အခန်း ၁၃၈
Vol. 10 Ch. 138
အခန်း (၁၃၈)
ဝမ်မေဖုန်းကြောင့် ကျိုးစုဟွာ ဒေါသထွက်လွန်း၍ သေတော့မလိုပင် ဖြစ်နေချေတော့သည်။
‘တကယ့်ကို အသုံးမကျတဲ့ မိန်းမ ကောလိပ် တက်ခဲ့ဖူးတာတောင် ကောင်မလေး တစ်ယောက်ရဲ့ လှည့်စားတာကို ခံရတယ်တဲ့လား ဒါက သူမအတွက် လုံးဝ အရှက်ရစရာပဲ’
‘နတ်ဆေးသမားတော်က သာမန် ကောင်မလေး တစ်ယောက် လောက်တောင် အဆင့်မမီလို့လား’
တွေးမိလေလေ ကျိုးစုဟွာ ဒေါသထွက်လေလေပင် ဖြစ်နေချေတော့သည်။ ဇနီးသည်နှင့် မိခင်ကြားတွင် ညပ်နေသော ယန်ချန်ကျန်းမှာ အကျပ်ရိုက် နေလေတော့သည်။
"အမေရယ် အခု မေဖုန်းလည်း သူ့အမှားကို သူ သိနေလောက်ပြီမို့ ခွင့်လွှတ် ပေးလိုက်ပါတော့"
"အမှားကို သိတယ်ဟုတ်လား"
ကျိုးစုဟွာမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"သူ့ပုံစံက နောင်တရနေတဲ့ပုံ ပေါက်လို့လား သွားတုန်းကလည်း ဘာတစ်ခွန်းမှ မပြောဘဲ ထွက်သွားချင်တိုင်း သွားတယ် အခုလည်း ဒီတိုင်း ပြန်လာချင်တိုင်း ပြန်လာတယ် ငါတို့ ယန်မိသားစုရဲ့ တံခါးက အဲ့ဒီလောက် အလွယ်တကူ ဝင်ထွက်လို့ရတယ်လို့ သူ ထင်နေတာလား"
"ဒီတစ်ကြိမ်တော့ သူ့ကို ပညာ နည်းနည်းလောက် မပေးရင် ဘယ်သူက ယောက္ခမ ဘယ်သူက ချွေးမလဲဆိုတာ သူ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး"
ထိုသို့ပြောရင်း ကျိုးစုဟွာ၏ မျက်လုံးများ ရုတ်တရက် မျက်ရည်ဝဲ လာခဲ့လေတော့သည်။
"သနားစရာ ကွေ့ပေါင်လေး ဒီလို အပြစ်ကင်းတဲ့ ကလေးလေးက အပြင်မှာ သူ့အမေနဲ့ သုံးလလောက်တောင် ဒုက္ခခံခဲ့ရတာ ကွေ့ပေါင်လေးက အရင်ကတည်းက ကျန်းမာရေး မကောင်းပါဘူးဆိုနေမှ ဝမ်မေဖုန်း နှိပ်စက်တာကို ခံလိုက်ရသေးတယ်"
သေချာပေါက် ယန်ကွေ့ပေါင်၏ အခြေအနေသည် ယခု ပိုဆိုးသွားပြီ ဖြစ်ရာ ထို့ကြောင့်ပင် ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်အား အိမ်ပြန် ခေါ်လာရခြင်း ဖြစ်ပေမည်။ ယန်ချန်ကျန်း သက်ပြင်းချလိုက်သည်။
"ကွေ့ပေါင်လေး အတွက် ထောက်ထားပြီးတော့ သူ အပြင်မှာ မတ်တပ် ရပ်နေရတာကို အမေ ရက်စက်နိုင်လို့လား"
ယန်ကွေ့ပေါင်သည် ယန်မိသားစု၏ မြေးဦးလေး ဖြစ်လေရာ ကျိုးစုဟွာသည်လည်း သေချာပေါက် မရက်စက်နိုင်ပါချေ။ သို့တိုင်အောင် သူမသည် ဒေါသထွက်နေဆဲပင် ဖြစ်သည်။ ဝမ်မေဖုန်းသည် လူကြီးစကား နားမထောင်ခဲ့သည်အား တွေးမိတိုင်း သူမ ပို၍ ဒေါသထွက်ရလေသည်။
