အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄) မင်း ဒီဘဝမှာ မိန်းမမယူသင့်ဘူး
ဒုတိယခေါင်းဆောင်က အဲ့ဒီမှာထိုင်ပြီး ဝက်ခေါင်းသားကိုပဲ စိတ်ဝင်စားနေတဲ့ ညီမလေးကို ကြည့်ရင်း ရုတ်တရက် စိတ်ထဲမှာ နည်းနည်းသနားသွားမိလေရဲ့။ ဒါနဲ့ပဲ လူငယ်လေးကို ဘေးတွန်းလိုက်ပြီး ယွီးရှောင်ရှောင်ရှေ့ကို မေးလိုက်တာပေါ့။
"နင်တို့ အိမ်တော်က ဒုတိယသခင်လေး ဘယ်သွားလဲ သိလား"
ဒုတိယအစ်ကိုလား။ ယွီးရှောင်ရှောင်က မျက်မှောင်လေးကြုတ်ပြီး စဉ်းစားလိုက်လေရဲ့။ ဟုတ်သားပဲ... ဒုတိယအစ်ကိုကို မမြင်ရတာတောင် ရက်အတော်ကြာနေပြီပဲ။ ဒုတိယအစ်ကို ဘယ်ရောက်သွားတာပါလိမ့်။
ဒုတိယခေါင်းဆောင်က မေးလိုက်လေတယ်။ "မင်းတို့အိမ်တော်က သခင်တွေ ဒုတိယသခင်လေးအကြောင်း ပြောကြတာ မကြားမိဘူးလား"
အဲ့ဒီတော့မှ ယွီးရှောင်ရှောင် သတိရသွားတော့တာပဲ။ ကုဒုတိယအစ်ကိုက ရှောင်ချီလေးနဲ့ ဝေ့မောမောကို ခေါ်ပြီး ထွက်ပြေးသွားခဲ့တာလေ။ အခု ရှောင်ချီလေးလည်း ဘာမှမဖြစ်တော့တာကို ဘာလို့ ဒုတိယအစ်ကိုက ရှောင်ချီလေးနဲ့ ဝေ့မောမောကို အိမ်ပြန်မခေါ်လာသေးတာပါလိမ့်ပေါ့။ ကုရှင်းယန်တစ်ယောက် ယွီးကျစ်ရီကို ခေါ်ပြီး အိမ်ကနေ ထွက်ပြေးသွားတာ ရက်အတော်ကြာမှပဲ မင်းသမီးခမျာ ဒီကိစ္စကို စဉ်းစားရကောင်းမှန်း သိလာတော့တာလေ။
လူငယ်လေးက ညီမလေး မျက်နှာသေသေနဲ့ ဘာမှမပြောဘဲ နေနေတာကို ကြည့်ပြီး ဒုတိယခေါင်းဆောင်ကို ချက်ချင်း အပြစ်တင်တော့တာပေါ့။
"ညီမလေးက အစေခံသက်သက်ပဲဟာကို။ ဒီလိုကိစ္စတွေကို သူ ဘယ်လိုလုပ် သိမှာလဲ"
ယွီးရှောင်ရှောင် စဉ်းစားနေတာကတော့ အစ်ကိုကြီးနဲ့ ရှောင်ကုတို့က ဒုတိယအစ်ကိုဆီ လူလွှတ်ပြီး ရှောင်ချီလေးနဲ့ ဝေ့မောမောကို ပြန်ခေါ်ခဲ့ဖို့ မပြောကြဘူးလားပေါ့။ ညီအစ်ကိုတွေများ မေတ္တာတရား ခေါင်းပါးလိုက်ကြတာလေ။ (မင်းသမီး... ရှင့်မှာလည်း မောင်နှမမေတ္တာ ခေါင်းပါးနေတာပဲလေ)
ဒုတိယခေါင်းဆောင်က ရင်ဘတ်ထဲကနေ နွားသားရေစက္ကူနဲ့လုပ်ထားတဲ့ စာအိတ်တစ်ခုကို ထုတ်ယူပြီး ယွီးရှောင်ရှောင်ကို လှမ်းပေးလိုက်လေရဲ့။
