အခန်း ၁၃၆
Vol. 10 Ch. 136
အခန်း (၁၃၆)
ထိုကတ်များသည် လျှော့စျေးရရုံတင် မကဘဲ ဆိုင်သစ်၏ လိပ်စာကိုပါ ထည့်သွင်း ရေးပေး ထားခြင်း ဖြစ်သည်။ ကတ်ငါးရာလုံးအား နီယန်မှ သူမကိုယ်တိုင် လက်ရေးဖြင့် ရေးသား ထားခြင်း ဖြစ်သည်။ သူမ၏ လက်ရေးသည် အလွန် လှပလွန်းသဖြင့် စက်ဖြင့် ရိုက်နှိပ်ထားသည့် စာလုံးများအတိုင်းပင် ဖြစ်နေချေတော့သည်။
ယနေ့တွင် နီယန်သည် အဘွားမို အတွက် မနက်စာ အဖြစ် ပဲနီလေးကိတ် မုန်ညင်းချဉ်ခေါက်ဆွဲနှင့် ပုစွန်ဖက်ထုပ်ပေါင်းတို့အား ပြင်ဆင် ထားပေးခဲ့လေသည်။ အဘွားအိုသည် မုန်ညင်းချဉ် မစားရသည်မှာ ကြာပြီ ဖြစ်၍ အရသာ ပြောင်းသွားစေရန် နီယန်မှ တွေးတောကာ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ပုစွန်ဖက်ထုပ်ပေါင်း၏ အရသာမှာမူ ပြောစရာပင် မလိုတော့ချေ။ ထို့အပြင် ပုစွန်သားသည် အာဟာရ ပြည့်ဝပြီး ကယ်လ်စီယမ်ဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်လေသည်။
ပဲနီလေးသည် အူလမ်းကြောင်းအား စိုပြည်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေသည့်အပြင် သွေးတိုးကျစေခြင်း သွေးတွင်း အဆီချပေးခြင်း သွေးချို ထိန်းပေးခြင်း အဆိပ်အတောက် ပြေစေခြင်း ကင်ဆာနှင့် ကျောက်တည်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိလေသည်။ သက်ကြီးရွယ်အိုများ အတွက် အလွန် ကောင်းမွန်သော ပါဝင်ပစ္စည်းတစ်ခုပင် ဖြစ်ချေတော့သည်။
ပဲနီလေးနှင့် ကောက်ညှင်းတို့ ပေါင်းစပ် လိုက်သောအခါ မည်သူမှ မလွန်ဆန်နိုင်လောက်အောင် ကောင်းမွန် သွားလေတော့သည်။ စေးစေးပိုင်ပိုင်လေးနှင့် ချိုသော်လည်း မအီပေ။ လတ်ဆတ်ပြီး အစာကြေ လွယ်ကာ တစ်လုတ် စားပြီးသည်နှင့် နောက်တစ်လုတ် ထပ်စားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေသည်။
မီနူးအား အတည်ပြု ပြီးနောက် နီယန်သည် လိုအပ်သည့် ပါဝင်ပစ္စည်းများအား စတင် ပြင်ဆင်လေတော့သည်။ နောက်တစ်နေ့တွင် နီယန်သည် သရေစာလမ်းတန်း၌ ထုံးစံအတိုင်း ခေါက်ဆွဲဆိုင်လေးအား လာဖွင့်လေသည်။
မနက်ဖြန်မှစပြီး ခေါက်ဆွဲ လာမရောင်းတော့ပါ ဟု လူတိုင်းအား ပြောလိုက်သောအခါ အားလုံး၏ မျက်နှာထက်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့ကြသည်။
"ဆိုင်ရှင်မလေး ဒီလောက်စားကောင်းတဲ့ ခေါက်ဆွဲကို ဘာလို့ ဆက်မရောင်းတော့တာလဲ"
"ငါ့သားက အစားရွေးတယ်ကွ ဒီမုန်ညင်းချဉ် ခေါက်ဆွဲမှ မပါရင် သူက ထမင်းစားတာ မဟုတ်ဘူး"
"ဆိုင်ရှင်မလေး နောင်ကျရင်ရော ပြန်ရောင်းဦးမှာလား ဒါမှမဟုတ် မနက်ဖြန်မနက်ပဲ မလာတာလား"
နီယန်မှ ပြုံးကာ ပြောလိုက်သည်။
"အားလုံးပဲ စိတ်ချပါ ကျွန်မ လုံးဝ မရောင်းတော့တာ မဟုတ်ပါဘူး နောက်တစ်လနေရင် ဆိုင်ပြန်ဖွင့်မှာပါ ဆိုင်သစ်လိပ်စာက ဝူဟွာ စာကြည့်တိုက် မျက်နှာချင်းဆိုင်မှာပါ ရှင်တို့ အကုန်လုံးက ဖောက်သည်တွေ ဆိုတော့ တစ်ယောက်ကို ကတ်တစ်ကတ်စီ ပေးပါ့မယ် ဆိုင်ဖွင့်တဲ့နေ့ကျရင် တစ်ပွဲကို ငါးပြားလည်း လျှော့ပေးအုန်းမှာပါ ဒါ့အပြင် ဆီးသီးချိုချဉ် ဖျော်ရည် တစ်ခွက်ကိုပါ အလကားတိုက်ဦးမှာ"
‘ငါးပြားတောင် လျှော့ပေးတဲ့အပြင် ဆီးသီးချိုချဉ်ဖျော်ရည်ပါ အလကား တိုက်ဦးမယ်တဲ့လား’
‘ဒီလျှော့စျေးက တော်တော်လေးကို များတာပဲ’
ထိုသတင်းအား ကြားလိုက်ရချိန်တွင်မူ လူအုပ်ကြီး တစ်စုလုံး ဆူညံ သွားလေတော့သည်။
"ငါ တစ်ကတ်လိုချင်တယ်"
"ငါလည်း ယူမယ်"
နီယန်မှ ပြုံးလျက် ပြောလိုက်သည်။
"အားလုံးပဲ စိတ်မလောကြပါနဲ့ ကတ်ငါးရာတောင် ပါပါတယ် ဒီရောက်နေတဲ့ သူတိုင်း တစ်ကတ်စီ ရမှာပါ"
ထိုစကားအား ကြားရမှသာ လူအုပ်ကြီးသည် ငြိမ်ကျသွားပြီး စနစ်တကျ တန်းစီကြတော့သည်။ သို့သော်လည်း နောက်ကျမှ ရောက်လာသည့် ဖောက်သည်များ အတွက်မူ သဘာဝကျကျပင် ကတ်များ ကုန်သွားခဲ့လေပြီ ဖြစ်သည်။ ကတ်မရလိုက်သော ဖောက်သည်များ အားလုံး နှမြောတသစွာဖြင့် သက်ပြင်းချကြကုန်လေသည်။ ထို့နောက် နီယန်မှ ဆက်ပြောလိုက်သည်။
"ကတ်မရလိုက်လို့လည်း စိတ်မပူပါနဲ့နော် ဆိုင်ဖွင့်တဲ့နေ့မှာ လာစားတဲ့ သူတိုင်းကို ဆီးသီးချိုချဉ် ဖျော်ရည် တစ်ခွက်စီ အလကားတိုက်မှာပါ"
ဆီးသီးချိုချဉ် ဖျော်ရည် တစ်ခွက်သည်လည်း တစ်ပြားတန်လေသည်။ ထိုစကားကြောင့် လူတိုင်း၏ စိတ်အခြေအနေသည် အများကြီး ကောင်းမွန်သွားကြလေသည်။
ယနေ့ နီယန်သည် ခေါက်ဆွဲ အပွဲပေါင်း ရှစ်ရာကျော် ပြင်ဆင် လာခဲ့သော်လည်း ထုံးစံအတိုင်းပင် နံနက် ဆယ့်တစ်နာရီ မထိုးခင် အကုန် ရောင်းထွက်သွားခဲ့တော့သည်။
မည်သို့ပင် ဖြစ်စေ သူမသည် စောစောလာခဲ့သည်သာ ဖြစ်သည်။ ပထမဆုံး ခေါက်ဆွဲတစ်ပွဲအား မနက်ငါးနာရီခွဲ ကတည်းမှ ရောင်းခဲ့ရခြင်း ဖြစ်သည်။ လီကုန်းချန် ရောက်လာသောအခါ မနက်ဖြန် မှစ၍ ဤနေရာတွင် ဆက်မရောင်းတော့မည့် အကြောင်း နီယန်မှ သူ့အား ပြောပြလိုက်တော့သည်။ ဤသည်အား ကြားလိုက်ရသော် လီကုန်းချန် အံ့သြသွားခဲ့ရသည်။
"အဘွားရဲ့ အစားအသောက်တွေကရော ဘယ်လိုလုပ်မလဲ"
‘ပြီးတော့ သူကရော ဘယ်လိုလုပ်ရမလဲ အခုဆို သူက ငါးမုန်ညင်းချဉ် ခေါက်ဆွဲစားရတဲ့ နေ့ရက်တွေနဲ့ အသားကျနေပြီလေ’
‘မစားရရင်ကို ဂနာမငြိမ်ဖြစ်နေတတ်ပြီ’
နီယန်မှ ဆက်ပြောလိုက်သည်။
