အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) စိတ်ခံစားချက် ခုနစ်ပါးစလုံးကို ဖြတ်တောက်ပြီး လောကီအာရုံ ခြောက်ပါးစလုံးကို စွန့်လွှတ်လိုက်ပါ
ဒီအချိန်မှာပဲ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က လူအုပ်ကြီးထဲကနေ တိုးထွက်လာကြတော့တယ်။ ရှောင်ဝေက ရေခဲတုံးတွေတောင် ကွာကျလာမတတ် အေးစက်နေတဲ့ ကုရှင်းလန်ရဲ့ မျက်နှာပေးကို တစ်ချက်ကြည့်လိုက်ပြီး တာအိုဆရာကြီးကို လက်နဲ့လှမ်းတွန်းရင်း အော်လိုက်တာပေါ့။
"ငွေလိမ်စားတာများ ငါတို့ သခင်လေးဆီတောင် ရောက်လာရသလား။ အခုချက်ချင်း ထွက်သွားစမ်း"
တာအိုဆရာကြီးခမျာ ရှောင်ဝေ တွန်းလိုက်လို့ ယိုင်နဲ့နဲ့ဖြစ်သွားပေမဲ့ ပြန်မတ်မတ်ရပ်ပြီးတာနဲ့ ကုရှင်းလန်ကိုပဲ ဆက်ပြီး စိုက်ကြည့်နေပြန်တာပေါ့။
ကုရှင်းလန်က ဒီတာအိုဆရာကြီးကို မောင်းထုတ်ဖို့ ရှောင်ဝေကို ခိုင်းမလို့ လုပ်နေတုန်းမှာပဲ ကိုယ်ရံတော်ခေါင်းဆောင်က ကုအိမ်တော်ရဲ့ ကိုယ်ရံတော်တစ်သိုက်ကို ခေါ်ပြီး ရောက်လာပါလေရော။
ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးက ပြဿနာကြီးတော့မယ်ဆိုတာကို မြင်တာနဲ့ ဝုန်းခနဲနေအောင် အရပ်လေးမျက်နှာကို လူစုကွဲသွားကြတော့တာပဲလေ။
တာအိုဆရာကြီးက ကိုယ်ရံတော်တွေ ဝိုင်းထားတာကို ခံလိုက်ရပေမဲ့ သူ အရိုက်ခံရမယ်ဆိုတာကို နည်းနည်းလေးတောင် ပူပန်နေတဲ့ပုံ မပေါ်ဘူး။ ကုရှင်းလန်ကို ကြည့်ပြီး ပြောလေရဲ့။
"မင်းရဲ့ စိတ်ခံစားချက် ခုနစ်ပါးစလုံးကို ဖြတ်တောက်ပြီး လောကီအာရုံ ခြောက်ပါးစလုံးကို စွန့်လွှတ်လိုက်တာကမှ မင်းဘေးနားက လူတွေအတွက် ကောင်းကျိုးဖြစ်လာလိမ့်မယ်"
ရှောင်ဝေက အဲ့ဒီစကားကိုကြားလိုက်တော့ မျက်လုံးပြူးပြီး ဒေါသထွက်သွားတော့တာပေါ့။ စိတ်ခံစားချက်တွေ၊ လောကီအာရုံတွေ တစ်ခုမှ မထားရဘူးဆိုတာက သူတို့ရဲ့ သမက်တော်ကို ဘုန်းကြီးသွားဝတ်ခိုင်းနေတာလား။ ဒါဆို သူတို့ မင်းသမီးက ဘယ်လိုလုပ်ရမလဲ။
"ထွက်သွားစမ်း" ရှောင်ဝေက ခြေထောက်ကို မြှောက်ပြီး တာအိုဆရာကြီးကို ဆယ်လှမ်းကျော်လောက် လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်လေတယ်။ ပြီးတော့ ငေါက်လိုက်တာပေါ့။ "ခင်ဗျားကို နောက်တစ်ခါ ထပ်မမြင်ရစေနဲ့"
ရှောင်ကျွမ်းကလည်း ကုရှင်းလန်ကို ဝင်ပြောလေတယ်။ "ဒီလူက ကြည့်ရတာ အရူးတစ်ယောက်ပဲ သမက်တော်"
