← Chapters

အခန်း ၃၈၆

Vol. 34 Ch. 386

အခန်း ၃၈၆

Vol. 34 Ch. 386

အခန်း (၃၈၆) - နိယာမများ ထင်ရှားလာခြင်း

ဘာသာပြန် - အားသစ်

"အင်း… ဆယ်နှစ်တောင် ရှိသွားပြီပဲ… ငါ တကယ်ကို မထွက်ခွာချင်ဘူး…"

လင်းဖုန်း တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သော်လည်း သူ့မျက်ဝန်းများကမူ အနည်းငယ် ရှုပ်ထွေးနေသည်။

"သခင်… သခင်က အတားအဆီးတစ်ခုနဲ့ ကြုံတွေ့နေရတာပါ။ သခင်သာ ဒီဂြိုဟ်ကနေ ထွက်မသွားဘူးဆိုရင် သခင့်ဘဝမှာ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဂြိုဟ်အဆင့် သက်ရှိလည်း ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး"

လောင်ဘီသမ်၏ အသံနေ အသံထားက အနည်းငယ် စိုးရိမ်ပူပန်နေဟန် ရှိ၏။ သူ လင်းဖုန်းအတွက် အမှန်တကယ် စိတ်ပူနေခြင်း ဖြစ်သည်။

လင်းဖုန်းက တကယ်လည်း အတားအဆီးတစ်ခု တစ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သူ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့သည့်တိုင် အသက်အနှစ်သာရများက သူ့ထံသို့ စဉ်ဆက်မပြတ် တိုးဝင်ရောက်ရှိနေခဲ့သည်။ သူသည်လည်း ယင်းတို့ကို စုပ်ယူနေခဲ့သော်လည်း သူ၏ စိတ်စွမ်းအားကမူ အနည်းငယ်မျှပင် တိုးတက်လာခြင်း မရှိခဲ့ချေ။

အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း အကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ချေ။ စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းက သူ၏ အကန့်အသတ် ဖြစ်နေပုံရသည်။ ရှေ့ဆက်ရမည့်လမ်းက ဧရာမ တောင်ကြီးတစ်လုံး ပိတ်ဆို့နေသည့်အလား ရှိနေပြီး သူ မည်မျှပင် ကြိုးစားပါစေ ထိုတောင်ကြီးကို မရွေ့လျားစေနိုင်ခဲ့ချေ။

ဤသည်က တစ်စုံတစ်ရာသော ကန့်သတ်ချက် တစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း လင်းဖုန်း သိထားသည်။ အဆုံးတွင်မူ ဤဂြိုဟ်က အလွန်တရာ သေးငယ်လွန်းနေသေးသည် မဟုတ်ပါလား။

"မလောပါနဲ့ဦး… ငါ ချူချန်းနဲ့ ကလေးတွေကို ကောင်းကောင်း အချိန်ပေးပါရစေဦး"

လောင်ဘီသမ် တစ်ခုခု ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း လင်းဖုန်း သူ့လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။ ထို့ကြောင့် လောင်ဘီသမ်အနေဖြင့် မတတ်သာတော့ဘဲ လှည့်ထွက်သွားရုံမှတစ်ပါး အခြားဘာမှ မလုပ်နိုင်တော့ချေ။

ညအချိန်တွင် လင်းဖုန်းက သမီးဖြစ်သူ လင်းရှင်းနှင့် သားဖြစ်သူ လင်းရှန့်တို့ကို ခေါ်ဆောင်ကာ ပန်းခြံအတွင်း လမ်းလျှောက်နေခဲ့သည်။

"မျက်စိတစ်မှိတ်အတွင်းမှာတင် ရှင်းအာက ခုနစ်နှစ် ရှိသွားပြီပဲ။ ရှန့်အာလည်း လေးနှစ် ရှိသွားပြီ။"

ချူချန်း ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"မှန်တာပေါ့…အချိန်တွေက သိပ်မြန်တာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့လေးတွေ ကြီးပြင်းလာခဲ့ကြပြီ"

လင်းဖုန်းက သူ့ဇနီးကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားလိုက်သည်။ သူ ယခုကဲ့သို့ တည်ငြိမ်အေးချမ်းလှသော ခံစားချက်အတွင်း၌ ပျော်မွေ့နေမိ၏။

"လင်းဖုန်း… ရှင် လုပ်သင့်တာကိုပဲ သွားလုပ်ပါတော့"

"ဟမ်…"

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဇနီးကို နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်၏။

ချူချန်းက ခပ်ဖါဖွ ပြုံးလျက် စကားဆိုလိုက်သည်။

"ဒီနေ့ လောင်ဘီသမ် ကျွန်မဆီကို လာခဲ့သေးတယ်"

"လောင်ဘီသမ်က မင်းကို ဘာပြောခဲ့တာလဲ"

"သူက ဘာမှမပြောပါဘူး။ ဒါပေမဲ့ သူ ဘာပြောချင်လဲဆိုတာတော့ ကျွန်မ သိပါတယ်။ ဆယ်နှစ်တောင် ရှိသွားပြီပဲ။ ရှင့်ရဲ့ နှလုံးသားက အခုလောက်ဆိုရင် တည်ငြိမ်သွားပြီမလား။ ဒါဆိုရင် ရှင်လုပ်ချင်တာကိုပဲ စိတ်ချလက်ချ သွားလုပ်ပါတော့"

