← Chapters

အခန်း ၁၄၁

Vol. 10 Ch. 141

အခန်း ၁၄၁

Vol. 10 Ch. 141

အခန်း (၁၄၁)

‘ကံကောင်းလို့ အဲ့ဒီလိုတွေ ဖြစ်မလာခဲ့တာ’

‘ကံကောင်းလို့’

သူမသည် အလွန်ပင် အာဏာရှင်ဆန်လွန်းခဲ့ခြင်း ဖြစ်သ်ည။ ဝမ်မေဖုန်းနှင့် သူမသားအပေါ် အပြစ်လုပ်မိခဲ့သူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။ သူမ၏ ဗိုလ်ကျ လွှမ်းမိုးတတ်သော သဘာဝသည် ယန်ကွေ့ပေါင်အား သေတွင်းထဲသို့ တွန်းပို့လုနီးပါး ဖြစ်ခဲ့ရသည်။

"ငါက တကယ့်ကို ယုတ်မာတဲ့ ယောက္ခမ တစ်ယောက် ဖြစ်ခဲ့တာပါလား မေဖုန်း တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါ နောက်ဘယ်တော့မှ ဒီလို မလုပ်တော့ပါဘူး"

"အမေ အဆင်ပြေပါတယ်"

ဝမ်မေဖုန်းမှ ဆက်ပြောလိုက်သည်။

"ကျွန်မ အမေ့ကို အပြစ်မတင်ပါဘူး အမေ့ကိုယ်အမေ အဲ့ဒီလို မပြောပါနဲ့"

ဝမ်မေဖုန်း၏ စကားအား ကြားသောအခါ ကျိုးစုဟွာမှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ဝမ်းသာ ကြည်နူးသွားခဲ့ရလေသည်။ ချွေးမဖြစ်သူမှ သူမအား ခွင့်လွှတ်ပေးလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးပေ။ ယခုအချိန်တွင်မူ သူမ၏ နောင်တတရားသည် ပို၍ပင် နက်ရှိုင်း လာလေတော့သည်။

"မေဖုန်း ကျေးဇူးတင်ပါတယ်"

ကျိုးစုဟွာသည် ဝမ်မေဖုန်း၏လက်အား ဆုပ်ကိုင်ရင်း ကျေးဇူးတင် မျက်ရည်များ ကျဆင်းလာခဲ့တော့သည်။

"ငါ့ကို ခွင့်လွှတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

ယန်ချန်ကျန်းသည် လည်း ဘေးမှ ဝင်ပြောလိုက်လေသည်။

"မေဖုန်း ကိုယ်လည်း မင်းကို တောင်းပန်ရမယ် ကိုယ်က ဖခင်ကောင်း တစ်ယောက် မဟုတ်ခဲ့ဘူး မင်းနဲ့ သားလေးအပေါ် ကိုယ် တာဝန်မကျေခဲ့ဘူး"

အကယ်၍ ဝမ်မေဖုန်းသာ သူကဲ့သို့ ပျော့ညံ့ခဲ့မည် ဆိုလျှင် ယန်ကွေ့ပေါင် အတွက် အမှန်ပင် မျှော်လင့်ချက်မဲ့သွားခဲ့ပြီ ဖြစ်သည်။ ဤသည်အား တွေးမိပြီး ယန်ချန်ကျန်း တစ်ယောက် အဆုံးမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုထဲသို့ ကျဆင်း သွားရလေတော့သည်။

"ရှင်က တကယ်ကို ဖခင်ကောင်းတစ်ယောက် မဟုတ်ဘူး"

ဝမ်မေဖုန်းသည် ယန်ချန်ကျန်းအား မော့ကြည့်လိုက်သည်။

"ကွေ့ပေါင်နဲ့ ကျွန်မ တောမှာ အဲ့ဒီလောက်ကြာအောင် နေခဲ့တာတောင် ရှင် တစ်ခေါက်လေးများ လာကြည့်ဖူးသလား စာတစ်စောင်များ ရေးဖူးသလား ဖုန်းတစ်ခွန်းများ ဆက်ဖူးသလား ရှင့်ကိုယ်ရှင် ပြန်မေးကြည့်စမ်းပါ ရှင်က ဘယ်လို ခင်ပွန်းမျိုးလဲ ဘယ်လို ဖအေမျိုးလဲ"

သူမ၏ ခင်ပွန်းသည် အစစအရာရာ ကောင်းမွန်သော်လည်း မိခင်စကားအား အလွန်အမင်း နားထောင်လွန်းလှပေသည်။ ကျိုးစုဟွာ မည်သို့ ပြောသည် ဖြစ်စေ ယန်ချန်ကျန်းသည် ဆန့်ကျင်ရဲခြင်း မရှိပေ။ အကြီးအသေး ဆုံးဖြတ်ချက်များ အားလုံးကို ကျိုးစုဟွာမှသာ ချမှတ်ခြင်း ဖြစ်သည်။

