အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) သစ်သားပြားလေးရဲ့ လျှို့ဝှက်ချက်
ယွီးရှောင်ရှောင် ရေချိုးပြီး အင်္ကျီလဲပြီးသွားတော့ ဝမ်မောမောကပဲ သူမရဲ့ မင်းသမီးကို သမက်တော်တို့ အိပ်ခန်းဘေးက အခန်းငယ်လေးဆီ ခေါ်သွားတယ်။ ဒီရက်ပိုင်းအတွင်း သူမရဲ့ မင်းသမီး ဘာတွေလျှောက်လုပ်နေလဲဆိုတာ သေချာသိရအောင် မေးမယ်လို့ ဝမ်မောမောက သန္နိဋ္ဌာန်ချထားတာလေ။ အနည်းဆုံးတော့ အခုချိန်မှာ ဘယ်သူက မင်းသမီးရဲ့ ရန်သူ၊ ဘယ်သူက မင်းသမီးရဲ့ မိတ်ဆွေဆိုတာကို သူမ သိထားသင့်တယ် မဟုတ်လား။
အခန်းငယ်လေးထဲ ရောက်တာနဲ့ တစ်ပြိုင်တည်း ယွီးရှောင်ရှောင်က သူမ ပါဆယ်ဆွဲလာတဲ့ အသားကပ်အရိုးတွေ၊ ထင်းရှူးစေ့သကြားလုံးတွေနဲ့ မုန့်ချိုတွေကို အရင်ဆုံး သတိရသွားတယ်။
ဝမ်မောမောက မျက်နှာကို တင်းထားလိုက်တာပေါ့။
"အရိုးတွေကိုတော့ မီးဖိုချောင် ပို့လိုက်ပြီ။ ထင်းရှူးစေ့သကြားလုံးတွေကတော့ အခန်းထဲမှာ ထားထားတယ်။ မင်းသမီး... ဟို စေးပျစ်နေတဲ့ ဂျုံနှစ်စေးအလိပ်ကြီးကို မိုးတိမ်မုန့်လို့ ခေါ်နေတုန်းပဲလား"
ယွီးရှောင်ရှောင်က မေးရှာတယ်။
"မိုးရေစိုသွားလို့ မိုးတိမ်မုန့်က အဲဒီလို ဖြစ်သွားတာပါ။ မောမော၊ အဲဒါကို ပြန်ကယ်တင်လို့ရမဲ့ နည်းလမ်းများ ရှိမလားဟင်"
မင်းသမီးနဲ့ စကားနှစ်ခွန်းလောက်ပဲ ပြောရသေးတယ်၊ ဝမ်မောမောခမျာ လက်မြှောက်အရှုံးပေးချင်သွားပြီ။
"မင်းသမီး... အခုလောလောဆယ် စားစရာအကြောင်း ကျွန်မကို လာမပြောပါနဲ့ဦး။ ကျွန်မတို့တွေ တခြားအကြောင်း..."
"အာ..." ယွီးရှောင်ရှောင်က ဝမ်မောမောစကားကို ဖြတ်ပြောလိုက်လေတယ်။
"ကျွန်မ ဝက်ခေါင်းကြီးတစ်ခုလည်း ဝယ်လာသေးတယ်။ ရှောင်ကျွမ်းရော"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန် အင်္ကျီပြန်လဲခိုင်းလိုက်လို့ ပြန်လာပြီးကတည်းက သူတို့အမှား သူတို့သိအောင်ဆိုပြီး ဝမ်မောမောက စင်္ကြံလမ်းပေါ်မှာ မတ်တတ်ရပ်ခိုင်းထားတာလေ။ ယွီးရှောင်ရှောင် လှမ်းခေါ်သံကို ကြားတော့ ရှောင်ကျွမ်းက အမြန်ထူးလိုက်လေလတယ်။
"မင်းသမီး... ဘာကိစ္စများရှိလို့လဲ"
ယွီးရှောင်ရှောင်က အခန်းထဲမှာ ထိုင်နေရင်းကနေ အော်မေးလိုက်တာပေါ့။ "ငါ့ဝက်ခေါင်းရော"
