမျိုးနွယ်က ပြင်ပနယ်မြေများကို လွှဲပြောင်းရယူလိုက်သည်နှင့်အမျှ တစ်ကမ္ဘာလုံးနီးပါး လူသားတို့၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုများ၏ အပျက်အစီးနယ်မြေ အမြောက်အမြားကိုလည်း တစ်ခုပြီးတစ်ခု တူးဖော်နိုင်ခဲ့ကြသည်။ အသက်အမြုတေ အပိုင်းအစများသည်ပင် ရံဖန်ရံခါ ထွက်ပေါ်လာတတ်ပြီး ယင်းတို့အားလုံးကို လင်းဖုန်းထံသို့သာ ပေးပို့ကြသည်။

…………

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့လေပြီ။

လင်းဖုန်းက ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခြင်း မရှိခဲ့သလို နိယာမများကိုလည်း ဆက်လက်လေ့ကျင့်ခြင်း မပြုခဲ့ချေ။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သူ အရာတစ်ခုတည်းကိုသာ လုပ်ဆောင်ခဲ့သည်။

ထိုအရာက သူ၏ ဇနီးနှင့် သားသမီးများကို အချိန်ပေး စောင့်ရှောက်နေခြင်းပင်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သူ အရာရာ အားကိုးအားထား ပြုထိုက်သည့် ခင်ပွန်းကောင်းတစ်ဦး၊ အရည်အချင်းပြည့်ဝသည့် ဖခင်တစ်ဦး ဖြစ်ခဲ့သည်။ သူ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းနှင့် နိယာမ လေ့ကျင့်ခြင်း ကိစ္စရပ်များကို ဘေးဖယ်ထားခဲ့ပြီး သာမန်လူသားတစ်ဦးပမာ သူ့မိသားစုကို အချိန်ပေးနေခဲ့သည်။

ဆယ်နှစ် ကြာမြင့်ပြီးနောက်တွင်မူ လင်းဖုန်း၏ နှလုံးသားတစ်ခုလုံး အစစ်အမှန် တည်ငြိမ်အေးချမ်းမှုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

"သခင်… ဆယ်နှစ်တောင် ရှိသွားခဲ့ပါပြီ။ သခင် ဘယ်အချိန်လောက် ထွက်ခွာဖို့ ပြင်ဆင်မှာလဲ"

ကာကွယ်သူအဖွဲ့၏ ဌာနချုပ်အတွင်း၌ လောင်ဘီသမ်က လင်းဖုန်းအနားသို့ ချဉ်းကပ်လာကာ မေးမြန်းလိုက်၏။ ဤသည်ကား လွန်ခဲ့သည့် ဆယ်နှစ်အတွင်း လောင်ဘီသမ်အနေဖြင့် ထွက်ခွာမည့်အကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပေသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters