← Chapters

အခန်း ၁၄၂

Vol. 10 Ch. 142

အခန်း ၁၄၂

Vol. 10 Ch. 142

အခန်း (၁၄၂)

အနီးရှိ ပုခက်ထဲတွင် လှဲနေသော နီယွင်လေးသည် ဂျောက်ဂျက်လေးနှင့် ဘဲပေါက်ဝါလေးအား ကိုင်ကာ တစ်ယောက်တည်း ဆော့ကစားနေခဲ့သည်။ ငိုလဲ မငိုသကဲ့သို့ ဂျီလည်းမကျဘဲ အလွန် လိမ္မာရေးခြား ရှိလှပေသည်။

ခြံဝင်းလေးသည် အတိုင်းမသိ နွေးထွေးပြီး အေးချမ်းနေပုံရလေသည်။ ဟင်းသီးဟင်းရွက် ပေါင်နှစ်ရာအား ဆေးကြောရသည့် အလုပ်သည် အချိန်တော်တော် ယူရသည့် အလုပ် တစ်ခု ဖြစ်သည်။

နီယန် ဟင်းသီးဟင်းရွက်များအား ဆေးကြောပြီးနောက် ဆားနယ်ပြီးချိန်တွင် ညနေ ငါးနာရီပင် ကျော်လွန်နေပြီ ဖြစ်ကာ နေလည်း စတင်၍ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ ထို့နောက် နီယန်သည် ညစာအား စတင်ပြင်ဆင်လေတော့သည်။

စောစောပိုင်းတွင် ဟင်းသီးဟင်းရွက်ဝယ်စဉ်၌ ဆိုင်ရှင် ပေးလိုက်သည့် ပဲစိမ်းများအား မြင်လိုက်ရသောအခါ သူမ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့တော့သည်။

ပထမဆုံး ပဲစိမ်းများအား အခွံနွှာလိုက်သည်။ ကောက်ညှင်းဆန် နှစ်ယောက်စာခန့်အား ခပ်ယူကာ ရေဆေးပြီးနောက် မြေအိုးတစ်လုံးထဲတွင် စိမ်ထား လိုက်လေသည်။

ထို့နောက် နီယန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်မှ ဝယ်ယူ ထားသော အသားခြောက်များအား ယူကာ အတုံးလေးများလှီး၍ ဒယ်အိုးထဲတွင် ဆီသတ်လိုက်လေသည်။ အရသာ ပိုကောင်းစေရန် အတွက် ကြက်သွန်မြိတ် ဂျင်း ကြက်သွန်ဖြူနှင့် ပဲငံပြာရည်တို့အား ထည့်ကာ ပဲစိမ်းများကိုပါ ရောထည့်ပြီး မွှေကြော်လိုက်သည်။

ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ကျက်သွားသောအခါ ဆီသတ် ထားသော အသားခြောက်နှင့် ပဲစိမ်းများအား ဆန်စိမ်ထားသော မြေအိုးထဲသို့ ခပ်ထည့်လိုက်ပြီးနောက် နောက်ဆုံးတွင် မီးဖိုပေါ်တင်ကာ မြေအိုးထမင်း ချက်လိုက်လေတော့သည်။

၎င်းအား အသားခြောက်ပဲစိမ်း မြေအိုးထမင်းဟု ခေါ်ကာ ရိုးရာ မြေအိုးထမင်းအား ပုံစံပြောင်းလဲကာ ချက်ထားခြင်း ဖြစ်သည်။ အဓိကဟင်းလျာ ပြင်ဆင် ပြီးနောက် နီယန်သည် အရံဟင်းများအား စတင်ပြင်ဆင်တော့သည်။

မီနူးအား ထုတ်ကြည့်လိုက်ချိန်တွင် ယနေ့ ညအတွက် အဓိက ဟင်းလျာများမှာ ပထမဟင်းပွဲမှာ မျှစ်စပ်ကြော် ဖြစ်သည်။

"ဆေးကျမ်းပေါင်းချုပ်" တွင် "မျှစ်အား အဓိကအားဖြင့် ရေငတ်ပြေစေရန်နှင့် ဆီးလမ်းကြောင်း ကောင်းမွန်စေရန် အသုံးပြုသည်" ဟု ဖော်ပြထားပေသည်။ မျှစ်သည် အူလမ်းကြောင်းမှ ကိုလက်စထရော စုပ်ယူမှုအား လျှော့ချပေးနိုင်ပြီး သွေးတွင်း အဆီဓာတ်အား ကျဆင်းစေကာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးလေသည်။ ခန္ဓာကိုယ် အတွင်းမှ အညစ်အကြေးများနှင့် အဆိပ်အတောက်များအား ထိရောက်စွာ ဖယ်ရှားပေးနိုင်ပေသည်။

ခန္ဓာကိုယ်အချိုးအစားအား ထိရောက်စွာ ထိန်းသိမ်းပေးနိုင်သည့် အလွန် ကောင်းမွန်သော ကိုယ်အလေးချိန် လျှော့ချရေး အစားအစာ တစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူတို့ သည် အသားအား အများအပြား စားခဲ့ကြသည်။ ခန္ဓာကိုယ် အချိုးအစားအား ထိန်းသိမ်းနိုင်ရန်နှင့် ဝမလာစေရန် မျှစ်စားပေးခြင်းသည် အခွင့်သင့်ပေသည်။

ဒုတိယ ဟင်းပွဲမှာ အမဲရိုးတွင်းခြင်ဆီ ကြက်ဥပေါင်း ဖြစ်သည်။ ကြက်ဥများသည် မနက်ပိုင်းတွင် ဖန့်ဟူ ပို့ပေးထားခြင်း ဖြစ်ကာ အမဲရိုးတွင်းခြင်ဆီမှာမူ ယမန်နေ့၌ ဟင်းသီးဟင်းရွက်ဈေးမှ နီယန် ဝယ်လာသော ရိုးတွင်းခြင်ဆီများ ပြည့်နှက်နေသည့် အမဲရိုးကြီးများမှ ဖြစ်သည်။

"ဆေးကျမ်းပေါင်းချုပ်" တွင် "အမဲရိုးတွင်းခြင်ဆီသည် အဆုတ်အား စိုပြည်စေပြီး ကျောက်ကပ်ကိုလည်း အားဖြည့်ပေးကာ အသားအရေကိုလည်း စိုပြည်စေသည့် အာနိသင် ရှိသည့် အပြင် အသားအရောင်ကိုလည်း တောက်ပစေသည်" ဟု ဖော်ပြထားပေသည်။ ထို့ကြောင့် အမဲရိုးတွင်းခြင်ဆီသည် အသားအရေအား ထိရောက်စွာ စိုပြည်စေနိုင်လေသည်။

အဓိကဟင်းနှစ်ခွက်အား ဆုံးဖြတ်ပြီးနောက် ဟင်းရည်တစ်ခွက် လုပ်ရန်သာ လိုတော့သည်။ ထဲ့တန်၏အမေ ပို့ပေးထားသော တို့ဟူးအား မြင်လိုက်ရချိန်တွင် နီယန်သည် ဟင်းသီးဟင်းရွက် တို့ဟူးဟင်းရည်အား ရုတ်တရက် သတိရသွားလေတော့သည်။

ဟုတ်ပေသည်။ ဟင်းသီးဟင်းရွက် တို့ဟူးဟင်းရည် လုပ်ဖို့သာ ဆုံးဖြတ်လိုက်လေတော့သည်။ နီယန်သည် ချက်ချင်း အကျီလက်စအား ခေါက်တင်ကာ စတင်၍ ဟင်းချက်လေတော့သည်။ ညအချိန် တဖြည်းဖြည်း ရောက်လာကာ မှောင်မိုက်လာပြီးနောက် မီးဖိုချောင်လေးထဲတွင် အမွှေးနံ့များ ပိုမို၍ ပြင်းထန်လာခဲ့လေတော့သည်။

မကြာမီမှာပင် ပြီးပြည့်စုံသော ဟင်းနှစ်ခွက်နှင့် ဟင်းရည်တစ်ခွက် အဆင်သင့် ဖြစ်သွားပြီး ဖြစ်ကာ အသားခြောက် ပဲစိမ်းတို့ဖြင့် ချက်ထားသော ကောက်ညှင်းထမင်း(မြေအိုးထမင်း) နှင့်ပါဆိုလျှင် သူတို့သုံးယောက် အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

အသားခြောက်နှင့် ပဲစိမ်းများ ထည့်ထားသောကြောင့် မြေအိုးထမင်းသည် အလွန်ပင် အရသာရှိလှသည်။ ကိုက်စားလိုက်လျှင် နူးညံ့စေးပိုင်နေပြီး ပဲစိမ်းလေးအား ကိုက်မိချိန်တွင် အရသာများ ပေါက်ကွဲထွက်လာခဲ့ကာ လွန်စွာမှ စားကောင်းလှပေသည်။

ဟင်းသီးဟင်းရွက် တို့ဟူးဟင်းရည်သည် ကောက်ညှင်း၏ အီစိမ့်မှုအား ခြေဖျက်ပေးလိုက်လေရာ ဘဝကိုပင် မေးခွန်းထုတ်ချင်လောက်သည် အထိ အရသာရှိလှသည်။ နီချန်ကွေ့မှ အံအားသင့်ဟန်ဖြင့် ပြောလိုက်သည်။

"ယန်ယန် သမီးက အရသာရှိတဲ့ အစားအစာတွေ ဘယ်လောက်တောင် ချက်တတ်တာလဲ"

နေ့တိုင်း နီယန်ချက်သည့် ဟင်းလျာတိုင်းသည် မတူညီဘဲ ဟင်းခွက်တိုင်းသည် အံ့မခန်း အရသာထူး ရှိလှသည်ဟု သူမ ခံစားရလေသည်။

ရိုးရှင်းလှသော ဟင်းသီးဟင်းရွက် တို့ဟူးဟင်းရည်လေးသည်ပင် နီယန် ချက်လိုက်သောအခါ ထူးကဲစွာ အရသာရှိနေတတ်သည်။ နီယန်မှ ပြုံးရုံသာ ပြုံးလိုက်သည်။

