အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) နျိုတာ့က တကယ့်ယောက်ျားအစစ်ကြီး
"ငါ့ကို စဉ်းစားခွင့်လေးပေးပါဦး" ကုရှင်းလန်က ရှောင်ဝေကို ပြန်ဖြေလိုက်လေရဲ့။ စစ်တပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတဲ့ ကုတတိယသခင်လေးခမျာ သူ့မိန်းမလေးက စားတာကလွဲပြီး တခြားဘာတွေ ကြိုက်တတ်သေးလဲဆိုတာကို တကယ်ကြီး မသိရှာတာလေ။
ကုတတိယသခင်လေး ထွက်သွားတော့ သကြားလုံးဆိုင်ရှင်အဒေါ်ကြီးခမျာ အရောင်းအဝယ်လုပ်ရတာ တော်တော်လေးကို အီလည်လည်ဖြစ်သွားတော့တာပေါ့။ ယွီးရှောင်ရှောင်က မြည်းလည်းမြည်းသေး၊ ဈေးလည်းဆစ်သေး။ ဝယ်တော့လည်း ကပ်စေးကုပ်ပြီး ထင်းရှူးစေ့သကြားလုံး တစ်ပေါင်လောက်ပဲ ဝယ်တာ။ ပြီးတော့ အိမ်က သခင်ကြီးနဲ့ သခင်မကြီးကို သတိရသွားလို့ သက်ကြီးရွယ်အိုတွေရဲ့ သွားနဲ့ကိုက်ညီမဲ့ မိုးတိမ်ကိတ်မုန့် တစ်ပေါင်လောက်ကိုပါ မင်းသမီးက ထပ်ဝယ်လိုက်လေရဲ့။
ဆိုင်ရှင်အဒေါ်ကြီးခမျာ အရောင်းအဝယ်အကြီးကြီး လက်လွတ်သွားရလို့ ရင်ကျိုးပြီး နှမြောတသဖြစ်သွားရတာပေါ့။ ဒါပေမဲ့လည်း ဈေးသည်ဆိုတာက လူကဲခတ်တတ်ကြတယ်လေ။ ယွီးရှောင်ရှောင်ရဲ့ အဝတ်အစားက ရိုးရိုးကိုမှ ကိုယ်ပေါ်မှာ လက်ဝတ်ရတနာ တစ်ခုမှမပါပေမဲ့လည်း ကုရှင်းနော့နဲ့ ကုရှင်းလန်တို့အပြင် ဟိုကိုယ်ရံတော်တစ်သိုက်ရဲ့ အဝတ်အစား အပြင်အဆင်ကို ကြည့်လိုက်တာနဲ့ ဒီဧည့်သည်တွေကို သူမ ပြဿနာသွားရှာလို့ မရဘူးဆိုတာ ဆိုင်ရှင်အဒေါ်ကြီး ချက်ချင်း သိလိုက်လေတယ်။
ယွီးရှောင်ရှောင်တစ်ယောက် ထင်းရှူးစေ့သကြားလုံးနဲ့ မိုးတိမ်မုန့်တွေဆွဲပြီး သကြားလုံးဆိုင်ဟောင်းလေးထဲက ထွက်လာတဲ့အချိန်ထိ ကုရှင်းလန်ရယ်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေရယ်က ပြန်မရောက်လာကြသေးဘူး။ ယွီးရှောင်ရှောင်က ကိုယ်ရံတော်တွေကိုခေါ်ပြီး လမ်းမြောက်ဘက်က လက်မှုပစ္စည်းဆိုင်ကို သွားရှာပေမဲ့ အဲ့ဒီသုံးယောက်ကို အရိပ်အယောင်တောင် မတွေ့ရတော့ဘူးပေါ့။
ကိုယ်ရံတော်ခေါင်းဆောင်က မေးလေရဲ့။
"မင်းသမီး... ကျွန်တော်မျိုးတို့ လမ်းပေါ်ထွက်ရှာကြည့်ပေးရမလား"
ယွီးရှောင်ရှောင်က ခြေဖျားလေးထောက်ပြီး လမ်းပေါ်ကို လှမ်းကြည့်လိုက်လေတယ်။ လမ်းမကြီးတစ်ခုလုံးမှာ လမ်းလျှောက်တဲ့သူ၊ ထမ်းစင်စီးတဲ့သူ၊ မြင်းစီးတဲ့သူတွေနဲ့ ကြိတ်ကြိတ်တိုးနေတာမို့ ဒီအတိုင်းကြည့်ရုံနဲ့တော့ ကုရှင်းလန်တို့ရဲ့ အရိပ်ကိုတောင် မြင်ရမှာမဟုတ်ဘူး။
"သွားရှာကြည့်ကြတာပေါ့" ပြောရင်းဆိုရင်း ယွီးရှောင်ရှောင်က ပိုက်ဆံထုတ်ပြီး ကိုယ်ရံတော်ခေါင်းဆောင်ကို ပေးလိုက်လေတယ်။ "စားချင်တာတွေ့ရင် ဝယ်စားကြနော်"
ပိုက်ဆံကို တန်ဖိုးထားတာက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ ကိုယ့်အပေါင်းအသင်းတွေ အငတ်ထားတယ်ဆိုတာမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ၊ ဟုတ်တယ်မလား။ ရှောင်ကျွမ်းက သူနဲ့ ရှောင်ဝေတို့ခမျာ ဆင်းရဲလွန်းလို့ မိန်းမတောင်မယူနိုင်ဘူးလို့ အမြဲညည်းနေတတ်တာကိုး။ ဒီညီဒုတိယအစ်ကိုယောက်တောင် နန်းတွင်းဝန်ထမ်းတွေ ဖြစ်နေရက်နဲ့ ဆင်းရဲသေးတာပဲ။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့တောင် ဆင်းရဲရင် ကုအိမ်တော်မှာ အလုပ်လုပ်နေရတဲ့ ဒီလူတွေဆို ပိုပြီးတောင် ဆင်းရဲရှာဦးမှာပေါ့။ ထမင်းစားဖို့တောင် ပိုက်ဆံမရှိဘူးဆိုတာက တကယ့်ကို ရင်နာစရာကောင်းလွန်းပါတယ်လေ။ (ဒါက ဘယ်လောက်တောင် လှပတဲ့ အထင်လွဲမှုကြီးလဲ... ==)
ကိုယ်ရံတော်ခေါင်းဆောင်ခမျာ ယွီးရှောင်ရှောင်ပေးတဲ့ ပိုက်ဆံတွေကိုကိုင်ရင်း အရမ်းလည်းအံ့သြ၊ အရမ်းလည်း ဝမ်းသာပီတိဖြစ်သွားရလေတယ်။ ကုအိမ်တော်က သူတို့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေမဲ့လည်း သခင်တွေက ကိုယ်ရံတော်တွေကို လမ်းလျှောက်လည်ဖို့ဆိုပြီး ပိုက်ဆံပေးတာမျိုးမှ မရှိခဲ့ဖူးတာကိုး။
"သွားကြတော့လေ" ယွီးရှောင်ရှောင်က ကိုယ်ရံတော်ခေါင်းဆောင်ကို လက်လှမ်းပြရင်း ထပ်ပြောလိုက်သေးတယ်။ "စားချင်တာရှိရင် စားသာစားကြ"
ကိုယ်ရံတော်ခေါင်းဆောင်က ယွီးရှောင်ရှောင်ကို ကာကွယ်ပေးဖို့ ကိုယ်ရံတော်နှစ်ယောက် ချန်ထားခဲ့ပြီး ကျန်တဲ့လူတွေကိုခေါ်ရင်း ထွက်သွားတော့တာပေါ့။
ယွီးရှောင်ရှောင်ကတော့ လမ်းမကြီးပေါ်က စားစရာရောင်းတဲ့ ဆိုင်အသေးလေးတွေကို ကြည့်ရင်း နှုတ်ခမ်းလေးသပ်၊ လက်သီးလေးဆုပ်၊ လက်ဝါးလေးပွတ်ပြီး ကျန်ခဲ့တဲ့ ကိုယ်ရံတော်နှစ်ယောက်ကို ပြောလိုက်လေရဲ့။ "ငါတို့လည်း သွားစားကြရအောင်လေ"
ကိုယ်ရံတော်နှစ်ယောက်က ယွီးရှောင်ရှောင်နောက်ကနေ လိုက်ရင်း လမ်းပေါ်က လူအုပ်ကြီးထဲ တိုးဝင်သွားကြလေရဲ့။ သကြားလုံးအရုပ်လုပ်တဲ့ ဆိုင်လေးကို ငေးကြည့်နေမိတဲ့ ခဏလေးအတွင်းမှာပဲ ကိုယ်ရံတော်နှစ်ယောက်ခမျာ မင်းသမီးကို မျက်ခြေပြတ်သွားမှန်း သိလိုက်ရလေတယ်။ ငိုချင်သွားတာပေါ့လေ။
ယွီးရှောင်ရှောင်က လမ်းမြောက်ဘက်ထိပ်ကနေ တောင်ဘက်ထိပ်အထိ လျှောက်လည်ပြီး တောင်ဘက်ထိပ်ကနေ အရှေ့ဘက်ကို ထပ်လျှောက်သွားလေတယ်။ နောက်ဆုံး ဝက်သားရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ရှေ့ကို ဖြတ်သွားတဲ့အချိန်မှာတော့ မင်းသမီးခမျာ ခြေလှမ်းတွေ ရှေ့ဆက်မလှမ်းနိုင်တော့ဘူး ဒယ်အိုးကြီးထဲမှာ ပြုတ်နေတဲ့ ဝက်ခေါင်းကြီးရဲ့ အနံ့က အရမ်းကို မွှေးလွန်းနေတာကိုး။
ဆိုင်ရှင်က လူလတ်ပိုင်းအရွယ် လူသန်ကြီးတစ်ယောက်။ ဆောင်းဦးပေါက်ရာသီကြီးမှာတောင် အပေါ်ပိုင်းဗလာကျင်းထားပြီး လက်ထဲမှာလည်း အသားခုတ်တဲ့ ဓားမကြီးကို ကိုင်ထားလေရဲ့။ ဝက်ဆီတွေ ပေပွနေတဲ့ လက်နှစ်ဖက်က ပြောင်လက်နေပြီး ကြည့်ရတာ တကယ့်ကို ခန့်ညားထည်ဝါနေတာပေါ့။ ယွီးရှောင်ရှောင်က သူ့ဆိုင်ကိုစိုက်ကြည့်နေတာ သူလည်းမြင်သွားတယ်။ မင်းသမီးက မျက်နှာသေကြီးဆိုပေမဲ့ အလှလေးတစ်ယောက်ဆိုတာကလည်း အမှန်တရားပဲလေ။ ဆိုတော့ကား ဆိုင်ရှင်က ရင်ကိုမော့ ခါးကိုကော့ပြီး မေးလိုက်လေတယ်။
"မိန်းကလေး... ဘာဝယ်ချင်လို့လဲ"
ယွီးရှောင်ရှောင်က ဆိုင်ရှင်ကို ချီးကျူးလိုက်လေရဲ့။ "တကယ့်ယောက်ျားအစစ်ပဲ"
ဆိုင်ရှင်က သူ့ကို ဒီလိုမျိုး ချီးကျူးတာမျိုး တစ်ခါမှ မကြားဖူးခဲ့ပေမဲ့ ယောက်ျားအစစ်ဆိုတဲ့ စကားလုံးကိုတော့ သူက သဘောကျတယ်လေ။ ဒါ့အပြင် လှပတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ပါးစပ်ကနေ ထွက်လာတာဆိုတော့ ပိုတောင် သဘောကျသေးတာပေါ့။ ယောက်ျားအစစ် ဆိုင်ရှင်က ချက်ချင်းပဲ ယွီးရှောင်ရှောင်ကို ပြောလိုက်လေတယ်။ "မိန်းကလေး ဘာလိုချင်လဲသာပြော၊ ကျုပ် ဈေးပေါပေါနဲ့ ရောင်းပေးမယ်"
"ဒီဟာ စားချင်တယ်" ယွီးရှောင်ရှောင်က လက်ညှိုးထိုးပြီး ဒယ်အိုးကြီးထဲမှာ ပြုတ်နေတဲ့ ဝက်ခေါင်းကြီးကို ပြလိုက်လေရဲ့။
ဆိုင်ရှင်ကလည်း "ရတာပေါ့၊ ဘယ်လောက်ဖိုး ယူမလဲ" လို့မေးရင်း အသားခုတ်ဓားကြီးကို မြှောက်၊ ယွီးရှောင်ရှောင်အတွက် ဝက်ခေါင်းသား လှီးပေးဖို့ ပြင်လိုက်လေတယ်။
ယွီးရှောင်ရှောင်က ပါးစပ်ကို ပလပ်ပလပ်မြည်အောင် သပ်လိုက်ပြီး ပါးစပ်ထဲမှာ အများကြီးထွက်လာတဲ့ သွားရည်တွေကို မျိုချလိုက်လေတယ်။ "တစ်ခေါင်းလုံး ယူမယ်"
"ကောင်းပါပြီ.. ဟေ... ဘာ... ဘာပြောလိုက်တယ်၊ ဘယ်လောက်ယူမယ်" ဆိုင်ရှင်ခမျာ ထစ်ထစ်အအနဲ့ ပြန်မေးလိုက်လေရဲ့။
ယွီးရှောင်ရှောင်က ဝက်ခေါင်းကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း ထပ်ပြောပြန်တယ်။
"တစ်ခေါင်းလုံးလေ၊ ဒီဝက်ခေါင်းကြီးကို ကျွန်မ ယူမယ်"
ဆိုင်ရှင် မျက်နှာပေါ်က အပြုံးတွေတောင် တောင့်ခဲသွားလေရဲ့။ ဒီမိန်းကလေးနောက်မှာ မိသားစုဝင်တွေ တစ်ယောက်မှလည်း ပါမလာဘဲနဲ့၊ ဒီမိန်းကလေးငယ်လေးက ဝက်ခေါင်းပြုတ်ကြီး တစ်ခေါင်းလုံးကို တစ်ယောက်တည်း ပိုက်ပြီး အိမ်ပြန်မလို့တဲ့လား။
"ဘယ်လောက်လဲဟင်" ယွီးရှောင်ရှောင်က ဝက်ခေါင်းကြီးကို ကြည့်ရင်း ဆိုင်ရှင်ကို မေးလိုက်လေတယ်။ ဒီလောက် မွှေးနေတဲ့ ဝက်သားကို ဘယ်သူကမှ လာမဝယ်ကြသေးဘူးဆိုတော့ တကယ့်ကို ကံကောင်းတာပဲပေါ့
"မိန်းကလေး... တစ်ခေါင်းလုံး အကုန်ဝယ်မလို့လား" ဆိုင်ရှင် က ထပ်မေးလိုက်လေရဲ့။
"အင်း တစ်ခေါင်းလုံး အကုန်”
ဧည့်သည်က ဝယ်မယ်ဆိုမှတော့ ဆိုင်ရှင်ကလည်း မရောင်းဘဲ မနေနိုင်ဘူးလေ။ သံဒယ်အိုးကြီးထဲကနေ ဝက်ခေါင်းကြီးကို ဆယ်ယူလိုက်ပြီး ဆိုင်ရှင်က ယှဉ်ကြည့်လိုက်လေရဲ့။ ယွီးရှောင်ရှောင်ရဲ့ မျက်နှာထက် ကြီးတယ်ဆိုတာကို အသာထားဦး၊ ဒီဝက်ခေါင်းကြီးက ဒီမိန်းကလေးရဲ့ ခါးထက်တောင် ပိုတုတ်နေသေးတာ
ဒီလောက်ကြီးမားတဲ့ ဝက်ခေါင်းပြုတ်ကြီး သူမမျက်စိရှေ့ ရောက်လာတာကို ကြည့်ရင်း ယွီးရှောင်ရှောင်ခမျာ ရင်ထဲမှာ ပျော်ရွှင်မှုတွေ အပြည့်ဖြစ်သွားတော့တာပဲ။ ဒီဝက်ခေါင်းကြီးက သူမ တစ်နေကုန် ပိုက်ပြီး ကိုက်စားနေဖို့ လုံလောက်တယိလေ
"ဒီမိန်းကလေးက ဝက်ခေါင်းတစ်ခေါင်းလုံးကို ဝယ်မလို့တဲ့လား"
ဝက်သားလာဝယ်တဲ့ အဒေါ်ကြီးတစ်ယောက်က စဉ်းတီတုံးပေါ်မှာ ဆိုင်ရှင်တင်ထားတဲ့ ဝက်ခေါင်းကြီးကို တစ်လှည့်၊ ယွီးရှောင်ရှောင်ကို တစ်လှည့်ကြည့်ရင်း သိပ်မယုံကြည်နိုင်တဲ့ဟန်နဲ့ ဝင်မေးလေရဲ့။
ယွီးရှောင်ရှောင်လည်း ချက်ချင်းပဲ သတိကပ်သွားပြီး အဒေါ်ကြီးကို လှမ်းပြောလေတယ်။
"ဒါ ကျွန်မဟာနော်"
အဒေါ်ကြီးခမျာ ယွီးရှောင်ရှောင်ရဲ့ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ကြက်သီးတစ်ချက် ဖြန်းကနဲ ထသွားလေတယ်။ အစားအသောက်ကို အသေအလဲကာကွယ်နေတဲ့ ဒီမိန်းမငယ်လေးရဲ့ အကြည့်က တကယ့်ကို ကြောက်စရာကောင်းလွန်းလှတယ်လေ။ မသိရင် သူမကို ထကိုက်တော့မဲ့ အတိုင်း။
ဆိုင်ရှင်က ဆီစိမ်စက္ကူအကြီးကြီးတစ်ရွက်ကို ရှာယူပြီး ယွီးရှောင်ရှောင်အတွက် ဝက်ခေါင်းကြီးကို သေချာထုပ်ပိုးပေးလေတယ်။ တကယ်လည်း ဝက်ခေါင်းရဲ့ သုံးပုံနှစ်ပုံစာလောက် တန်ဖိုးကိုပဲ ယူလိုက်ပြီး ဝက်ရိုးနှစ်ချောင်းကိုပါ လက်ဆောင်ထည့်ပေးလိုက်သေးတာပေါ့။ ပြီးတော့ ယွီးရှောင်ရှောင်ကို ပြောလိုက်သေးတယ်။
"အိမ်ယူသွားပြီး ဟင်းရည်ချက်သောက်လိုက်ဦး၊ အရမ်းကို မွှေးတာ"
ဒီတစ်ခါတော့ ယွီးရှောင်ရှောင်တစ်ယောက် ပြုံးလိုက်လေပြီ။ မျက်ခုံးလေးတွေ၊ မျက်လုံးလေးတွေပါ ကွေးညွတ်သွားတဲ့အထိ ပြုံးလိုက်ပြီး "ရှင်က လူကောင်းပဲ" လို့ ပြောလိုက်လေတယ်။
မျက်နှာသေလေးနဲ့နေတာတောင် လှလွန်းတဲ့ မိန်းကလေးက မျက်လုံးလေးတွေ ကွေးသွားတဲ့အထိ ပြုံးလိုက်တဲ့အခါမှာတော့ ယောက်ျားစစ်စစ် ဆိုင်ရှင်ခမျာ ဒီမိန်းကလေးကို ပိုလို့တောင် အသည်းယားသွားရတော့တာပေါ့။ ဒီမိန်းကလေး အခုချိန်မှာ သူ့ကိုယ်လုံးထက်တောင် ပိုတုတ်နေတဲ့ ဝက်ခေါင်းကြီးကို ပွေ့ချီထားတယ်ဆိုရင်တောင်မှ ဆိုင်ရှင်ရဲ့ အမြင်မှာတော့ ဒါဟာ သူ မြင်ဖူးသမျှထဲမှာ အလှပဆုံး မိန်းကလေးပဲ ဖြစ်နေတော့တာလေ။
"ကျုပ် နာမည်က နျိုတာ့ လို့ခေါ်တယ်" ဆိုင်ရှင်က ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။ "နောက်ဆို မိန်းကလေး ကျုပ်ဆီ အသားလာဝယ်ရင် အကုန် ဈေးပေါပေါနဲ့ပဲ ရောင်းပေးမယ်" တဲ့လေ။
"ကောင်းပါပြီရှင်.. ကောင်းပါပြီ" ယွီးရှောင်ရှောင်က အလျင်အမြန် ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်လေရဲ့။
"ကျွန်မ နာမည်က ယွီးရှောင်ရှောင်ပါ။ ဦးလေးနျို... ကျွန်မတို့ နောက်မှ ပြန်တွေ့ကြတာပေါ့"
သားသတ်သမားကြီး နျိုတာ့ကတော့ ယွီးရှောင်ရှောင်တစ်ယောက် ဝက်ခေါင်းကြီးပိုက်ပြီး ထွက်သွားတာကို ငေးကြည့်ကျန်ခဲ့လေတယ်။ သူ့ရဲ့ အသားဆိုင်လေးကို စောင့်ဖို့ မလိုဘူးဆိုရင် နျိုတာ့တစ်ယောက် ယွီးရှောင်ရှောင်အတွက် ဝက်ခေါင်းကြီးကို အိမ်အထိတောင် လိုက်ပို့ပေးလိုက်မိမှာပေါ့။
အဲ့အချိန်မှာပဲ ဘေးနားမှာရှိနေတဲ့ လူတစ်ယောက်က ဝင်ပြောလေတယ်။
"ဒီမိန်းကလေး မျိုးရိုးနာမည်က ယွီး တဲ့လား"
"ဟုတ်တယ်လေ၊ သူ့နာမည်က..." ဟင်... မဟုတ်သေးပါဘူး။ သားသတ်သမားကြီး နျိုတာ့ ရုတ်တရက် သတိဝင်သွားလေရဲ့။ သူတို့ ဖုန်းထျန်းမြို့တော်ကြီးမှာ ယွီးဆိုတဲ့ မျိုးရိုးနာမည် ရှိတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။
"ဘယ် တော်ဝင်မျိုးနွယ်ရဲ့အိမ်တော်ကများလဲ မသိဘူး" တစ်ယောက်က ခန့်မှန်းလိုက်လေရဲ့။
အဲ့ဒီတော့မှ လူအားလုံးက အဲ့ဒီလူကို အရူးတစ်ယောက်လို ဝိုင်းကြည့်ကြပါလေရော။ မင်းသမီးတစ်ပါးက လမ်းမကြီးပေါ် တစ်ယောက်တည်း ပြေးထွက်လာပြီး ဝက်ခေါင်းပြုတ်ကြီး လာဝယ်ပါ့မလား။
ယွီးရှောင်ရှောင်ကတော့ သူမရဲ့ ဒီတစ်ခေါက် အပြုအမူက နန်ဖူလမ်းပေါ်က ဈေးသည်တွေကြားမှာ ဘယ်လို ဒဏ္ဍာရီမျိုး အဖြစ် ကျန်ရစ်ခဲ့မလဲ ဆိုတာကိုတော့ မသိရှာပါဘူး။ သူမကတော့ ဝက်ခေါင်းကြီးကို ပိုက်ပြီး ခပ်သုတ်သုတ် ပြေးလာခဲ့တာပေါ့။ ပြီးမှ ဒီကမ္ဘာက သူမ အရင်တုန်းက နေခဲ့တဲ့ ကမ္ဘာကြီး မဟုတ်တော့ဘူးဆိုတာကို သတိရသွားလေရဲ့။ သူမဆီက အစားအသောက်တွေကို ဘယ်သူမှ လာလုမှာ မဟုတ်တော့ဘူးလေ။ ဒါနဲ့ပဲ မင်းသမီးက လူသူကင်းမဲ့တဲ့ လမ်းကြားကျဉ်းလေးတစ်ခုကို ရှာပြီး ထိုင်ချလိုက်လေတယ်။ ဝက်ခေါင်းသားပြုတ်ရဲ့ အနံ့က အရမ်းကို မွှေးလွန်းနေတာကိုး၊ ဒါကြောင့် ယွီးရှောင်ရှောင်တစ်ယောက် ဒီဝက်ခေါင်းကြီးကို အိမ်အထိ သယ်မသွားခင် အရင်ဆုံး ကိုက်ဆွဲပြီး စားပစ်ဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။
"ဟေ့... ဝက်ခေါင်းကြီးကွ"
ယွီးရှောင်ရှောင်တစ်ယောက် ဝက်ခေါင်းကြီးရဲ့ ဘယ်နေရာကနေ စပြီး ကိုက်ရမလဲဆိုတာကို ရွေးချယ်နေတုန်းမှာပဲ၊ ယောက်ျားနှစ်ယောက်က သူမရှေ့မှာ ရုတ်တရက် လာရပ်လေရဲ့။ ယွီးရှောင်ရှောင် ခေါင်းမော့ပြီး အဲ့ဒီနှစ်ယောက်ကို ကြည့်လိုက်တော့ နှစ်ယောက်လုံးက အဖာအထေးတွေ အပြည့်နဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတာ။ တစ်ယောက်က နည်းနည်း ငယ်ပြီး နောက်တစ်ယောက်ကတော့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေ ဖရိုဖရဲနဲ့ပေါ့။ သူတို့နှစ်ယောက်လုံးက ယွီးရှောင်ရှောင် ပိုက်ထားတဲ့ ဝက်ခေါင်းကြီးကို ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတာလေတယ်။
လခွမ်းပဲ။ ယွီးရှောင်ရှောင်တစ်ယောက် တကယ်ကြီး အံ့သြမှင်တက်သွားလေရဲ့။ ဒီကမ္ဘာမှာလည်း သူများဆီက အသားကို လုစားတတ်တဲ့ လူသားတွေ ရှိသေးတယ်ပေါ့လေ။
...