မြေကြီးပေါ် လဲကျသွားတဲ့ တာအိုဆရာကြီးက ကုရှင်းလန်ဘက်ကို လှမ်းအော်နေသေးတာလေ။
"ကံကြမ္မာကို အတင်းအဓမ္မ ပြင်ဆင်ချင်တဲ့သူက မိုးကြိုးပစ်ခံရတတ်တယ်ကွ"
ဒီအချိန်မှာ ယွီးရှောင်ရှောင်ကတော့ ဝက်ခေါင်းသားကို ဝါးနေတုန်းပဲ။ ဆောင်းဦးမိုးက တိတ်သွားတာ ကြာလှပြီမို့ ထူထပ်နေသေးတဲ့ တိမ်တိုက်တွေကြားကနေ ဖြာကျလာတဲ့ နေရောင်ခြည်က ယွီးရှောင်ရှောင်အတွက်တော့ ဆောင်းဦးနေမင်းရဲ့ နွေးထွေးမှုကို ခံစားရစေတုန်းပါပဲ။ ပါးစပ်ထဲမှာလည်း စားစရာရှိနေ၊ မျက်စိရှေ့မှာလည်း ပျော်ရွှင်စည်ကားနေတဲ့ လူအုပ်ကြီးရှိနေတော့၊ ယွီးရှောင်ရှောင်တစ်ယောက် ဖုတ်ကောင်တွေမရှိတဲ့ ဒီကမ္ဘာကြီးကို နောက်တစ်ကြိမ် ထပ်ပြီး ချီးမွမ်းခန်းဖွင့်နေမိပြန်တာပေါ့။ တကယ်ကို လှပလွန်းလှပါတယ်လေ။
"သူ့ကို ဒီဆွဲခေါ်ခဲ့" ကုရှင်းလန်ကတော့ ဒီအချိန်မှာ ကမ္ဘာကြီးရဲ့ သာယာလှပမှုကို မခံစားနိုင်ရှာဘူး။ တာအိုဆရာကြီးက သူ့ကို မိုးကြိုးပစ်ခံရမယ်လို့ အော်ပြောလိုက်တာ ကြားလိုက်ရတော့ ကုရှင်းလန် ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်သွားပြီး အဲဒီခံစားချက်ကြီးက ကုတတိယသခင်လေးကို တော်တော်လေး နေရခက်သွားစေတာကိုး။
ရှောင်ဝေက မျက်မှောင်ကြုတ်သွားပြီး "သမက်တော်" လို့ မေးလိုက်လေရဲ့။
"သူ့ကို ခေါ်ခဲ့ပါ" ကုရှင်းလန်က အတင်းပဲ ထပ်ပြောလိုက်လေတယ်။ "ငါ သူ့ကို မေးစရာစကား ရှိလို့"
တာအိုဆရာကြီးကို ကုအိမ်တော်ရဲ့ ကိုယ်ရံတော်နှစ်ယောက်က ကုရှင်းလန်ရှေ့ ဖမ်းခေါ်လာခဲ့ကြလေရဲ့။ တာအိုဆရာကြီးက ကုရှင်းလန်ကိုကြည့်ပြီး ပြုံးလိုက်တော့ ဝါထိန်နေတဲ့ ရှေ့သွားကြီးနှစ်ချောင်း ပေါ်လာတာပေါ့။ ပြီးတော့ ပြောလိုက်လေတယ်။ "သမက်တော်... ကျုပ်ရဲ့ အကြံပေးစကားကို နားထောင်တာ အကောင်းဆုံးပဲနော်"
ကုရှင်းလန်က ခပ်အေးအေးပဲ မေးလိုက်လေတယ်။ "ခင်ဗျားက ကျွန်တော့် မိန်းမကို စွန့်ပစ်ပြီး မိသားစုနဲ့ ခွဲထွက်စေချင်တာလား"
"အစကတည်းက သေရမဲ့လူတစ်ယောက်အတွက် ဘယ်ကများ ဆွေမျိုးတွေ ရှိလာရမှာလဲ"
တာအိုဆရာကြီးက ကုရှင်းလန်ကို ပြန်မေးလေရဲ့။
ရှောင်ကျွမ်းက တာအိုဆရာကြီးကို လက်ညှိုးထိုးပြီး မေးလိုက်တာပေါ့။ "ဒီမှာ.. လူအိုကြီး.. ခင်ဗျားမှာ အရူးရောဂါ ရှိနေတာလား"
တာအိုဆရာကြီးက ရှောင်ကျွမ်းရဲ့ ဆဲဆိုမှုကို ဂရုမစိုက်ဘဲ၊ ကုရှင်းလန်ကိုပဲ ကြည့်ရင်း ပြောလေတယ်။