"ဒုတိယခေါင်းဆောင်" လူငယ်လေးက အသံကုန်ဟစ်အော်လိုက်လေတယ်။
ယွီးရှောင်ရှောင်က စာကို လှမ်းယူလိုက်တာပေါ့။
"ကိစ္စမရှိပါဘူး။ စာပို့ပေးရုံလေးပဲဟာကို။ နင်တို့ဆီက အခကြေးငွေ မယူပါဘူး"
"နင့် သခင်တွေဆီက အရိုက်ခံရလိမ့်မယ်" လူငယ်လေးက ယွီးရှောင်ရှောင်ကို ထပ်အော်ပြောလိုက်ပြန်တာပေါ့။
ယွီးရှောင်ရှောင် ကြောင်တောင်တောင် ဖြစ်သွားလေရဲ့။ ဘာ.. စာပို့ပေးတာလေးနဲ့ အရိုက်ခံရမယ် ဟုတ်လား။ ဘာလို့လဲပေါ့လေ။
"ဒီလိုလုပ်ပါလား" ဒုတိယခေါင်းဆောင်က ယွီးရှောင်ရှောင်ကို သစ်သားပြားလေးတစ်ခု ထပ်ပေးလိုက်လေတယ်။
"ငါတို့ ရူယွင်တောင်ကို လိုက်ခဲ့ပါလား" ဘာပဲဖြစ်ဖြစ် အစေခံလုပ်ရတာပဲဟာကို ဘယ်နေရာလုပ်လုပ် အတူတူပဲ မဟုတ်ဘူးလား။ အာ့ကော်ဇီ ရဲ့ပုံစံကို ကြည့်ရတာ ဒီညီမလေးကို သေချာပေါက် သဘောကျနေတာပဲ။ ဒါဆိုလည်း ဒီညီမလေးကို ရူယွင်တောင်ကို ခေါ်သွားပေးလိုက်ရင် လူကောင်းပီသရာ ရောက်တာပေါ့။
ယွီးရှောင်ရှောင် သစ်သားပြားလေးကို ကြည့်လိုက်တော့ အပေါ်မှာ ရှုပ်ထွေးတဲ့ ပန်းခက်ပုံစံလေး ထွင်းထားလေရဲ့။ အပေါ်က စာလုံးတွေကတော့ ရှေးဟောင်းတရုတ်စာလုံးတွေ။ ဆိုတော့ကား မင်းသမီး သေချာစိုက်ကြည့်နေပေမဲ့ ဘာစာလုံးတွေမှန်းကို မသိရှာဘူးလေ။
ဒုတိယခေါင်းဆောင်က ယွီးရှောင်ရှောင်ကို မြေပုံတစ်ချပ် ထပ်ပေးလိုက်ပြီး ပြောလိုက်လေတယ်။
"တောင်ထဲရောက်ရင် ဒီမြေပုံအတိုင်း တောင်ပေါ်ကို ဆက်တက်ခဲ့"
မြေပုံကိုတော့ ယွီးရှောင်ရှောင်က နားလည်တယ်လေ။ နှစ်ချက်သုံးချက်လောက် ဝေ့ကြည့်လိုက်တာနဲ့ ဒီမြေပုံကို ယွီးရှောင်ရှောင်က မှတ်မိသွားပြီပေါ့။ မင်းသမီးက ဒုတိယခေါင်းဆောင်ကို မေးလိုက်လေရဲ့။
"နင်တို့ ရူယွင်တောင်က ပျော်စရာကောင်းလား"
အာ့ကော်ဇီ လို့ခေါ်တဲ့ လူငယ်လေးက ကမန်းကတန်း ဝင်ပြောလေတယ်။ "ပျော်စရာကောင်းတာပေါ့၊ အခု တောင်ပေါ်မှာဆို ယုန်ဝဝလေးတွေ၊ တောကြက်တွေ အပြည့်ပဲလေ။ ဘာပဲဖြစ်ဖြစ် အစုံရှိတယ်"
ယွီးရှောင်ရှောင်ရဲ့ မျက်စိထဲမှာ ယုန်ကင်ဆူဆူဖြိုးဖြိုးလေးတွေရဲ့ ပုံရိပ်က ချက်ချင်း ပေါ်လာတော့တာပဲ။ ဒီတစ်ခဏလေးအတွင်းမှာတင် မင်းသမီးခမျာ စိတ်တွေ လှုပ်ရှားသွားပြီး မျက်လုံးလေးတွေ အရောင်လက်သွားရင်း ဒုတိယခေါင်းဆောင်ကို မေးလိုက်လေရဲ့။ "ရှင်တို့က ကျွန်မကို အလည်လာဖို့ ဖိတ်နေတာလား"
