အခန်း ၁၄၇
Vol. 10 Ch. 147
အခန်း (၁၄၇)
နီယန်မှ ရှင်းပြလိုက်သည်။
"အပြင်ဘက်က ပေါင်မုန့်ဖုတ် မီးဖိုထဲမှာ ကင်ထားတာပါ"
"ပေါင်မုန့်ဖုတ်မီးဖို"
ယန်ချန်ကျန်း မတ်တပ်ရပ်လိုက်ပြီးနောက် မေးလိုက်သည်။
"ကျွန်တော် သွားကြည့်လို့ ရမလား"
"ရပါတယ်"
နီယန်မှ ခေါင်းညိတ်ပြလိုက်သည်။ နီယန် ခေါင်းညိတ်ပြသည်အား မြင်သောအခါ ကွေ့ပေါင်မှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဖေ သား လိုက်ပြမယ် မမနီယန်နဲ့ သားနဲ့ အတူတူ ဆောက်ထားတဲ့ ပေါင်မုန့်ဖုတ်မီးဖိုလေ"
ကွေ့ပေါင်လေးသည် ယန်ချန်ကျန်းအား ခြံထဲသို့ ခေါ်သွားလေသည်။ ပေါင်မုန့်ဖုတ် မီးဖိုသည် ခြံထောင့်တွင် တည်ရှိသည်။ အရွယ်အစား သိပ်မကြီးဘဲ ဝက်ဝံခေါင်းပုံစံ ရှိလေသည်။ ၎င်း၏ အောက်တွင် ထင်းခြောက်များ ပုံထားလျှက် ရှိသည်။ ဝက်ဝံခေါင်း၏ ဘယ်ဘက်ခြမ်းတွင် အရုပ်သေးသေးလေး နှစ်ရုပ်အား ရေးဆွဲထားပြီး ဘေးတွင် "၁၉၈၃ နွေရာသီ မမနှင့် ကွေ့ပေါင်" ဟု စာတန်း ထိုးထားသေးသည်။
ရှေ့ပိုင်း စာလုံးများသည် ရဲရင့် ပြတ်သားစွာ ရေးသားထားပြီး နောက်ပိုင်း စာလုံးများမှာမူ အနည်းငယ် ကလေးဆန်သော်လည်း နှစ်ခု ပေါင်းစပ်လိုက်သော အခါ အဆင်မပြေ ဖြစ်မနေဘဲ ချစ်စရာ ကောင်းသည့် အနုပညာဆန်မှုအား ပေးစွမ်းနေသေးပေသည်။
"ဒီပေါင်မုန့်ဖုတ်မီးဖိုကို သားရဲ့ မမနီယန် ကိုယ်တိုင် ဆောက်ထားတာလား"
ယန်ချန်ကျန်းမှ မယုံကြည်နိုင်စွာ မေးလိုက်လေသည်။ ကွေ့ပေါင်မှ ခေါင်းညိတ်ပြသည်။
"ဟုတ်တယ် နီယန်က အရမ်းတော်တာ အဖေ သားပြောပြမယ် ဒီပေါင်မုန့်ဖုတ် မီးဖိုကလည်း အရမ်းမိုက်တယ် ကြက်ကင်လို့ရရုံတင် မကဘူး ပေါင်မုန့်လည်း ဖုတ်လို့ရတယ် သစ်သီးတွေလည်း အခြောက်ခံလို့ရသေးတယ်"
အစားအသောက်များ အကြောင်း တွေးမိပြီး ကွေ့ပေါင်၏ မျက်လုံးများက အရောင်လက်နေခဲ့သည်။ ထိုစကားအား ကြားသောအခါ ယန်ချန်ကျန်းမှာ အံ့သြ ချီးကျူးမှုများဖြင့် ပြည့်နှက် သွားတော့သည်။
တကယ်တမ်းတွင် သူ ပေါင်မုန့်ဖုတ်မီးဖိုအား မြင်ဖူးသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပေါင်မုန့်ဖုတ်မီးဖိုများသည် သာမန်မီးဖိုများထက် ပိုမို ကောင်းမွန်သော ရလဒ်များအား ပေးစွမ်းနိုင်သဖြင့် နိုင်ငံခြားအိမ်များတွင် အသုံးများကြလေရာ သူ နိုင်ငံခြား ခရီးစဉ်များ သွားစဉ်တွင် မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
သို့သော် သူ၏ နိုင်ငံထဲတွင် ပေါင်မုန့်ဖုတ် မီးဖိုအား မြင်ဖူးသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ပေါင်မုန့်ဖုတ်မီးဖို ဆောက်လုပ်ခြင်းသည် ရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင် ရှုပ်ထွေးလှကာ ကျွမ်းကျင်မှုများ လိုအပ်ပေသည်။
နီယန်ကဲ့သို့ ကောင်မလေး တစ်ယောက်သည် ၎င်းအား မည်ကဲ့သို့ တည်ဆောက်နိုင်ခဲ့သည် ဆိုသည်အား သူ စိတ်ကူးပင် မယဉ်ကြည့်နိုင်ခဲ့ပေ။
‘ဒီကောင်မလေးက အပေါ်ယံ မြင်ရတာထက် အများကြီး ပိုပြီး သန်မာတာပဲ’
လူကြီးတစ်ယောက်ဖြစ်သည့် သူ ပင်လျှင် သူမနှင့် မယှဉ်နိုင်လောက်ဟု ခံစားလိုက်ရလေသည်။ တောရွာတွင် သုံးလကျော် နေထိုင်ခဲ့ဖူးသဖြင့် ကွေ့ပေါင်လေးသည် ပတ်ဝန်းကျင်နှင့် ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။ သူသည် ယန်ချန်ကျန်းအား ခေါ်ကာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေခဲ့ကာ အတန်ကြာသော အခါ အဘိုးဖြစ်သူ ယန်တာ့ဟိုင်ပါ အပြင်ထွက်လာခဲ့တော့သည်။
ဧည့်ခန်းထဲတွင်မူ အမျိုးသမီးများမှာ တက်တက်ကြွကြွ စကားစမြည် ပြောဆိုနေကြလေသည်။ ကျိုးစုဟွာသည် အငြိမ်းစား မယူမှီတွင် သူမ၏ လုပ်ငန်းခွင်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သဖြင့် သာမန်လူများကဲ့သို့ သဘောထား ပျော့ပျောင်းလွယ်သူ မဟုတ်ပေ။ သို့သော် ဝမ်မေဖုန်းအား အံ့သြစေခဲ့သည်မှာ သူမသည် နီချွေ့ဟွာနှင့် အလွန်ပင် အဆင်ပြေနေခြင်းပင် ဖြစ်ပေသည်။
ဤသည်မှာ အမှန်တကယ် ကံတရား၏ စီမံမှုသာ ဖြစ်ပေမည်။ နီယန်သည် လက်ဖက်ရည်အား တစ်ငုံချင်း သောက်နေခဲ့ကာ အခိုးအငွေ့များသည် သူမ၏ အပြစ်အနာအဆာ ကင်းမဲ့သော အသားအရေ တစ်ဝိုက်တွင် ရစ်ဝဲနေလေရာ ဝမ်မေဖုန်းမှာ သူမအား ကြည့်၍ အားကျလာရတော့သည်။
"ယန်ယန် သမီးရဲ့ အသားအရေက တကယ်ကို ကောင်းတာပဲ ဒေါ်လေး အသားအရေနဲ့တော့ တခြားစီပဲ ဒီလိုရာသီ ရောက်ရင် အမြဲတမ်း ပြဿနာတက်တာ"
နီယန်မှာ ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး ဝမ်မေဖုန်း၏ မျက်နှာပေါ်ရှိ အနီကွက်အချို့အား သတိပြုမိသွားခဲ့ကာ အကြံပေးလိုက်လေသည်။
"ဒေါ်လေးဝမ် ဒေါ်လေးက အသားခြောက်တဲ့ အမျိုးအစားထဲ ပါမယ် ထင်တယ် အဲ့ဒီအကွက်တွေက အသားအရေနဲ့ မကိုက်ညီတဲ့ အလှကုန်တွေ သုံးလို့ဖြစ်နိုင်တယ် ရေဓာတ်ပြည့်ဝအောင် သေချာဂရုစိုက်နော်"
ဝမ်မေဖုန်းမှ ပြန်ဖြေလိုက်သည်။