သူမသည် ကွေ့ပေါင်၏ အဖွား ဖြစ်ပေသည်။ သူမသည် ကွေ့ပေါင်အား ဒုက္ခပေးပါ့မည်လား။ ဝမ်မေဖုန်းသာ ခေါင်းမမာခဲ့လျှင် ကွေ့ပေါင်လေး ယခုလို ဒုက္ခတွေ ခံစားရပါ့မည်လား။ ကျိုးစုဟွာမှ လက်ဖက်ရည်ခွက်အား ကောက်ကိုင်ကာ တစ်ငုံသောက် လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ခဏလောက် ထပ်စောင့်လိုက်ဦး အပြင်မှာ ခဏလောက် ရပ်နေရုံနဲ့ သူတို့ သေမသွားပါဘူး"
မိခင်ဖြစ်သူ၏ ပုံစံအား မြင်ပြီးနောက် ယန်ချန်ကျန်း စိတ်မကောင်း ဖြစ်ရလေသည်။ တံခါး သွားဖွင့်ပေးချင်သော်လည်း မဖွင့်ရဲသဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
အပြင်ဘက်တွင်မူ ယန်ကွေ့ပေါင်သည် အထဲသို့ ချောင်းကြည့်ရင်း စိုးရိမ်တကြီးဖြင့် မေးနေခဲ့သည်။
"အမေ ဘာလို့ ဘယ်သူမှ တံခါးလာမဖွင့်တာလဲ အဖွား အိမ်မှာမရှိဘူးလား"
ဝမ်မေဖုန်းသည် ယောက္ခမဖြစ်သူ၏ စိတ်သဘောထားအား သိသဖြင့် ယန်ကွေ့ပေါင်၏ ခေါင်းလုံးလုံးလေးအား ပွတ်သပ်ပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ခဏလောက် ထပ်စောင့်ရအောင် အဖွား ခဏနေရင် တံခါး လာဖွင့်ပေးလိမ့်မယ်"
"ဟုတ်"
ယန်ကွေ့ပေါင်မှ ခေါင်းညိတ်ပြလေသည်။ သားအမိ နှစ်ယောက် အပြင်ဘက်တွင် နောက်ထပ် ဆယ်မိနစ်ခန့် စောင့်နေခဲ့သော်လည်း မည်သူမှ တံခါးလာမဖွင့်ပေးသေးချေ။ အသိအချို့ ဖြတ်သွားရင်း လှမ်းနှုတ်ဆက်ကြလေသည်။
"မေဖုန်း ပြန်လာပြီပဲ ဘာဖြစ်လို့လဲ အိမ်မှာ လူမရှိလို့လား ဒါမှမဟုတ် အထဲပေးမဝင်တာလား"
ဝမ်မေဖုန်း၏ ယောက္ခမသည် အလွန် ဗိုလ်ကျ လွှမ်းမိုးတတ်ကြောင်း နာမည်ကြီးလေသည်။ ထို့အပြင် ဤ တစ်ကြိမ်တွင် ဝမ်မေဖုန်းဘက်မှလည်း အမှားလုပ်ထားသေးသည် မဟုတ်ပါလား။ မည်သူ့ စကားကိုမျှ နားမထောင်ဘဲ ယန်ကွေ့ပေါင်အား ဆွဲ ခေါ်သွားခဲ့သည်မှာပင် သူမ၏ အမှာ ဖြစ်ချေသည်။ ဝမ်မေဖုန်းသည် ပြုံးပြလျက် ပြန်ဖြေလိုက်သည်။
"အိမ်မှာ လူမရှိဘူး ထင်ပါတယ် နောက်ခဏလောက် ထပ်စောင့် ကြည့်လိုက်ပါဦးမယ်"
အသိဖြစ်သူမှ ဆက်မေးပြန်သည်။
"အခု ကွေ့ပေါင်ရော ဘယ်လိုနေလဲ သက်သာသွားပြီလား"
ဝမ်မေဖုန်းမှ ခေါင်းညိတ်ပြလိုက်သည်။
"ကွေ့ပေါင် အခု အကုန်ပျောက်သွားပြီ"
ယန်ကွေ့ပေါင်မှ ချက်ချင်းပင် ရင်ကော့လိုက်ကာ ပြနဖြေလိုက်သည်။
"ဟုတ်တယ် ဒေါ်လေးကျိုး သား အခု လုံးဝပျောက်သွားပြီ"
ထိုစကားအား ကြားသောအခါ ဒေါ်လေးကျိုးမှ ယန်ကွေ့ပေါင်အား အံ့သြတကြီး ကြည့်လိုက်မိသည်။
