အခန်း ၁၄၉
Vol. 10 Ch. 149
အခန်း (၁၄၉)
မိသားစုတွင်း အငြင်းပွားမှုများအား ဖြေရှင်းရန် အစိုးရအရာရှိများ အတွက်ပင် အလွန် ခက်ခဲလှသည်။
‘နီယန်မှ သူတို့နှင့် အကြောင်းပြချက်ပေးပြီး ဆွေးနွေးမှာလား’
‘မဖြစ်နိုင်ဘူး’
‘ပြီးတော့ ဒီတစ်ကြိမ်က ရွာသားတွေ သူ့ဘက်မှာ ရှိနေတဲ့ ကျင်းဟွာရွာတုန်းကလို မဟုတ်တော့ဘူး အခု မြို့ပေါ်မှာ သူ့ကို ဘယ်သူက ကူညီနိုင်မှာတဲ့လဲ’
ဤသည်အား ကြားသောအခါ နီတာ့ကျူး၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။
"ကျွမ်းအာ မင်းက သိပ် ဉာဏ်ပြေးတာပဲ"
လျိုကျွမ်းမှာမူ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် ပြောလိုက်သည်။
"ဒါပေါ့ ကျွန်မပဲဟာ"
နီတာ့ကျူးမှ ဆက်ပြောလိုက်သည်။
"ဒါဆို မနက်ဖြန်မနက် ငါ အဲ့ဒီကို သွားမယ်"
"ဟုတ်ပြီ "
လျိုကျွမ်းမှ ခေါင်းညိတ်လိုက်သည်။
"ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်"
နောက်တစ်နေ့ နံနက်တွင် နီတာ့ကျူးနှင့် လျိုကျွမ်းတို့သည် နီယန် အသစ် ဝယ်ထားသော ဆိုင်ခန်းသို့ ထွက်လာခဲ့ကြလေသည်။ သူတို့ ရောက်သွားချိန်တွင် အလုပ်သမားများသည် ဆိုင်အား ပြင်ဆင်ရန် အလုပ်များနေကြပြီ ဖြစ်သည်။
နီတာ့ကျူးသည် စကားတစ်ခွန်းမျှ မဆိုဘဲ အလုပ်သမား တစ်ဦး၏ လက်ထဲမှ နံရံခြစ်ဓားအား ဆွဲလုကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေရာ သဲများနှင့် ဘိလပ်မြေများသည် အခန်းတစ်ခုလုံး ပြန့်ကျဲ သွားတော့သည်။ ချက်ချင်းဆိုသလိုပင် ထိုနေရာသည် ဖရိုဖရဲ ဖြစ်သွားတော့သည်။
လျိုကျွမ်းသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ငိုယို သောင်းကျန်းပြီး နီယန်မှာ နှလုံးသားမရှိသူ ဟု ကျိန်ဆဲနေတော့သည်။
"ခင်ဗျား ဘယ်သူလဲ"
အလုပ်သမား တစ်ဦးသည် နီတာ့ကျူး၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ကာ ဒေါသတကြီး မေးလိုက်သည်။
"ခင်ဗျား ဘာလုပ်နေတယ် ထင်နေလဲ"
အခြားသော အလုပ်သမားများသည်လည်း အကျီလက်စများအား ခေါက်တင်ကာ ချရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
‘နီယန်ရဲ့ နေရာမှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့’
‘သူတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား’
နီတာ့ကျူးမှ ပြန်ဖြေလိုက်သည်။
"ငါ ဘယ်သူလဲ ဟုတ်လား ငါက နီယန်ရဲ့ ဦးလေးကွ ဒီဆိုင်ရဲ့ ပိုင်ရှင် နီယန် ဘယ်မှာလဲ အဲ့ဒီခွေးမကို ငါ့ဆီ ထွက်လာခဲ့လို့ သွားပြောစမ်း"
‘နီယန်ရဲ့ ဦးလေး ဟုတ်လား’
ထိုစကားအား ကြားသောအခါ ဝမ်ကျင်းဖန်မှာ ချက်ချင်းပင် စတင်၍ ကျိန်ဆဲတော့သည်။