"ဒေါ်လေး အသားအရေက အမြဲတမ်း ဒီလိုပါပဲကွယ် ဆောင်းရာသီ ရောက်ရင် အရမ်း ခြောက်သွားပြီး အဖုသေးသေးလေးတွေ အလွယ်တကူ ထွက်လာတတ်တယ်"
အသားအရေ ပြဿနာများ အကြောင်း ပြောရမည်ဆိုလျှင် ဝမ်မေဖုန်းမှာ အမှန်ပင် စိတ်ပျက်မိလေသည်။ ပြည်တွင်းဖြစ်သာမက နိုင်ငံခြားဖြစ်ပါ အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်မျိုးစုံအား သူမ စမ်းသုံး ကြည့်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။ တချို့ ထုတ်ကုန်များသည် သူမ၏ အခြေအနေအား ပို၍ပင် ဆိုးရွားသွားစေသေးသည်။
ယခုလို ဆောင်းဦး အစပိုင်းများတွင် ပြဿနာမှာ သိပ်မသိသာလှပေ။ သို့သော် ဆောင်းဦး နှောင်းပိုင်းနှင့် ဆောင်းရာသီရောက်လျှင်မူ သူမ၏ မျက်နှာပေါ်တွင် အသားအရေ ခြောက်သွေ့မှုများနှင့် အနီကွက်များဖြင့် ဖုံးလွှမ်းသွားမည် ဖြစ်လေရာ မြင်ရသည်မှာပင် အဆင်မပြေလှပေ။ ထို့ကြောင့် ဆောင်းဦးနှင့် ဆောင်းရာသီ ရောက်လာတိုင်း ဝမ်မေဖုန်းသည် အလုပ်သွားရန်မပြောနှင့် အပြင်ကိုပင် မထွက်ချင်တော့ပေ။
"ဒေါ်လေးဝမ် ခဏလေး စောင့်ပါဦး"
နီယန်မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ ဝမ်မေဖုန်း အံ့သြသင့် သွားခဲ့ရသည်။
အချိန်ခဏလေး အတွင်းမှာပင် နီယန်သည် ကြွေဘူးအဖြူလေး နှစ်ဘူးအား ကိုင်လျက် ပြန်ထွက်လာခဲ့သည်။
"ဒေါ်လေး ဒါလေးတွေ စမ်းသုံးကြည့်ပါလား ကျွန်မ ကိုယ်တိုင် လုပ်ထားတာ ဒါက မျက်နှာသစ်ဖို့ ဒါကတော့ လိမ်းဖို့"
ကြွေဘူး သေးသေးလေးများသည် မူလတွင် ဆေးလုံးများ ထည့်ရန် ဖြစ်သော်လည်း နီယန်မှာ မျက်နှာသစ်ဆေးနှင့် ရှားစောင်းလက်ပပ် ဂျယ်လ်ထည့်ရန် သင့်တော်သော ဘူးများအား မတွေ့သဖြင့် အဆိုပါ ကြွေဘူးလေးများအား အသုံးပြုလိုက်ခြင်း ဖြစ်သည်။ မျက်နှာသစ်ရန် အတွက် ဝမ်မေဖုန်းမှာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"မျက်နှာချေမှုန့်လား"
ထိုခေတ်တွင် မျက်နှာသစ်ဆေးအား တီထွင်နိုင်ခြင်း မရှိသေးသော်လည်း မျက်နှာချေမှုန့်မှာမူ ဥပမာအားဖြင့် ဟိုက်ဒူမှ ထုတ်လုပ်သော လေးမျိုးစပ် မျက်နှာချေမှုန့်ကဲ့သို့ အတော်လေး နာမည်ကြီးလှသည်။ ဝမ်မေဖုန်းက ယခင်က သုံးဖူးသော်လည်း သူမနှင့် အဆင်မပြေခဲ့ပေ။ နီယန်မှ ပြုံးလျက် ရှင်းပြလိုက်သည်။
"မျက်နှာသစ်ဆေးပါ ဒေါ်လေး မျက်နှာချေမှုန့်လိုပဲ သုံးရတာပါ ဒါပေမဲ့ သူ့ရဲ့ အာနိသင်က ပိုကောင်းတယ် အထူးသဖြင့် ဒေါ်လေးလို အသားခြောက်တဲ့ သူတွေအတွက် ပိုသင့်တော်တယ်"