အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) မျက်နှာသေလေးကမှ တကယ့်အလှ
"အိမ်ပြန်ကြမယ်လေ" ယွီးရှောင်ရှောင်ရဲ့ နှလုံးသားလေးက တဒုန်းဒန်းနဲ့ ခုန်ပေါက်လာသလိုပဲ။ ကုရှင်းလန်ရဲ့ နှုတ်ခမ်းတွေကို အမြန်လေး နမ်းရှိုက်လိုက်ပြီးတဲ့နောက် မင်းသမီးလေးဟာ လှည်းပေါ်ကနေ ခုန်ဆင်းသွားပါတော့တယ်။ ဒီလို ချစ်စရာစကားလေးတွေ ပြောတတ်နေတာကတော့ အမှတ်အပြည့်ပေးရမယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် တစ်နေ့နေ့ကျ ရှောင်ကုကလည်း သူမကိုတောင် အီစီကလီ ပြန်ထုလာမလားပဲ။
ခြံဝင်းတံခါးထဲ ပြေးဝင်သွားတဲ့ ယွီးရှောင်ရှောင်ကိုကြည့်ရင်း ကုရှင်းလန် ပြုံးလိုက်မိတယ်။ ပြီးတော့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ပြောလိုက်တာပေါ့။ "ငါတို့ ဝင်ကြရအောင်"
ယွီးရှောင်ရှောင် အိမ်ထဲဝင်ဝင်ချင်းပဲ ကုရှင်းနော့နဲ့ ပက်ပင်းတိုးတော့တယ်။ သေချာကြည့်လိုက်တော့ ကုရှင်းနော့နောက်မှာ အရပ်မောင်းကောင်းကောင်း၊ ကြွက်သားအမြှောင်းမြှောင်းနဲ့ လူငယ်အုပ်စုကြီး ပါလာပြီး ကြည့်လိုက်တာနဲ့တင် စစ်သူကြီးတွေမှန်း သိသာလှတယ်လေ။
အခုဆို ကုရှင်းနော့က ယွီးရှောင်ရှောင်ကိုမြင်ရင် မင်းသမီးတွေ အရပ်သားတွေ စတဲ့ စည်းမျဉ်းတွေကို သိပ်ဂရုစိုက်မနေတော့ဘဲ အရိုအသေလည်း မပေးတော့ဘူး။ အကြီးဆုံးကုသခင်လေးက ပြုံးရွှင်စွာနဲ့ "မင်းသမီး ပြန်ရောက်ပြီလား" လို့ နှုတ်ဆက်လိုက်လေတယ်။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်ပြီး ကုရှင်းနော့နောက်က လူငယ်အုပ်စုကြီးကို အကဲခတ်လိုက်တာပေါ့။
"အစ်ကိုကြီး၊ သူတို့က အစ်ကိုကြီးရဲ့ သူငယ်လေးတွေလား"
သူငယ်တွေ ဆိုတဲ့ စကားလုံးကြောင့် ကုရှင်းနော့ မျက်နှာပေါ်က အပြုံးကြီး တောင့်တင်းသွားရရှာတယ်။
ဟိုလူတွေခမျာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြတာပေါ့။
"သူငယ်လေးတွေ" ဆိုတဲ့ ကလေးဆန်ဆန် အသုံးအနှုန်းကြီးကို သူတို့ ချက်ချင်းကြီး လက်မခံနိုင်ကြဘူးလေ။ စစ်မြေပြင်မှာ ရန်သူ့တပ်ထဲ ထိုးဖောက်တဲ့အခါ "ညီအစ်ကိုတို့၊ ငါ့နောက်က လိုက်ခဲ့" လို့ အော်တာက နားထောင်လို့ ကောင်းသေးတယ်။ အဲဒါကို "သူငယ်တို့၊ ငါ့နောက်က လိုက်ခဲ့" လို့ ပြောင်းပြောကြည့်ပါလား။ တွေးကြည့်ရုံနဲ့တင် လူငယ်တွေအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြတယ်။ လုံးဝကို သည်းထိတ်ရင်ဖို ဇာတ်လမ်းကြီး ဆန်မသွားဘူးလား။
ကုရှင်းနော့က ယွီးရှောင်ရှောင်ကို မိတ်ဆက်ပေးရရှာတယ်။
"သူတို့က ရှင်းလန်ရဲ့ ညီအစ်ကိုတွေပါ။ ဒီတစ်ခေါက် ရှင်းလန်ကို လာတွေ့ကြတာ"
ရှောင်ကုလေးရဲ့ သူငယ်တွေဆိုတာကို သိလိုက်ရတော့ ယွီးရှောင်ရှောင်က ဒီလူတွေကို ပိုပြီးတောင် ဖော်ဖော်ရွေရွေ ဆက်ဆံချင်သွားတယ်။ ရှောင်ကုရဲ့ သူငယ်လေးတွေဆိုတော့ သူမရဲ့ သူငယ်တွေပဲပေါ့။ ဒါနဲ့ပဲ မျက်နှာကြွက်သားတွေကို အတင်းဆွဲဆန့်ပြီး ဖော်ရွေကြင်နာတဲ့ပုံပေါက်အောင် နေပြသင့်တယ်လို့ သူမကိုယ်သူမ တွေးလိုက်လေတယ်။
မင်းသမီးက သူမရဲ့ မျက်နှာအင်္ဂါရပ်တွေကို ဟိုရွှေ့ဒီရွှေ့ လုပ်နေတာကို အားလုံးက ဝိုင်းကြည့်ရင်း အမှန်တရားတစ်ခုကို နားလည်သွားကြလေတယ်။ အဲဒါကတော့ 'မျက်နှာသေလေးကမှ တကယ့်ကို အလှပဆုံး' ဆိုတာပါပဲ။
တစ်ချိန်တည်းမှာပဲ ကုရှင်းလန်ကို ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ထမ်းပြီး ဝင်လာကြတယ်။ အိမ်ထဲရောက်ရောက်ချင်းပဲ သူ့အစ်ကိုကြီးရော၊ သူ့ရဲ့ တပ်ထဲက ညီအစ်ကိုတွေပါ သူ့မိန်းမကို မျက်တောင်မခတ်တမ်း ဝိုင်းကြည့်နေကြတာကို မြင်လိုက်ရတာပေါ့။ ကုတတိယသခင်လေး ချက်ချင်းပဲ ဒေါသထွက်သွားလေတယ်။ သူများမိန်းမကို ဒီလိုမျိုး စိုက်ကြည့်စရာလား။
"မင်းတို့တွေ ဘာလာလုပ်ကြတာလဲ" စိတ်အခြေအနေ မကောင်းတော့တာမို့ ကုရှင်းလန်က သူ့ညီအစ်ကိုတွေကို စကားပြောတဲ့အခါ သိပ်ပြီး နွေးနွေးထွေးထွေး မရှိတော့ဘူး။
ယွီးရှောင်ရှောင်က နောက်လှည့်ပြီး ကုရှင်းလန်ကို ကြည့်ရင်း လှမ်းပြောလေရဲ့။
"ရှောင်ကု၊ နင့်ရဲ့ သူငယ်ချင်းလေးတွေ နင့်ကို လာကြည့်ကြတယ်"
အထက်အောက် ဘယ်ညာ ရွဲ့စောင်းနေတဲ့ သူ့မိန်းမရဲ့ မျက်နှာကြီးကိုကြည့်ရင်း ကုရှင်းလန်ခမျာ နဖူးကို လက်နဲ့ဖိချလိုက်မိလေတယ်။ မျက်နှာကြီး ရှုံ့မဲ့နေတဲ့ ဒီအကောင်က ငါ့မိန်းမတဲ့လား။
အဲဒီအချိန်မှာပဲ ဝမ်မောမောက အိမ်နောက်ဖေးကနေ ပြေးထွက်လာတာပေါ့။ ကုရှင်းနော့က သမက်တော်ရဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး သမက်တော်ကို ခြံဝင်းတံခါးဝမှာ သွားကြိုနေတယ်လို့ ကြားကတည်းက ဝမ်မောမောက ချက်ချင်းကို ပြေးထွက်လာခဲ့တာ။ သူမက မင်းသမီး တစ်ခုခုထပ်ပြီး ခွကျအောင်လုပ်လို့ သမက်တော်ခမျာ ညီအစ်ကိုတွေရှေ့မှာ မျက်နှာပျက်ရမှာကို စိုးရိမ်နေတာလေ။ ယောက်ျားတွေရဲ့ မျက်နှာဆိုတာ ဝမ်မောမောရဲ့ အဆိုအရတော့ ယောက်ျားတွေအတွက် အသက်ထက်တောင် အရေးကြီးတဲ့အရာတဲ့။ မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်ယောက်ျား မျက်နှာပျက်အောင် ဘယ်တော့မှ မလုပ်သင့်ဘူး၊ မဟုတ်ရင် အဲဒီယောက်ျားက တစ်သက်လုံး အငြိုးထားတတ်တယ်တဲ့လေ။
