အခန်း ၁၅၀
Vol. 10 Ch. 150
အခန်း (၁၅၀)
နီတာ့ကျူးနှင့် လျိုကျွမ်းတို့မှာ ဆွံ့အ မှင်တက် သွားကြကုန်လေသည်။ ရဲများ ရုတ်တရက် ရောက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ အေးစက်နေသော သံမဏိ လက်ထိတ်များအား လျိုကျွမ်းနှင့် နီတာ့ကျူးတို့၏ လက်များတွင် တိုက်ရိုက် ခတ်လိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်က အခု ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ဖျက်ဆီးမှု ပြဿနာရှာမှုနဲ့ ငွေညှစ်မှုတွေနဲ့ သံသယရှိသူတွေ ဖြစ်နေပြီ ကျွန်တော်တို့နဲ့ အခုချက်ချင်း လိုက်ခဲ့ပါ"
နှိမ်နင်းရေး ကာလ အတွင်း ဤစွဲချက်များသာ အတည်ပြုနိုင်ပါက သူတို့မှာ ထောင်ဒဏ် ကျခံရမည် ဖြစ်သည်။ လျိုကျွမ်းမှ အပြစ်ကင်းကြောင်း ငိုယို ပြောဆိုတော့သည်။
"အရာရှိမင်းတို့ နားလည်မှု လွဲနေတာပါ ကျွန်မတို့ ဘာအပြစ်မှ မလုပ်ထားပါဘူး ဒါက မိသားစုတွင်း အငြင်းပွားမှုလေး သက်သက်ပါပဲ ဒီကောင်မလေး နီယန်က ကျွန်မယောက်ျား နီတာ့ကျူးရဲ့ တူမလေ ကျွန်မတို့က သူ့ကို နောက်ပြောင်နေရုံပါ"
"ဦးလေး ဟုတ်လား ဦးလေးက ငွေညှစ်လို့ရသလား ပြဿနာရှာလို့ ရသလား သူများပိုင်ဆိုင်မှုကို ဖျက်ဆီးလို့ရသလား ခင်ဗျားတို့က ဥပဒေကို လေးစားမှု မရှိတော့ဘူးလား"
‘စွပ်စွဲခံရတာ ဟုတ်လား’
‘နောက်ပြောင်နေရုံသက်သက် ဟုတ်လား’
‘သူများဆိုင်ကို ဒီလောက် ဖရိုဖရဲဖြစ်အောင် လုပ်ထား ပြီးတော့တောင် ဖျော်ဖြေရေး တစ်မျိုးပါလို့ ပြောရဲသေးတာလား’
‘သူတို့လို ရဲတွေကို တကယ်ပဲ မျက်ကန်း နားမကြားတွေလို့ ထင်နေတာလား’
နီယန်မှ ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။
"အရာရှိမင်းတို့ ကျွန်မ နာမည်က နီယန်ပါ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ ကျွန်မ အမေက ငယ်ငယ်ကတည်းက မိဘမဲ့ တစ်ယောက်ပါ သူ့မှာ မောင်နှမအရင်း လုံးဝမရှိပါဘူး ဒီလူက ကျွန်မအမေနဲ့ အတူ ကြီးပြင်းလာတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူက ကျွန်မရဲ့ ဦးလေး လုံးဝ မဟုတ်ပါဘူး"
နီတာ့ကျူး၏ မူလ အိမ်ထောင်စု စာရင်းမှာ ကြာမြင့်စွာ ကတည်းမှ ရုပ်သိမ်း ခံထားရပြီး ဖြစ်ကာ လျိုကျွမ်း၏ အိမ်ထောင်စု စာရင်း အတွင်းသို့ ပြောင်းရွှေ့ထားပြီး ဖြစ်သည်။ နီချွေ့ဟွာတွင်လည်း သီးခြား အိမ်ထောင်စု စာရင်း ရှိပြီး နီတာ့ကျူးနှင့် နီချွေ့ဟွာတို့ အကြားတွင် သွေးသား တော်စပ်မှု မရှိလေရာ သူတို့နှစ်ဦးသည် မောင်နှမများ ဖြစ်ကြောင်း သက်သေ ပြရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ဦးဆောင်လာသော ရဲအရာရှိက ခေါင်းညိတ်ပြလိုက်သည်။
"ရဲဘော်နီယန် စိတ်ချပါ ကျွန်တော်တို့ ပြည်သူ့ ရဲတပ်ဖွဲ့က ဒီအမှုကို တရားမျှတအောင် ဆောင်ရွက်ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် အရာရှိမင်းတို့"
လျိုကျွမ်းမှ ဒေါသတကြီး ကျိန်ဆဲလေတော့သည်။
"နီယန် မိန်းမယုတ်လေး နင့်ဦးလေး အရင်းကိုတောင် နင် အသိအမှတ် မပြုဘူးပေါ့လေ နင့်မှာ ကိုယ်ချင်းစာ တရားရော ရှိသေးရဲ့လား တစ်နေ့ကျရင် နင် ကောင်းကင်ဘုံက ပေးတဲ့ ပြစ်ဒဏ်ကို ခံရလိမ့်မယ်"
နီယန်မှ မတုန်လှုပ်ဘဲ ရဲအရာရှိဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အရာရှိမင်း လူတစ်ယောက်ကို စော်ကားတာက တရားမဝင်ဘူး မဟုတ်လား"
"တရားမဝင်ပါဘူး"
ရဲအရာရှိမှ ခေါင်းညိတ်ပြလိုက်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ နိုင်ငံရဲ့ လုံခြုံရေး စီမံခန့်ခွဲမှု ပြစ်ဒဏ်ဥပဒေ ပုဒ်မ ၁၀ အရ လုံခြုံရေးစီမံခန့်ခွဲမှု ချိုးဖောက်ခြင်း အတွက် ပြစ်ဒဏ်က"
ရဲအရာရှိ၏ စကားမဆုံးခင်မှာပင် လျိုကျွမ်းမှာ ကြောက်လန့်တကြားဖြင့် သူမ၏ပါးစပ်အား ပိတ်ထား လိုက်တော့သည်။
‘ယုတ်မာလိုက်တဲ့ ခွေးမပဲ’
လျိုကျွမ်းမှာ ဒေါသထွက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားရလေသည်။ သက်သေ အထောက်အထားများ စုဆောင်းကာ မှတ်တမ်း တင်ပြီးနောက် ရဲများသည် နီတာ့ကျူးနှင့် လျိုကျွမ်းတို့အား သူတို့၏ ရဲကားဖြင့် ခေါ်ဆောင် သွားကြလေတော့သည်။
သုံးရက်ကြာ ပြီးနောက် ရဲစခန်းမှ သတင်းရလာခဲ့သည်။ နီတာ့ကျူးမှာ ငွေညှစ်မှုနှင့် ပြဿနာရှာမှုတို့ အတွက် ထောင်ဒဏ် ငါးနှစ် ကျခံရပြီး လျိုကျွမ်းမှာမူ ပြစ်မှုတွင် ပါဝင် ပတ်သက်သူ အဖြစ် ယွမ် ၁၀၀ ဒဏ်ရိုက်ခံရကာ ၁၅ ရက်ကြာ အချုပ်ချခံရသည်။
၎င်းတင် မကသေးဘဲ လျိုကျွမ်းသည် ပျက်စီးသွားသော ပိုင်ဆိုင်မှုများ အတွက် နီယန်အား လျော်ကြေး ပေးရမည် ဖြစ်သည်။ တွက်ချက်မှုများ အရ လျော်ကြေးငွေမှာ ယွမ် ၅၀ ဖြစ်သည်။
လျိုကျွမ်း၏ မောင်ဖြစ်သူ လျိုချန်သည် သူမအား အာမခံဖြင့် လာထုတ်ပေးခဲ့သည်။ လျိုချန်အား မြင်သည်နှင့် တစ်ပြိုင်နက် လျိုကျွမ်းကမှ, စတင်ငိုယိုကာ တိုင်တန်းလေတော့သည်။
အခြေအနေသည် ယခုလို ဖြစ်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ပေ။ ပိုက်ဆံများ ဆုံးရှုံးသွားရုံ သာမက ယခု သူမယောက်ျား ဖြစ်သူကိုပါ ဖမ်းခေါ်သွားခံ လိုက်ရပြီ ဖြစ်သည်။
"တော်တော့ အစ်မ မငိုနဲ့တော့"
လျိုချန်မှ အကြံပေးလိုက်သည်။
"နီတာ့ကျူးက အစ်မအတွက် အရမ်း ပျော့ညံ့လွန်းတယ်လို့ ကျွန်တော် အရင်ကတည်းက ပြောဖူးတယ်မလား ဒီလိုဖြစ်သွားတာ ကောင်းတာပေါ့ မနက်ဖြန် တရားရုံးသွားပြီး ကွာရှင်းဖို့ လုပ်ကြမယ် အစ်မက ငယ်သေးတော့ နီတာ့ကျူးထက် အဆတစ်ရာ ပိုကောင်းတဲ့သူကို ရှာလို့ရပါသေးတယ်"
လျိုကျွမ်းသည် လှရုံသာမက ခန္ဓာကိုယ် အချိုးအစားလည်း ကြည့်ကောင်းသည် ဖြစ်ရာ မြို့တွင် နေထိုင်ခွင့် အိမ်ထောင်စုစာရင်းလည်း ရှိပေသည်။ စက်ရုံမှ လူအများအပြားသည် သူမအား အားကျနေခဲ့ကြခြင်း ဖြစ်သည်။ အရင်တွင် ၎င်းသည် နီတာ့ကျူး အတွက် အမြတ် တစ်ခု ဖြစ်ခဲ့သည်။ ဤသည်အား ကြားသောအခါ လျိုကျွမ်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမမှ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
"အေးပါ ချန်ဇီ နင့်စကားကို ငါ နားထောင်ပါ့မယ်"
ရဲများ ပို့ပေးလိုက်သော ယွမ် ၅၀ အား လက်ခံ ရရှိပြီး နီတာ့ကျူး၏ နောက်ဆုံး ရလဒ်အား သိလိုက်ရသောအခါ နီယန်သည် ထိုအခါမှသာ သက်ပြင်းချနိုင် သွားတော့သည်။ နောက်ဆုံးတွင် သူမသည် ကြီးမားသည့် ပြဿနာ တစ်ခုအား ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သည်။ နီတာ့ကျူး အတွက်မူ သူရသင့် ရထိုက်သည်အား ရသွားခြင်းဖြစ်ကာ သနားနေစရာ မလိုချေ။
‘လျိုကျွမ်းက အလွယ်တကူ လွတ်သွားတာပဲ ဆယ့်ငါးရက်ပဲ အချုပ်ခံရတယ် သူက ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်အထိ အကျဉ်းချခံရသင့်တာ’
နီယန် အိမ်ပြန် ရောက်သောအခါ ထိုအကြောင်းကို နီချွေ့ဟွာအား ပြောပြလိုက်လေသည်။ ထို သတင်းအား ကြားသောအခါ နီချွေ့ဟွာသည် အထူးတလည် တုံ့ပြန်မှု မပြဘဲ ပြုံးလျက် ပြောလိုက်သည်။
"အရင်ကတော့ သူတို့ ဆိုင်မှာ လာပြဿနာရှာမှာကို အမေ စိုးရိမ်နေခဲ့တာ အခုတော့ စိတ်ချသွားရပြီ"
နီချွေ့ဟွာအား ထိုသို့ မြင်တွေ့ရသောအခါ နီယန် နောက်ဆုံးတွင် လုံးဝ စိတ်အေး သွားရတော့သည်။ ဝမ်မေဖုန်း အိမ်ပြန်ရောက် ပြီးနောက် စူးစမ်းလို စိတ်ဖြင့် နီယန် ပေးလိုက်သော မျက်နှာသစ်ဆေးနှင့် ရှားစောင်းလက်ပပ် ဂျယ်လ်တို့အား စမ်းသုံးကြည့်လိုက်လေသည်။ အံ့သြစရာ ကောင်းသည်မှာ ၎င်းတို့သည် အမှန်ပင် အံ့မခန်း ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။
သူမ၏ မျက်နှာပေါ်ရှိ အဖုအပိမ့်များနှင့် ခြောက်သွေ့နေသော အသားအရေများ လုံးဝ ပျောက်ကင်းသွားရုံ သာမက အသားအရေသည်လည်း လွန်စွာ ချောမွေ့လာခဲ့သည်။ ပြောင်းလဲမှုသည် အလွန် သိသာလှသဖြင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များမှပင် အားကျနေကြလေသည်။
"မေဖုန်း နင် အခုတလော ဘယ်လို အသားအရေ ထိန်းသိမ်းတဲ့ ထုတ်ကုန်တွေ သုံးနေတာလဲ နင့်အသားအရေက အရမ်းကောင်းနေတာပဲ ငါ့ကိုလည်း ညွှန်းပေးပါလား"