အခန်း ၁၃၉
Vol. 10 Ch. 139
အခန်း (၁၃၉)
‘နတ်ဆေးသမားတော် ဟုတ်လား’
‘ယန်ကွေ့ပေါင် တကယ်ပဲ ကောင်းသွားပြီလား’
‘ဒါပေမဲ့ လောကကြီးမှာ နတ်ဆေးသမားတော်တွေက ဘယ်ကလာ ဒီလောက် ပေါနေရမှာလဲ’
‘နန်းတွင်း သမားတော်ကြီး ဖြစ်တဲ့ သမားတော်ကြီး ဝမ်တောင် သူ့ကိုယ်သူ နတ်ဆေးသမားတော်လို့ မခေါ်ရဲဘူးလေ’
‘ဒါ သေချာပေါက် ဝမ်မေဖုန်း တစ်ယောက် အိမ်ထဲ ပြန်ဝင်ခွင့်ရဖို့ အကြံအဖန် လုပ်နေတာပဲ ဖြစ်ရမယ်’
"အမေ"
ယန်ချန်ကျန်းမှ ကျိုးစုဟွာအား ပြန်ကြည့်လိုက်သည်။
"ကျွန်တော် သွားဖွင့်ပေးလိုက်လို့ ရပြီလား ဆယ့်ငါးမိနစ်တောင် ရှိနေပြီ"
"သွားဖွင့်လေ"
ကျိုးစုဟွာမှ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဝမ်မေဖုန်းကြောင့် ဖွင့်ခိုင်းတာ မဟုတ်ဘူးနော် ငါ့မြေးလေးကို ငဲ့လို့သာ ဖွင့်ပေးတာ ပြီးတော့ ဒါလေးပါ တစ်ခါတည်း ပြောလိုက်ဦးမယ် ငါ့မြေးအပေါ် သူလုပ်ခဲ့တဲ့ကိစ္စ အတွက် ဝမ်မေဖုန်းက တောင်းပန် စကား မဆိုရင် သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက် သကဲ့သို့ ကျေးဇူးတင် ဝမ်းသာစွာဖြင့် ယန်ချန်ကျန်းသည် တံခါးဖွင့်ရန် အပြေးလေး ထွက်သွားတော့သည်။
ယန်ချန်ကျန်းမှ ခြံတံခါးအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ယန်ကွေ့ပေါင်မှ မျောက်လေး တစ်ကောင်ကဲ့သို့ သူ့ဆီ ခုန်တက်လာခဲ့သည်။
"အဖေ သား အဖေ့ကို အရမ်းလွမ်းနေတာ"
အရင်တွင် အမြဲ ဖျားနာနေတတ်သော ယန်ကွေ့ပေါင်မှ တစ်ခါမှ ဤမျှလောက် တက်ကြွ လန်းဆန်းနေခြင်း မရှိခဲ့ဖူးပေ။ ယန်ချန်ကျန်း အံ့သြ မှင်တက်သွားခဲ့ရသည်။
"ကွေ့ပေါင် သားက"
ယန်ကွေ့ပေါင်မှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဖေ သား ပျောက်သွားပြီ နောက်ဆို ဘယ်သူမှ သားကို ရောဂါသည်လေးလို့ မခေါ်နိုင်တော့ဘူး"
"တကယ် ပျောက်သွားတာလား"
ယန်ချန်ကျန်းက ဝမ်မေဖုန်းဘက်သို့ ခေါင်းစောင်းကာ ကြည့်လိုက်လေသည်။ ဝမ်မေဖုန်းမှ ခေါင်းညိတ် ပြလိုက်သည်။ ယန်ချန်ကျန်းမှ ယန်ကွေ့ပေါင်အား ပွေ့ချီကာ အိမ်ထဲသို့ ပြေးဝင်ရင်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"အမေ အမေ ကွေ့ပေါင် ပျောက်သွားပြီ ကွေ့ပေါင် ပျောက်သွားပြီဗျ"
အိမ်ထဲတွင် ရှိနေသော ကျိုးစုဟွာမှ မျက်ရည်များဝဲကာ မတ်တပ် ရပ်လိုက်လေသည်။
‘ပျောက်သွားပြီ သူ့မြေးလေး တကယ် ရောဂါ ပျောက်သွားပြီလား’
"အမေ ကွေ့ပေါင် ပျောက်သွားပြီ"