"အမေမွေးပြီး အမေ မဆုံးမထားတဲ့ အရှက်မရှိတဲ့ တိရစ္ဆာန်တွေ ကျင်းဟွာရွာမှာတုန်းက အရှက်ကွဲရတာ မလုံလောက်သေးလို့လား အခု ဒီမှာ နောက်တစ်ခါ ထပ်လာလုပ်တာလား"
ဆဲရေး တိုင်းထွာသည့် ကိစ္စနှင့် ပတ်သက်လာလျှင် ဝမ်ကျင်းဖန်သည် ဆရာတစ်ဆူပင် ဖြစ်ချေတော့သည်။ သူမသည် ထူးခြားပြီး ရွံရှာဖွယ် ကောင်းသော ဆဲဆိုနည်းပေါင်း တစ်ရာခန့်အား လက်ငင်း အသုံးပြုနိုင်ပေသည်။
နီယန်နှင့် ဝမ်ထျဲ့နျူတို့သည် အထဲတွင် ဆိုင်ပြင်ဆင်မည့် အစီအစဉ်များအား ဆွေးနွေးနေကြခြင်း ဖြစ်သည်။ အပြင်ဘက်မှ ဆူညံသံများအား ကြားလိုက်ရချိန်တွင် သူတို့နှစ်ဦးစလုံး အမြန် ပြေးထွက်လာကြလေသည်။
ပြဿနာရှာနေသူမှာ နီတာ့ကျူး ဖြစ်ကြောင်း မြင်လိုက်ရသောအခါ နီယန်သည် တည်ငြိမ်စွာပင် နေလိုက်တော့သည်။ သူမသည် ဒေါသထွက်နေသော ဝမ်ထျဲ့နျူအား တားထားကာ တိုးတိုးလေး ပြောလိုက်သည်။
"ဦးလေးထျဲ့နျူ သူတို့ကို ပြဿနာရှာပါစေ ပိုကြီးလေ ပိုကောင်းလေပဲ ဒေါ်လေးကျင်းဖန်ကို ဝင်မပါဖို့ ပြောပေးပါ ပြီးတော့ ဦးလေး ရဲစခန်းကို တစ်ခေါက်လောက် သွားပေးနိုင်မလား"
‘နီတာ့ကျူးကို ဒီအတိုင်း ဆက်လုပ်ခွင့်ပေးထားလို့ မဖြစ်ဘူး ဒီကိစ္စကို အဆုံးသတ်ရမယ်’
ဤပြဿနာသည် ဆိုင်ဖွင့်သည့်နေ့တွင် မဖြစ်ပွားခဲ့ခြင်း အတွက် နီယန် လွန်စွာမှ စိတ်သက်သာရာ ရသွားခဲ့သည်။ သို့မဟုတ်ပါက ကပ်ဆိုးကြီး တစ်ခု ဖြစ်သွားမည် မဟုတ်ပါလား။
ဤသည်အား ကြားလိုက်ရချိန်တွင် ဝမ်ထျဲ့နျူသည် နီယန်၏ ရည်ရွယ်ချက်အား ချက်ချင်း နားလည်သွားခဲ့ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ အကျီလက်စအား ခေါက်တင်ကာ သူတို့နှစ်ဦးအား ရင်ဆိုင်ရန် ပြင်နေသော ဝမ်ကျင်းဖန်အား သူသည် တစ်ခုခု တိုးတိုးလေး ပြောလိုက်သေးသည်။ ထိုအခါ ဝမ်ကျင်းဖန်မှ ရယ်မောလိုက်ပြီး သူမ၏ အကျီလက်စအား မလိုလားစွာဖြင့် ပြန်ချလိုက်တော့သည်။
စကားပြော ပြီးနောက် ဝမ်ထျဲ့နျူသည် ဆိုင်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကာ ဝမ်ကျင်းဖန်သည် ဝမ်ထျဲ့နျူ၏ စကားများအား အခြားသူများအား တိုးတိုးလေး ပြန်လည် ပြောပြလိုက်သည်။ အခြေအနေအား မသိသော အခြားသူများမှာမူ နီတာ့ကျူးအား ဂရုမစိုက်ဘဲ သူတို့၏ အလုပ်များကိုသာ ဆက်လုပ်နေကြသည်။
ဤသည်အား မြင်သောအခါ နီတာ့ကျူးသည် နီယန်နှင့် သူ၏ ပတ်သက်မှုကြောင့် ထိုသူတို့ ကြောက်သွားကြသည်ဟု ထင်မှတ်ကာ ပို၍ပင် ဘဝင်မြင့် လာလေတော့သည်။ သူသည် သူ၏ အကျီလက်စများအား ခေါက်တင်လိုက်ပြီး မြင်မြင်သမျှ အရာအားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ရိုက်ခွဲပစ်တော့သည်။
အပြင်ဘက်ရှိ ပရမ်းပတာ အခြေအနေသည် သင့်တော်သည့် အတိုင်းအတာတစ်ခု အထိ မြင့်တက် လာသောအခါ နီယန်သည် တည်ငြိမ်စွာဖြင့် ရှေ့သို့ ထွက်လာခဲ့လေတော့သည်။
"နီတာ့ကျူး ရှင် ဒါ ဘာတွေလုပ်နေတာလဲ"
နီယန်မှ ဒေါသတကြီး မေးလိုက်သည်။
"ရှင့်လုပ်ရပ်တွေက တရားမဝင်ဘူးဆိုတာ ရှင် မသိဘူးလား"
"တရားမဝင်ဘူး ဟုတ်လား"
နီတာ့ကျူးမှ မောက်မာစွာ ပြန်ပြောလိုက်သည်။
"ကိုယ့်ပိုင်ဆိုင်မှုကို ကိုယ်ဖျက်ဆီးတာက ဘယ်လိုလုပ်ပြီး တရားမဝင်တာ ဖြစ်ရမှာလဲ ခွေးမ နင်က ငါတို့ကို စွန့်ပစ်ထားမှတော့ ငါတို့ ရက်စက်တာကို အပြစ်မတင်နဲ့ ဒီနေ့ ငါတို့ကို ပိုက်ဆံမပေးရင် ဒီဆိုင်ကို ပြင်ဆင်ဖို့ အိပ်မက်တောင် မမက်နဲ့"
‘ကိုယ့်ပိုင်ဆိုင်မှု ဟုတ်လား’
နီယန်မှ ခပ်ဟဟ ပြုံးလိုက်မိသည်။ နီတာ့ကျူးသည် ယခုလို စကားမျိုးပြောနိုင်ရန် မည်မျှလောက် အရှက်မရှိရလေသနည်း။
‘အရမ်း ရွံစရာကောင်းလိုက်တာ’
နီယန်သည် ဝင်ပေါက်အား ကြည့်ကာ ဆက်ပြောလိုက်သည်။
"ကျွန်မဆီကနေ ရှင် ဘယ်လောက် ခြောက်လှန့် တောင်းယူချင်တာလဲ"
‘ဒီကျေးဇူးကန်းတဲ့ ခွေးမ နီယန်က နောက်ဆုံးတော့ ကြောက်သွားပြီပဲ’
‘သူသာ အစောကြီးကတည်းက ဒီလိုလုပ်ခဲ့ရင် ပြဿနာတွေ အများကြီး လျော့နည်းသွားမှာ မဟုတ်ဘူးလား’
နီတာ့ကျူးသည် နီယန်၏ စကားများအား လျစ်လျူရှုလိုက်လေသည်။ ယုံကြည်မှု အပြည့်ဖြင့် သူမှ ပြောလိုက်သည်။
"တစ်သောင်း ပြီးတော့ အခုချိန်ကစပြီး ငါတို့ကို လတိုင်း ယွမ်တစ်သောင်း ပေးရမယ်"
ယွမ်တစ်သောင်းတန် လူတစ်ယောက် ဖြစ်လာမည်အား တွေးရုံဖြင့် နီတာ့ကျူးမှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေတော့သည်။
"ဒါ ငွေညှစ်တာပဲ ရမ်းကားတဲ့ လုပ်ရပ်ပဲ"
နီယန်သည် တရားသဖြင့် ပြန်လည် ချေပလိုက်သည်။
"ရှင့်မျက်လုံးထဲမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား"
ထိုအခါ နီတာ့ကျူးမှ မောက်မာစွာ ပြန်ပြောလိုက်တော့သည်။
"နီမိသားစုမှာ ငါက ဥပဒေပဲ ဒီနေ့ နင် ငါ့ကို ပိုက်ဆံမပေးရင် ဒီဆိုင်စုတ်ကို ဖြိုချပစ်မယ် နင် စီးပွားရေး မလုပ်နိုင်အောင် ငါ လုပ်ပစ်မယ်"
‘ဟင်း’
‘သူက ဥပဒေပဲတဲ့လား’
‘တော်တော် ကြီးမားတဲ့ ရည်မှန်းချက်ပဲ’
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ထျဲ့နျူသည် ရဲအရာရှိများစွာအား ဆိုင်ထဲသို့ တန်းစီ ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် နီတာ့ကျူး အရှက်မဲ့စွာ ပြောဆိုခဲ့သမျှအားလည်း ရဲများမှ ကြားသွားခဲ့ပြီ ဖြစ်သည်။
"အရာရှိမင်း"
ဝမ်ထျဲ့နျူသည် နီတာ့ကျူးနှင့် လျိုကျွမ်းတို့အား လက်ညှိုး ထိုးပြလိုက်သည်။
"သူတို့ပဲ သူတို့က ပြဿနာ ရှာပြီး ငွေညှစ်နေတာ ဒီက ပစ္စည်းတွေ အများကြီးကိုလည်း သူတို့ ဖျက်ဆီးထားသေးတယ်"