"တကယ်လား ဒေါ်လေးကို လာမလိမ်နဲ့နော်"
ဝမ်မေဖုန်းမှ ပြန်ဖြေလိုက်သည်။
"ဒီလိုကိစ္စမျိုးကို ကျွန်မက ဘယ်လိုလုပ် လိမ်ပြောပါ့မလဲရှင်"
လောကကြီး၌ ဖုံးကွယ် ထား၍ မရသည် အရာနှစ်ခုသာ ရှိပေသည်။ တစ်ခုမှာ ဆင်းရဲမွဲတေမှု ဖြစ်ကာ နောက်တစ်ခုက ရောဂါဘယ ဖြစ်သည်။ ဒေါ်လေးကျိုးသည် ကွေ့ပေါင်၏ မျက်နှာလေးအား သေချာစေ့စေ့စပ်စပ် ကြည့်လိုက်မိသည်။
အရင်အချိန်များတွင် ကွေ့ပေါင်သည် အမြဲ ဖျားနာ နေတတ်သဖြင့် သူ၏ မျက်နှာလေးသည် ဖြူရော်ကာ ညှိုးနွမ်းနေတတ်ကာ ဖျားနာနေသည့် ကလေး တစ်ယောက်နှင့် တူနေပေသည်။ သို့သော် ယခုမူ ကွေ့ပေါင်သည် အမှန်ပင် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်နှာလေးသည် ပန်းသွေးရောင် သန်းနေရုံ သာမက ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ တောက်ပနေသည့် မျက်လုံးဝိုင်းကြီးများသည်လည်း တက်ကြွ လန်းဆန်းမှုများအား ထုတ်လွှင့်နေခဲ့သည်။ မည်သူမှ သူ့အား ဖျားနာ နေသည့် ကလေးဟု ထင်တော့မည် မဟုတ်ချေ။
"ဘုရားရေ"
ဒေါ်လေးကျိုးမှာ မအော်ဘဲ မနေနိုင်တော့ချေ။
"အဲ့ဒီခြေဗလာသမားတော်က တကယ်ကို တော်တာပဲ အရမ်း အရည်အချင်းရှိတာပဲ"
(**ခြေဗလာ သမားတော် ဆိုသည်မှာ အခြေခံ ဆေးပညာသင်တန်း အနည်းငယ်သာ တက်ရောက်ထားပြီး ကျေးလက်ဒေသများတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်ပေးသူများအား ခေါ်ဆိုခြင်း ဖြစ်သည်။ ထို ဝေါဟာရအား ၁၉၆၀ ပြည့်နှစ်များ အထူးဖြင့် ယဉ်ကျေးမှုတော်လှန်ရေး ကာလ များတွင် တရုတ်နိုင်ငံမှ စတင်၍ ပေါ်ပေါက်လာသည့် သမိုင်းကြောင်း ရှိပေသည်။
ခြေဗလာ သမားတော် ဟု ခေါ်ဆိုရခြင်းမှာ အချိန်ပြည့် ဆေးပညာရှင်များ မဟုတ်ကြသည့် အပြင် လယ်ကွင်းများ ထဲ၌ ခြေဗလာဖြင့် စိုက်ပျိုးရေး အလုပ်များအား လုပ်ကိုင်ရင်း တစ်ဖက်တွင်လည်း ရွာသူရွာသားများအား ဆေးကုသပေးသည့် တောင်သူလယ်သမားများ ဖြစ်သည့် အတွက် ခြေဗလာ သမားတော် ဟု အမည်တွင်သွားခြင်း ဖြစ်သည်။
ထိုခေတ်ကာလများတွင် ကျေးလက်ဒေသများ၌ သမားတော်နှင့် ဆေးရုံဆေးခန်းများ အလွန် ရှားပါးလှသည့် အတွက် သူတို့အား သင်တန်း အမြန်ပေးကာ တာဝန်ချထားပေးခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် အခြေခံရောဂါများ ဖြစ်သည့် ဖျားနာခြင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း ရဦေဂါကာကွယ်ရေး ဥပမာ ကာကွယ်ဆေး ထိုးနှံပေးခြင်း အပြင် ပညာပေးခြင်း (တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေး အသိပညာများ ဝေမျှခြင်း) တို့ အပြင် မိခင်နှင့် ကလေး စောင့်ရှောက်ရေး (မိသားစု စီမံကိန်းနှင့် သားဖွားကိစ္စများ ကူညီပေးခြင်း) တို့အား ပြုလုပ်ပေးရခြင်း ဖြစ်သည်။
