← Chapters

အခန်း ၁၄၀

Vol. 10 Ch. 140

အခန်း ၁၄၀

Vol. 10 Ch. 140

အခန်း (၁၄၀)

ဝမ်မေဖုန်းမှ ပြုံးလျက် ပြောလိုက်သည်။

"ပေါက်ကရလား တကယ်လား ဆိုတာကို သမားတော်ကြီးဝမ် ကွေ့ပေါင်ကို စစ်ဆေးကြည့်လိုက်ရင် သိမှာပါ"

သမားတော်ကြီးဝမ်သည် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက် ယန်ကွေ့ပေါင်အား လက်ယပ်ခေါ်လိုက်သည်။

"ဒီလာခဲ့ လူလေး"

ယန်ကွေ့ပေါင်သည် သမားတော်ကြီးဝမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ လက်အား ကမ်းပေးလိုက်လေသည်။ သမားတော်ကြီးဝမ်သည် သူ၏ သွေးခုန်နှုန်းအား စတင်၍ စမ်းသပ် စစ်ဆေးလေတော့သည်။ သမားတော်ကြီးဝမ်၏ မျက်ခုံးများ ပို၍ပို၍ တွန့်ချိုးလာခဲ့ကာ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည် နှင့်အမျှ လေထုသည် တဖြေးဖြေး တင်းမာလာလေတော့သည်။

‘မဖြစ်နိုင်တာ’

‘ဒါ လုံးဝ မဖြစ်နိုင်ဘူး’

‘လောကကြီးမှာ ဝက်ရူးပြန်ရောဂါကို ကုသနိုင်တဲ့သူ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ဘေးတွင် ရပ်နေသော ကျိုးစုဟွာသည် မျက်ရည်မျာအား စိုးရိမ်တကြီး သုတ်လိုက်ရင်း မေးလိုက်သည်။

"သမားတော်ကြီးဝမ် ကွေ့ပေါင် ကွေ့ပေါင် အဆင်ပြေရဲ့လားဟင်"

သမားတော်ကြီးဝမ်သည် မည်သည်ကိုမှ ပြန်မပြောဘဲ ကျိုးစုဟွာအား တိတ်တိတ်နေရန်သာ အမူအရာ ပြလိုက်လေသည်။ ၎င်းအား မြင်သောအခါ ကျိုးစုဟွာ ပို၍ပင် စိုးရိမ်ပူပန် သွားခဲ့ရတော့သည်။

‘ယန်ကွေ့ပေါင်က ကယ်လို့မရတော့ဘူးလား’

အကယ်၍ ထိုသို့သာဆိုလျှင် ဝမ်မေဖုန်းနှင့် အသေအကြေ ရင်ဆိုင်ရန် သူမ အဆင်သင့်ပင် ဖြစ်သည်။ သူ၏ ရောဂါရှာဖွေမှု အမှားအယွင်း မရှိစေရန် နှင့် သေချာစေနိုင်ရန် အတွက် သမားတော်ကြီးဝမ်သည် အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးမှ ဝမ်မေဖုန်းအား မော့ကြည့်လိုက်တော့သည်။

"အရင်တစ်ခေါက်က ဆေးညွှန်းစာရွက်ကို ပြလို့ရမလား"

ဝမ်မေဖုန်းမှ ခေါင်းညိတ်ပြပြီးနောက် သူမအိတ်ထဲမှ ဆေးညွှန်းစာရွက်အား ထုတ်ပေးလိုက်တော့သည်။ အချိန် အတော်ကြာ သေချာကြည့် ပြီးနောက်တွင်လည်း ထူးခြားချက် တစ်စုံတစ်ရာကိုမျှ သူ မတွေ့ရပေ။

သူ၏ အမြင်အရ ဤဆေးညွှန်းတွင် သာမန် ပါဝင်ပစ္စည်းများသာ ပါဝင်ပြီး အလွန်ဆုံး အားဆေး အဖြစ်သာ သုံးနိုင်ပေသည်။ မည်ကဲ့သို့ ဝက်ရူးပြန်ရောဂါအား ပျောက်ကင်းစေသည့် အာနိသင် ရှိနေရလေသနည်း။

သမားတော်ကြီးဝမ်သည် အသက်အား ဝဝရှူသွင်းလိုက်ပြီးနောက် ဝမ်မေဖုန်းအား ကြည့်ကာ လေသံအား တည်ငြိမ်အောင် ထိန်းလိုက်လေသည်။

"ခင်ဗျားကလေးက ဒီဆေးသောက်နေတုန်း တခြားဆေးတွေရော တွဲမသောက်ခဲ့ဘူးဆိုတာ သေချာလား"

ဝမ်မေဖုန်းမှ ခေါင်းညိတ်ပြလိုက်သည်။

"သေချာပါတယ်"

သူမကိုယ်တိုင် ဆေးကျိုပေးခဲ့ခြင်း ဖြစ်လေရာ မည်ကဲ့သို့ အမှားအယွင်း ရှိနိုင်မည်နည်း။

