← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) ဒီဘဝအတွက် အကောင်းဆုံးဆုလာဘ်

မိုးက ရုတ်တရက်ကြီး ရွာချလာတဲ့အပြင် သည်းလွန်းတာကြောင့် လှည်းထဲထိုင်နေတဲ့ ယွီးရှောင်ရှောင်တစ်ယောက် တစ်ကိုယ်လုံး စိုရွှဲသွားတော့တယ်။ ဒါပေမဲ့ မင်းသမီးရဲ့ ကိုယ်ခံအားက အရမ်းကောင်းနေတော့ ချမ်းတုန်တာမျိုး၊ နှာချေတာမျိုး လုံးဝမရှိဘဲ သူမရဲ့ဝက်ခေါင်းကြီးကိုပဲ စိတ်ရောက်နေလေရဲ့။

ရှောင်ကျွမ်းခမျာ သူ့ရုပ်သွင်ကို ဘယ်လောက်ပဲဂရုစိုက်စိုက် မင်းသမီးပေးထားတဲ့ ဝက်ခေါင်းကြီးကိုတော့ လွှင့်မပစ်ရဲရှာပါဘူး။ လှည်းထဲကနေ ယွီးရှောင်ရှောင်လှမ်းမေးတာကို ကြားတော့ ပြန်ဖြေလိုက်ရတယ်။

"မင်းသမီး စိတ်ချပါ၊ ဝက်ခေါင်းကို ကျွန်တော် မိုးကာအင်္ကျီနဲ့ အုပ်ထားလိုက်ပြီမို့ မိုးမစိုနိုင်တော့ပါဘူး"

အဲဒီတော့မှ ယွီးရှောင်ရှောင်လည်း စိတ်အေးသွားပြီး ကုရှင်းလန်ဘက် လှည့်ပြောလိုက်လေတယ်။

"စောစောကလေ လမ်းမှာ လူနှစ်ယောက်နဲ့တွေ့တာ။ သူတို့က အဘိုးဆီကို စာတစ်စောင် ပေးခိုင်းလိုက်တယ်"

ကုရှင်းလန်က "ဘာစာလဲ" လို့မေးလိုက်တာပေါ့။ သူ့အဘိုးဆီ ပေးမဲ့စာကို မင်းသမီးဆီ လာပေးတဲ့လူတွေလည်း ရှိသေးတာလား။

ယွီးရှောင်ရှောင်လည်း စာကိုထုတ်ကြည့်လိုက်ပြီး ကြောင်အမ်းအမ်းဖြစ်သွားတော့တယ်။ မိုးရေတွေစိုရွှဲထားတော့ ဒုတိယခေါင်းဆောင်ပေးလိုက်တဲ့ စာက စက္ကူပျော့ဖတ်အလုံးကြီး ဖြစ်နေပြီလေ။

စက္ကူပျော့ဖတ်အလုံးကြီးကိုကြည့်ရင်း ကုရှင်းလန်ရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားပြီး မေးလိုက်မိတော့တယ်။

"ရှောင်ရှောင်၊ အဲဒီလူနှစ်ယောက်က ဘယ်လိုပုံစံမျိုးတွေလဲ"

"လူသား ယောက်ျားတွေပါပဲ"

ကုရှင်းလန် “...”

ယွီးရှောင်ရှောင်က အဲဒီစက္ကူပျော့ဖတ်အလုံးကြီးကို ဖြန့်ပြီး ပြန်ညှိဖို့ ကြိုးစားလိုက်လေတယ်။ ဒါပေမဲ့ သူမလက်နဲ့ ထိလိုက်တာနဲ့တင် စက္ကူလုံးကြီးက အပိုင်းပိုင်းအစစ ပြတ်ထွက်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ကုရှင်းလန်က ရေတွေတောက်တောက်ကျနေတဲ့ သူ့ဇနီးလေးကို ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်ပြီး သူ့ကိုယ်ငွေ့နဲ့ နွေးသွားအောင် လုပ်ပေးရင်း မေးလိုက်တာပေါ့။

"ဘာစာလဲလို့ သူတို့ပြောလိုက်သေးလား"

"အဘိုးကို သတင်းမေးတဲ့စာပါပဲ။ သူတို့နှစ်ယောက်က နျို့တာ့ရဲ့ ဆိုင်မှာ ဝက်ခေါင်းသား သွားဝယ်ရင်း ကျွန်မက ကုမိသားစုဝင်ဆိုတာ သိသွားတော့ စာကို ပေးလိုက်တာလေ"

နျိုတာ့ဆိုတာ ဘယ်ကရောက်လာမှန်း ကုရှင်းလန် လုံးဝစဉ်းစားမနေတော့ပါဘူး။ ယွီးရှောင်ရှောင်ပြောလိုက်တဲ့ "ကျွန်မက ကုမိသားစုဝင်" ဆိုတဲ့ စကားတစ်ခွန်းကတင် ကုတတိယသခင်လေးရဲ့ စိတ်ထဲမှာ အရမ်းကို ကျေနပ်ကြည်နူးသွားစေတာမို့ ယွီးရှောင်ရှောင်ကို ဖက်ထားရင်းပဲ ဆက်မေးလိုက်တော့တယ်။

"သူတို့က လူဆိုးတွေနဲ့ တူနေလို့လား"

"လူဆိုးလား" ယွီးရှောင်ရှောင်က "မဖြစ်နိုင်တာ" လို့ ပြောလိုက်တာပေါ့။

"ဒုတိယခေါင်းဆောင်က လူကောင်းလား လူဆိုးလားဆိုတာ ပြောရခက်ပေမဲ့ ဟို အာ့ကော်ဇီဆိုတဲ့ကောင်လေးကတော့ အရိုက်ခံရတာတောင် ပြန်မလုပ်ရဲတဲ့ ငကြောက်လေးလေ။ အဲဒီလို ငကြောက်မျိုးက ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ"

အဲဒီတော့မှ ကုရှင်းလန်လည်း စိတ်အေးသွားပြီး စက္ကူပျော့ဖတ်အလုံးကို လှည်းပြတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်တော့တယ်။

"အဘိုးဆီကို သတင်းမေးတဲ့စာတွေ အမြဲလာတတ်ပါတယ်။ ဒါကလည်း အဘိုးရဲ့ လက်အောက်ငယ်သား တစ်ယောက်ယောက်က ရေးလိုက်တဲ့စာ ဖြစ်မှာပါ။ ပျက်သွားတော့လည်း ပျက်သွားပါစေတော့လေ"

"ကိစ္စမရှိဘူးပေါ့နော်" ယွီးရှောင်ရှောင်က မေးလိုက်လေရဲ့။

"ကိစ္စမရှိပါဘူး" ကုရှင်းလန်က သူ့အပေါ်ဝတ်ရုံကိုချွတ်ပြီး ယွီးရှောင်ရှောင်ရဲ့ ဆံပင်တွေကို သုတ်ပေးရင်း ပြောလာတယ်။

"ခဏနေ အိမ်ရောက်တော့မှာပဲ၊ ချမ်းနေလား"

ယွီးရှောင်ရှောင်က ခေါင်းခါပြလိုက်လေတယ်။ ဒီလိုမိုးမျိုးကို သူမက ရေချိုးတယ်လို့ပဲ သဘောထားတာလေ။ ဒါပေမဲ့ မင်းသမီးက စာကိစ္စကို စိတ်ပူနေတုန်းပဲမို့ ဆက်မေးနေရော။

"ဒါဆို နောက်ကျ သူတို့က အဘိုးကို ပြန်မေးလို့ အဘိုးက စာမရလိုက်ဘူးလို့ ပြောရင် ဘယ်လိုလုပ်မလဲ"

ကုရှင်းလန်က ပြုံးပြီး ဖြေလိုက်တယ်။ "ကိုယ်တို့ စစ်သူကြီးတွေက အဲဒီလောက် အသေးစိတ် ဂရုစိုက်မနေပါဘူးကွာ။ စစ်ရေးစစ်ရာ အရေးပေါ်စာမျိုးကလွဲရင် အဘိုးတို့က ရိုးရိုးစာတွေကို သိပ်မှတ်မိနေမှာ မဟုတ်ပါဘူး"

"ဒါဆိုလည်း တော်သေးတာပေါ့"

ဒီတော့မှ ယွီးရှောင်ရှောင်လည်း စိတ်အေးသွားတော့တယ်။ သတင်းမေးတဲ့စာလေးပဲဟာ၊ နောက်မှ လူချင်းတွေ့တဲ့အခါ အဘိုးကို လူကိုယ်တိုင် သတင်းမေးခိုင်းလိုက်ရုံပေါ့။

"ဒီကိစ္စကို အဘိုးဆီ မပြောပြနဲ့နော်" ကုရှင်းလန်က ဆိုလေတယ်။

"အဘိုးက ဆူမှာမို့လို့လား"

"အဘိုးက ကိုယ့်ကို ဆူမှာ" ဒီအချက်ကိုတော့ ကုရှင်းလန်က အသေအချာကို သိနေတာ။ သူ့အဘိုးက မင်းသမီး စာပျောက်သွားတဲ့ကိစ္စကို လုံးဝအပြစ်တင်မှာ မဟုတ်ဘဲ မင်းသမီးကို မိုးစိုခံရပါ့မလားဆိုပြီး သူ့ကိုပဲ အသေအလဲ ဆဲမှာလေ။

"ဒါဆိုလည်း ထားလိုက်တော့"

ယွီးရှောင်ရှောင်က ဆက်ပြောပြန်တယ်။ "စောစောက ဘာကိစ္စဖြစ်ခဲ့လို့လဲ၊ ဘာမှ မဖြစ်ခဲ့ဘူးမလား"

ကုရှင်းလန်ရဲ့ နားထဲမှာ တာအိုဆရာကြီးရဲ့ စကားသံတွေ ပြန်ကြားယောင်လာတာမို့ သူ့နဖူးသူ လက်နဲ့ပြန်ရိုက်လိုက်လေတယ်။ "အင်း၊ ဘာမှမဖြစ်ခဲ့ဘူး"

ယွီးရှောင်ရှောင်က သူမကိုယ်ပေါ်မှာ ချည်ထားတဲ့ ထင်းရှူးစေ့သကြားလုံးတွေ၊ မုန့်ချိုတွေကို ဖြုတ်ချလိုက်တယ်။ အခြေအနေကို ကြည့်လိုက်တော့ မင်းသမီးခမျာ ရင်ကျိုးသွားရရှာတာပေါ့။ ထင်းရှူးစေ့သကြားလုံးတွေက အကောင်းပကတိ ရှိသေးပေမဲ့ မိုးတိမ်မုန့်တွေကတော့ ရေတွေစိုပြီး ပုံပျက်ပန်းပျက်နဲ့ မုန့်နှစ်အနှစ်တွေလို ဖြစ်နေပြီလေ။

"ဒါက မုန့်တွေလား၊ ရပါတယ် ရှောင်ရှောင်ရယ်၊ နောက်မှ ကိုယ်တို့ ထပ်ဝယ်စားကြတာပေါ့"

ကုရှင်းလန်က ဖျောင်းဖျလိုက်ရှာတယ်။

ဒီလိုရုပ်ထွက်မျိုးနဲ့ မုန့်ကို သူများပေးဖို့ဆိုတာကလည်း မဖြစ်နိုင်တော့တာမို့ ယွီးရှောင်ရှောင်က သူမဘာသာသူမပဲ စားပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ဒုတိယခေါင်းဆောင်ပေးလိုက်တဲ့ သစ်သားပြားလေးနဲ့ မြေပုံကို ထုတ်ကြည့်လိုက်ပြန်တယ်။ သစ်သားပြားလေးက နည်းနည်းပဲ စိုသွားပေမဲ့၊ မြေပုံကတော့ စာအိတ်ရဲ့ကံကြမ္မာလိုပဲ အမည်းရောင် စက္ကူလုံးကြီးဖြစ်သွားပြီး ဘာစာသားမှ သဲသဲကွဲကွဲ မမြင်ရတော့ဘူး။

ကုရှင်းလန်က သစ်သားပြားလေးကို ယူကြည့်ပြီး "ဒါက ဘာလေးလဲ" လို့ မေးလိုက်လေတယ်။

"စာလာပေးတဲ့လူက ကျွန်မကို ပေးသွားတာ၊ သူက ရူယွင်တောင်ကို အလည်လာခဲ့ဖို့ ဖိတ်သွားတယ်"

ယွီးရှောင်ရှောင်က ဆက်ပြောတာပေါ့။ "ရှောင်ကု၊ ငါတို့ မနက်ဖြန် ရူယွင်တောင်ကို သွားကြရအောင်၊ ယုန်ဝဝလေးတွေ သွားဖမ်းကြမယ်လေ"

ရူယွင်တောင်ဆိုတာ လူသူကင်းမဲ့တဲ့ တောင်ကတုံးကြီးတစ်ခုလေ။ လူသူကင်းမဲ့တဲ့ တောင်ကတုံးကြီးကို သွားဖို့ ဒီသစ်သားပြားလေး ယူသွားစရာ လိုလို့လား။ ကုရှင်းလန် စိတ်ထဲ သံသယဝင်သွားလေတယ်။

"သူတို့က ကျွန်မကို ညီမလေးလို့တောင် ခေါ်သွားသေးတာ၊ ရှောင်ကု၊ ငါ့ရုပ်က အဲဒီလောက်တောင် ကလေးဆန်နေလို့လားဟင်"

ညီမလေးတဲ့လား။ ကုတတိယသခင်လေးရဲ့ မျက်နှာက ထပ်မှောင်ကျသွားပြန်တယ်။

"ငါလေ သူတို့ကို ဝက်ခေါင်းတစ်ဝက်တောင် ခွဲကျွေးလိုက်သေးတယ်" လို့ ယွီးရှောင်ရှောင်က ပြောလိုက်လေရဲ့။

ကုရှင်းလန်က သစ်သားပြားလေးကို သူ့အိတ်ကပ်ထဲ သိမ်းလိုက်လေတယ်။

"မနက်ဖြန် မိုးမရွာရင် ကိုယ်တို့ ရူယွင်တောင်ကို သွားကြမယ်လေ"

ယွီးရှောင်ရှောင်က သူမခေါင်းလုံးလုံးလေးကို ကုရှင်းလန်ရဲ့ ရင်ခွင်ထဲမှာ ပွတ်သီးပွတ်သပ် လုပ်လိုက်ရင်း၊ ယုန်ဝဝကစ်ကစ်လေးတွေရေ... မနက်ဖြန်မှ တွေ့ကြမယ်ဟေ့ လို့ တေးမှတ်ထားလိုက်တယ်။

မြင်းလှည်းလေး ကုအိမ်တော်ရှေ့ကို ဆိုက်ဆိုက်ချင်းပဲ အိမ်တော်ထဲက ဆူဆူညံညံ အသံတွေကို ကုရှင်းလန်တို့တစ်အုပ်စု ကြားလိုက်ရတာပေါ့။

"ဘာဖြစ်လို့လဲ" ကြိုဆိုဖို့ ထွက်လာတဲ့ အိမ်တော်ထိန်းကို ကုရှင်းလန်က လှည်းထဲကနေပဲ လှမ်းမေးလိုက်တယ်။

အိမ်တော်ထိန်းဆို မျက်နှာတစ်ပြင်လုံး အပြုံးတွေဝေနေတော့တာပဲ။

"တတိယသခင်လေး... အရှင်မင်းကြီးဆီက အမိန့်စာကျလာပါတယ်။ စစ်သူကြီးရယ်၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့ အားလုံး နဂိုရာထူးတွေ ပြန်ရသွားကြပြီတဲ့"

ယွီးရှောင်ရှောင်က လှည်းတံခါးကနေ ခေါင်းလေးပြူထွက်လာပြီး ဝင်မေးတာပေါ့။ "နဂိုရာထူး ပြန်ရတာလား။ အစ်ကိုကြီးနဲ့ အစ်ကိုလတ်ကို ရာထူးတိုးပေးမယ်ဆို"

ယွီးရှောင်ရှောင်စကားကြောင့် အိမ်တော်ထိန်း ကြောင်သွားရတာပေါ့။

"မင်းသမီး၊ နဂိုရာထူးတွေပဲ ပြန်ပေးတာပါ။ အမိန့်စာထဲမှာ ရာထူးတိုးတဲ့ကိစ္စ ဘာမှမပါပါဘူး"

"ငါ နန်းတော်ထဲ ပြန်သွားမယ်" ယွီးရှောင်ရှောင်က ပြောပြောဆိုဆိုနဲ့ လှည်းပေါ်ကနေ ခုန်ဆင်းဖို့ ပြင်လိုက်လေတယ်။ သူမရဲ့ စောက်သုံးမကျတဲ့ အဖေဘုရင်ကို သွားရှာဖို့ပေါ့လေ။

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ကမန်းကတန်း ပြန်ဆွဲထားပြီး ချော့ရတယ်။

"မင်းသမီး... ဒီလောက်နဲ့တင် ကျွန်တော်တို့ ကုမိသားစုက အရှင်မင်းကြီးကို ကျေးဇူးတင်လို့ မဆုံးနိုင်တော့ပါဘူး"

ဒါတောင် ကုရှင်းလန်ဆွဲထားလို့ လှည်းထဲ ပြန်ရောက်လာတဲ့ ယွီးရှောင်ရှောင်က ပွစိပွစိ လုပ်နေသေးတယ်။ "ရွှေနှုတ်တော်ထွက် စကားဆိုတာကလည်း ကတိမတည်ဘဲ နေလို့ရတာလား"

အရှင်မင်းကြီးသာ ဒီအချိန် မင်းသမီးကို ထပ်တွေ့လိုက်ရရင်...

စဉ်းစားမိရုံနဲ့တင် ကုရှင်းလန် ကြက်သီးမွေးညင်းတွေပါ ထသွားတယ်။ ယောက္ခမကြီး တကယ် ရူးသွားနိုင်တယ်လို့ သူ မှန်းဆမိလိုက်တာကိုး။

"ငါ သူ့ကို သွားရှာမယ်၊ ဘယ်လိုလုပ် ကတိဖျက်လို့ရမှာလဲ" ယွီးရှောင်ရှောင်ကတော့ တွေးကြည့်လေ နန်းတော်ထဲ ပြန်သွားပြီး သူမအဖေကို သွားရှာသင့်တယ်လို့ ထင်လေပဲ။ ရာထူးတိုးပေးမယ်ဆိုပြီး ဘယ်လိုလုပ် တစ်ခွန်းတည်းနဲ့ ပြန်ပျောက်သွားရတာလဲ။

"ရှောင်ရှောင်၊ ကိုယ်ပြောတာနားထောင်ပါဦး ရှောင်ရှောင်ရယ်" ကုရှင်းလန်က သူမကို ဖက်ထားလိုက်ပြီး လေသံတိုးတိုးနဲ့ ရှင်းပြရတာပေါ့။

"ဘာစွမ်းဆောင်ရည်မှမရှိဘဲ ရာထူးတိုးတာမျိုးက အစ်ကိုကြီးတို့ အစ်ကိုလတ်တို့ လိုချင်တဲ့အရာ မဟုတ်ဘူးလေ"

"ဘာလို့ စွမ်းဆောင်ရည် မရှိရမှာလဲ" ယွီးရှောင်ရှောင်က ပြန်ပက်တာပေါ့။ "ရှင်တို့တွေ စစ်နိုင်ခဲ့တာ မဟုတ်ဘူးလား"

ကုရှင်းလန်ရဲ့ နှုတ်ခမ်းတွေက သူမနားရွက်လေးနားကို ကပ်သွားလေတယ်။

"ကျော်ယို့ကို ဆုတ်သွားအောင် တိုက်ထုတ်ခဲ့တာက ကိုယ်လေ"

ယွီးရှောင်ရှောင်ကတော့ ကျယ်မဖြင့် ယုံတောင်မယုံနိုင်ဘူးဆိုတဲ့ အသံကြီးနဲ့ ထပြောပါလေရော။

"ဟင်…ရှင်က အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ဂုဏ်ပြုခံရမှာကိုတောင် လုချင်နေတာလား။ အဲဒီလိုလုပ်တာ မကောင်းပါဘူး၊ ညီအစ်ကိုမေတ္တာတွေရော ဘယ်ရောက်သွားပြီလဲ"

ကုရှင်းလန် ...

"အစ်ကိုကြီးတို့အတွက် တရားမျှတမှု သွားတောင်းပေးမယ်" ယွီးရှောင်ရှောင်က နန်းတော်ထဲ သွားချင်နေတုန်းပဲ။

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို လွှတ်မပေးဘဲ ဖက်ထားရင်း ဆက်ပြောရတယ်။ "ရှောင်ရှောင်၊ စစ်တပ်ဆိုတာ ဆုပေးဒဏ်ပေး ရှင်းလင်းတိကျမှု မရှိရင် စစ်တပ်ပီသပါဦးမလား"

အဲဒီတော့မှ ယွီးရှောင်ရှောင်လည်း ငြိမ်ကျသွားတော့တယ်။ စစ်တပ်ဆိုတာ ဆုပေးဒဏ်ပေး တိကျရမှာတော့ မှန်တာပေါ့။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့လည်း သူမ အရမ်းကို ဒေါသထွက်နေတုန်းပဲ။

"ဒါဆို ရှင့်အတွက် ဆုလာဘ်ကရော။ ထောင်ထဲ အလကား ဝင်နေခဲ့ရတာလား၊ အရိုက်ခံရတာတွေကရော၊ ခြေထောက် ကျိုးသွားတာကရော အလကားပဲလား"

ကုရှင်းလန် ရယ်ချလိုက်မိလေပြီ။

"အရှင်မင်းကြီးက ကိုယ့်အတွက် ဆုလာဘ်အနေနဲ့ ရှောင်ရှောင့်ကို ပေးလိုက်ပြီပဲလေ"

အယ်... ယွီးရှောင်ရှောင်တစ်ယောက် အတော်လေး စိတ်အချဉ်ပေါက်သွားတယ်။ ဒီလောက် စောက်ရှုပ်တွေကြားထဲမှာ နောက်ဆုံးတော့ သူမက ဆုလာဘ်ပစ္စည်းလေး ဖြစ်နေတာကိုး။

"မင်းက ကိုယ့်ရဲ့ ဒီဘဝမှာ ရနိုင်တဲ့ အကောင်းဆုံး ဆုလာဘ်လေးပါ" ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ဖက်ထားရင်း သူ့ဇနီးသည်လေးရဲ့ နားနားကိုကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "အကောင်းဆုံးပဲ"

အချစ်ရေး ကံခေတယ်ဆိုတဲ့ ကိစ္စလား။ ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ နားသံသီးလေးကို နမ်းရှိုက်လိုက်လေတယ်။ မင်းသမီးအတွက်ဆိုရင် သူ ကံကြမ္မာကို ဆန့်ကျင်ပြီး ပြောင်းလဲပစ်ရလည်း ဘာဖြစ်လဲပေါ့။

...

All Chapters