"တကယ်တော့ ကျွန်မ ချက်တတ်တာလေးတွေပဲ ချက်နေတာပါ"

နီချန်ကွေ့မှ ပြောလိုက်သည်။

"ယန်ယန် သမီးက မန်ချူးဟန် နန်းတွင်း စားသောက်ပွဲကြီးကိုတောင် ချက်နိုင်မယ်လို့ ဒေါ်လေး သံသယရှိတယ် သက်သေတော့ မပြနိုင်ပေမယ့်ပေါ့"

နီယန်မှ ခပ်ဟဟ ရယ်မောလိုက်ကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး တခြားသူတွေထက် နည်းနည်းလေး ပိုသိရုံပါ"

နီချန်ကွေ့မှ ရယ်မောရင်း ဆိုလေသည်။

"ယန်ယန် သမီးကိုယ်တိုင်က အရမ်းကို နှိမ့်ချလွန်းပါတယ်"

နီယန်သည် မျှစ်တစ်ဖတ်ကို ညှပ်ယူလိုက်ရင်း ပြောလိုက်သည်။

"နှိမ့်ချခြင်းဆိုတာ မွန်မြတ်တဲ့ ကိုယ်ကျင့်တရားတစ်ခုလေ"

နီချွေ့ဟွာသည် ဘေးမှနေ၍ နောက်ပြောင်လိုက်သည်။

"ညီမလေး ချန်ကွေ့ ဒီကောင်မလေးကို ဆက်မချီးမွမ်းနဲ့တော့ ထပ်မြှောက် ပေးနေရင် သူ့အမြီးလေး ကောင်းကင်ပေါ် ထောင်တက်သွားလိမ့်မယ်"

ညစာ စားပြီးနောက် နီယန်သည် သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ ကျန်ရှိနေသေးသော ငွေများအား ရေတွက်ကြည့်လိုက်လေသည်။ ဆိုင်ခန်းဝယ်ရန် သုံးခဲ့သည့် ငွေမှာ ၂၅၄၀၀ ယွမ် အလုပ်သမားများကို ပေးခဲ့သည့် ၉၃၀ ယွမ်နှင့် လွန်ခဲ့သည့်ရက်များမှ နေ့စဉ် အသုံးစရိတ်များအား နုတ်လိုက်လျှင် သူမတွင် စုစုပေါင်း ယွမ် ၂၅၅၀ ကျန်ရှိနေသေးသည်။

ယွမ် ၂၅၅၀ ဖြင့် ရေခဲသေတ္တာ သို့မဟုတ် ရောင်စုံတီဗီ ကဲ့သို့သော ပစ္စည်းကြီးများအား မဝယ်နိုင်သော်လည်း သူမ၏ လုပ်ငန်း အတွက် လိုအပ်သော အခြားပစ္စည်းများအား တပ်ဆင်ရန် လုံလောက်သည် ထက်ပင် ပိုနေသေးသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ငွေရှာရန် အလျင်မလိုတော့ဘဲ ဤတစ်လအား အနားယူကာ အားအင် ပြန်လည် ဖြည့်တင်းရန် သူမ စီစဉ်ထားခြင်း ဖြစ်သည်။ ဆိုင်သစ်ဖွင့်လျှင် လုပ်စရာတွေ အများကြီး ရှိလာဦးမည် မဟုတ်ပါလား။

ထို့အပြင် သူမက ခေါက်ဆွဲရောင်းရုံ သက်သက်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုရန် မျှော်လင့်ထားခြင်း မဟုတ်ပေ။ ဘဝနှစ်ခု တိုင်တိုင် နေထိုင်ခဲ့ဖူးသော နီယန်တွင် ကြီးမားသည့် ရည်မှန်းချက်များ ရှိပေသည်။ သူမသည် အလုပ်တစ်ခုအား မလုပ်ရင်မလုပ်ပဲ နေတတ်ကာ လုပ်ပြီဆိုလျှင်လည်း အကောင်းဆုံး ဖြစ်အောင် လုပ်မည်သာ ဖြစ်သည်။ သူမသည် လမ်းသစ်ဖောက်ကာ နီယန် ပိုင်ဆိုင်သော ရွှေခေတ် တစ်ခုအား ဖန်တီးမည် ဖြစ်သည်။

ထိုညက နီယန် ပြန်လည် မွေးဖွားလာပြီးကတည်းမှ အကောင်းဆုံး အိပ်စက်ခြင်းမျိုးအား ရရှိခဲ့ပုံပေါ်သည်။ မနက် ခြောက်နာရီကျော်သည် အထိ သူမ အိပ်ပျော်သွားခဲ့သည်။ ဆိုင်ထွက်ရန် အတွက် ယခင်ကဲ့သို့ မနက်သုံးနာရီ ထစရာ မလိုတော့ချေ။

တစ်ချိန်တည်းမှာပင်..

နီတာ့ကျူးနှင့် လျိုကျွမ်းးတို့ စောစောထလာကြကာ ရှားရှားပါးပါး အလုပ်နားရက် ယူထားကြသည်။

All Chapters