ဝမ်မေဖုန်းသည် အလွယ်တကူ အနိုင်ကျင့်ခံမည့် သူမျိုး မဟုတ်ပေ။ ယောက္ခမဖြစ်သူအား လူကြီး တစ်ယောက်အနေနှင့် ခွင့်လွှတ်ပေးနိုင်သော်လည်း ခင်ပွန်းဖြစ်သူကိုမူ ထိုသို့ ခွင့်လွှတ် ပေး၍ မရပေ။ ယန်ချန်ကျန်းအား သူ့အမှားသူ ပြန်လည် သုံးသပ်လာစေရန် ဤအခွင့်အရေးအား သူမ အသုံးချရမည် ဖြစ်သည်။

ထိုစကားအား ကြားသောအခါ ယန်ချန်ကျန်း ခေါင်းပို၍ ငိုက်ဆင်း သွားခဲ့ရတော့သည်။ ကျိုးစုဟွာမှာမူ မျက်ရည်များဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။

"မေဖုန်း ချန်ကျန်းကို အပြစ်မတင်ပါနဲ့ အကုန်လုံး ငါ့အမှားတွေပါ ချန်ကျန်းကို နင့်ဆီမသွားအောင် ငါတားထားခဲ့တာ"

ဝမ်မေဖုန်းမှ ပြန်ပြောလိုက်သည် ။

"အမေ ဒီကိစ္စကို ဝင်မပါပါနဲ့ ချန်ကျန်းက အသက် ၃၀ ရှိနေပြီ ၃ နှစ်သား ကလေး တစ်ယောက် မဟုတ်ဘူး သူက အစောကြီး ကတည်းက ရင့်ကျက်ပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်တွေ ချနိုင်နေရမှာ သူ့တစ်သက်လုံး အမေ့ကိုချည်း မှီခိုနေလို့ ဘယ်ရပါ့မလဲ တစ်နေ့နေ့ အမေ မရှိတော့တဲ့အခါ သူ ဘယ်သူ့ကို သွားမှီခိုမလဲ"

ထိုစကားများအား ကြားလိုက်ရချိန်တွင် ကျိုးစုဟွာ ချက်ချင်းပင် အရှက်ရစွာဖြင့် ခေါင်းငုံ့ သွားခဲ့တော့သည်။ သူတို့၏သားသည် အိမ်ထောင်သည် တစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။ သူမ အမှန်ပင် ဤသို့ ဝင်မစွက်ဖက်ရန် မသင့်တော့ချေ။ သားနှင့် ချွေးမအတွက် သူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ပေးသင့်ပြီ ဖြစ်သည်။ ဝမ်မေဖုန်းမှ တင်းမာသော မျက်နှာထားဖြင့် သတိပေးလိုက်သည်။

"ယန်ချန်ကျန်း ရှင် ဆက်ပြီး ဒီလိုပုံစံမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကျွန်မတို့ အတူတူမနေတာပဲ ပိုကောင်းလိမ့်မယ်"

ဤသည်အား ကြားသောအခါ ကျိုးစုဟွာ ဝင်ပြောရန် ဟန်ပြင်လိုက်သော်လည်း ဝမ်မေဖုန်း၏ စကားများအား ပြန်သတိရသွားကာ ပါးစပ်ကို ပိတ်ထား လိုက်လေတော့သည်။ သူမ သားနှင့် ချွေးမတို့၏ ကိစ္စများတွင် သူမ မည်သည့်အခါတွင်မှ ဝင် မစွက်ဖက်တော့ပေ။ ယန်ချန်ကျန်းသည် ချက်ချင်းပင် လက်သုံးချောင်း ထောင်ကာ ကတိပေးလိုက်သည်။

"မေဖုန်း စိတ်ချပါ ကိုယ် အဲ့ဒီလို ထပ်မလုပ်တော့ပါဘူး အခုချိန်ကစပြီး အိမ်မှာ မင်းပဲ အုပ်ချုပ်တော့ ကိုယ် မင်းစကားကို နားထောင်ပါ့မယ် ကိုယ် ကျိန်ရဲပါတယ် မင်းက အရှေ့ကိုသွားဆိုရင် ကိုယ် ဘယ်တော့မှ အနောက်ကို မသွားပါဘူး"

ဝမ်မေဖုန်း၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားခဲ့ရသည်။

"ရှင့်ရဲ့ လုပ်ရပ်ကို ကြည့်ရသေးတာပေါ့"

ထိုအခါမှ ယန်ချန်ကျန်း သက်ပြင်းချ နိုင်တော့သည်။

"ဒါဆို မေဖုန်းက ကိုယ့်ကို ခွင့်လွှတ်ပြီပေါ့"

"ရှင့်ရဲ့ လုပ်ရပ်ကို ကြည့်ရဦးမယ်လို့ ပြောပြီးပြီလေ"

ဝမ်မေဖုန်းမှ ဆက်ပြောလိုက်သည်။

"ကဲ အိမ်ပြန်ကြရအောင်"

ယန်ချန်ကျန်း ခေါင်းညိတ် ပြလိုက်လေသည်။ လေးယောက်သား ကားထဲသို့ ဝင်ထိုင်လိုက်ကြကုန်သည်။ ကားသည် ကုန်တိုက်ကြီး တစ်ခုရှေ့ ရောက်သောအခါ ကျိုးစုဟွာမှ ပြောလိုက်သည်။