ဒုတိယခေါင်းဆောင်က ခေါင်းညိတ်ပြလေတယ်။
"ဒါဆို အိမ်ကလူတွေကိုပါ ခေါ်လာလို့ရမလား"
"ကုအိမ်တော်က နင့်ကို အခက်တွေ့အောင်လုပ်ရင် နင့်မိသားစုကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်လေ"
ဒုတိယခေါင်းဆောင်က ပြောလိုက်တာပေါ့။
"ကောင်းပြီလေ... ကျွန်မ ရူယွင်တောင်ကို အလည်လာခဲ့မယ်" ယွီးရှောင်ရှောင်က ချက်ချင်းပဲ သဘောတူလိုက်လေရဲ့။ ကုအိမ်တော်က သူ့ကို ဘာလို့ အခက်တွေ့အောင် လုပ်ရမှာလဲဆိုတာကိုတော့ ယွီးရှောင်ရှောင်က မကြားချင်ယောင် ဆောင်လိုက်တော့တာပဲ။
"စာကို သေချာသိမ်းထားနော်" ဒုတိယခေါင်းဆောင်က ယွီးရှောင်ရှောင်ကို သတိပေးလိုက်လေတယ်။
ယွီးရှောင်ရှောင်က စာကို ဝက်ခေါင်းကြီးရဲ့ အနောက်မှာ ညှပ်ထည့်ပြီး မေးလိုက်တာပေါ့။ "ဒီစာက ဘာအကြောင်းရေးထားတာလဲ"
ဒုတိယခေါင်းဆောင်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလေရဲ့။ "စစ်သူကြီးချုပ်ကုကို ဂါရဝပြုတဲ့ စာလေးပါပဲ"
"ဪ" ယွီးရှောင်ရှောင်ကလည်း ဘာမှသံသယမဝင်တော့ဘဲ ပြောလိုက်လေတယ်။ "ဒါဆိုလည်း စိတ်ချလိုက်၊ ဒီစာ မပျောက်စေရဘူး"
"ဒါဆိုရင် ငါတို့ ရူယွင်တောင်မှာ ပြန်တွေ့ကြတာပေါ့" ဒုတိယခေါင်းဆောင်က ယွီးရှောင်ရှောင်ကို ပြောပြီးတာနဲ့ အာ့ကော်ဇီကို ဆွဲခေါ်သွားတော့တာပဲ။
"သေချာပေါက် လာခဲ့ရမယ်နော်" အာ့ကော်ဇီခမျာ အသည်းအသန်ကို လှမ်းအော်မှာနေရှာလေရဲ့။
ယွီးရှောင်ရှောင်က ကျန်နေတဲ့ ဝက်ခေါင်းတစ်ခြမ်းကို ငုံ့ကြည့်လိုက်လေတယ်။ ဝက်ခေါင်းတစ်ခြမ်းကို ခွဲပေးလိုက်ရပေမဲ့ တောင်ပေါ်မှာ ယုန်တွေအပြည့်ရှိတဲ့ နေရာတစ်ခုကို သိလိုက်ရတော့ ဝက်ခေါင်းတစ်ခြမ်းကို ပေးလိုက်ရတာ တန်ပါတယ်လေ။ မင်းသမီးက သူ့ကိုယ်သူ သဘောကျစွာနဲ့ အမှတ်ပြည့်ပေးလိုက်ပြီး လမ်းကြားဝမှာ ထိုင်ရင်း ဝက်ခေါင်းကို ဆက်ကိုက်နေတော့တာပေါ့။
