← Chapters

အခန်း ၁၄၅

Vol. 10 Ch. 145

အခန်း ၁၄၅

Vol. 10 Ch. 145

အခန်း (၁၄၅)

နီယန်က ပြုံးလျက် ပြောလိုက်သည်။

"ဒေါ်လေးတို့ ဒီလိုလုပ်ဖို့ မလိုပါဘူး သမားတော် တစ်ယောက်အနေနဲ့ အသက်ကယ်ဖို့ဆိုတာ ကျွန်မတို့ရဲ့ တာဝန်ပဲလေ နတ်ဆေးသမားတော် ဆိုတာကိုတော့ ကျွန်မ အဲ့ဒီလို အခေါ်မခံရဲပါဘူး တရုတ်ပြည်မှာ ကျွန်မထက် ဆေးပညာ အများကြီး ပိုတော်တဲ့သူတွေ အများကြီး ရှိပါသေးတယ်"

သူမ၏ အသံလေးသည် နူးညံ့ကာ အပြုံးလေးများ စွန်းထင်းနေခဲ့သည်။ သူမ၏ မျက်နှာတွင် မာနထောင်လွှားမှု သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှုများ မရှိသကဲ့သို့ ကုသရခက်သော ရောဂါတစ်မျိုးအား ကုသပေး လိုက်နိုင်ခြင်းကြောင့် ဝင့်ကြွားနေခြင်းမျိုးလည်း မရှိနေခဲ့ချေ။

ထိုအစား သူမသည် နှိမ့်ချပြီး ရောင့်ရဲ တင်းတိမ်တတ်သည့်ဟန်မျိုးသာ ရှိလေရာ လူများအား မြင်ရုံနှင့်ပင် အလွန် သက်သောင့်သက်သာ ရှိသော ခံစားချက်အား ပေးစွမ်းနိုင်ပေသည်။ ကျိုးစုဟွာသည် မျက်နှာတွင် အပြုံးများ ပြည့်နှက်စွာဖြင့် နီယန်အား ကြည့်လိုက်မိသည်။ နီယန်မှ ဆက်ပြောသည်။

"ကျွန်မတို့ ဒီမှာပဲ မတ်တပ်ရပ်မနေဘဲ အိမ်ထဲ ဝင်ကြရအောင်"

သူမ၏ နောက်တွင်မူ ယန်တာ့ဟိုင်နှင့် ယန်ချန်ကျန်းတို့သည် အထုပ်အပိုးများအား ကိုင်ဆောင်ကာ အိမ်ထဲသို့ ဝင်လာကြကုန်သည်။ အိမ်လေးသည် တန်ဖိုးကြီး ပရိဘောဂများ မရှိသည့် ရိုးရှင်းသော ကျေးလက် အိမ်လေး တစ်လုံး ဖြစ်သည်။ ရိုးရှင်းသော စားပွဲနှင့် ထိုင်ခုံများသည် သပ်ရပ်သန့်ရှင်းမှုအား ပြသနေပြီး အလွန်နွေးထွေးကာ အေးချမ်းသည့် ခံစားချက်ကိုလည်း ပေးစွမ်းနေလေသည်။ လေထုထဲတွင် စံပယ်ပန်း ရနံ့သင်းသင်းလေး ပျံ့လွင့်နေခဲ့သည်။

ကျိုးစုဟွာက ရနံ့ရှိရာသို့ လိုက်ကြည့် လိုက်လေရာ ပြတင်းပေါက် ဘောင်တွင် အခြောက်လှန်းထားသော စံပယ်ပန်းလေး တစ်ပွင့်အား မြင်လိုက်ရသည်။ အခြောက်လှန်း ထားသော စံပယ်ပန်းလေးသည် လတ်ဆတ်စဉ်အချိန်လောက် မတောက်ပတော့သော်လည်း လှပနေဆဲပင် ဖြစ်သည်။ လတ်ဆတ်သော စံပယ်ပန်းလေးအား ဤသို့ဖြစ်အောင် အိမ်ရှင်သည် မည်သည့် နည်းလမ်းများအား အသုံးပြုခဲ့သည်ကို သူမ မသိသော်လည်း ဤအရာသည် အိမ်ရှင်၏ တင့်တယ်လှပသော စရိုက်လက္ခဏာအား ထင်ဟပ်နေလေသည်။

နေထိုင်မှုဘဝအား ချွေတာ ရိုးရှင်းပုံရသော်လည်း မြင့်မားသော အနုပညာ ခံစားမှု အပြည့်ရှိနေလျှက် ရှိကာ ဤခံစားချက်သည် အမှန်ပင် ကောင်းမွန်လွန်းလှသည်။ နီယန်သည် လူတိုင်း အတွက် လက်ဖက်ရည်ကြမ်း ပြင်ဆင်ပေးရန် အလုပ်များနေခဲ့သည်။