ဝမ်မောမောခမျာ နားဝေဒနာခံစားလိုက်ရသလို ရင်ထဲမှာလည်း နာကျင်သွားရှာတယ်။ ဝက်ခေါင်းတဲ့လား။ သူမရဲ့ မင်းသမီး အိမ်ထောင်ကျတာ ဘယ်လောက်မှတောင် မကြာသေးဘူး၊ ဝက်ခေါင်းတောင် စားနေရပြီ။ ငယ်ငယ်ကတည်းက စည်းစိမ်ချမ်းသာနဲ့ ပြည့်ပြည့်စုံစုံ ကြီးပြင်းလာတဲ့ မိန်းကလေးက အခုတော့ ဝက်ခေါင်း စားနေရပြီလေ။
"အထဲဝင်လာခဲ့ကြစမ်း" ဝမ်မောမောက တံခါးအပြင်ဘက်ကို လှမ်းအော်လိုက်တော့တယ်။
အပြင်ဘက်က ရှောင်ကျွမ်းခမျာမှာတော့ ဝမ်မောမောရဲ့ အော်သံကိုကြားတော့ စိတ်တွေလေသွားလေရဲ့။ ရှောင်ဝေကိုလှည့်ပြီး "ငါ အထဲမဝင်ဘဲ နေလို့ရမလား" လို့ မေးရှာတယ်။
ရှောင်ဝေက မျက်လုံးလှန်ပြလိုက်တာပေါ့။ အခု ဒီခြံဝင်းထဲ ရောက်ကတည်းက သူ ဘာစကားမှတောင် မပြောချင်တော့ဘူးလေ။
"ရှောင်ကျွမ်း" အခန်းထဲကနေ ဝမ်မောမောက ထပ်အော်ပြန်တယ်။
"ဗျာ... ရှိပါတယ်" ရှောင်ကျွမ်းခမျာ ပြန်ထူးရင်း အခန်းငယ်လေးထဲကို ပြေးဝင်သွားရတော့တယ်။
ရှောင်ဝေကတော့ ခြေဖျားလေးနဲ့ မြေကြီးပေါ်မှာ စက်ဝိုင်းလေးတွေ ဝိုင်းရင်း၊ စင်္ကြံလမ်းကနေ အပြင်ဘက်က မိုးရွာနေတဲ့ ရှုခင်းကို ရပ်ကြည့်နေတယ်။
"ရှောင်ဝေ" ဝမ်မောမောက ထပ်အော်ပြန်တယ်။
ဒီတစ်ခါတော့ ရှောင်ဝေပါ ဒုက္ခလှလှတွေ့သွားပြီ။ လူကို ဆူတော့မယ်ဆိုရင် ဘာလို့ ဝမ်မောမောက သူ့ကိုရော ရှောင်ကျွမ်းကိုပါ အမြဲ တွဲပြီး ဆူရတာလဲ။
ဝမ်မောမောက သူမရှေ့မှာ လာရပ်နေတဲ့ ညီဒုတိယအစ်ကိုယောက်ကို မျက်နှာရှုံ့မဲ့ပြီး ကြည့်ရင်း မေးတော့တယ်။
"ဘယ်သူက မင်းသမီးနဲ့အတူ ဝက်ခေါင်း သွားဝယ်တာလဲ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက် ပြိုင်တူ ခေါင်းခါပြလိုက်ကြတယ်။
ဝမ်မောမောက မေးပြန်ရော။ "အခုထိ ဝန်မခံသေးဘူးလား။ နင်တို့ပြောပြလို့ မဟုတ်ရင် မင်းသမီးက ဝက်ခေါင်းကို ဘယ်လိုလုပ် သိမှာလဲ"
"ငါ သိတယ်" ယွီးရှောင်ရှောင်က ဝမ်မောမောကို လက်ထောင်ပြလိုက်တာပေါ့။
"မောမော၊ နျိုတာ့တို့ဆိုင်ရဲ့ ဝက်ခေါင်းက အရမ်းစားလို့ကောင်းတာ။ ရှောင်ကျွမ်း၊ ငါ့ဝက်ခေါင်းရော"
ရှောင်ကျွမ်းက မေးပြန်တယ်။ "ကျွန်တော့်အခန်းထဲမှာပါ။ မင်းသမီး အခုစားချင်ပြန်ပြီလား"
"ရှောင်ကုဆီ ပို့ပေးလိုက်ပါ၊ သူနဲ့ သူ့သူငယ်လေးတွေ မြည်းကြည့်လို့ရတာပေါ့"
ဝမ်မောမောက ရှောင်ကျွမ်းကို မျက်စောင်းထိုးလိုက်လေတယ်။ ရှောင်ကျွမ်းသာ သွားရဲသွားကြည့်၊ ဒီကောင်ရဲ့ ခြေထောက်ကို သူမ ချက်ချင်း ရိုက်ချိုးပစ်မယ်။
ရှောင်ဝေက ဝင်ပြောရတော့တယ်။
"မင်းသမီး၊ အခုက ထမင်းစားချိန် မရောက်သေးဘူးလေ။ ကျွန်တော် ဝက်ခေါင်းကို မီးဖိုချောင် ပို့ပေးထားလိုက်မယ်။ စားဖိုမှူးကြီးကို ဝက်ခေါင်း အရင်နွှေးထားခိုင်းလိုက်ပြီး ညစာစားတဲ့အခါမှ စားကြတာပေါ့"
ယွီးရှောင်ရှောင်က ခေါင်းညိတ်တော့တယ်။ ဒီလိုဆိုလည်း ကောင်းတာပါပဲ၊ ကုရှင်းလန်နဲ့ သူ့သူငယ်လေးတွေကို အခုစားခိုင်းလိုက်ရင် ဒီဝက်ခေါင်းက သူမနဲ့ လုံးဝသက်ဆိုင်တော့မှာ မဟုတ်ဘူးလေ။ ညစာစားတဲ့အခါမှ စားမယ်ဆိုရင် သူမလည်း ပိုပြီး စားလို့ရသေးတာပေါ့။
ဝမ်မောမောက ရှောင်ဝေကို ကြည့်ပြီး အော်ခေါ်လိုက်တော့တယ်။ "နင် သွားမပို့နဲ့တော့။ ရှောင်ရှား"
တံခါးပြင်မှာ စောင့်နေတဲ့ ရှောင်ရှားက အမြန်ထူးလိုက်တာပေါ့။ "မောမော"
ဝမ်မောမောက အမိန့်ပေးလိုက်တော့တယ်။ "ရှောင်ကျွမ်းအခန်းထဲက ဝက်ခေါင်းကို မီးဖိုချောင် ပို့လိုက်။ စားဖိုမှူးတွေကို မင်းသ... အဲ သမက်တော် ညစာစားတဲ့အခါ စားမယ်လို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ" ရှောင်ရှားလည်း အမိန့်ရတာနဲ့ ချက်ချင်း ပြေးတော့တာပဲ။
ယွီးရှောင်ရှောင်က ဝမ်မောမောရဲ့ နည်းနည်းစိမ်းဖန့်ဖန့် ဖြစ်နေတဲ့ မျက်နှာကို ကြည့်ပြီး မေးရှာတယ်။"မောမော ဒီနေ့လည်း စိတ်မကြည်ပြန်ဘူးလား"
ဝမ်မောမောရဲ့ ပါးပြင်ပေါ်က အသားတွေတောင် တုန်တယ်။ သူမက အခုဆို နေ့တိုင်းကို စိတ်မကြည်ဖြစ်နေတာ
"မိန်းမတွေက ခဏခဏ စိတ်တိုရင် မြန်မြန် အိုတတ်တယ်နော်" ယွီးရှောင်ရှောင်က ဝမ်မောမောကို စိတ်ပူစွာနဲ့ သတိပေးတော့တာပဲ။
"အဲဒီလိုဆို အဆင်မပြေဘူးလေ၊ ပျော်စရာလေးတွေပဲ တွေးပါလား၊ မောမောက တော်တော်လေး နုသေးတာကို"
ရှောင်ဝေ သက်ပြင်းချလိုက်မိတယ်။ ဒီစကား ကြားရင် ဝမ်မောမော ပိုပြီးတောင် ဒေါသထွက်ဦးမယ် ထင်ပါရဲ့။
ဝမ်မောမောက မေးပြန်တယ်။
"မင်းသမီး... နျိုတာ့က ဘယ်ကောင်လဲဆိုတာပဲ ကျွန်မကို အရင်ပြောပြပါဦး" သမက်တော်နဲ့ အတူအပြင်ထွက်တာတောင် သူမရဲ့ မင်းသမီးဆီမှာ နျိုတာ့ဆိုတာ တစ်ယောက် ထပ်ထွက်လာရသေးတယ်။ ဒါက သမက်တော် လုံးဝအသုံးမကျဘူးဆိုတဲ့ သဘောလား။ စစ်တိုက်တဲ့ စစ်သူကြီးတစ်ယောက်လည်း ဖြစ်၊ ရုပ်ရည်ကလည်း အဆင်ပြေပါတယ်ဆိုမှ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသုံးမကျရတာလဲ။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ သူတို့ဒီနေရာမှာ မရှိသလိုပဲ ဆက်ပြီး ငြိမ်နေလိုက်ကြတယ်။ သမက်တော်တောင် စိတ်မပူတာ၊ သူတို့က ဘာကိစ္စ စိတ်ပူနေရမှာလဲ။
ဝမ်မောမောရဲ့ မကျေမနပ် အပြစ်တင်ခြင်းကို ခံလိုက်ရတဲ့ ကုရှင်းလန်က အခုချိန်မှာတော့ သူ့ညီအစ်ကိုတွေနဲ့အတူ အရက်ဝိုင်းမှာ ထိုင်နေတယ်။ ကုတတိယသခင်လေးမှာက ဒဏ်ရာတွေနဲ့မို့ အရက်သောက်လို့မရပေမဲ့ လီယွမ်လဲ့တို့ကတော့ ရောက်ရောက်ချင်းပဲ အရက်ခွက်အတော်များများကို ဗိုက်ထဲ အရင်ရောက်အောင် သောက်ချလိုက်ကြပြီလေ။
"ဒီတစ်ခေါက် မြို့တော်ကို ဘယ်လိုဖြစ်လို့ အတူတူ ရောက်လာကြတာလဲ" လို့ ကုရှင်းလန်က ညီအစ်ကိုတွေကို မေးလိုက်တယ်။
ညီအစ်ကိုတစ်ယောက်က ပြောပြတာပေါ့။
"ရက်ချိန်းထားပြီး ကိုယ်စီတာဝန်ကျတဲ့ တပ်တွေဆီကနေ အတူတူ ထွက်လာခဲ့ကြတာလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါတို့ ရောက်လာတဲ့ရက်က ကုသခင်ကြီးနဲ့ အစ်ကိုကြီးတို့ အစ်ကိုလတ်တို့ ရာထူးပြန်ရတဲ့ မင်္ဂလာသတင်းနဲ့ လာတိုးနေတာပဲ"
"အရှင်မင်းကြီးက ကျောင်းပေချန်ကို ဘယ်လို အပြစ်ပေးမလဲ" လီယွမ်လဲ့က မေးလာတာ။
ကုရှင်းလန်က ခေါင်းခါပြလိုက်လေတယ်။ "ကျောင်းပေချန်က အခုထိ ထောင်ထဲမှာပဲ ရှိသေးတယ်။ အရှင်မင်းကြီးက သူ့ကို ဘာမှ အမိန့်မချသေးဘူး"
"ဘာမှ အမိန့်မချသေးဘူးဟုတ်လား" နောက်ညီအစ်ကိုတစ်ယောက်က မကျေမနပ်နဲ့ ဝင်ပြောတော့တာပေါ့။
"တစ်ရက်တောင် ကြာနေပြီကို၊ အရှင်မင်းကြီး စဉ်းစားဖို့ အချိန်မလောက်သေးဘူးလား"
ကုရှင်းလန် ချက်ချင်းပဲ အကြပ်ရိုက်သွားတယ်။ ညီအစ်ကိုတွေက အရှင်မင်းကြီး အခုလက်ရှိ ခံစားနေရတဲ့ နာကျင်မှုကို နားမလည်ကြလို့ပါလေ။
ပိုင်ကျောက်က သူ့လက်ထဲက တူကို ကစားနေရင်း ဝင်ပြောတယ်။
"ကျောင်းချိုးမင်ရှိနေသရွေ့ ကျောင်းပေချန်က ဘယ်လိုနည်းနဲ့မှ သေမှာမဟုတ်ဘူး။ အဖေကောင်းကောင်းရှိတဲ့သူကို ဘယ်သူက ဘာပြောနိုင်မှာလဲ"
ကုရှင်းလန်က ပိုင်ကျောက်အတွက် အရက်ထပ်ငဲ့ပေးလိုက်တာပေါ့။
"ကျောင်းသားအဖအကြောင်း မပြောကြပါနဲ့တော့ကွာ။ မင်းတို့ ဒီတစ်ခေါက် မြို့တော်မှာ ဘယ်နှစ်ရက်လောက် နေမှာလဲ"
"သုံးလေးရက်လောက်ဆို အများဆုံးပဲ။ အဲဒီထက်ပိုနေရင် အရှင်မင်းကြီးက ငါတို့ကို ကြည်မှာ မဟုတ်ဘူး" လီယွမ်လဲ့ကပဲ ဝင်ဖြေရတယ်။
"မနက်ဖြန် အားရင် မင်းတို့ ငါနဲ့အတူ ရူယွင်တောင်ကို လိုက်ခဲ့ကြပါလား" ကုရှင်းလန်က ပြောတော့တာပဲ။
ညီအစ်ကိုတွေ အားလုံး ကြောင်သွားကြတာပေါ့။ ဒီအချိန် သူတို့ ရူယွင်တောင်ကို သွားပြီး အမဲလိုက်၊ တစ်ရက်လောက် လွတ်လွတ်လပ်လပ် ပျော်ပါးလို့တော့ ရပါတယ်။ ဒါပေမဲ့ အခု ကုရှင်းလန်က ခြေနှစ်ဖက်လုံး ဒဏ်ရာရပြီး လမ်းတောင် မလျှောက်နိုင်တာ၊ သူတို့က ရူယွင်တောင်ကို ဘာသွားလုပ်ကြမှာလဲ။
ကုရှင်းလန်က ရှင်းပြရှာတယ်။ "မင်းသမီးက ရူယွင်တောင်ကို ဆောင်းဦးရာသီ အမဲလိုက် သွားချင်လို့တဲ့"
ညီအစ်ကိုတစ်ယောက်က ဝင်ပြောလေတယ်။
"မင်းသမီး သွားချင်ရင်လည်း ပြဿနာမရှိပါဘူး။ အဲဒီရောက်ရင် မင်းက မင်းသမီးနဲ့အတူ သစ်ပင်တစ်ပင်အောက်မှာ ထိုင်ပြီး လေညင်းခံနေပေါ့။ ငါတို့ ညီအစ်ကိုတွေက တောကောင်သွားပစ်ပြီး တောင်ပေါ်မှာပဲ ကင်စားကြတာပေါ့"
ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ဒုတိယခေါင်းဆောင် ပေးလိုက်တဲ့ သစ်သားပြားလေးကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ ပြီးတော့ ညီအစ်ကိုတွေကို ပြတော့တာပဲ။
"မင်းတို့ ဒီဟာမျိုး မြင်ဖူးကြလား"
လီယွမ်လဲ့က သစ်သားပြားလေးကို ယူကြည့်လိုက်လေရဲ့။ သစ်သားပြားပေါ်မှာ ခပ်နှိပ်ထားတဲ့ ပန်းကနုတ်တွေနဲ့ စာလုံးတွေကို မြင်လိုက်ရတော့ လီစစ်သူကြီးလေးရဲ့ မျက်နှာက တည်တင်းသွားတော့တယ်။ သူက အဖေဖြစ်သူနဲ့အတူ အရှေ့ပင်လယ်မှာ တပ်စွဲခဲ့ဖူးတာမို့ ဒီလို သစ်သားပြားမျိုးကို မြင်ဖူးတယ်လေ။ လီယွမ်လဲ့က မေးတော့တာပဲ။
"ဒါက အရင်က အရှေ့ပင်လယ်တစ်ဝိုက်မှာ သောင်းကျန်းခဲ့တဲ့ ပင်လယ်ဓားပြတွေရဲ့ အမှတ်အသားပြားပဲ။ ရှင်းလန်၊ မင်းဆီမှာ ဒါမျိုး ဘယ်လိုလုပ် ရှိနေတာလဲ"
"တစ်ယောက်ယောက်က မင်းသမီးကို ပေးလိုက်တာ" ကုရှင်းလန်က ပြန်မေးရတော့တယ်။
"ဒါ အရှေ့ပင်လယ်က ပင်လယ်ဓားပြအဖွဲ့ဟာဆိုတာ မင်း သေချာလား"
လီယွမ်လဲ့က သစ်သားပြားကို တခြားညီအစ်ကိုတွေဆီ လက်ဆင့်ကမ်းပေးရင်း အံ့ဩတကြီးပြောလာတယ်။။
"မင်းသမီးကို ပေးတာလား။ ဒီပင်လယ်ဓားပြအဖွဲ့ကို အရင်က ငါ့အဖေ နှိမ်နင်းတော့ အတော်များများ သေသွားပေမဲ့ သူတို့ ခေါင်းဆောင်တချို့က မသေဘဲ လက်အောက်ငယ်သားတချို့ကို ခေါ်ပြီး ထွက်ပြေးသွားကြတာ။ ငါ့အဖေက သူတို့ကို နှစ်ပေါင်းများစွာ လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ သူတို့က မြို့တော်ကို ရောက်လာတာလား"
"သေချင်လို့လား" ပိုင်ကျောက်က မယုံနိုင်တဲ့အသံနဲ့ ပြောတာပေါ့။ "ဒီလူဆိုးသူခိုးတွေက မြို့တော်ကို လာရဲတယ်ပေါ့လေ။ သူတို့ရဲ့ ခေါင်းဆောင်က ဦးနှောက်ပျက်နေလို့လား"
...