သမိုင်းကြောင်း အရ တရုတ်နိုင်ငံ၌ စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ခေတ်တွင်မူ ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တာဝန် ထမ်းဆောင်နေသည့် ရပ်ရွာ အခြေပြု ကျန်းမာရေး လုပ်သားများ သို့မဟုတ် အခြေခံ ကျန်းမာရေး စောင့်ရှောက်ပေးသူများအား ရည်ညွှန်းရာ၌လည်း ထို စကားလုံးအား တင်စားပြီး သုံးနှုန်းလေ့ ရှိပါသည်။ **)
မြို့ပေါ်ရှိ သမားတော်များပင် မကုသနိုင်သည့် ရောဂါအား ခြေဗလာသမားတော်မှ ကုသပေးလိုက်နိုင်သည်မှာ ဖြစ်နိုင်ပါမည်လား။ ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရဆိုလျှင် ဒေါ်လေးကျိုး လုံးဝ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ယန်ကွေ့ပေါင်မှ သူ၏ ရင်ဘတ်အား ပုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါပေါ့ သားရဲ့ အစ်မနီယန်က တကယ်ကို တော်တာ"
ဒေါ်လေးကျိုးသည် သူ့အား ချီးကျူးနေချိန်ထက် သူသည် ပို၍ပင် ပျော်ရွှင်နေပုံရလေသည်။ ဒေါ်လေးကျိုးမှ ထပ်မေးပြန်သည်။
"မေဖုန်း အဲ့ဒီ ခြေဗလာ သမားတော်က ဆယ်ကျော်သက် ကောင်မလေး ဆိုပြီး နင့်ယောက္ခမပြောတာ ကြားလိုက်တယ် အဲ့ဒါ တကယ်လား"
ဝမ်မေဖုန်းမှ ခေါင်းညိတ်ပြလိုက်လေသည်။
"တကယ်ပါရှင် ယန်ယန်က ဒီနှစ်မှ အသက် ၁၇ နှစ်ပဲ ရှိသေးတာ ဒါပေမဲ့ သူ့ရဲ့ ဆေးပညာကတော့ ပြိုင်ဘက်ကင်းပဲ သူသာမရှိရင် ဒီနေ့ ကွေ့ပေါင်ဆိုတာ ရှိလာမှာတောင် မဟုတ်ဘူး"
ထိုစကားအား ကြားသောအခါ ဒေါ်လေးကျိုးမှာ လေးစား အားကျမှုများဖြင့် ပြည့်နှက် သွားလေတော့သည်။
"တကယ့်ကို အံ့သြစရာပဲ မေဖုန်း နင်က အဲ့ဒီသမားတော်လေးနဲ့ တွေ့တာ တကယ်ကံကောင်းတာပဲ ကျေးဇူးဆပ်ဖို့တော့ မမေ့နဲ့ဦးနော်"
"ဟုတ်ကဲ့ပါ"
ဝမ်မေဖုန်းမှ ဆက်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်မ သေချာလုပ်မှာပါ"
ခြံဝင်းအား ခြား၍ ပြောနေကြသော စကားဝိုင်း ဖြစ်သဖြင့် ကျိုးစုဟွာသည် သဲသဲကွဲကွဲ မကြားရချေ။ သူမမှ 'နတ်ဆေးသမားတော်' ဆိုသည်ကိုသာ ဝိုးတဝါး ကြားလိုက်ရလေသည်။