ထိုအချိန်တွင် နီချွေ့ဟွာသည် ကလေးအား ချီလျက် အခန်းတွင်းမှ ထွက်လာခဲ့တော့သည်။ အခန်းထဲရှိ လူများအား မြင်လိုက်ရချိန်တွင် သူမ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ နီယန်မှ ချက်ချင်းပင် လူတိုင်းအား နီချွေ့ဟွာနှင့် မိတ်ဆက်ပေးလိုက်သည်။

"အမေ ဒါက ကွေ့ပေါင်ရဲ့ အဘိုးအဘွားတွေနဲ့ အဖေလေ"

ထိုအခါမှ နီချွေ့ဟွာ သဘောပေါက်သွားခဲ့ကာ လူတိုင်းအား ပြုံးပြလျှက် နှုတ်ဆက်လိုက်တော့သည်။ လွန်ခဲ့သည့် သုံးလခန့်တွင် မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်လာစဉ်ကကဲ့သို့ နီချွေ့ဟွာတွင် သိမ်ငယ်စိတ်များ မရှိတော့ချေ။ ၎င်း၏ နေရာတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများမှ အစားထိုး ဝင်ရောက်လာခဲ့တော့သည်။ သူမသည် ယခင်ကနှင့် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။ ကျိုးစုဟွာသည် နီချွေ့ဟွာ၏လက်အား ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ယန်ယန်ရဲ့ အမေ ရှင်က တကယ်ကို အံ့သြစရာ ကောင်းတဲ့ သမီးလေး တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ သူသာမရှိရင် ကျွန်မတို့ ကွေ့ပေါင်လေး အခု ဘယ်ရောက်နေမလဲတောင် မသိဘူး"

နီချွေ့ဟွာမှ နှိမ့်ချစွာဖြင့် ပြန်ပြောသည်။

"ကွေ့ပေါင် အဖွားရယ် အရမ်းကြီးလည်း အားနာမနေပါနဲ့ ကျွန်မတို့ ယန်ယန်ကလည်း သိပ် အများကြီး လုပ်ပေးလိုက်ရတာ မဟုတ်ပါဘူး ဆေးညွှန်းလေး တစ်စောင်ပဲ ရေးပေးလိုက်တာပါ"

နီချွေ့ဟွာသည် အလွန်ရိုးသားသူ ဖြစ်သည်။ သူမ၏ သမီး အတွက် သူမရင်ထဲတွင် ဂုဏ်ယူနေသော်လည်း ဤကိစ္စလေးသည် ယန်မိသားစုကြီး တစ်ခမ်းတစ်နား လာရောက် ကျေးဇူးတင်ရလောက်အောင် ထိုက်တန်သည်ဟု သူမ မထင်မိချေ။ မည်သို့ပင် ဖြစ်စေ အသက်ကယ်သည် ဆိုသည်မှာ ကုသိုလ်ရသည့် ကောင်းမှု တစ်ခုဖြစ်ကာ ကြွားဝါစရာ ကိစ္စမဟုတ်ပါချေ။

ဆေးညွှန်းလေး တစ်စောင်သာ ဖြစ်သော်လည်း ၎င်းသည် ယန်ကွေ့ပေါင်၏ အသက်အား ကယ်တင်ပေးနိုင်ခဲ့သည် မဟုတ်ပါလား။ ကျိုးစုဟွာမှာ နီယန်အား အလွန်အမင်း ကျေးဇူးတင်နေရုံသာမက တစ်စုံတစ်ခုကိုပါ နားလည် သဘောပေါက် သွားခဲ့ရသည်။ နီယန်လေးသည် ဤမျှလောက် ငယ်ငယ်ရွယ်ရွယ်နှင့် မည်သည့်အတွက် ဤမျှလောက် ရင့်ကျက်ကာ နားလည်မှုရှိနေရသည် ဆိုသည်မှာ မဆန်းတော့ချေ။

သူမတွင် ကိုယ်တိုင် စံပြအဖြစ် နေထိုင်ပြပြီး သွန်သင် ဆုံးမပေးသော မိခင်ကောင်း တစ်ဦး ရှိနေသောကြောင့် ဖြစ်ပေမည်။ နီယန်သည် ကျိုပြီးစ လက်ဖက်ရည်ကြမ်းများအား လူတိုင်းဆီ လာချပေးလိုက်သည်။

ကျိုးစုဟွာနှင့် ယန်တာ့ဟိုင်တို့ တစ်ငုံစီ သောက်ကြည့် လိုက်လေရာ ဇနီးမောင်နှံနှစ်ဦး အချင်းချင်း မျက်လုံးချင်း ဆုံသွားပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

ဤလက်ဖက်ရည်သည် သာမန် လက်ဖက်ရည်များနှင့် မတူပေ။ လန်းဆန်းစေသော လက်ဖက်ရည်ရနံ့ ရှိရုံသာမက သေချာ အရသာခံကြည့်ပါက သစ်သီးအရသာလေးပါ ရောယှက်နေခဲ့သည်။

လန်းဆန်းပြီး ချိုမြိန်ကာ ရေငတ်ပြေစေပြီး သောက်ပြီးသွားသည့်တိုင် အရသာသည် လျှာဖျားတွင် စွဲကျန်ရစ်နေခဲ့သည်။ လက်ဖက်ရည်ကြမ်းအား နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ကျွမ်းကျင်စွာ အရသာခံ လာခဲ့သော ယန်တာ့ဟိုင် တစ်ယောက် ဤမျှ ကောင်းမွန်သော လက်ဖက်ရည်မျိုးအား တစ်ခါမှ မသောက်ဖူးခဲ့ပေ။

"နတ်ဆေးသမားတော်လေး စိတ်မရှိပါနဲ့ ဒါက ဘယ်လို လက်ဖက်ရည် အမျိုးအစားလဲ"

ဖခင်ဖြစ်သူ၏ စိတ်လှုပ်ရှားနေမှုအား မြင်သောအခါ ယန်ချန်ကျန်းသည်လည်း သူ၏ခွက်အား ချက်ချင်း ကောက်ကိုင်ကာ တစ်ငုံ သောက်ကြည့်လိုက်သည်။

‘တကယ်ပဲ’

‘လက်ဖက်ရည်၏ အရသာက တကယ်ကို အံ့မခန်းပဲ’

လက်ဖက်ရည် သိပ်မသောက် တတ်သော သူပင်လျှင် ၎င်းသည် အလွန် သောက်၍ ကောင်းကြောင်း ခံစားလိုက်ရကာ နောက်ထပ် အငုံကြီး တစ်ငုံ ထပ်မသောက်ဘဲ မနေနိုင်တော့ချေ။ နီယန်မှ ပြန်ပြောလိုက်သည်။

"ဒါက သာမန် လက်ဖက်ခြောက်ပါပဲ ဒါပေမဲ့ ကျွန်မ လက်ဖက်ရွက်တွေကို လှော်တုန်းက လိမ္မော်ခွံခြောက်နဲ့ သစ်သီးခြောက် တချို့ ထည့်လှော်လိုက်လို့ပါ အဲ့ဒါကြောင့် သာမန် လက်ဖက်ခြောက်တွေမှာ မရှိတဲ့ သစ်သီးအရသာလေး ရနေတာပါ"

ယန်တာ့ဟိုင်မှ ခေါင်းညိတ် ပြလိုက်သည်။

"စမ်းသောက် ကြည့်လိုက်တုန်းက သစ်သီး အရသာလေး ရနေတယ်လို့ ခံစားရတာ မဆန်းပါဘူး နတ်ဆေး သမားတော်လေး သမီးက တကယ်ကို ထူးချွန်တာပဲ"

အံ့အားသင့်စရာ ကောင်းသည်မှာ လက်ဖက်ရွက် လှော်ခြင်း ဆိုသည်မှာ သာမန်လူ တစ်ယောက် လုပ်နိုင်သည့်အရာ မဟုတ်ပေ။ မီးအပူချိန်အား ထိန်းချုပ်နိုင်ရန် လိုအပ်ရုံသာမက သတ်မှတ်ထားသော ကျွမ်းကျင်မှုများလည်း လိုအပ်ပေသည်။ သို့မဟုတ်ပါက လက်ဖက်ရွက်များ တူးသွားနိုင်သည့် အပြင် အရသာကိုပါ ထိခိုက်သွားစေနိုင်သည်။

သို့သော် ဤလက်ဖက်ရည်၏ အရသာသည် အတိအကျပင် ဖြစ်နေခဲ့သည်။ အတွေ့အကြုံ ဆယ်နှစ်နှင့် အထက် ခိုင်မာစွာမရှိဘဲ ဤကဲ့သို့သော လက်ဖက်ရွက်မျိုးအား လှော်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် နီယန်သည် လက်ဖက်ရည်ထဲသို့ အခြားအရာများကိုပါ ထည့်သွင်းထားလေရာ လှော်ရန် ပို၍ပင် ခက်ခဲစေသည်။

ယန်ကွေ့ပေါင်မှ ချက်ချင်း မတ်တပ် ရပ်လိုက်ပြီးနောက် သူ၏ ချစ်စရာကောင်းသော ခေါင်းလေးအား မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ဟုတ်တယ် အဘိုး သားရဲ့ မနီယန်က အရမ်းတော်တာ သူက အကုန်လုံး လုပ်တတ်တယ်"

ယန်ကွေ့ပေါင်၏ ရင်ထဲတွင် နီယန်က အရည်အချင်း ရှိသည့် နတ်သမီးလေး တစ်ပါးနှင့် တူပေသည်။ သူမသည် လှရုံသာမကဘဲ ဆေးပညာလည်း တတ်သည့် အပြင် ဟင်းလည်း ချက်တတ်သေးသည်။ ထို့အပြင် ပေါင်မုန့်လည်း ဖုတ်တတ်သေးသည်။ လက်ဖက်ရွက်တောင် လှော်တတ်သေးသည်။

‘ဘယ်လိုလုပ်ရမလဲ သူ မမနီယန်ကို ပိုပိုပြီး သဘောကျလာပြီ’

All Chapters