"ရှင် ကျွန်မအနားမှာ ဆယ်နှစ်တောင် ရှိနေပေးခဲ့ပြီးပြီပဲ။ ကျွန်မ ရှင့်ကို အတ္တကြီးပြီး အပိုင်သိမ်းမထားချင်ပါဘူး။ ရှင်က ကျွန်မအပိုင်မှ မဟုတ်တာ။ ရှင့်မှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတာပဲ"

ချူချန်းက တည်တည်ငြိမ်ငြိမ် စကားဆိုလိုက်သည်။

စင်စစ်တွင်မူ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း လင်းဖုန်း သူမအနားတွင် ရှိနေခြင်းကို သူမ အရမ်းနှစ်သက်၏။ သို့သော်လည်း လင်းဖုန်း၏ စိတ်ထဲတွင် ဤကဲ့သို့ လူနေမှုဘဝပုံစံကို တကယ် မနှစ်သက်လှကြောင်း သူမ အဘယ့်ကြောင့် မသိဘဲ နေပါမည်နည်း။

လင်းဖုန်းက သူတော်စင်တစ်ပါးဖြစ်ပြီး ကယ်တင်ရှင်သူတော်စင်လည်း ဖြစ်သည်။ သူက သူမ မည်သည့်အခါမျှ လိုက်မမီနိုင်သောသူ ဖြစ်သည်။ လင်းဖုန်း သူမနှင့်အတူ ဆယ်နှစ်တာ ရှိနေပေးခဲ့ခြင်းကပင် သူမအတွက် အလွန်တရာ ကျေနပ်စရာ ကောင်းလှပေပြီ။

လင်းဖုန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ စကားဆိုလိုက်သည်။

"ရူးလိုက်တာ… စိတ်မပူပါနဲ့။ မင်းလည်း အနာဂတ်မှာ ဒုတိယအကြိမ် တတိယအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှုတွေကို လုပ်နိုင်မှာပါ။ မင်း ဆက်ပြီး အသက်ရှင်နေမှာဖြစ်သလို ငါတို့တွေလည် အမြဲထာဝရ အတူတူ ရှိနေကြမှာပါ"

လင်းဖုန်း၏ မျက်နှာအမူအရာက အလွန်တရာ ပြတ်သားလှသည်။ စင်စစ်တွင် ချူချန်း မည်သည်ကို စိုးရိမ်နေသည်ကို သူ ကောင်းကောင်းသိ၏။ ချူချန်း၏ အလားအလာက ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ သူမသည် အလွန်ဆုံး ဒုတိယအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကိုသာ လုပ်ဆောင်နိုင်မည်ဖြစ်၏။ ဒုတိယအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းသည်ပင် ထင်သလောက် မလွယ်ကူလှချေ။

ချူချန်းသည် အလွန်ဆုံး အသက်ရာဂဏန်းအနည်းငယ်သာ ရှင်သန်နိုင်လိမ့်မည် ဖြစ်သည်။ လင်းဖုန်းကမူ အနည်းဆုံး အသက်ထောင်ချီအထိ ရှင်သန်နိုင်ရန်အတွက် မည်သည့်ပြဿနာမျှ မရှိချေ။ အနာဂတ်တွင် သူ နှစ်ပေါင်းသောင်းချီအထိ ဆက်လက်ရှင်သန် တိုးတက်သွားရန်ပင် ဖြစ်နိုင်သေးသည်။

အချိန်ကာလဆိုသည်မှာ လူတိုင်းအတွက် မလွတ်မြောက်နိုင်သော ရက်စက်လှသည့် အမှန်တရားတစ်ခုပင် ဖြစ်ပေ၏။

ချူချန်း ခပ်ဖွဖွ ပြုံးလိုက်ကာ ဘာစကားမှ မဆိုတော့ချေ။ သူမ၏ စိတ်အတွေးထဲ၌ လင်းဖုန်းနှင့် အတူရှိနေသည့် နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရုံ သက်သက်သာ ရှိသည်။

……………

ကာကွယ်သူအဖွဲ့ ဌာနချုပ်အတွင်း၌ သီးသန့်ကျင့်ကြံခြင်းကွင်းပြင်တစ်ခု ရှိ၏။ ထိုကွင်းပြင်က လင်းဖုန်းအတွက် သီးသန့်ဖြစ်သည့် ကျင့်ကြံခြင်းနေရာ ဖြစ်သည်။

ထိုနေရာက မိုင်တစ်ရာခန့်အထိ ကျယ်ဝန်းလှသည်။ အတွင်း၌ မည်သူမှ မရှိပေ။ မြက်ပင်အချို့၊ သစ်ပင်ပန်းပင်များနှင့် ကျောက်တုံးများသာ ရှိသည်။ တည်နေရာတစ်ခုလုံး အနည်းငယ် ခြောက်သွေ့ဆိတ်ငြိမ်နေဟန် ရှိ၏။

လင်းဖုန်းတစ်ယောက် ကွင်းပြင်အလယ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်လျက် ရှိသည်။

သူ ယနေ့တွင် ကျင့်ကြံခြင်းကို ထပ်မံစတင်ခဲ့သည်။ သို့သော်လည်း သူ ကျင့်ကြံနေသည်က တိုက်ပွဲဝင်ခန္ဓာကိုယ် မဟုတ်ပေ။ နိယာမ ဖြစ်သည်။

ဆယ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း လင်းဖုန်း နိယာမစွမ်းအားကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုခဲ့ပေ။ သို့သော်လည်း ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သော ဖျက်ဆီးခြင်းနိယာမကို သူ မည်သို့လျှင် မေ့လျော့နိုင်ပါမည်နည်း။

ဝီ…

လင်းဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည်။ သစ်တောများ၊ ပန်းပွင့်များ၊ ကျောက်တုံးများနှင့် ကောင်းကင်ယံတို့မှာ အရောင်အသွေး စုံလင်လှသော မူလပုံစံများမှ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းဖုန်း၏ မျက်ဝန်းများအတွင်း၌မူ အရာအားလုံးက ကြီးမားထင်ရှားလှပြီး သူက ဤကမ္ဘာကြီးကို သွေးအေးအေးဖြင့် စောင့်ကြည့်နေသည့်အလား ရှိနေသည်။

သံကြိုးများက ဤကမ္ဘာကြီး၏ နေရာတိုင်း ထောင့်တိုင်းတွင် ရှိနေကြသည်။ ထိုသို့သော သံကြိုးပေါင်း သောင်းနှင့်ချီ၍ ရှိနေကြ၏။ ယင်းတို့က မြေကမ္ဘာတစ်ခုလုံးကို အလုံးစုံ လွှမ်းခြုံထားသည်။

ထိုသံကြိုးတချို့က ထူထဲလှပြီး အချို့မှာမူ သေးသွယ်လှသည်။ သံကြိုးတိုင်းက နိယာမတစ်ခုစီ ဖြစ်ကြ၏။ နိယာမပေါင်း သောင်းနှင့်ချီ၍ ရှိနေသည်ဟု ဆိုပါလျှင်လည်း အံ့ဩစရာ သိပ်မရှိချေ။

"ဖျက်ဆီးခြင်းနိယာမ…"

လင်းဖုန်း သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုနိယာမပေါင်း သောင်းနှင့်ချီသည့်အထဲမှ ထူထဲလှသော နိယာမသံကြိုးတစ်ခု ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ရှိ သေးသွယ်လှသော နိယာမသံကြိုးများ တစ်ခုပြီးတစ်ခု ဆုတ်ခွာသွားကြသည်။ နောက်ဆုံး ဟင်းလင်းပြင်ထဲတွင် ဖျက်ဆီးခြင်းနိယာမသံကြိုးတစ်ခုသာ ကျန်ရစ်ခဲ့လေတော့သည်။

ဤသည်ကား ဖျက်ဆီးခြင်းနိယာမပင်။

အမှန်စင်စစ်တွင်မူ လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ ဤဖျက်ဆီးခြင်းနိယာမက အမြဲတစေ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်၏ နိယာမအပေါ် နားလည်သဘောပေါက်မှုက ဂြိုဟ်အဆင့်သို့ ရောက်ရှိမှသာ နိယာမသံကြိုးကို ထွက်ပေါ်လာစေနိုင်မည်ဖြစ်ပြီး ထိုအချိန်ရောက်မှသာလျှင် နိယာမသံကြိုးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည် ဖြစ်သည်။

မဟုတ်ပါက နိယာမကို အခြေခံအဆင့်သာ နားလည်သဘောပေါက်ရုံဖြင့် နိယာမသံကြိုးများကို မြင်တွေ့နိုင်မည်မဟုတ်သလို နိယာမကိုလည်း ထင်ရှားလာစေနိုင်မည်လည်း မဟုတ်ချေ။

လင်းဖုန်းက ဖျက်ဆီးခြင်းနိယာမကို လှုံ့ဆော်လိုက်သည်။ ကြီးမားလှသော နိယာမသံကြိုးကြီးက ဆက်လက်လှုပ်ခါသွားပြီး ပတ်ဝန်းကျင်ရှိ သေးသွယ်လှသော နိယာမသံကြိုးများကို ကြိတ်ခြေပစ်လိုက်သည်။ တစ်ဒင်္ဂအတွင်း ကောင်းကင်တစ်ခုလုံး၌ ထူပြောလှသော ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။

နိယာမသံကြိုး၏ အောက်တွင် ဂြိုဟ်အဆင့် သက်ရှိများမှတစ်ပါး အခြားအရာအားလုံးက အရေးမပါလှချေ။

ဤသည်က လင်းဖုန်း၏ စွမ်းအားမဟုတ်ပေ။ ဖျက်ဆီးခြင်းနိယာမ၏ စွမ်းအားသာ ဖြစ်သည်။ လင်းဖုန်းက ဤနိယာမစွမ်းအားကို အားကိုးအားထားပြု၍ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဝင်ခန္ဓာကိုယ်က ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းဖြစ်ပြီး နိယာမကမူ စွမ်းအားကို အားကိုးခြင်း ဖြစ်သည်။ ထိုအရာနှစ်ခုစလုံးကို ပေါင်းစပ်နိုင်မှသာ စကြဝဠာအတွင်း ရှေ့ဆက်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ ထိုအရာနှစ်ခုထဲမှ တစ်ခုခုမရှိပါက ရှေ့ဆက်တိုးတက်ရန် ခက်ခဲပေလိမ့်မည်။

လင်းဖုန်းကဲ့သို့ အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု လေးကြိမ်သာ ပြုထားသော စွမ်းအားအဆင့်ဖြင့် ဂြိုဟ်အဆင့် နိယာမတစ်ခုကို နားလည်သဘောပေါက်နိုင်ခြင်းက ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ပင် အလွန်တရာ ရှားပါးလှပေသည်။

သို့သော်လည်း ဖျက်ဆီးခြင်းနိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လင်းဖုန်း ဆယ်နှစ်တိုင်တိုင် အေးအေးချမ်းချမ်း နေထိုင်ခဲ့ပြီး သူ၏စိတ်ကို သန့်စင်စေကာ လုံးဝဥဿုံ တည်ငြိမ်အေးချမ်းမှု ဖြစ်စေခဲ့သည့်တိုင်အောင် ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမကို ရှေ့ဆက်တိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

လင်းဖုန်းအနေဖြင့် သူ့စိတ်ကို တည်ငြိမ်သွားစေရန် ဆယ်နှစ်တာ အချိန်ယူခဲ့ရခြင်းမှာ သူ ဖျက်ဆီးခြင်းနိယာမကို တိုးတက်အောင် မလုပ်လိုခြင်းကြောင့် မဟုတ်ပေ။ ဒီရေနိယာမကို နားလည်သဘောပေါက်လိုသောကြောင့်သာ ဖြစ်သည်။

ဒီရေနိယာမသည် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် နီးကပ်စွာ ဆက်စပ်နေသော နိယာမတစ်ခု ဖြစ်၏။ ကံဆိုးစွာဖြင့် လင်းဖုန်းက သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် နီးနီးကပ်ကပ် ဆက်နွှယ်နေသော ဒီရေနိယာမကိုမူ နားလည်သဘောပေါက်ခြင်း မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ဖျက်ဆီးခြင်းနိယာမကို တိုက်တိုက်ဆိုင်ဆိုင် နားလည်သဘောပေါက်သွားခဲ့သည်။ ထိုမှတဆင့် ဖျက်ဆီးခြင်းနိယာမက ဂြိုဟ်အဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။

ဤသည်ကား လင်းဖုန်းကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့သောအရာ ဖြစ်၏။

ဂြိုဟ်အဆင့်ရှိ ဖျက်ဆီးခြင်းနိယာမက လင်းဖုန်းအတွက် ဒီရေနိယာမကို နားလည်သဘောပေါက်နိုင်ရန် အကြီးအကျယ် အထောက်အကူ ဖြစ်စေနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ နိယာမများကို ထင်ရှားလာစေနိုင်သောကြောင့်ပင်။ ဤနိယာမပေါင်း သောင်းနှင့်ချီသည့်အထဲ၌ လင်းဖုန်း ထိုနိယာမများကို ထပ်ခါတလဲလဲ နားလည်သဘောပေါက်နိုင်ရန် ကြိုးပမ်းခဲ့သည်။

နောက်ဆုံးတွင်မူ သုံးရက်ခန့် ကြာမြင့်သွားပြီးနောက် လင်းဖုန်း ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်ချိန်တွင် သူ့နှလုံးအိမ်အတွင်း လှုပ်ခတ်သွားရသည်။

ထိုနိယာမသံကြိုးပေါင်း သောင်းနှင့်ချီသည့်အထဲမှ ဒီရေနိယာမကို သူ ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်၏။

ဝီ…

လင်းဖုန်း၏ ဖျက်ဆီးခြင်းနိယာမက သံကြိုးတစ်ချောင်းအဖြစ် ထင်ရှားလာသည်။ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းနိယာမသံကြိုးက အခြားသံကြိုးများကို နှိုင်းယှဉ်ကြည့်လျှင် ပိုမိုသေးငယ်သွားစေဟန် ရှိသည်။ သို့သော်လည်း နိယာမများကြားတွင်မူ စွမ်းအားပိုင်းဆိုင်ရာ ကွဲပြားခြားနားမှု သိပ်မရှိလှချေ။

ဤဂြိုဟ်ပေါ်တွင်သာ ဖျက်ဆီးခြင်းနိယာမက ပိုမိုအားကောင်းနေခြင်းဖြစ်နိုင်၏။ စကြဝဠာအတွင်း သို့မဟုတ် အခြားသော ဂြိုဟ်တစ်ခုပေါ်တွင်မူ နိယာမများ၏ စွမ်းအားက လက်ရှိအခြေအနေနှင့် ပြောင်းပြန်ဖြစ်သွားနိုင်ချေ ရှိသည်။

"ဒီရေနိယာမ…"

လင်းဖုန်း၏ စိတ်ခံစားမှုများ လှုပ်ခတ်သွားရသည်။ သူ့ရှေ့မှ နိယာမသံကြိုးကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။ ဤသည်ကား သူ အမြဲတမ်း နားလည်သဘောပေါက်လိုခဲ့သော ဒီရေနိယာမပင်။

ထာဝရသိုင်းတာအိုအရှင်

အခန်းပို (၃၈၆.၁) - ဒီရေလှိုင်းနိယာမ

ဘာသာပြန် - အားသစ်

"ဒီရေလှိုင်းနိယာမ…"

လင်းဖုန်းတစ်ယောက် ထူထဲလှသော နိယာမသံကြိုးများကို လှမ်းကြည့်လိုက်သည်။ အကယ်၍ သူ့တွင် ဖျက်ဆီးခြင်းနိယာမသာ မရှိခဲ့လျှင်၊ ထို့အပြင် သူ၏ ဖျက်ဆီးခြင်းနိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိမနေခဲ့လျှင် သူ ဤကဲ့သို့ အနီးကပ်အကွာအဝေးမှ ဒီရေလှိုင်းနိယာမကို ဆက်လက်ကြည့်ရှုနိုင်ရန် ဖြစ်နိုင်မာ် မဟုတ်ချေ။

သို့သော်လည်း ဤသည်ကား ယခုလက်ရှိ လင်းဖုန်း လုပ်ဆောင်နိုင်စွမ်း၏ အကန့်အသတ်ပင် ဖြစ်သည်။

ဤမျှ အနီးကပ် စောင့်ကြည့်နေရသည့်တိုင် ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပါက လင်းဖုန်း၏ နားလည်သဘောပေါက်နိုင်စွမ်းက အလွန်တရာ ညံ့ဖျင်းလွန်းသည်ဟုသာ ဆိုရပေမည်။ သို့ဆိုလျှင် စင်စစ်တွင် သူ ဒီရေလှိုင်းနိယာမနှင့် လုံးဝ ကိုက်ညီမှုရှိလိမ့်မည် မဟုတ်ချေ။

လင်းဖုန်း၏ စိတ်စွမ်းအားက ထူထဲလှသော နိယာမသံကြိုးကြီးအတွင်းသို့ တဖြည်းဖြည်း တိုးဝင်သွား၏။

ဝုန်း

လင်းဖုန်း မည်သည်ကို မြင်တွေ့လိုက်ရသနည်း။

ကြီးမားလှသော လှိုင်းလုံးကြီးများ၊ ကြောက်မက်ဖွယ်ရာ လေပြင်းများနှင့် တောက်လောင်နေသော မီးတောက်များက ကောင်းကင်နှင့် မြေကြီးအကြား ဒီရေလှိုင်းများပမာ သောင်းကျန်းဖျက်ဆီးနေကြသည်။

ဒီရေလှိုင်းများ… ဤသည်ကား ဒီရေလှိုင်းများပင် ဖြစ်ပေ၏။

ဒီရေလှိုင်းဆိုသည်မှာ လှိုင်းတံပိုးများကိုသာ ရည်ညွှန်းခြင်း မဟုတ်ချေ။ ကြမ်းတမ်းလှသော လေပြင်းဒီရေလှိုင်းများ၊ မီးတောက်ဒီရေလှိုင်းများ၊ စကြဝဠာဒီရေလှိုင်းများနှင့် အခြားသော ဒီရေလှိုင်းများစွာလည်း ရှိနေသည်။ ယင်းတို့ ကိုယ်စားပြုသော နိယာမဆိုသည်မှာ စည်းမျဉ်းဥပဒေသ တစ်မျိုးသာ ဖြစ်၏။

ထိုဒီရေလှိုင်းများက ခမ်းနားကြီးကျယ်ပြီး အနိမ့်အမြင့် အတက်အကျများနှင့် ပြည့်နှက်နေ၏။ ဒီရေလှိုင်းများ ဖြတ်သန်းသွားရာ နေရာတိုင်း၌ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို သယ်ဆောင်သွားလေ့ရှိသည်။

လင်းဖုန်းတစ်ယောက် ဒီရေလှိုင်းနိယာမအတွက် နိယာမသံကြိုးကြီးအတွင်း၌ လုံးဝဥဿုံ နစ်မြောသွားတော့သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်…

ခုနစ်ရက်တိုင်တိုင် လင်းဖုန်းကို မည်သူမျှ လာရောက်နှောင့်ယှက်ခြင်း မရှိခဲ့ချေ။ ဤသည်ကား ချူချန်း၏ အမိန့်ပေးချက်ပင် ဖြစ်သည်။ လင်းဖုန်း မည်သည့်ကိစ္စရပ်များ လုပ်ဆောင်နေသည်ကို သူမ သိထား၏။ ထို့အပြင် ဤခြေလှမ်းက လင်းဖုန်းအတွက် မည်သည့်အဓိပ္ပာယ် သက်ရောက်သည်ကိုလည်း သူမ ကောင်းကောင်း သိရှိထားသည်။

ခုနစ်ရက် ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် လင်းဖုန်း သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးအကြားရှိ မီးခိုးရောင် ကမ္ဘာကြီး ကွယ်ပျောက်သွားခဲ့လေပြီ။ လင်းဖုန်း၏ ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ၃၅ ကီလိုမီတာအထိ ရောက်ရှိသွားသည်။ ဤသည်ကား ယခုလက်ရှိ လင်းဖုန်း၏ အကန့်အသတ်ပင် ဖြစ်သည်။

စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း အကန့်အသတ်ဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုတည်းကိုသာ ယှဉ်ကြည့်မည်ဆိုလျှင် လင်းဖုန်းက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ပြိုင်ဘက်မဟုတ်ချေ။

သို့သော်လည်း ယခုအခါတွင်မူ အရာအားလုံးက ကွဲပြားသွားလေပြီ။ သူ၏ စိတ်ကူးတစ်ချက်ဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက ဒီရေလှိုင်းများအလား တုန်ဟည်းသွား၏။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်း၏ စွမ်းအားများက အကန့်အသတ်အထိ စုစည်းသွားတော့သည်။

ဝုန်း

လင်းဖုန်း လက်သီးတစ်ချက် ထိုးချလိုက်သည်။ ထိုလက်သီးချက်က ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပြိုကျသွားမည့်အလား ရှိနေ၏။ ဟင်းလင်းပြင်အတွင်း ပင့်ကူအိမ်သဖွယ် အနက်ရောင် အက်ကွဲကြောင်းများပင် ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ဤသည်ကား လင်းဖုန်း၏ ယခုလက်ရှိ စွမ်းအားပင်။ သူသည် လက်သီးတစ်ချက်တည်းဖြင့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ဤဖြစ်ရပ်သည်ကား တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းလှပေ၏။

စင်စစ်တွင် လင်းဖုန်း၏ လက်သီးချက်က စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု ပြုထားသော ကျင့်ကြ့သူတစ်ယောက်၏ အစွမ်းကုန် လက်သီးချက်တစ်ခုမျှသာ မဟုတ်ချေ။ ထိုလက်သီးချက်တွင် ဒီရေလှိုင်းနိယာမ၏ အားဖြည့်ပေးမှုများ ပါဝင်နေသည်။

ဤသည်ကား ဒီရေလှိုင်းနိယာမ၏ အားဖြည့်မှု ရလဒ်ပင် ဖြစ်သည်။ ဒီရေလှိုင်းနိယာမ အခြေခံအဆင့်တွင်ပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် စွမ်းအားက ဆယ်ဆမက တိုးလာခဲ့ပြီ ဖြစ်သည်။

ဤခုနစ်ရက်အတွင်း လင်းဖုန်းတစ်ယောက် နေရာကောင်းတစ်ခုတွင် ရှိနေရခြင်း၏ အားသာချက်ကို အပြည့်အဝ ရရှိထားသည်။ သူ ဒီရေလှိုင်းနိယာမကို ဤမျှ အနီးကပ်အကွာအဝေးမှ လေ့လာခဲ့ရသည်။ အကယ်၍ ဤသို့သော အခြေအနေမျိုး၌ ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပါက သူ့တွင် ထိုနိယာမအတွက် သဘာဝပါရမီ လုံးဝမရှိခြင်းကို ဆိုလိုပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းတွင် သဘာဝပါရမီ အနည်းငယ် ရှိနေသေးသည်။

သို့သော်လည်း ဤသည်ကား အကန့်အသတ်ပင် ဖြစ်ပေ၏။ ဒီရေလှိုင်းနိယာမက အခြေခံအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ တကယ်တန်းတွင်မူ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် လူများစွာသည်လည်း ဒီရေလှိုင်းနိယာမကို အခြေခံအဆင့်အထိ နားလည်သဘောပေါက်နိုင်ကြပေလိမ့်မည်။

ယင်းက ဒီရေလှိုင်းနိယာမတစ်ခုတည်းအတွက်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ အခြားသော နိယာမများအတွက်လည်း အကျုံးဝင်ပေသည်။ နိယာမသံကြိုးများကို ထင်ရှားလာစေနိုင်သရွေ့ အခြားနိယာမများကို နားလည်သဘောပေါက်ရန်က ပြဿနာတစ်ခု မဟုတ်တော့ချေ။

အဆုံးသတ်တွင်မူ နိယာမများကို အခြေခံအဆင့် နားလည်သဘောပေါက်ခြင်းက အရမ်းကြီး အထင်ကြီးစရာကောင်းသော အရာတစ်ခု မဟုတ်ချေ။ အခက်ခဲဆုံးအရာက နိယာမများကို ဂြိုဟ်အဆင့်အထိ နားလည်သဘောပေါက်ရန် ဖြစ်၏။

မည်သို့ပင်ဆိုစေ အချိန်နိယာမ၊ ဟင်းလင်းပြင်နိယာမ စသည့် တချို့ အထူးနိယာမများကိုမူ နားလည်သဘောပေါက်ရန် သေချာပေါက် ခက်ခဲလှပေလိမ့်မည်။ ဥပမာအားဖြင့် ယခုလက်ရှိ လင်းဖုန်းတွင် ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမ ရှိနေ၏။

သူ နိယာမများစွာကို ထင်ရှားလာစေနိုင်သော်လည်း အချိန်နိယာမ သို့မဟုတ် ဟင်းလင်းပြင်နိယာမတို့ကိုမူ ထင်ရှားလာစေနိုင်ခြင်း မရှိချေ။

ဤသို့သော အထူးနိယာမများအတွက်မူ ယင်းတို့ကို အခြေခံအဆင့်အထိ နားလည်သဘောပေါက်နိုင်ခြင်းကပင် အလွန်တရာ အထင်ကြီးစရာ ကောင်းလှပေလိမ့်မည်။

ဂရီမန်တွင် ဟင်းလင်းပြင် မွေးရာပါစွမ်းရည် ရှိနေကြောင်း လင်းဖုန်း သိထားသော်လည်း ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်ရန်ကမူ အလွန်တရာ ခက်ခဲပေဦးမည်။

"သခင်… နောက်ဆုံးတော့ ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်သွားပြီပဲ။ သခင့်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်"