"အံ့သြစရာ ကောင်းလိုက်တာ တကယ့်ကို အံ့မခန်းပဲ"

သမားတော်ကြီးဝမ်မှ အံ့အားတကြီး ရေရွတ်လိုက်မိသည်။

"တရုတ်ရိုးရာ ဆေးပညာက တကယ့်ကို အံ့သြဖွယ် ကောင်းလောက်အောင် ထက်မြက်တာပဲ"

ကျိုးစုဟွာသည် မျက်တောင် တဖျတ်ဖျတ်ခတ်ကာ မေးလိုက်လေသည်။

"သမားတော်ကြီးဝမ် ဘာကို ဆိုလိုတာလဲဟင်"

သမားတော်ကြီးဝမ်မှ ကျိုးစုဟွာအား ကြည့်ကာ ပြောလိုက်လေသည်။

"အားလုံးကို ဂုဏ်ပြုပါတယ်ဗျာ ခင်ဗျားတို့ မိသားစုက ကွေ့ပေါင်လေး လုံးဝ ပျောက်ကင်းသွားပါပြီ သူ နောက်ဘယ်တော့မှ ရောဂါ ထပ်မဖောက်နိုင်တော့ဘူး"

‘ဘာ ဘာတဲ့’

‘ပျောက်သွားပြီ’

‘တကယ် ပျောက်သွားပြီလား’

"သမားတော်ကြီးဝမ် တကယ် ပြောနေတာလား"

ကျိုးစုဟွာသည် သူမဘာသာ စိတ်ချောက်ချား နေသည်ဟုပင် ထင်မှတ် သွားခဲ့ရလေတော့သည်။ သမားတော်ကြီးဝမ်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ကျွန်တော် ဝမ်ဆိုတဲ့သူက တချို့သူတွေလောက် အရည်အချင်း မရှိပေမယ့် ဘယ်တော့မှတော့ လိမ်မပြောတတ်ဘူး"

သူကိုယ်တိုင် မျက်မြင် မတွေ့ရလျှင် ဝက်ရူးပြန်ရောဂါ အတွက် ကုထုံး ရှိသည်ကို သူလည်း ယုံကြည်လိမ့်မည် မဟုတ်ပေ။ လူတစ်ယောက်ထက် သာသည့် လူ ရှိသကဲ့သို့ ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင် ရှိနေတာ အမှန်ပင် ဖြစ်ချေတော့သည်။

ကျိုးစုဟွာ ဝမ်းသာလွန်း၍ ယန်ကွေ့ပေါင်အား ဖက်ကာ ငိုချလိုက်ပြီးနောက် စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ချေ။ ယန်ကွေ့ပေါင်သည် ကျိုးစုဟွာ၏ ကျောပြင်အား ပွတ်သပ်ပေးကာ နှစ်သိမ့် ပေးလိုက်လေတော့သည်။

"အဖွား လိမ္မာတယ်နော် မငိုနဲ့တော့"

သမားတော်ကြီးဝမ်သည် ဝမ်မေဖုန်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ရဲဘော် ကွေ့ပေါင်ကို ကုသပေးခဲ့တဲ့ နတ်ဆေး သမားတော်လေးနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးလို့ရမလား ကျွန်တော် မေးချင်တဲ့ ဆေးပညာဆိုင်ရာ မေးခွန်းတချို့ ရှိနေလို့ပါ"

သမားတော်ကြီးဝမ်သည် မျက်ကန်းယုံကြည်မှု ရှိနေသည့် သူ တစ်ဦး မဟုတ်ချေ။ အမှန်တကယ် အရည်အချင်း ရှိသော သမားတော် တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူကိုယ်တိုင်၏ ဆေးပညာစွမ်းရည် တိုးတက်စေရန် ရိုးသားစွာ လေ့လာ သင်ယူလိုစိတ် ရှိသူ ဖြစ်သည်။ ဝမ်မေဖုန်းမှ ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကျွန်မ သူ့ကိုယ်စား ဆုံးဖြတ်ပေးလို့တော့ မရဘူးရှင့် အခွင့်အရေးရတဲ့ အခါ ကျရင် ကျွန်မ ဆရာ့အတွက် မေးပေးပါ့မယ်"

ဤကိစ္စအား နီယန် သဘောတူမှသာ ဖြစ်မည် ဖြစ်သည်။ မဟုတ်လျှင် သမားတော်ကြီးဝမ်အား နီယန်၏အိမ်သို့ နီယန်မှ လက်ခံ ဖိတ်ကြားခြင်း မရှိဘဲ ခေါ်သွားသည်မှာ မည်သည့် သဘောမျိုး သက်ရောက် သွားလိမ့်မည်နည်း။

ဝမ်မေဖုန်းမှာမူ ကိုယ်ချင်းစာတရား ကင်းမဲ့သူမျိုး မဟုတ်ပေ။ သမားတော်ကြီးဝမ်သည်လည်း နားလည်ကြောင်း ပြသသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