"မင်းသမီး" ဝမ်မောမောက ယွီးရှောင်ရှောင်ရှေ့မှာ ရပ်လိုက်ပြီး ယွီးရှောင်ရှောင်ရဲ့ မျက်နှာကို လက်နဲ့တစ်ချက် ပွတ်ဆွဲချလိုက်တယ်။ ဒီလိုရုပ်ပျက်ဆင်းပျက် ရယ်ပြနေမဲ့အစား မရယ်တာကမှ ကောင်းဦးမယ်
ယွီးရှောင်ရှောင်က ဝမ်မောမောကို မြင်တာနဲ့ ရင်တွေတုန်သွားရှာတယ်။ သွေးဆုံးကိုင်အရွယ် အမျိုးသမီးတွေကို ဘယ်လူသားမှ သွားမစရဲဘူး။
"အင်္ကျီတွေ အကုန်စိုကုန်ပြီ" ဝမ်မောမောက ကုရှင်းလန်ရဲ့ အပေါ်ဝတ်ရုံကို ခြုံထားတဲ့ သူမရဲ့ မင်းသမီးကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်တွေက ကုရှင်းလန်ဆီ ရောက်သွားလေရဲ့။
"မင်းသမီးကလည်း သတိမထားဘူး။ ကျွန်မနဲ့ အခန်းထဲပြန်ပြီး အင်္ကျီသွားလဲရအောင်ပါ"
ကုရှင်းလန်က ဘေးဘက်ကို လွှဲကြည့်လိုက်တာပေါ့။ ဒီမောမောကိုတော့ သူ သွားမရှုပ်ရဲပါဘူး။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို လှမ်းကြည့်လိုက်လေတယ်။ သူတို့နှစ်ယောက်လည်း မိုးရေထဲမှာ ကြွက်စုတ်လေးတွေလို ရွှဲရွှဲစိုနေတာပဲလေ။ ဘာလို့ ဝမ်မောမောက သူတို့နှစ်ယောက်ကိုကျ ဂရုမစိုက်ပေးတာလဲ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ ခေါင်းငုံ့ပြီး ရပ်နေကြတယ်။ ဝမ်မောမောက လောလောဆယ် အချိန်မရွေး နေရာမရွေး မီးမှုတ်ထုတ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာလေ။ ဝမ်မောမော သူတို့ကို မမြင်တာပဲ ပိုကောင်းတယ်လို့ သဘောထားလိုက်ကြတော့တယ်။
"မင်းသမီး၊ ကြွပါ" ဝမ်မောမောက လက်ကို အိမ်နောက်ဖေးဘက် ညွှန်ပြလိုက်လေရဲ့။ ရှောင်ကျွမ်းနဲ့ ရှောင်ဝေလည်း မိုးစိုနေတာကို သူမ သိပေမဲ့ ဘာဖြစ်လဲ။ မင်းသမီးတစ်ပါးတည်းနဲ့တင် သူမမှာ နေ့စဉ်နေ့တိုင်း ခေါင်းကိုက်ပြီး ညဘက်ဆိုလည်း သောကရောက်နေရပြီ။ သူမက ရှောင်ကျွမ်းနဲ့ ရှောင်ဝေအတွက်ပါ အမေ ဝင်လုပ်ပေးနေရဦးမှာလား။
ယွီးရှောင်ရှောင်လည်း လိမ္မာရေးခြားရှိစွာနဲ့ အိမ်နောက်ဖေးဘက်ကို လျှောက်သွားတော့တယ်။
ကုရှင်းလန်ခမျာလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အစ်ကိုကြီးနဲ့ ညီအစ်ကိုတွေကို ပြောရတာပေါ့။
"မင်းသမီးက မိုးစိုလာတော့ အင်္ကျီစိုကြီးနဲ့ဆို ဖျားသွားလိမ့်မယ်"
ကုရှင်းနော့က ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ ဆိုလာတယ်။