လောင်ဘီသမ်က သူ၏အသိစိတ် တစ်စိတ်တစ်ပိုင်းကို လင်းဖုန်း၏ ဆက်သွယ်ရေး ကိရိယာအတွင်းသို့ ခွဲထုတ်ထားခဲ့၏။ အချိန်မရွေး ဆက်သွယ်နိုင်ရန် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်း၏ မျက်နှာအမူအရာက ပြောင်းလဲမှုမရှိ တည်ငြိမ်နေသည်။ သူက ခပ်အေးအေး စကားဆိုလိုက်သည်။

"ငါ ဒီလိုအခြေအနေမျိုးနဲ့တောင် ဒီရေလှိုင်းနိယာမကို နားမလည်နိုင်ဘူးဆိုရင် မင်း စိတ်ပျက်သွားရလိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီနိယာမက အခြေခံအဆင့်မှာပဲ ရှိနေပါသေးတယ်။ အချိန်တိုအတွင်းမှာ ဂြိုဟ်အဆင့်ကို ရောက်ဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး"

လင်းဖုန်းလည်း ခေါင်းသာ ခါယမ်းလိုက်မိသည်။

ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်ရန် မည်မျှ ခက်ခဲကြောင်း သူ အသေအချာ သိရှိထား၏။ အခြေခံအဆင့်ကို နားလည်သဘောပေါက်နိုင်ခြင်းကပင် ဖျက်ဆီးခြင်းနိယာမ၏ အကူအညီဖြင့်သာ ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

အနာဂတ်တွင် သူ ဒီရေလှိုင်းနိယာမကို ဂြိုဟ်အဆင့်သို့ ရောက်ရှိစေလိုပါက အခွင့်အရေးတစ်ခု သို့တည်းမဟုတ် ကံကောင်းထောက်မမှု တစ်ခုခုကို ကြုံတွေ့မှ ရလိမ့်မည် ဖြစ်ပေသည်။

လင်းဖုန်း၏ ဖျက်ဆီးခြင်းနိယာမသည်လည်း ဗလာနတ္ထိမှတစ်ဆင့် ဂြိုဟ်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား အခြေအနေမျိုးတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ တစ်ခုပြီးတစ်ခု ပျက်သုဉ်းတော့မည့် အချိန်ရောက်မှသာ လင်းဖုန်း ဖျက်ဆီးခြင်းနိယာမ၏ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခဲ့သည်။ ထိုမှသာ အခြေခံအဆင့်မှ ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

"အပေါ်တက်ပြီး သွားကြည့်ရအောင်"

လင်းဖုန်းက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရုပ်သိမ်းလိုက်ပြီး ရုတ်တရက် ခုန်တက်ကာ လှိုင်းထန်နေသည့် ကောင်းကင်ယံထက်သို့ တိုက်ရိုက် ပျံတက်သွားတော့သည်။

…………

လေထုအလွှာများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီးနောက် လင်းဖုန်း အပြင်ဘက်ဆုံး လေထုအလွှာသို့ အလျင်အမြန် ရောက်ရှိသွားသည်။ ထိုနေရာမှ လှပလှသော ကောင်းကင်မျက်နှာကျက် အကာအရံကြီးကို သူ နောက်တစ်ကြိမ် ထပ်မံမြင်တွေ့လိုက်ရပြန်သည်။ သို့သော် လင်းဖုန်း ဖျက်ဆီးခြင်းနိယာမကို လှည့်ပတ်လိုက်သောအခါ ဤအကာအရံကြီးက သူ့မျက်ဝန်းများထဲတွင် သိသိသာသာ ပြောင်းလဲသွားသည်။

ဤအကာအရံကြီးက တကယ်တန်းတွင် မြေကမ္ဘာတစ်ခုလုံးနှင့် ပေါင်းစပ်နေပြီး ဂြိုဟ်၏ အစိတ်အပိုင်းတစ်ခုနှယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤအကာအရံကြီးကို ချိုးဖျက်လိုပါက မြေကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့ဖြစ်၍ မြေကမ္ဘာတစ်ခုလုံးကို ပြန်လည်ခုခံနိုင်သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရမည်လည်း ဖြစ်သည်။

"ငါ နားလည်ပြီ… ဂြိုဟ်အဆင့် သက်ရှိတွေပဲ ဒီအကာအရံကို ချိုးဖျက်နိုင်တယ်လို့ ပြောကြတာ မဆန်းပတော့ါဘူး"

လင်းဖုန်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။ ထို့နောက် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ သူ ၃၅ ကီလိုမီတာရှိသည့် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဒီရေလှိုင်းနိယာမကို ချက်ချင်း အသုံးပြုလိုက်သည်။

ဝုန်း

လင်းဖုန်း အကာအရံကြီးကို လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဒီရေလှိုင်းနိယာမ၏ အားဖြည့်ပေးမှုအောက်တွင် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ အံ့သြဖွယ်ရာ ကောင်းနေဟန်ရှိသည်။

ဆဲလ်တိုင်းက စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ဆဲလ်တိုင်း မကုန်မခမ်းနိုင်သော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသည့်အလား ရှိနေသည်။

လက်သီးတစ်ချက် ထိုးချလိုက်မှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး တုန်ဟည်းသွားသည်။ ကြီးမားလှသော အကာအရံကြီးသည်လည်း ရေပြင်ပေါ်ရှိ လှိုင်းဂယက်များပမာ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပြန့်နှံ့သွားသည်။