"ဒါဆို ခင်ဗျား ဖုန်းနံပါတ်က ဘယ်လောက်လဲ။ကျွန်တော် မှတ်ထားလိုက်မယ်လေ"

ဝမ်မေဖုန်းသည် သူမ၏ ဖုန်းနံပါတ်အား သမားတော်ကြီးဝမ် အတွက် ရေးပေးလိုက်လေသည်။ သမားတော်ကြီးဝမ်၏ ဆေးခန်းမှ ထွက်လာပြီးနောက် ကျိုးစုဟွာမှာ မျက်ရည်များ စီးကျနေဆဲပင် ဖြစ်သည်။ ယန်ကွေ့ပေါင်၏ ရောဂါ အမှန်တကယ် ကုသ၍ ပျောက်ကင်းသွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိခဲ့ဖူးပေ။

ယန်ကွေ့ပေါင်သည် ယခုနှစ်တွင် အသက် ၇ နှစ် ပြည့်ပြီ ဖြစ်သည်။ သူ ဖျားနာနေခဲ့သည်မှာ ၇ နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ကာ တချို့ရက်များတွင် ရောဂါကျွမ်းလျှင် တစ်ရက်လျှင် နှစ်ကြိမ်ပင် ဖောက်တတ်သေးသည်။

ထို့ကြောင့် ကျောင်းထားရမည့် အရွယ် ရောက်နေပြီ ဖြစ်သော်လည်း ယန်ကွေ့ပေါင်မှာ ကျောင်းမတက် နိုင်ခဲ့သေးခြင်း ဖြစ်သည်။ သူ့ကဲသို့ ရောဂါမျိုး ခံစားနေရသည့် မိုဟူတျယ် မှလွဲ၍ သူ့အား ကစားဖော် လုပ်မည့် သူငယ်ချင်းလည်း တစ်ယောက်မှ မရှိခဲ့ချေ။ အဖွားဖြစ်သူ အနေဖြင့် ကျိုးစုဟွာသည် ဤအရာများအား တွေးမိတိုင်း ရင်ကွဲမတတ် ခံစားရလေသည်။

"အမေ မငိုပါနဲ့တော့ မုန်တိုင်းတွေ ပြီးဆုံးသွားပါပြီ"

ဝမ်မေဖုန်းမှ နှစ်သိမ့်ပေးလိုက်လေသည်။

သူမသည် ယောက္ခမ ဖြစ်သူ၏ စိတ်နေ သဘောထားအား သိပေသည်။ ယောက္ခမဖြစ်သူ ဒေါသထွက်ခဲ့သည်မှာလည်း ယန်ကွေ့ပေါင် အတွက် စိုးရိမ်သောကြောင့် ဆိုသည်ကို သူမ နားလည်ပေသည်။ ကျိုးစုဟွာသည် ဝမ်မေဖုန်းအား ဖက်လိုက်ပြီး မျက်ရည်သံ စွက်နေသော အသံဖြင့် တောင်းပန်စကား ဆိုလိုက်လေသည်။

"တောင်းပန်ပါတယ် မေဖုန်းရယ် နင်နဲ့ ကွေ့ပေါင်အပေါ် ငါဆက်ဆံခဲ့တဲ့ ပုံစံအတွက် တောင်းပန်ပါတယ်"

အကယ်၍ ဝမ်မေဖုန်းသည်သာ ယန်ကွေ့ပေါင်အား တောသို့ ခေါ်သွားပြီး ဆေးကုသပေးရန် အတင်းအကြပ် မတောင်းဆိုခဲ့ပါမူ သူတို့သည် ဤ ပျောက်ကင်းနိုင်သည့် အခွင့်အရေးအား လက်လွတ် ဆုံးရှုံးသွားခဲ့ရပေမည်။

ပျောက်ကင်းသွားခြင်း ဆိုသည်ထက် အမှန်တကယ်မှာမူ 'တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခြင်း' နှင့်ပင် တူနေတော့သည်။ ဤသည်မှာ ယန်ကွေ့ပေါင် အတွက် ဘဝသစ်တစ်ခုပင် ဖြစ်ချေတော့သည်။

အကယ်၍ ဝမ်မေဖုန်းသည် သာ သူမဆန္ဒအား လိုက်လျောပြီး အလျှော့ပေးခဲ့ပါမူ မည်သို့သော အခြေနေများ ဆက်ဖြစ်လာနိုင်သည် ဆိုသည်အား တွေးမိတိုင်း ကျိုးစုဟွာမှာ ကြောက်ရွံ့ တုန်လှုပ်ခြင်းများ လွှမ်းမိုး လာရတော့သည်။

(**ခုမှကြောက် အိမ်တံခါး မဖွင့်ပေးတာလဲ သူပဲ အဆက်သွယ် မလုပ်ပဲ ပစ်ထားခိုင်းတာလဲ သူပဲ တတ်လဲတတ်နိုင်တယ်**)

All Chapters