"အဘွားအတွက် အစားအသောက်တွေကို နေ့တိုင်း မနက်တိုင်း ကျွန်မ ပြင်ဆင်ပေးပါ့မယ် အဲ့ဒါကို ဆိုင်ပြင်တဲ့ အလုပ်သမားတွေနဲ့ ထည့်ပေးလိုက်မယ်လေ အဲ့ဒီကျရင် ရှင်က နည်းနည်း ဒုက္ခခံပြီး လာယူပေးလိုက်ပေါ့"
"ဒုက္ခမများပါဘူး"
လီကုန်းချန်မှ ခေါင်းကုတ် လိုက်လေတော့သည်။
"ရှောင်နီ မင်းရဲ့ဆိုင်သစ်ကို တကယ် နောက်လ ၂ ရက်နေ့မှ ဖွင့်မှာ သေချာလား အဲ့ဒီထက် စောလို့မရဘူးလား"
နီယန်မှ ခေါင်းခါပြ လိုက်လေတော့သည်။
"မရလောက်ဘူးရှင့် ဆိုင်ပြင်ရဦးမယ် စားပွဲတွေ ကုလားထိုင်တွေ ဝယ်ရဦးမယ်လေ"
လီကုန်းချန်မှ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိတော့သည်။
‘သူ ဘယ်လိုလုပ်ရပါ့မလဲ’
နီယန်မှ ပြုံးပြီး ပြောလိုက်သည်။
"ရှင်က ငါးမုန်ညင်းချဉ် ခေါက်ဆွဲ ကြိုက်တယ်ဆိုရင် နေ့တိုင်း မနက်တိုင်းကို ရှင်စားဖို့ တစ်ပွဲ ချက်ပြီး ဓာတ်ဘူးထဲ ထည့်ထားပေးမယ်လေ အဘွားအတွက် ထမင်းလာယူရင်းနဲ့ တစ်ခါတည်း ယူသွားလို့ရတာပေါ့"
ထိုစကားအား ကြားလိုက်ရချိန်တွင် လီကုန်းချန်၏ မျက်လုံးများ အရောင် လက်သွားခဲ့ရလေသည်။
"ကောင်းတာပေါ့ ကောင်းတာပေါ့ ရှောင်နီ မင်းက တကယ် ဉာဏ်ကောင်းတာပဲ"
ပြောပြောဆိုဆိုနှင့်ပင် လီကုန်းချန်သည် ယွမ်ငွေတစ်ရွက်အား ထုတ်ယူလိုက်ကာ နီယန်အား ကမ်းပေးလိုက်တော့သည်။
"ဒါဆို တစ်လစာ ခေါက်ဆွဲဖိုး ကြိုပေးထားမယ်"
နီယန်မှ လှမ်းယူလိုက် ပြီးနောက် လီကုန်းချန်အား အကြွေ ပြန်အမ်း ပေးလိုက်လေသည်။ ဆိုင်သိမ်း ပြီးနောက် နီယန်သည် စားပွဲနှင့် ကုလားထိုင်များကို ဆိုင်ခန်းသို့ အရင်သွားပို့ပြီးမှ ဓာတ်ရထားဂိတ်သို့ စက်ဘီးစီးကာ ထွက်လာခဲ့တော့သည်။
နီယန် ရောက်သွားချိန်တွင် ဝမ်ထျဲ့နျူ ဝမ်ကျင်းဖန်နှင့် ကျင်းဟွာရွာမှ အခြားရွာသားများ သည်လည်း ရောက်ကာစ ရှိသေးသည်။
"ဦးလေးထျဲ့နျူ ဒေါ်လေးကျင်းဖန်နဲ့ တခြားဦးလေးတွေ မင်္ဂလာပါနော်"
နီယန်မှ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက် လိုက်လေသည်။ အားလုံးသည်လည်း နွေးနွေးထွေးထွေး ပြန်လည် တုံ့ပြန်ကြသည်။ ဝမ်ကျင်းဖန်သည် နီယန်အား မြင်သောအခါ အနည်းငယ် မျက်နှာပူသွားခဲ့ရလေသည်။
ယခင်တွင် သူမသည် နီယန်နှင့် ပတ်သက်၍ မကောင်းသတင်း များစွာ ပြောဆိုခဲ့ဖူးသဖြင့် နီယန်မှ သူမအား ခနဲ့တဲ့တဲ့ စကား အနည်းငယ်လောက် ပြောလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နီယန်သည် အစမှ အဆုံးတိုင် ယဉ်ယဉ်ကျေးကျေးသာ ဆက်ဆံပြီး ဘဝင်မြင့်သည့် အမူအရာမျိုး လုံးဝမပြခဲ့ပေ။
တစ်ခဏ အတွင်းမှာပင် နီယန် အပေါ် ထားရှိသည့် ဝမ်ကျင်းဖန်၏ အမြင်သည် ပို၍ပင် ကောင်းမွန် သွားတော့သည်။