"ချန်ကျန်း ခဏလေး ရပ်လိုက်ဦး"

"ဘာဖြစ်လို့လဲ အမေ"

ယန်ချန်ကျန်းသည် နောက်သို့ လှည့်ကြည့် လိုက်လေသည်။

"တစ်ခုခု ဝယ်စရာရှိလို့လား"

ကျိုးစုဟွာမှ ဆက်ပြောလိုက်သည်။

"နတ်ဆေး သမားတော်လေး နီယန်ရဲ့ ကျေးဇူးကြောင့် အခု ကွေ့ပေါင် ပျောက်သွားပြီလေ ငါတို့ ကျေးဇူးရှင်ကို မေ့ထားလို့ မဖြစ်ဘူးမလား မနက်ဖြန် ကျင်းဟွာရွာကို သွားပြီး နတ်ဆေးသမားတော်လေး နီယန်ကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး ကျေးဇူးတင် စကား ပြောကြရအောင်"

ယခုအချိန်တွင် ကျိုးစုဟွာသည် နီယန်အား အထူး ကျေးဇူးတင်ဆုံး ဖြစ်နေလေတော့သည်။ 'ခြေဗလာသမားတော်' ဟူသော အခေါ်အဝေါ်မှ 'နတ်ဆေးသမားတော်လေး နီယန်' ဟုပင် ပြောင်းလဲခေါ်ဝေါ်နေလေပြီ ဖြစ်သည်။

"ကောင်းပါပြီ"

ဝမ်မေဖုန်းမှ သဘောတူညီစွာဖြင့် ခေါင်းညိတ် ပြလိုက်သည်။

"အမေက အမြဲတမ်း တွေးခေါ်မြော်မြင် တတ်တာပဲ"

လေးယောက်သား ကုန်တိုက်ထဲသို့ ဝင်သွားကြလေသည်။ နီယန်သည် ယန်ကွေ့ပေါင်အား ကယ်တင်ပေးခဲ့ခြင်း ဖြစ်သဖြင့် ကျိုးစုဟွာသည် ပိုက်ဆံသုံးရမည်အား လုံးဝ နှမြောမနေတော့ပေ။ အသီးအနှံများနှင့် အားဆေးများ အပါအဝင် ဈေးကြီးသော ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူလိုက်လေသည်။

နီယန်တွင် အသက်သုံးလကျော်သာ ရှိသေးသော ညီမလေး တစ်ယောက် ရှိကြောင်း သိရသောအခါ ကျိုးစုဟွာသည် ယွမ် ၉၈၀ အကုန်ခံကာ ရွှေလက်ကောက်လေး နှစ်ကွင်းနှင့် အသက်ရှည်ကျန်းမာ အဆောင် လော့ခ်သီးလေးတစ်ခုအား ဝယ်လိုက်လေသည်။ ထို့အပြင် ကျိုးစုဟွာသည် ကွေ့ပေါင်၏ အဘိုးအဘွားများ အတွက်လည်း ပစ္စည်းများစွာ ဝယ်ယူခဲ့သေးသည်။

သတိပြုစရာ အချက်မှာ ယခင်တွင် ကျိုးစုဟွာသည် တောရွာများအား အထင်အမြင် သေးတတ်ကာ ကွေ့ပေါင်၏ အဘိုးအဘွားများအားလည်း မိသားစုဝင်များ သဖွယ် တစ်ခါမှ ဆက်ဆံလေ့ မရှိခဲ့ခြင်းပင် ဖြစ်သည်။

ကျိုးစုဟွာ၏ အမြင်တွင် ဝမ်မေဖုန်းသည် ယန်ချန်ကျန်းနှင့် လက်ထပ်ခဲ့ခြင်းအား အဆင့်မတူဘဲ လက်ထပ်ခဲ့ခြင်း ဖြစ်သည် ဟု အမြဲတမ်း တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုသို့ မဟုတ်တော့ပေ။ ယခုမှစ၍ သူမသည် ယောက္ခမကောင်း တစ်ယောက် အဖွားကောင်း တစ်ယောက် ဖြစ်လာစေရန် ကြိုးစားတော့မည် ဖြစ်သည်။

ယောက္ခမဖြစ်သူ၏ ပြောင်းလဲသွားမှုအား သတိပြုမိသောအခါ ဝမ်မေဖုန်းမှာ အတိတ်တွင် သူမခံစားခဲ့ရသော နာကြည်းစရာများသည် ဘာမှမဟုတ်တော့သလို ရုတ်တရက် ခံစားလိုက်ရတော့သည်။

နီမိသားစု၏ ခြံဝင်းအတွင်း၌

နီယန်နှင့် နီချွေ့ဟွာတို့သည် ရေတွင်းနားတွင် ထိုင်လျှက် ဟင်းသီးဟင်းရွက်များ ဆေးကြောရင်း စကားစမြည် ပြောဆို နေကြလေသည်။

All Chapters