ယန်ချန်ကျန်းသည် ယန်ကွေ့ပေါင်အား ချီလျက် အိမ်ထဲသို့ အပြေးအလွှား ဝင်လာပြီးနောက် ကျိုးစုဟွာ၏ ရှေ့တွင် ရပ်လိုက်လေသည်။ ကျိုးစုဟွာမှ အက်ကွဲနေသော အသံဖြင့် မေးလိုက်လေသည်။
"သူ တကယ် ပျောက်သွားတာလား"
"အဖွား သား တကယ် ပျောက်သွားပြီ"
ယန်ကွေ့ပေါင်မှ သူ့ရင်ဘတ်အား ပုတ်ပြလိုက်တော့သည်။
"သား ဘယ်လောက်တောင် သန်မာလာလဲ ကြည့်ပါဦး နွားပေါက်လေး တစ်ကောင်လိုပဲ"
သုံးလ ကြာပြီး နောက်တွင် ယန်ကွေ့ပေါင်သည် အရပ်ရှည် လာရုံသာမက ပို၍လည်း သန်မာလာခဲ့ကာ အရင်ကဲ့သို့ ပိန်လှကာ ချည့်နဲ့မနေတော့ချေ။ ကျိုးစုဟွာသည် လက်နှစ်ဖက်အား ဆန့်တန်းလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"လာ အဖွား ဖက်ထားရအောင်"
ယန်ကွေ့ပေါင်မှ လှမ်းသွားလိုက်ကာ အဖွားဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်တော့သည်။ အသက် ခုနစ်နှစ်အရွယ် ယန်ကွေ့ပေါင်သည် အရင်တွင် ပေါင် ၃၀ခန့် သာ ရှိခဲ့ပြီး ချီလိုက်လျှင် ငှက်မွေးတစ်ခုအလား ပေါ့ပါးနေတတ်သော်လည်း ယခုမူ လေးလံနေပြီ ဖြစ်သည်။ ဝမ်မေဖုန်းမှ ဘေးမှ ဝင်ပြောလိုက်သည်။
"အမေ စိတ်မပူပါနဲ့ ကွေ့ပေါင် တကယ်ပျောက်သွားပါပြီ ကျွန်မ အမေအိမ်မှာ နေတုန်းက နှစ်လကျော်လောက် အထိ ရောဂါတစ်ခါမှ ပြန်မဖောက်တော့ဘူး ပြီးတော့ နီယန်ကလည်း သေချာစစ်ဆေးပေးပြီးပြီ ကွေ့ပေါင်က နောက်ပိုင်းကျရင် သာမန် ကလေးတွေလိုပဲ ကျန်းကျန်းမာမာ ရှိနေတော့မှာတဲ့"
‘ဒီလောက် ငယ်ရွယ်တဲ့ ကောင်မလေးက တကယ်ပဲ အဲ့ဒီလောက် တော်နေလို့လား’
ထိုသို့ ပြောသည့်တိုင် ကျိုးစုဟွာမှာ စိတ်မချသေးပေ။
"ငါတို့ ကွေ့ပေါင်ကို သမားတော်ကြီးဝမ်ဆီ သွားပြပြီး စစ်ဆေးခိုင်းကြည့်ရအောင်"
‘အဲ့ဒီကောင်မလေးက ယန်ကွေ့ပေါင်ကို ယာယီ သက်သာသွားသယောင် ထင်ရအောင် တားမြစ်ဆေးတွေ သုံးထားရင် ဘယ်လိုလုပ်မလဲ’
ဝမ်မေဖုန်းသည် သူမယောက္ခမ၏ စိတ်နေသဘောထားနှင့် မည်သည်ကို စိုးရိမ်နေသည် ဆိုသည်အား သိပေသည်။ နီယန်သည် အမှန်တကယ် အရည်အချင်းရှိသူ ဖြစ်လေရာ ထပ်ပြီး စစ်ဆေးရမည်အား သူတို့ မကြောက်မိချေ။
"အမေ စိတ်မချဘူးဆိုရင်လည်း သမားတော်ကြီးဝမ်ဆီ သွားကြတာပေါ့"
ကျိုးစုဟွာမှ ယန်ကွေ့ပေါင်အား ဖက်ထားရင်း ပြောလိုက်သည်။
"အခုပဲ သွားကြမယ်"
ယန်ချန်ကျန်းသည် ကားသော့အား ရှာယူလိုက်ပြီးကာ မိသားစု လေးယောက် အိမ်မှ ကမန်းကတန်း ထွက်လာခဲ့ကြလေသည်။ ကားသည် မြန်ဆန်လှလေရာ မကြာမီမှာပင် သမားတော်ကြီးဝမ်၏ ကိုယ်ပိုင် ဆေးခန်းသို့ ရောက်ရှိ သွားကြကုန်သည်။