"သမက်တော်... မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး။ ကျုပ်က အကြောင်းမဲ့သက်သက် မင်းကို ကျိန်ဆဲစရာ အကြောင်းမှ မရှိတာ။ မင်းအကျိုးအတွက် ပြောနေတာပါ။ နောင်တစ်ချိန်မှ နောင်တရနေမဲ့အစား အခုကတည်းက ကိုယ့်လက်မောင်းကိုယ် ဖြတ်ပြီး အသက်ရှင်သန်ဖို့ လမ်းရှာတာက ပိုမကောင်းဘူးလား"
"ရှင်က ကျွန်မရဲ့ ရှောင်ကုကို လက်မောင်းဖြတ်ခိုင်းနေတာလား"
ဗေဒင်ဆရာအိုကြီးရဲ့ အနောက်မှာ မင်းသမီး ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရတော့မှပဲ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်လုံး သက်ပြင်းချလိုက်နိုင်ကြလေရဲ့။ ဒီဗေဒင်ဆရာအိုကြီး ပြောတဲ့စကားတွေက ကြားရတာ ကြက်သီးထစရာ ကောင်းပေမဲ့ မင်းသမီးသာ ရှိနေရင်တော့ ဘီလူးသရဲ တစ္ဆေမှန်သမျှ အကုန်လစ်ပြေးရမှာ အသေအချာပဲလေ။
ဗေဒင်ဆရာအိုကြီးက လှည့်ကြည့်လိုက်ပြီး ယွီးရှောင်ရှောင်ကို မြင်တဲ့အခါမှာတော့ နောက်ထပ်တစ်ကြိမ် ကြောင်တောင်တောင် ဖြစ်သွားပြန်လေရဲ့။
ယွီးရှောင်ရှောင်က သူမ အများကြီး ကိုက်စားထားတဲ့ ဝက်ခေါင်းတစ်ခြမ်းကို ပိုက်ထားရင်း ဗေဒင်ဆရာအိုကြီးကို အကဲခတ်ကြည့်လိုက်လေတယ်။ "ရှင်က ဗေဒင်ဆရာလား"
သူမက အခုလေးတင် ဘုန်းကြီးတစ်သိုက်နဲ့ ပြဿနာတက်ထားတာလေ။ အခု ဗေဒင်ဆရာက တစ်ယောက် ထပ်ရောက်လာပြန်ပြီ... ဒီကမ္ဘာက ဘာသာရေးသမားတွေနဲ့ သူမနဲ့ကြားမှာ ဘယ်တော့မှ ပြဿနာတွေက ပြီးပြတ်မှာလဲ။
"မင်း..." ဗေဒင်ဆရာအိုကြီးက ယွီးရှောင်ရှောင်ကို ကြည့်ရင်း တုန်တုန်ယင်ယင်နဲ့ မေးလိုက်လေရဲ့။
"မင်းရဲ့ ကံကြမ္မာကို ငါ တွက်လို့မရဘူး။ မင်းက ဘယ်ကလာတာလဲ"
"ဘာ" ယွီးရှောင်ရှောင် အစကတော့ သေချာ နားမလည်လိုက်ဘူးပေါ့။ ပြီးတော့မှ သေချာပြန်စဉ်းစားကြည့်တော့ 'မင်း ဘယ်ကလာတာလဲ' တဲ့လေ။ အမလေး... ဒီအဘိုးကြီးက ငါ တခြားကမ္ဘာကနေ လာတယ်ဆိုတာကို သိနေတာများလား။ ခေါင်မိုးစွန်းအောက်မှာ ထိုင်နေတဲ့ ကုရှင်းလန်ကို တစ်ချက်ကြည့်လိုက်တော့ သူ့မျက်နှာက ဖြူရော်နေတာကို မြင်လိုက်ရလေတယ်။ ယွီးရှောင်ရှောင်ရဲ့ အလိုအလျောက်သိစိတ်က ဒီအဘိုးကြီးကို အမှန်တရားတွေ ပြောခွင့်ပေးလို့ မဖြစ်ဘူးလို့ သတိပေးနေလေရဲ့။ သူမက ရှောင်ကုလေးနဲ့ သာသာယာယာလေး နေသွားချင်သေးတာကိုး။
"မင်း..." ဗေဒင်ဆရာအိုကြီးက ယွီးရှောင်ရှောင်ကို ကြည့်ပြီး ထပ်အော်ဖို့ လုပ်လေတယ်။