ဒီအချိန်မှာတော့ ကုရှင်းလန်ကို ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က လက်ဝတ်ရတနာဆိုင် တစ်ဆိုင်ထဲကနေ မ ပြီး ခေါ်ထုတ်လာကြလေရဲ့။ တစ်နေကုန် ရွေးလိုက်ရတာများ မျက်လုံးတွေတောင် ပြာသွားတာပဲ။ ကုတတိယသခင်လေးက သူ့မိန်းမအတွက် လိပ်ပြာပုံ ကျောက်စိမ်းဆံထိုးလေး တစ်ချောင်းကို ရွေးလိုက်တာပေါ့။ ပန်းပုထွင်းထားတဲ့ သစ်သားဘူးလေးထဲမှာ ထည့်ထားတော့ ကြည့်ရတာ ကျက်သရေရှိပြီး ခမ်းနားနေတာလေ။ ကုတတိယသခင်လေးကတော့ သူ့မိန်းမ ဒါကို သဘောကျပါ့မလား ဆိုတာကိုပဲ မသိဖြစ်နေရှာတာ။
ရှောင်ကျွမ်းကတော့ လက်ဝတ်ရတနာဆိုင်ထဲက ထွက်လာတာနဲ့ တစ်ပြိုင်တည်း မလှမ်းမကမ်းက သကြားရည်ရောင်းတဲ့ ဆိုင်လေးကို လက်ညှိုးထိုးပြပြီး မေးလိုက်လေရဲ့။
"သမက်တော်... မင်းသမီးအတွက် သကြားရည် တစ်ပွဲလောက် ဝယ်သွားဦးမလား"
ရှောင်ဝေက ရှောင်ကျွမ်းကို စိုက်ကြည့်လိုက်လေတယ်။ မင်းဟာမင်း စားချင်နေတာ မဟုတ်ဘူးလားပေါ့။
သူ့မိန်းမ စားသောက်နေတဲ့ ပုံစံလေးကို စဉ်းစားမိသွားတော့ ကုရှင်းလန်က ရှောင်ကျွမ်းကို ခေါင်းညိတ်ပြီး ပြောလိုက်လေတယ်။ "မင်း သွားဝယ်လိုက်လေ၊ အိမ်ကလူတွေအားလုံးအတွက်ပါ တစ်ယောက်တစ်ပွဲစာစီ ဝယ်ခဲ့လိုက်"
"ဟုတ်ကဲ့ပါ" ရှောင်ကျွမ်းက ကုရှင်းလန်ကို ပြန်ထူးလိုက်ပြီး သကြားရည်ရောင်းတဲ့ ဆိုင်လေးဘက်ကို ပြေးသွားတော့တာပေါ့။
ကုရှင်းလန်နဲ့ ရှောင်ဝေတို့က လက်ဝတ်ရတနာဆိုင်ရဲ့ ခေါင်မိုးစွန်းအောက်မှာ ရပ်စောင့်နေကြလေရဲ့။ လက်ဝတ်ရတနာဆိုင်ကို လာလည်ကြတာ အများစုက မိန်းမတွေလေ။ မိန်းမတွေက ကုရှင်းလန်နဲ့ ရှောင်ဝေတို့လို ရုပ်ဖြောင့်တဲ့ လူငယ်လေးနှစ်ယောက်ကို ဗြောင်ကျကျ မကြည့်ရဲကြပေမဲ့၊ မသိမသာလေး ခိုးခိုးကြည့်နေတဲ့ အကြည့်တွေက မပြတ်ဘူးဆိုတော့ ကုရှင်းလန်နဲ့ ရှောင်ဝေတို့ နှစ်ယောက်လုံး သိပ်ပြီး မခံစားနိုင်ကြတော့ဘူးပေါ့။
"သမက်တော်... ရှောင်ကျွမ်း ဘာလို့ ခုထိ ပြန်မလာသေးတာလဲမသိဘူး။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ရှောင်ဝေက ကုရှင်းလန်ကို တိုးတိုးလေး ပြောပြီး မျက်နှာပြောင်တိုက်စွာနဲ့ပဲ သူ့သခင်ကို ပစ်ထားခဲ့တော့တယ်။
ကုရှင်းလန်ခမျာ ထိုင်နေတဲ့နေရာကနေလည်း မထနိုင်ဘူးဆိုတော့ တံစက်မြိတ်အောက်မှာ ဒီအတိုင်း ဆက်ထိုင်စောင့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။
အဲ့ဒီအချိန်မှာပဲ ပါကွားလမ်းညွှန်အလံကို ကိုင်ထားတဲ့ ဗေဒင်ဆရာ တာအိုဆရာကြီးတစ်ပါးက ကုရှင်းလန်ရှေ့မှာ လာရပ်လေတယ်။ သူက ပဲစေ့လောက်ရှိတဲ့ မျက်လုံးသေးသေးလေးတွေနဲ့ ကုရှင်းလန်ကို အထက်အောက် သေချာကြည့်ပြီး လေပူတစ်ချက်ကို ရှိုက်သွင်းလိုက်လေရဲ့။
ကုရှင်းလန်က ယုံရှန်းဘုရားကျောင်းကိုတောင် မယုံကြည်တဲ့သူဆိုတော့ ဒီလို ဗေဒင်ဆရာအိုကြီးမျိုးကို ပိုလို့တောင် မယုံကြည်ဘူးပေါ့။ ဒါကြောင့် ခပ်တည်တည်နဲ့ပဲ "ဘာကိစ္စရှိလို့လဲ" လို့ မေးလိုက်တော့တယ်။
တာအိုဆရာကြီးက ကုရှင်းလန်ရဲ့ အေးစက်စက် မျက်နှာပေးကို ဂရုမစိုက်ဘဲ ပါကွားအလံကို မြေကြီးပေါ်ချလိုက်လေတယ်။ ပြီးတော့ ကုရှင်းလန်အနားကို တိုးလာပြီး ကုရှင်းလန်ရဲ့ ခြေထောက်ကို တစ်ချက်ကြည့်ရင်း "မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ" လို့ မေးလိုက်လေရဲ့။
ကုရှင်းလန်တင် မကဘူး၊ ဘေးနားက ဝိုင်းကြည့်နေတဲ့ လူတွေအကုန်လုံးတောင် လန့်ပြီး နောက်ဆုတ်သွားကြလေတယ်။ တာအိုဆရာကြီးရဲ့ ဝတ်ရုံက အဖာအထေးတွေနဲ့။ မျက်နှာကလည်း ဝါဖျော့ဖျော့ ပိန်ချုံးချုံးနဲ့ ဆင်းရဲနွမ်းပါးတဲ့ပုံ ပေါက်နေတာ မဆန်းပါဘူးလေ။ ပါးစပ်ဟလိုက်တာနဲ့ လူတွေကို သေဖို့ ကျိန်ဆဲတတ်တဲ့ ဒီလိုပါးစပ်မျိုးနဲ့ကတော့ ဒီနေ့အထိ ငတ်မသေသေးတာကတောင် အံ့သြစရာ ကောင်းနေပြီပေါ့။
တာအိုဆရာကြီးက ကုရှင်းလန်ကို စိုက်ကြည့်ရင်း ခေါင်းတခါခါနဲ့ သက်ပြင်းတွေချနေလေရဲ့။
ကုရှင်းလန်ကတော့ ဗေဒင်ဆရာအိုကြီးတစ်ယောက် စိုက်ကြည့်နေရုံနဲ့ ဒေါသထွက် ပေါက်ကွဲသွားမဲ့သူမှ မဟုတ်တာလေ။ ဒီတော့ ခပ်အေးအေးပဲ ပြောလိုက်လေတယ်။
"ဆရာကြီး... ဘာကိစ္စမှမရှိဘူးဆိုရင်လည်း သွားပါတော့လား"
"ဗေဒင်လေး တစ်ပုဒ်လောက် တွက်ကြည့်ပါလား" တာအိုဆရာကြီးက ကုရှင်းလန်ကို ပြောလိုက်တာပေါ့။
ကုရှင်းလန်က ခေါင်းခါပြပြီး ပြန်ဖြေလေတယ်။
"ကံကြမ္မာဆိုတာကို ကျွန်တော် တစ်ခါမှ မယုံဘူး"
တာအိုဆရာကြီးက မျက်နှာကို တည်ပြီး မေးလိုက်လေရဲ့။ "မင်းက ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ ကြုံခဲ့ရတယ်။ ပြီးတော့မှ ကယ်တင်ရှင်နဲ့ တွေ့ပြီး သေဘေးကနေ လွတ်မြောက်လာခဲ့တာ...ငါ ပြောတာ မှန်တယ်မလား"=
ကုရှင်းလန်က ခပ်တည်တည်နဲ့ပဲ ပြန်ဖြေတယ်။
"ကျုပ် ကုရှင်းလန်ရဲ့ အကြောင်းကို မြို့တော်ထဲမှာ မသိတဲ့သူမှ မရှိတာ။ ဆရာကြီးက ကျွန်တော့်ရဲ့ အတိတ်အကြောင်းတွေကို သိချင်တယ်ဆိုရင် လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာ သွားထိုင်နားထောင်ကြည့်လိုက်တာနဲ့တင် သိနိုင်ပါတယ်"
ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးက ကုရှင်းလန် သူ့နာမည်သူ ပြောလိုက်တာကို ကြားတော့မှ ဒီလူက သမက်တော်၊ ကုအိမ်တော်က စစ်သူကြီး တတိယသခင်လေး ဖြစ်နေမှန်း သိသွားကြပြီး အကုန်လုံး နောက်ကို ဆုတ်သွားကြတော့တာပဲ။ တော်ဝင်မျိုးနွယ်တွေရဲ့ သမက်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဝင်ကြည့်ရတာ သိပ်ပြီး ဘေးကင်းလှတာမှ မဟုတ်တာ။
ကုရှင်းလန်က တာအိုဆရာကြီးကို လက်ကာပြပြီး နှင်လိုက်လေရဲ့။ "ဆရာကြီး မြန်မြန် ကြွပါတော့"
တာအိုဆရာကြီးကတော့ နေရာကနေ တစ်ဖဝါးမှ မရွေ့ဘူး။
ကုရှင်းလန်က မေးလိုက်လေရဲ့။ "ဆရာကြီးက ကျွန်တော့်ကို အတင်း ဗေဒင်တွက်ပေးချင်နေတာလား"
"အချစ်ရေး ကံကြမ္မာက ပါးလျလွန်းတယ်" တာအိုဆရာကြီးက ကုရှင်းလန် လက်ထဲမှာ ကိုင်ထားတဲ့ ပန်းပုထွင်း သစ်သားဘူးလေးကို တစ်ချက်ကြည့်လိုက်ပြီး ကုရှင်းလန်ကို သနားစရာကောင်းတဲ့သူတစ်ယောက်လို ကြည့်ရင်း ပြောချလိုက်ပါလေရော။
"မင်းက ဒီဘဝမှာ မိန်းမမယူသင့်တဲ့သူပဲ"
စကားက ယွီးရှောင်ရှောင်ဆီကို ရောက်သွားပြီဆိုတော့ ကုရှင်းလန်ရဲ့ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားလေရဲ့။ တာအိုဆရာကြီးကို ကြည့်နေတဲ့ အကြည့်တွေက အေးတိအေးစက်နိုင်ရာကနေ ကြောက်စရာကောင်းတဲ့ အကြည့်တွေအဖြစ် ပြောင်းသွားပြီး မေးလိုက်တော့တာပဲ။ "ခင်ဗျား ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ"
...