ဝရုန်း…

လင်းဖုန်းသည် မြေအောက်စွမ်းအင်ကြောများပင်လျှင် ပြင်းပြင်းထန်ထန် တုန်ခါနေသည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။ အကာအရံကြီးအပေါ် ကျရောက်သွားသော သူ့လက်သီးချက်က မြေအောက် စွမ်းအင်ကြောများကိုပါ အမှန်တကယ် သက်ရောက်မှု ရှိစေခဲ့၏။ အကာအရံကြီးက မြေကမ္ဘာဂြိုဟ် တစ်ခုလုံးနှင့် အလွန်နီးကပ်စွာ တွယ်ကပ်နေဟန် ရှိသည်။

လင်းဖုန်း၏ လက်သီးချက်က ကြီးမားလှသော လှိုင်းဂယက်တစ်ခုကို ဖန်တီးလိုက်သည်။ အကာအရံကြီးမှာ ပြင်းထန်လှသော ရိုက်ခတ်မှုတစ်ခုကို ခံယူလိုက်ရသည့်အလား အဆက်မပြတ် လင်းလက်သွား၏။ အဆုံးတွင်မူ လင်းဖုန်း၏ လက်သီးချက်က ဒီရေလှိုင်းနိယာမဖြင့် အားဖြည့်ထားခြင်းဖြစ်ပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးထက် လုံးဝ ယုတ်လျော့ခြင်း မရှိချေ။

သို့သော်လည်း နောက်ဆုံးတွင် အကာအရံကြီးက မည်သည့်ပြောင်းလဲမှုမျှမရှိချေ။ တစ်ဒင်္ဂအတွင်း မူလအခြေအနေသို့သာ ပြန်လည်ရောက်ရှိသွားသည်။

လင်းဖုန်း စိတ်ပျက်မသွားခဲ့ချေ။ ဤသည်ကား သူ မျှော်လင့်ထားပြီးသား အရာဖြစ်၏။ မည်သို့ပင်ဆိုစေ သူ ဒီရေလှိုင်းနိယာမ၏ အားဖြည့်ပေးမှုကို ရရှိထားပြီး သူ့စွမ်းအားက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ယှဉ်နိုင်သည့်တိုင် မည်သို့မျှ ထူးခြားသွားစေမည်မဟုတ်။ ယခင်က ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည်လည်း ဤကောင်းကင်မျက်နှာကျက် အကာအရံကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။ ဤမျှ စွမ်းအားလောက်ဖြင့် သူ အကာအရံကို မချိုးဖျက်နိုင်ခြင်းက သဘာဝကျပေ၏။

သူ့အနေဖြင့် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို မြီးမြောက်အောင်မြင်သည်အထိ အမှန်တကယ် စောင့်ဆိုင်းရမည်လော။ သို့တည်းမဟုတ် သူ၏ ဒီရေလှိုင်းနိယာမကို ဂြိုဟ်အဆင့်သို့ ရောက်ရှိသည်အထိ စောင့်ရမည်လော။

လင်းဖုန်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း တည်ကြည်လေးနက်သွား၏။ ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ရွှီး…

ဖျက်ဆီးခြင်းလှံတံက လင်းဖုန်း၏ လက်ထဲတွင် ထွက်ပေါ်လာသည်။

လင်းဖုန်း၏ ဖျက်ဆီးခြင်းနိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားချိန်တွင် သူ ဖျက်ဆီးခြင်းလှံတံကို လုံးဝဥဿုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မည်သူမျှ သိရှိမည် မဟုတ်ချေ။

မှန်ပေ၏။ ဤမူလလက်နက်နှင့် ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမတို့က လင်းဖုန်း၏ အစွမ်းအထက်ဆုံး အားကိုးရာများပင်။ ဂြိုဟ်အဆင့် ဖျက်ဆီခြင်းနိယာမအပေါ် နားလည်သဘောပေါက်မှုဖြင့် သူ ဖျက်ဆီးခြင်းလှံတံ၏ အလုံးစုံ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်ပေသည်။ ထိုအခြေအနေအောက်တွင် သူ၏ တိုက်ခိုက်မှုများက ဂြိုဟ်အဆင့် သက်ရှိတစ်ခုထက် လုံးဝယုတ်လျော့နေမည် မဟုတ်ချေ။

"ဖျက်ဆီးခြင်းလှံတံ…"

လင်းဖုန်း၏ အမြင်အာရုံက တစ်ဖန် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ ထို့နောက် ဖျက်ဆီးခြင်းလှံတံက ရုတ်တရက် ရှည်လျားလာသည်။ မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာအနည်းငယ်မျှ ရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသည့် လှံတံကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လှံတံပေါ်တွင် ပုံစံအကွက်များ ထူထပ်စွာ ဖုံးလွှမ်းနေ၏။

ဤသည်ကား ဖျက်ဆီးခြင်းလှံတံ၏ အစစ်အမှန် ပုံစံပင်။

ရွှီး…

လင်းဖုန်း ရုတ်တရက် လှုပ်ရှားလိုက်ကာ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားများကို အရူးအမူး လှုံ့ဆော်လိုက်သည်။ ထို့နောက် ဖျက်ဆီးခြင်း စွမ်းအားများက အကာအရံကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားစေမည့် တုန်လှုပ်ဖွယ်ရာ ထိုးနှက်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters