အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) ဘယ်လောက်တောင် သဘောကောင်းတဲ့ ညီမလေးလဲ
"ညီမလေး... ဒီဝက်ခေါင်းကြီးကို ဘယ်က ဝယ်လာတာလဲဟင်"
ယွီးရှောင်ရှောင်တစ်ယောက် ကိုယ့်ဝက်ခေါင်းကြီးကို ကာကွယ်ဖို့အတွက် မျက်စိရှေ့က အကောင်နှစ်ကောင်နဲ့ တိုက်ပွဲဝင်ဖို့ ပြင်နေဆဲမှာပဲ၊ အဲဒီနှစ်ကောင်ထဲက အသက်ပိုငယ်တဲ့သူက ယွီးရှောင်ရှောင်ကို စကားစလာလေရဲ့။
"ဟိုးရှေ့က" ယွီးရှောင်ရှောင်က လက်တစ်ဖက်နဲ့ ဝက်ခေါင်းကြီးကိုပိုက်ထားရင်း နောက်လက်တစ်ဖက်နဲ့ နျိုတာ့ရဲ့ ဝက်သားဆိုင်ဘက်ကို လက်ညှိုးလှမ်းထိုးပြလိုက်လေတယ်။
"ကျေးဇူးပဲနော် ညီမလေး" လူငယ်လေးက ယွီးရှောင်ရှောင်ကို ကျေးဇူးတင်စကားဆိုပြီး မုတ်ဆိတ်မွှေးဖရိုဖရဲနဲ့လူနောက်ကနေ လိုက်ရင်းနှစ်ယောက်သား နျိုတာ့ရဲ့ ဝက်သားဆိုင်ဘက်ကို သုတ်ခြေတင် ပြေးသွားကြတော့တာပေါ့။
ယွီးရှောင်ရှောင်က အဲ့ဒီနှစ်ယောက် ပြေးသွားတဲ့ အမြန်နှုန်းကို ကြည့်ပြီး ဒီနေ့ သူမရဲ့ ကံကောင်းမှုကို ထပ်ပြီးတော့တောင် ကျေနပ်သွားမိသေးတယ်။ ဒီလောက်ကြီးတဲ့ ဝက်ခေါင်းကြီးကို သူမတစ်ယောက်တည်း အကုန်ဝယ်လာနိုင်ခဲ့တာကိုး။ သူမရှေ့ကနေ ဖြတ်သွားဖြတ်လာလုပ်ရင်း သူမကို လှည့်လှည့်ကြည့်သွားကြတဲ့ လမ်းသွားလမ်းလာတွေကို မြင်တော့ ယွီးရှောင်ရှောင်လည်း သူမရဲ့ ဝက်ခေါင်းကြီးကိုပိုက်ပြီး လူပြတ်တဲ့ နောက်ထပ် လမ်းကြားကျဉ်းလေးတစ်ခုဘက် ပြောင်းထိုင်လိုက်လေရဲ့။
ဝက်ခေါင်းသားက တကယ်ကို မွှေးလွန်းနေတာလေ။ ယွီးရှောင်ရှောင်က ဝက်ခေါင်းကြီးကို တစ်ကိုက် ကိုက်စားလိုက်ပြီးတဲ့နောက် မျက်လုံးလေးမှိတ်ရင်း ပါးစပ်ထဲက အရသာကို ခံစားနေလိုက်တာပေါ့။ ဝက်သားရဲ့ မူလအချိုဓာတ်လေးရယ်၊ နာနတ်ပွင့်လို ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အနံ့လေးရယ် ရောယှက်နေတဲ့ ဒီအရသာက... မင်းသမီးခမျာ စာမတတ်ပေမတတ်လေးဆိုတော့ ဘယ်လို စကားလုံးလှလှတွေနဲ့ တင်စားရမယ်မှန်း မသိရှာဘူးလေ။ ဘာပဲဖြစ်ဖြစ် အခုချိန် တစ်ယောက်ယောက်သာ သူမဆီက ဝက်ခေါင်းကို လာလုမယ်ဆိုရင်တော့ မင်းသမီးက အဲ့ဒီမြေနိုးကို သေအောင် ရိုက်သတ်ပစ်မှာ အသေအချာပဲ။
ယွီးရှောင်ရှောင်တစ်ယောက် အဲ့ဒီလို ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာပဲ သူမရှေ့မှာ လူနှစ်ယောက် ထပ်ရောက်လာပြန်ပါလေရော။ ယွီးရှောင်ရှောင် မော့ကြည့်လိုက်တော့၊ လခွမ်း... ခုနက နှစ်ကောင် ပြန်ရောက်လာတာပဲ။
"နျိုတာ့ဆိုင်က ဝက်ခေါင်းပြုတ်တွေ ကုန်သွားပြီတဲ့" လူငယ်လေးက အသားတစ်ဖဲ့ ပဲ့သွားပြီဖြစ်တဲ့ ဝက်ခေါင်းကြီးကို ကြည့်ရင်း ယွီးရှောင်ရှောင်ကို ပြောလာလေရဲ့။
ယွီးရှောင်ရှောင်က ဝက်ခေါင်းကြီးကို ပိုပြီး ကျပ်နေအောင် ပိုက်ထားလိုက်ရင်း ပြောလေတယ်။
"ဒါဆို တခြားဆိုင် သွားဝယ်ကြလေ"
ဖုန်းထျန်းမြို့တော်ကြီးမှာ ဦးလေးနျို တစ်ယောက်တည်း ဝက်ခေါင်းပြုတ် ရောင်းတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား။
"နျိုတာ့ဆိုင်ကနေရောင်းတဲ့ ဝက်ခေါင်းသားက မြို့တော်ကြီးတစ်ခုလုံးမှာ အကောင်းဆုံးနဲ့ စားချင်စရာအကောင်းဆုံး ဝက်ခေါင်းသားပဲ" အစကတည်းက ယွီးရှောင်ရှောင်ကို စကားတစ်ခွန်းမှ မပြောခဲ့တဲ့ မုတ်ဆိတ်မွှေးနဲ့လူက နောက်ဆုံးတော့ စကားစပြောလာလေတယ်။
ယွီးရှောင်ရှောင်က ခေါင်းငုံ့ပြီး ဝက်ခေါင်းကြီးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြန်တာပေါ့။ ပါးစောင်လေး ဖောင်းနေအောင် ဝါးနေရင်းကနေ "အဲဒီတော့ ဘာဖြစ်လဲ" လို့ မေးလိုက်လေရဲ့။
လူငယ်လေးက မေးရှာတယ်။ "ညီမလေးရယ် ကြည့်ပါဦး... ဒီဝက်ခေါင်းကြီးမှာ မင်း မကိုက်ရသေးတဲ့ နေရာတွေ အများကြီး ကျန်သေးတာပဲဟာကို။ ငါတို့ကို တစ်ဝက်လောက် ခွဲပေးလို့ မရဘူးလား"
ယွီးရှောင်ရှောင် မျက်လုံးကြီး ပြူးသွားလေတယ်။ တစ်ဝက် ခွဲပေးရမယ် ဟုတ်လား။ အဲဒါက သူမကို သွားသေခိုင်းနေတာနဲ့ အတူတူပဲလေ
လူငယ်လေးက ဆက်ပြီး ပြောပြလေရဲ့။
"ငါတို့ရဲ့ ခေါင်းဆောင်ကြီးကလေ သူ ငယ်ငယ်တုန်းက နျိုတာ့ဆိုင်က ဝက်ခေါင်းသားကို အကြိုက်ဆုံးပဲလို့ အမြဲပြောတတ်တယ်။ ငါနဲ့ ဒုတိယခေါင်းဆောင်က အခု မြို့တော်ကို ရောက်လာတုန်း ဒီလမ်းမှာ တစ်နေကုန် လိုက်ရှာနေတာ မတွေ့ခဲ့ဘူး။ ညီမလေး ပိုက်ထားတဲ့ ဝက်ခေါင်းကြီးကို အနံ့ခံကြည့်တော့ တော်တော်မွှေးနေတာနဲ့ မေးမိတာ... ဒီဟာက နျိုတာ့ရဲ့ ဝက်ခေါင်းသား ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"
ယွီးရှောင်ရှောင်ကတော့ ပါးစပ်ထဲက ဝက်ခေါင်းသားကို ဗိုက်ထဲရောက်အောင် မျိုချလိုက်ပြီး "လိုရင်းကိုပဲ ပြောစမ်းပါ" လို့ ပြောလိုက်လေတယ်။
လူငယ်လေးက ခဏလောက် ငြိမ်သွားပြီးမှ ထပ်မေးလေရဲ့။ "ငါတို့ကို တစ်ဝက်လောက် ခွဲပေးလို့ မရဘူးလား"
ယွီးရှောင်ရှောင်က ခေါင်းခါပြလိုက်လေတယ်။ အိမ်မှာလည်း လူတွေ အများကြီးရှိသေးတာလေ။ တစ်ဝက်ခွဲပေးလိုက်ရင် အိမ်ကလူတွေ ဘယ်လိုလုပ်မလဲပေါ့။ ထားပါ... အဓိက အကြောင်းရင်းကတော့ မင်းသမီး ကိုယ်တိုင်တောင် စားလို့ ဝမှာ မဟုတ်ဘူးလို့ တွေးမိလို့ပါလေ။
အဲ့အချိန်မှာပဲ ဒုတိယခေါင်းဆောင်လို့ ခေါ်တဲ့ မုတ်ဆိတ်မွှေးနဲ့လူက ဝင်မေးလေတယ်။ "မင်း ငါတို့ကို မကြောက်ဘူးလား"
ယွီးရှောင်ရှောင်က အဲ့ဒီလူရဲ့ မျက်နှာပေါ်က မုတ်ဆိတ်မွှေးတွေကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလေရဲ့။
"ငါက လူသားတွေကို ကြောက်စရာလား"
"ဒီကောင်မလေးကတော့" ဒုတိယခေါင်းဆောင်က ဒေါသထွက်သွားပုံရပြီး ခါးမှာချိတ်ထားတဲ့ ဓားကို ဆွဲထုတ်ဖို့ လက်လှမ်းလိုက်တော့တာပေါ့။
"ဒုတိယခေါင်းဆောင်... ဒုတိယခေါင်းဆောင်..." လူငယ်လေးက ယွီးရှောင်ရှောင်ထက်တောင် ပိုလန့်သွားပုံရပြီး ဒုတိယခေါင်းဆောင်ရဲ့ ခါးကိုဖက်ရင်း အနောက်ကို အတင်းဆွဲထားလေရဲ့။
"ဒါက မြို့တော်ထဲမှာနော်။ ကျွန်တော်တို့ ပေါ်သွားလို့ မဖြစ်ဘူးလေ။ ဒုတိယခေါင်းဆောင်... စိတ်လျှော့ပါ... ညီမလေးကို လန့်အောင် မလုပ်ပါနဲ့"
"ညီမလေးတဲ့လား" ဒုတိယခေါင်းဆောင်က လက်ကိုမြှောက်ပြီး လူငယ်လေးရဲ့ ခေါင်းကို အဆက်မပြတ် ရိုက်ချလိုက်ရင်း ဆဲတော့တာပဲ။
"မင်းက သူ့ကို သဘောကျနေတာလား၊ ဒီ မြည်းပေါက်စကောင်ကတော့... အမွှေးတောင် မစုံသေးဘူး၊ မိန်းမလိုချင်နေပြီပေါ့လေ။ မင်းကို သေအောင် ရိုက်သတ်ပစ်မယ်"
လူငယ်လေးခမျာ ညီမလေးကို သူတို့ရဲ့ ဒုတိယခေါင်းဆောင် သွားပြီး ခြောက်လှန့်မိမှာ စိုးလို့ လက်မလွှတ်ရဲရှာဘူး။ ဒါကြောင့် ဒုတိယခေါင်းဆောင်ရဲ့ အရိုက်အနှက်ကိုပဲ အံကြိတ်ပြီး ခံနေရတော့တာပေါ့။
ဒီမြင်ကွင်းကို ယွီးရှောင်ရှောင်လည်း ဆက်ကြည့်မနေနိုင်တော့ဘူးလေ။ ကိုယ့်အပေါင်းအသင်းကို ဒီလိုမျိုး ရိုက်နှက်လို့ ရမလား။ ဒုတိယခေါင်းဆောင်ဆိုတာက အရမ်းကြီးကျယ်နေလို့လားပေါ့။ နေပါဦး... ဒုတိယခေါင်းဆောင်ဆိုတာ ဘယ်လို ရာထူးမျိုးလဲ။ မင်းသမီးက မတ်တတ်ရပ်ပြီး ဒုတိယခေါင်းဆောင်ရဲ့ ရှေ့ကို သွားရပ်လိုက်လေတယ်။ ပြီးတော့ ပြောလိုက်လေရဲ့။ "ကိုယ့်လူကို အနိုင်ကျင့်တယ်ပေါ့လေ၊ မရှက်ဘူးလား"
ဒုတိယခေါင်းဆောင်လည်း ယွီးရှောင်ရှောင် ပြောလိုက်တော့မှ လက်ကို ရပ်လိုက်လေတယ်။ ယွီးရှောင်ရှောင်ကို ကြည့်နေတဲ့ အကြည့်တွေက သိပ်မကြည်လင်လှပေမဲ့လည်း ယွီးရှောင်ရှောင်ကိုတော့ ဘာမှ ကိုယ်ထိလက်ရောက် မလုပ်ပါဘူး။ အဲဒါက ယွီးရှောင်ရှောင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ဒုတိယခေါင်းဆောင် သိနေလို့ မဟုတ်ပါဘူး၊ သူကိုယ်တိုင်က မိန်းမတွေကို ရိုက်နှက်တတ်တဲ့ အကျင့် မရှိလို့ပါလေ။
"ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးက ဒီဝက်ခေါင်းသားလေးကို တစ်ကိုက်လောက်ဖြစ်ဖြစ် ပြန်စားချင်လို့ပါ" အရိုက်ခံထားရလို့ ခေါင်းမှာ အဖုအပိမ့်တွေ ထနေတဲ့ လူငယ်လေးက ယွီးရှောင်ရှောင် ပိုက်ထားတဲ့ ဝက်ခေါင်းသားကို ကြည့်ရင်း သွားရည်ကျနေတဲ့အသံနဲ့ ပြောရှာတယ်။
ယွီးရှောင်ရှောင်က မေးလိုက်တာပေါ့။ "သူ့ဟာသူ လာမစားဘဲနဲ့ ဘာလို့လဲ"
"အင်း..." လူငယ်လေးက ဒုတိယခေါင်းဆောင်နဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ပြီးမှ ဖြေလာတယ်။ "ဒီနေရာက ကျွန်တော်တို့ ခေါင်းဆောင်ကြီးအတွက်တော့ ရင်နာစရာ နေရာတစ်ခု ဖြစ်နေလို့ပါ"
ရင်နာစရာ နေရာလား။ ဒီစကားလုံးလေးထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါနေတယ်လေ။ ယွီးရှောင်ရှောင်က မေးတာပေါ့။ "သူက ဒီနေရာမှာ ကောင်မလေး ပစ်တာ ခံလိုက်ရလို့လား"
လူငယ်လေးက နှာခေါင်းကို ပွတ်လိုက်လေရဲ့။ ဒီလိုစကားမျိုးကိုတော့ သူ မပြောရဲပါဘူး။ သူတို့ခေါင်းဆောင်ကြီးသာ သိသွားရင် အသေသတ်ခံရမှာ သေချာတယ်။
"ထားလိုက်ပါတော့လေ" ယွီးရှောင်ရှောင်က ပြောလေရဲ့။ "နင်တို့ကို ငါ သေးသေးလေး တစ်ခြမ်းတော့ ခွဲပေးလိုက်မယ်"
အချစ်ရေးမှာ အသည်းကွဲထားတဲ့ ယောက်ျားတစ်ယောက်ဆိုတာ သနားစရာကောင်းပါတယ်လေ။ ဒါက ခေါင်းဆောင်ကြီးဆိုတဲ့လူရဲ့ နှလုံးသားထဲမှာ အချစ်ရှိတယ်ဆိုတာ ပြနေတာပဲလေ။ မဟုတ်ရင် ဒီမိန်းမနဲ့ အဆင်မပြေလည်း နောက်မိန်းမတစ်ယောက် ရှာပြီး ပြီးသွားမှာပဲဟာကို၊ ဘာလို့ အချစ်ရေးအတွက် ခံစားနေရမှာလဲပေါ့။
"တကယ်လား" လူငယ်လေးက ဝမ်းသာသွားပြီး ပြောလေရဲ့။ "ညီမလေးက တကယ် သဘောကောင်းတာပဲ"
"အင်း" ယွီးရှောင်ရှောင်က ပြန်ဖြေလိုက်လေတယ်။ "ငါလည်း ငါ့ကိုယ်ငါ သဘောကောင်းတယ်လို့ ထင်တာပဲ"
ဒီလိုနဲ့ သူတို့သုံးယောက်သား လမ်းကြားဝမှာ ဆောင့်ကြောင့်ထိုင်ရင်း ဒုတိယခေါင်းဆောင်က သူ့ဓားနဲ့ ဝက်ခေါင်းကြီးကို ခွဲပေးနေရတော့တာပေါ့။
ယွီးရှောင်ရှောင်က လူငယ်လေးကို မေးလိုက်လေရဲ့။ "နင်တို့က ဘယ်ကလာတာလဲ"
"ငါတို့က မြို့ပြင် ရူယွင်တောင်ကနေ လာတာ"
မြို့တော်ကြီးကိုတောင် ယွီးရှောင်ရှောင်ခမျာ အကုန်မလည်ရသေးတာ၊ မြို့ပြင်က ကမ္ဘာကြီးဆိုတာက သူမအတွက် ပိုပြီးတောင် စိမ်းသက်နေသေးတာပေါ့။
"ဒါဆို နင်တို့က ဘာအလုပ်လုပ်ကြတာလဲ" မေးရင်းပဲ မင်းသမီးက ရူယွင်တောင်ဆိုတာကို ခေါင်းထဲက ထုတ်ပစ်လိုက်လေတယ်။
ဒီအချိန်မှာ ဒုတိယခေါင်းဆောင်က ဝင်ပြောလိုက်လေရဲ့။ "ငါတို့က တောင်ပေါ်မှာ တောင်ယာလုပ်တဲ့သူတွေပါ"
"ဪ" ယွီးရှောင်ရှောင် ခေါင်းညိတ်လိုက်လေတယ်။ လယ်သမားတွေပေါ့လေ။
"ညီမလေး" လူငယ်လေးက ယွီးရှောင်ရှောင်ကို မေးလာတယ်။ "ကုအိမ်တော်ကိုများ သိလား၊ အရင်တုန်းက ကျန့်ကော်ကုန်းအိမ်တော်ဆိုတာ ဘယ်နားမှာလဲဟင်"
"နင်တို့က ကုအိမ်တော်ကို ရှာနေတာလား။ ငါ သိတာပေါ့၊ ငါ အဲဒီမှာ နေတာလေ" ယွီးရှောင်ရှောင်က ပြောလိုက်လေရဲ့။
ယွီးရှောင်ရှောင် စကားကိုလည်းကြားရော လူငယ်လေးနဲ့ ဒုတိယခေါင်းဆောင်တို့ နှစ်ယောက်လုံး ချက်ချင်းပဲ ယွီးရှောင်ရှောင်ကို ခေါင်းမော့ကြည့်လာကြလေရဲ့။ ဒီညီမလေးရဲ့ ဝတ်ပုံစားပုံအရတော့ ကုအိမ်တော်က သခင်မလေးတွေနဲ့ မတူပါဘူးလေ၊ အစေခံလေးပဲ ဖြစ်ရမယ်။ အဲဒီအထဲမှာမှ နည်းနည်း တုံးအအနဲ့ အူကြောင်ကြောင်ပုံစံမျိုးလေးပေါ့။
"နင်တို့က ကုအိမ်တော်ကို ဘာကိစ္စရှိလို့လဲ။ ဆန်လာရောင်းတာလား" ယွီးရှောင်ရှောင်က မေးလိုက်လေတယ်။ တောင်ယာလုပ်တဲ့သူတွေဆိုမှတော့ ဆန်မရောင်းရင် တခြား ဘာလုပ်စရာရှိဦးမှာတဲ့လဲ။
ဒုတိယခေါင်းဆောင်က လက်ထဲကိုင်ဓားကို ဓားကိုချလိုက်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်လေရဲ့။
"ငါတို့ဆီမှာ စစ်သူကြီးချုပ်ကုဆီ ပေးစရာ စာတစ်စောင်ရှိလို့ပါ"
ဆန်မဟုတ်ဘဲ စာလို့ကြားလိုက်တော့ ယွီးရှောင်ရှောင် တစ်ယောက် ချက်ချင်းပဲ စိတ်ဝင်စားမှု လျော့ကျသွားတော့ပေါ့။ သူမလို စာမတတ်ပေမတတ် တစ်ယောက်က စာတွေ ဘာတွေ နားမှမလည်တာကိုး။
ဒီအချိန်မှာပဲ လူငယ်လေးက ဒုတိယခေါင်းဆောင်ကို ဘေးဆွဲခေါ်သွားပြီး တိုးတိုးလေး မေးလိုက်လေတယ်။
"ဒုတိယခေါင်းဆောင်.. ခင်ဗျားက ဒီညီမလေးကို ကျွန်တော်တို့ကိုယ်စား စာသွားပို့ခိုင်းမလို့လား"
ဒုတိယခေါင်းဆောင်က ပြန်ဖြေလေတယ်။ "ကုအိမ်တော်မှာ ကိုယ်ရံတော်တွေ ရှိတယ်။ ပြီးတော့ သူတို့က စစ်သူကြီးမျိုးရိုးတွေလေ၊ ငါတို့ စာသွားပို့ရင်း တစ်ခုခုမှားလို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ"
"စာကို ပစ်ချခဲ့ပြီး ပြေးမယ်လို့ တိုင်ပင်ထားတယ် မဟုတ်ဘူးလား"
"ငါပြောတာက အဆိုးဆုံးအခြေအနေကို တွေးထားတာလေ။ အခု စာပို့ပေးမဲ့သူ အဆင်သင့် တွေ့နေတာကို ငါတို့က ဘာလို့ သူ့ကို အသုံးမချရမှာလဲ"
လူငယ်လေးက မြေကြီးပေါ် ထိုင်နေသေးတဲ့ ယွီးရှောင်ရှောင်ကို လှည့်ကြည့်လိုက်လေရဲ့။ ဘယ်လောက်တောင် သဘောကောင်းတဲ့ ညီမလေးလဲ။ သူ အရိုက်ခံရတာကို ကြည့်ပြီး ဝက်ခေါင်းသားကိုတောင် ခွဲကျွေးသေးတာကိုး။ "ငါတို့ ဒီညီမလေးကို ဒုက္ခမပေးသင့်ဘူး" လူငယ်လေးက ခေါင်းပြန်လှည့်ပြီး ဒုတိယခေါင်းဆောင်ကို အသေခံမဲ့ပုံစံမျိုးနဲ့ ပြောချလိုက်တော့တာပါပဲ။
…