"မင်း... မင်း... နဲ့... သွားသေလိုက်" ယွီးရှောင်ရှောင်က ဗေဒင်ဆရာအိုကြီးကို ဆွဲမပြီး လမ်းတစ်ဖက်က ဘာတွေထည့်ထားမှန်း မသိတဲ့ စဉ့်အိုးကြီးထဲကို လှမ်းပစ်ထည့်လိုက်တော့တာပါပဲ။
ရှောင်ဝေက ဗေဒင်ဆရာအိုကြီး ဒုက္ခရောက်သွားတာကို မြင်တာတောင် ယွီးရှောင်ရှောင်ကို အဘိုးကြီးအကြောင်း တိုင်နေသေးတာလေ။
"မင်းသမီး... ဒီဗေဒင်ဆရာက သမက်တော်ကို အရူးချီးပန်းစကားတွေ အကြာကြီး လာပြောနေတာ"
ယွီးရှောင်ရှောင် ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားပြီး ကုရှင်းလန်ကို မေးလိုက်တာပေါ့။
"အဲဒီအဘိုးကြီးက ရှင့်ကို ဘာတွေလာပြောနေတာလဲ"
ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ကြည့်လိုက်လေတယ်။ ဗေဒင်ဆရာအိုကြီး သူ့ကိုကြည့်တဲ့ အကြည့်တွေက အဓိပ္ပာယ်တွေ အရမ်းပြည့်နှက်နေလွန်းတော့ ကုရှင်းလန်တောင် အဲ့ဒီအဘိုးကြီးရဲ့ စကားတွေထဲ နစ်မြောသွားလုနီးပါး ဖြစ်ခဲ့ရတာလေ။ အခု ယွီးရှောင်ရှောင် မေးလာတော့မှ ကုရှင်းလန်က ခေါင်းခါပြလိုက်တယ်။ သူ အသက်ရှင်နေသေးတယ်ဆိုမှတော့ သူ သေဖို့အချိန်မတန်သေးလို့ပဲ ဖြစ်မှာပေါ့။ ကံကြမ္မာကို ပြင်ဆင်လိုက်တယ်ဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ယွီးရှောင်ရှောင်က ကုရှင်းလန်ရှေ့ကို သွားရပ်ပြီး သူ့မျက်နှာကို ကိုင်ရင်း မေးလိုက်လေရဲ့။
"အဘိုးကြီးက ရှင့်ကို ဘာပြောသွားတာလဲ"
ကုရှင်းလန်ကဖြေလေတယ်။ "ရှောင်ဝေ ပြောတာ မှန်တယ်။ သူက အရူးချေးပန်းတွေ လျှောက်ပြောနေတာပါ"
အဲ့ဒီအချိန်မှာပဲ ရှောင်ဝေက ချောင်းတစ်ချက် ဟန့်လိုက်လေရဲ့။
ယွီးရှောင်ရှောင်ကတော့ ခုနက ကုရှင်းလန် မျက်နှာကို ကိုင်ထားတဲ့ လက်ကို ကျောဘက်ဆီ ချက်ချင်း ဝှက်လိုက်တာပေါ့။ သူမက လက်မှာဝက်ခေါင်းကြီးကို ကိုင်ထားတာမို့ ဝက်ဆီတွေပေနေမှန်း မေ့သွားတာကိုး။ အခုလို ကိုင်လိုက်တော့ သူမရှောင်ကုရဲ့ မျက်နှာတစ်ခြမ်းလုံးမှာ ဝက်ဆီတွေ ပေပွသွားတော့တာပဲ။
ကုရှင်းလန်ခမျာ နှာခေါင်းကို ရှုံ့လိုက်ရှာတယ်။
"ဘာအနံ့ကြီးလဲ။ ရှောင်ရှောင်.. မင်း..." ပြောရင်းဆိုရင်း ဟိုဖက်ရွဲ့ ဒီဖက်ပဲ့နေတဲ့ ဝက်ခေါင်းတစ်ခြမ်းကို မြင်လိုက်ရတော့ ကုတတိယသခင်လေးဆို ဆက်တောင် မမေးနိုင်တော့ဘူး။
"အားနာလိုက်တာ... ဝက်ဆီတွေ မျက်နှာပေါ် ပေသွားပြီ" ပြောရင်းဆိုရင်းပဲ ယွီးရှောင်ရှောင်က ဝက်ခေါင်းကို ရှောင်ကျွမ်းလက်ထဲ ထိုးပေးလိုက်တော့တယ်။ ပြီးတော့ ကုရှင်းလန်ကို ပြောလိုက်လေရဲ့။
"ကျွန်မ သုတ်ပေးမယ်နော်"
လူပုံအလယ်မှာ သူ့မိန်းမကို မျက်နှာသုတ်ခိုင်းတဲ့အထိတော့ ကုရှင်းလန်က အရှက်မမဲ့နိုင်ပါဘူး။ ဒါနဲ့ မြန်မြန်ပဲ လက်ကိုင်ပဝါထုတ်ပြီး မျက်နှာကို ကိုယ်တိုင်ပဲ သုတ်လိုက်တာပေါ့။ အဲ့ဒီအချိန်မှာပဲ ယွီးရှောင်ရှောင်က မေးလိုက်လေရဲ့။
"ရှင် ဝက်ခေါင်းသားစားရတာ ကြိုက်လို့လား" ဝက်ခေါင်းသားဆိုတာက မင်းမျိုးမင်းနွယ်တွေ ကြိုက်တဲ့ အစားအစာမှ မဟုတ်တာ။ အောက်ခြေလူတန်းစားတွေပဲ စားလေ့ရှိတဲ့ ဒီလိုအစားအစာမျိုးကို သူ့ရဲ့ ဇနီးလေးက ကြိုက်နှစ်သက်နေလိမ့်မယ်လို့ ကုရှင်းလန် လုံးဝ ထင်မထားခဲ့ဘူးလေ။
ယွီးရှောင်ရှောင် ပြန်မဖြေရသေးခင်မှာပဲ ရှောင်ဝေက ဘေးကနေ ဝင်ပြောလိုက်တော့တယ်။
"ဟို ဗေဒင်ဆရာ ပြန်ထလာပြီ"
ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ နှစ်ယောက်လုံး လမ်းတစ်ဖက်ကို လှမ်းကြည့်လိုက်ကြတာပေါ့။
ဗေဒင်ဆရာအိုကြီးက မုန်လာဥချဉ်ရည်တွေ တစ်ဝက်လောက်ရှိနေတဲ့ စဉ့်အိုးကြီးထဲကနေ တွားသွားပြီး ပြန်ထွက်လာလေရဲ့။ သူ့ပုံစံက အရမ်းကို သနားစရာကောင်းနေပေမဲ့၊ ဗေဒင်ဆရာအိုကြီးက သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်ပါဘူး။ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်က သူ့ကို စိုက်ကြည့်နေသလို၊ သူကလည်း ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကို ပြန်စိုက်ကြည့်ပြီး ပြောလိုက်လေရဲ့။
"မင်းတို့ နောက်ကျရင် သေချာပေါက် နောင်တရလိမ့်မယ်"
ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ ထွက်ပေါ်လာလေရဲ့။
ဒီမိုးခြိမ်းတာက သူမနဲ့ ဘာမှမဆိုင်ဘူးဆိုတာကိုတော့ ယွီးရှောင်ရှောင် ရဲရဲကြီး အာမခံရဲတယ်လေ။
"အခုချိန်မှာပဲ မင်း အချစ်ကို စွန့်လွှတ်လိုက်မယ်ဆိုရင် အချိန်မီသေးတယ်ကွ" ဗေဒင်ဆရာအိုကြီးက ကုရှင်းလန်ကို လှမ်းအော်ပြောလိုက်လေရဲ့။
"ဟ" ယွီးရှောင်ရှောင်တစ်ယောက် ဒေါသထွက်သွားပြီလေ။ သူမနဲ့ ကုရှင်းလန်ကြားမှာ တတိယလူလည်း ပေါ်မလာသေးဘူး၊ ဟန်ဆောင်ကောင်းတဲ့ စနိုက်မတွေနဲ့လည်း မတွေ့ရသေးဘူး။ ဒါပေမဲ့ သူမနဲ့ ရှောင်ကုလေးကြားက သံယောဇဉ်ကို ပထမဆုံး လာခွဲတဲ့သူက ဗေဒင်ဆရာအဘိုးကြီး ဖြစ်နေတယ်တဲ့လား။
ယွီးရှောင်ရှောင်က ကိုယ်လုံးလေး တစ်ချက်ယိမ်းလိုက်တာနဲ့ ဗေဒင်ဆရာအိုကြီးရှေ့ကို ချက်ချင်း ရောက်သွားပြီး ရိုက်ဖို့ လက်ရွယ်လိုက်တော့တာပဲ။
ဗေဒင်ဆရာအိုကြီးက ရှောင်ဖယ်မသွားဘဲ လျှို့ဝှက်နက်နဲတဲ့ မျက်နှာပေးကြီးနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောတော့တယ်။ "ဒီ တာအိုဆရာကြီးရဲ့နာမည်က ထျန်ရှင်းဇီလို့ခေါ်တယ်"
ထျန်ရှင်းဇီပဲဖြစ်ဖြစ်၊ တိရှင်းဇီပဲဖြစ်ဖြစ် ယွီးရှောင်ရှောင်ကတော့ တစ်ယောက်မှ မသိဘူး။ မင်းသမီးက လက်လှမ်းပြီး ဗေဒင်ဆရာအိုကြီးကို ဆွဲမလိုက်တော့တာပဲ။
အဲဒီအချိန်မှာပဲ ကောင်းကင်ကြီးဆီကနေ မိုးတွေသဲသဲမဲမဲ ထပ်ရွာချလာပါလေရော။ ကောင်းကင်နဲ့ မြေကြီးကြားမှာ တစ်လောကလုံး မှိုင်းညို့သွားတော့တာပေါ့။
"မင်းသမီး" ကုရှင်းလန်ကို ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က မလာပြီး ယွီးရှောင်ရှောင်ရှေ့ ချပေးလိုက်လေရဲ့။
"ဒီလို လိမ်စားနေတဲ့လူတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။ ကိုယ်တို့ အိမ်ပြန်ကြရအောင်" လို့ တိုးတိုးလေး ပြောလိုက်လေတယ်။
ယွီးရှောင်ရှောင်က ထျန်းရှင်းဇီကို မြေကြီးပေါ် ပစ်ချလိုက်တော့တာပဲ။ ဒီဗေဒင်ဆရာအိုကြီး သူမနဲ့ ကုရှင်းလန်ရှေ့မှာ နောက်တစ်ခါ ထပ်ပေါ်မလာရဲအောင် ဘယ်လို စကားမျိုးနဲ့ ခြိမ်းခြောက်ရမလဲလို့ စဉ်းစားနေတာပေါ့။
တစ်ချိန်တည်းမှာပဲ ကိုယ်ရံတော်တစ်ယောက်က မြင်းလှည်းကို မောင်းလာပေးတယ်။ ကုရှင်းလန်က မြင်းလှည်းပေါ်တက်သွားပြီး ယွီးရှောင်ရှောင်ဘက်ကို လက်ကမ်းပေးရင်း ပြောလိုက်တော့တယ်။
"မင်းသမီး... ကိုယ်တို့ အိမ်ပြန်ကြစို့"
အိမ်ဆိုတဲ့ စကားလုံးလေးက ယွီးရှောင်ရှောင်အတွက် အရမ်းကို နွေးထွေးစေတဲ့ စကားလုံးလေးလေ။ သူမရဲ့လက်ကို ကုရှင်းလန်ဆီ ကမ်းပေးလိုက်တော့ ကုတတိယသခင်လေးက ယွီးရှောင်ရှောင်ကို မြင်းလှည်းထဲ ဆွဲသွင်းလိုက်တော့တာပေါ့။
ဗေဒင်ဆရာအိုကြီးကတော့ မိုးသည်းထဲမှာ ထိုင်ကျန်ရစ်ရင်း အဝေးကို ထွက်သွားတဲ့ သူတို့လူစုကို လှမ်းကြည့်နေလေရဲ့။ ခုနလေးတင် သူ မြင်လိုက်ရတာက လူငယ်လေးဖြစ်တဲ့ သမက်တော်ရဲ့ အနောက်မှာ သွေးရောင်တွေက ကောင်းကင်တစ်ပြင်လုံး ဖုံးလွှမ်းနေတာလေ။ ဒီလူက နောင်တစ်ချိန်ကျရင် သေချာပေါက် သွေးကြွေးတွေ အများကြီး ရှိလာမဲ့သူပဲ။
"သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတဲ့ ဖော့ကျွင်း" ကြယ်ဆိုးကြီးရဲ့ နာမည်ကို ဗေဒင်ဆရာအိုကြီးက တိုးတိုးလေး ရေရွတ်လိုက်ရင်း မျက်လုံးကိုစုံမှိတ်၊ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်တော့တာပါပဲ။
...