မွန်းလွဲပိုင်း အချိန်ဖြစ်သဖြင့် သမားတော်ကြီးဝမ်၏ ဆေးခန်းတွင် လူသိပ်မရှိပေ။ ဝမ်မေဖုန်းနှင့် ကျိုးစုဟွာတို့ ဝင်လာသည်အား မြင်သောအခါ သမားတော်ကြီးဝမ်သည် သူ၏ ဆိတ်မုတ်ဆိတ်မွေးလေးအား ပွတ်သပ်ရင်း လက်မြှောက် အရှုံးပေးဟန်ဖြင့် ပြောလိုက်သည်။
"ဝက်ရူးပြန်ရောဂါက ကုလို့မရပါဘူးလို့ ကျွန်တော် ပြောထားပြီးပြီလေ သက်သာအောင်ပဲ လုပ်လို့ရမှာ ဘာလို့ ထပ်လာကြပြန်တာလဲ အချိန်ကုန်တာပဲ အဖတ်တင်တာ မဟုတ်ဘူးလား"
ရှေးခေတ်ကတည်းမှ ယနေ့တိုင်အောင် ဝက်ရူးပြန် လူနာသည် လုံးဝ ပျောက်ကင်းသွားသည် ဆိုသည့် အစဉ်အလာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ သူ၏စကားအား ကြားလိုက်ရချိန်တွင် ကျိုးစုဟွာ၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့တော့သည်။ နီယန်သည် ယန်ကွေ့ပေါင်အား တားမြစ်ဆေးများ တိုက်ထားခဲ့သည် ဟုပင် သူမ ပို၍ပင် ယုံကြည်သွားလေတော့သည်။
"ဝမ်မေဖုန်း ဒီနေ့သာ ငါ့မြေး တစ်ခုခုဖြစ်လို့ကတော့ နင့်ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
ယန်ကွေ့ပေါင်သည် ကျိုးစုဟွာ၏ လည်ပင်းအား ဖက်လိုက်ပြီး ပြောလိုက်သည်။
"အဖွား အမေ့ကို အဲ့ဒီလို မအော်ရဘူးလေ သား တကယ်ပျောက်သွားပြီဆို"
သမားတော်ကြီးဝမ်သည် သက်ပြင်းချလိုက်ကာ မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းခါယမ်း လိုက်လေသည်။ ဝမ်မေဖုန်းမှ ဒေါသထွက်မနေဘဲ ပြုံးပြလိုက်ကာ ပြောလိုက်သည်။
"လူစွမ်းကောင်းဆိုတာ နေရာတိုင်းမှာ ရှိတတ်ပါတယ် သမားတော်ကြီးဝမ်ရယ် ဆရာ မကုနိုင်တာနဲ့ပဲ တခြားသူတွေ မကုနိုင်ဘူးလို့ ပြောလို့မရဘူးလေ"
သမားတော်ကြီးဝမ်မှာ ထိုစကားအား ကြားသောအခါ ဒေါသထောင်းခနဲ ထွက်သွားတော့သည်။
"အဓိပ္ပာယ်မရှိတာ ငါ့အဘိုးက နန်းတွင်း သမားတော်ကြီးကွ နန်းတွင်း သမားတော်ဆိုတာ ဧကရာဇ်မင်းမြတ်ကိုတောင် ကုသပေးခဲ့ရတာ ငါ့အဘိုးလို လူတောင် ဝက်ရူးပြန်ရောဂါကို မကုနိုင်ခဲ့တာ တောကလူက ကုနိုင်ပါ့မလား"
ဝမ်မေဖုန်းမှ ပြုံးလျက် ပြန်ပြောလိုက်သည်။
"အဲ့ဒီလို ရှေးရိုးစွဲကြီးတဲ့ လူတွေကြောင့်ပဲ ချင်မင်းဆက် ပျက်စီးသွားရတာပေါ့ ဆရာ့ အဘိုးသာ နည်းနည်းလောက် နှိမ့်ချတတ်ခဲ့မယ်ဆိုရင် အခုချိန်ထိ ဆရာက နန်းတွင်းသမားတော် ဖြစ်နေတုန်းပဲ နေမှာ"
သမားတော်ကြီးဝမ်မှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် ထောင်ထသွားရလေတော့သည်။
"ပေါက်ကရတွေ"