"ငါတို့ အထဲဝင်ပြီးမှ စကားပြောကြတာပေါ့။ မင်းတို့လည်း ရှင်းလန်နဲ့ မတွေ့ရတာ ကြာပြီဆိုတော့ မီးဖိုချောင်ကို ဟင်းကောင်းကောင်း တစ်ပွဲပြင်ခိုင်းလိုက်မယ်။ မင်းတို့ ညီအစ်ကိုတွေ အေးအေးဆေးဆေး စကားပြောကြပေါ့"
ဟိုလူတွေအကုန်လုံးက အစ်ကိုကြီးကုကို ကျေးဇူးတင်စကားဆိုပြီးတဲ့နောက် ကုရှင်းလန်ကိုတော့ ပြိုင်တူ နှာခေါင်းရှုံ့လိုက်ကြတယ်။ မင်းသမီး ဖျားမှာစိုးလို့တဲ့လား။ လောင်ကုက အခုဆို လူလည်တောင် ကျတတ်နေပြီ။ မင်းမိန်းမ အင်္ကျီစိုကြီး ကိုယ်မှာကပ်ပြီး ကောက်ကြောင်းတွေ ပေါ်နေတာကို မင်းညီအစ်ကိုတွေ မြင်သွားမှာ စိုးလို့ပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ညီအစ်ကိုတွေက အချင်းချင်း မျက်စိပစ်ပြီး ဆက်သွယ်လိုက်ကြတယ်။ စောစောက မင်းသမီး မျက်နှာကြီး ရှုံ့မဲ့နေတာက သူတို့ကို နားလည်ရခက်စေပေမဲ့ မင်းသမီးက တကယ့်ကို အလှလေးပဲလေ။ ကိုယ်လုံးလေးက သေးသွယ်ပေမဲ့ အချိုးအစားက ကျနေပြီ။ ဒီထက်သာ နည်းနည်း ထပ်ကြီးလာဦးမယ်ဆိုရင်တော့၊ လောင်ကုတစ်ယောက် ဒီတစ်ခေါက်တော့ အရှုံးထဲက အမြတ်ထွက်တာပဲ။
"သွားကြမယ်" ကုရှင်းနော့က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို မျက်ရိပ်ပြလိုက်တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေလည်း မြန်မြန်ဆန်ဆန်ပဲ ကုရှင်းလန်ကိုထမ်းပြီး အိမ်တော်ထဲ ဝင်သွားကြတာပေါ့။
ကုရှင်းနော့က ကုရှင်းလန်အနားကို လျှောက်သွားပြီး လေသံတိုးတိုးနဲ့ ပြောပြတယ်။
"အရှင်မင်းကြီးဆီက အမိန့်စာကျလာပြီးနောက်ပိုင်း၊ အမတ်ကြီးရင်တို့တောင် အိမ်တော်ကို လာပြီး ဂုဏ်ပြုကြတယ်။ အမတ်ချုပ်ကျောင်းဆို လက်ဆောင်တွေတောင် ပို့ခိုင်းလိုက်သေး။ ကျောင်းပေချန်က မိုက်ရိုင်းတဲ့ သားပါတဲ့၊ သူက အဖေတစ်ယောက်အနေနဲ့ အဘိုးကို မျက်နှာပြရမှာတောင် ရှက်တယ်တဲ့လေ"
ဘေးမှာ လျှောက်လာတဲ့ ဝေ့ဝူစစ်သူကြီးအိမ်တော်က သခင်လေးလေး လီယွမ်လဲ့က နှာခေါင်းရှုံ့ရင်း ပြောလိုက်လေရဲ့။
"အမတ်ချုပ်ကျောင်း မျက်နှာပြောင်တိုက်တတ်တာကို ကျွန်တော်တို့ အမြဲ သိနေတာပဲလေ။ ဘာပဲဖြစ်ဖြစ် မြို့ရိုးကတောင် အဲဒီအဘိုးကြီးရဲ့ မျက်နှာလောက် မထူပါဘူး"
ကုရှင်းလန်နဲ့ ညီအစ်ကို ဖွဲ့နိုင်တဲ့သူတွေဆိုတာ ကျောင်းချိုးမင်နဲ့ မတည့်တဲ့သူတွေချည်းပဲပေါ့။ လီယွမ်လဲ့စကားကို ကြားတော့ အုပ်စုလိုက်ကြီး ရယ်မောလိုက်ကြလေတယ်။
သူတို့အုပ်စုက ခြံရှေ့မျက်နှာစာ အကာအရံတံတိုင်းကို ကွေ့ပတ်သွားပြီးတဲ့နောက် ကုရှင်းနော့က ခါးကိုကိုင်းကာ ကုရှင်းလန်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလာတယ်။
"မင်း ညီအစ်ကိုတွေနဲ့ စကားပြောလိုက်ဦး၊ ငါ အဘိုးဆီ သွားလိုက်ဦးမယ်။ အမတ်ချုပ်ကျောင်းကို ဆဲတဲ့စကားတွေ သိပ်မပြောကြနဲ့ဦး၊ နံရံမှာ နားရှိတယ်နော်"
ကုရှင်းလန်က ခေါင်းညိတ်ပြလိုက်တာပေါ့။
ကုရှင်းနော့က လီယွမ်လဲ့တို့ကို နှုတ်ဆက်လိုက်ပြီး ကုသခင်ကြီး ပွဲခံနေတဲ့ ဧည့်ခန်းမဆောင်ဆီကို တိုက်ရိုက် လျှောက်သွားတော့တယ်။
ကုရှင်းလန်က ညီအစ်ကိုတွေကိုခေါ်ပြီး အိမ်တော်ထဲက ဘေးခန်းမဆောင်ဆီကို သွားလိုက်တယ်။ အဲဒီအခန်းထဲရောက်လို့ တံခါးကို ပိတ်လိုက်တာနဲ့ လီယွမ်လဲ့က ကုရှင်းလန်ကိုကြည့်ပြီး သက်ပြင်းချတော့တာပဲ။
"တပ်ထဲမှာ မင်းကိစ္စကို ကြားတော့ ငါ လူခေါ်ပြီး မြို့တော်ကို တက်လာချင်တာ။ ဒါပေမဲ့ ငါ့အဖေက အသေအလဲကို တားတော့တာပဲ။ ငါသာ လူခေါ်ပြီး မြို့တော်ကို လာရင် အရှင်မင်းကြီးက မင်းတို့ကုမိသားစုကို ပိုပြီး သံသယဝင်သွားလိမ့်မယ်တဲ့။ ငါလုပ်တာက မင်းကို သေတွင်းမြန်မြန်ပို့ပေးသလို ဖြစ်နေလိမ့်မယ်လို့ ပြောတယ်"
ဖူယွမ်စစ်သူကြီးအိမ်တော်က ဒုတိယသား ပိုင်ကျောက်ကလည်း ခန်းမထဲက ကျောမှီကုလားထိုင်ပေါ်ကို ဖင်ထိုင်ချလိုက်ရင်း ညည်းပြန်တယ်။
"ငါတို့ ညီအစ်ကိုတွေ ထပ်မတွေ့ရတော့လုနီးပါးပဲ"
ညီအစ်ကိုတွေက စိတ်မကောင်းဖြစ်ပြီး အပြစ်မကင်းသလို ခံစားနေရတာကို ကုရှင်းလန် သိတာမို့ လက်ကာပြလိုက်ပြီး လေသံတိုးတိုးနဲ့ပဲ ပြောရတယ်။
"ဦးရီးတို့၊ ဘကြီးတို့လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတာပဲ။ သူတို့တောင် ဘာမှမတတ်နိုင်ခဲ့တာ မင်းတို့ကရော ဘာလုပ်နိုင်မှာလဲ။ အခု ငါ ဘာမှမဖြစ်တော့ဘူး မဟုတ်လား"
"ဒါဆို မင်းခြေထောက်ကရော" ညီအစ်ကိုတစ်ယောက်က ဝင်မေးလေတယ်။
ကုရှင်းလန်က ပြောပြတာပေါ့။ "မင်းသမီးက ငါ့ဒဏ်ရာတွေ ပျောက်နိုင်တယ်လို့ ပြောပါတယ်။ ဖြည်းဖြည်းချင်း ကုသရမှာပေါ့။ ဘာလဲ၊ ငါသာ ဒုက္ခိတဖြစ်သွားရင် ငါတို့က ညီအစ်ကို မဟုတ်တော့ဘူးလား"
"ထွီ" လီယွမ်လဲ့က မြေကြီးပေါ်ကို တံတွေးတစ်ချက် ထွေးချလိုက်တော့တာပဲ။ "မင်း သေသွားရင်တောင် ငါတို့က ညီအစ်ကိုတွေပဲကွ။ အရင်ကတောင် ငါတို့ တိုင်ပင်ထားပြီးပြီ။ ကျောင်းပေချန်ကို သေအောင်မသတ်နိုင်ရင် မင်းဆီကို လိုက်လာဖို့ ငါတို့ မျက်နှာမပြရဲဘူးလို့"
"ဒါပေါ့" ညီအစ်ကိုတွေ အကုန်လုံးက ခေါင်းညိတ်ထောက်ခံကြလေတယ်။ လောင်ကုအတွက် လက်စားချေပေးဖို့ ကျောင်းပေချန်ကို သေအောင်မသတ်နိုင်ရင် သူတို့က ညီအစ်ကိုလို့တောင် မခေါ်ထိုက်တော့ဘူး။
…