အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉) မင်းသမီးရဲ့ နောက်ထပ် ဘဝရည်မှန်းချက်တစ်ခု
"သူတို့တွေ ဟုတ်ဟုတ် မဟုတ်ဟုတ်လေ" ကုရှင်းလန်က စားပွဲကို လက်ချောင်းလေးနဲ့ ခေါက်ရင်း သူ့ညီအစ်ကိုတွေကို တစ်ချက်ကြည့်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တော့တယ်။
"ငါတို့ တောင်ပေါ်တက်ကြည့်လိုက်ရင် သိရမှာပေါ့"
လီယွမ်လဲ့က ခေါင်းညိတ်ပြီး သုံးသပ်ပြတယ်။ "ငါ ဒီတစ်ခေါက် မြို့တော်ကို လာတော့ ရူယွင်တောင်ကို ဖြတ်လာတာ၊ တောင်အောက်က လမ်းပေါ်မှာ သွားလာနေတဲ့ ကုန်သည်တွေ အများကြီးပဲ၊ အားလုံး ပုံမှန်ပါပဲ။ ဒါကိုကြည့်ရင် ဒီပင်လယ်ဓားပြအဖွဲ့က တောင်ပေါ်မှာပဲ ပုန်းနေပြီး အပြင်ထွက် ပြဿနာမရှာရဲဘူးဆိုတာ သိသာတယ်။ သူတို့ လူအင်အားလည်း သိပ်များမယ်မထင်ဘူး"
"များလည်း မကြောက်ပါဘူး" နောက်ညီအစ်ကိုတစ်ယောက်က ပြောလာတယ်။
"ငါတို့ လက်အောက်က ကိုယ်ရံတော်တွေ အားလုံးပေါင်းလိုက်ရင်ကို လူက နည်းနည်းနောနော မဟုတ်ဘူး။ ပင်လယ်ဓားပြတစ်စုကို မဖမ်းနိုင်မှာ ကြောက်စရာလား။ ငါ နားမလည်တာက သူတို့တွေ မြို့တော်နယ်နိမိတ်ထဲကို ဘယ်လိုများ ရောက်လာတာလဲ။ မြို့စောင့်တပ်က စစ်သားတွေ မျက်လုံးကန်းနေလို့များ ဒီလူတွေကို မြို့တော်အထိ ရောက်လာခွင့် ပေးလိုက်တာလား"
လီယွမ်လဲ့က ကုရှင်းလန်ကိုကြည့်ပြီး မေးတာပေါ့။
"ဒီသစ်သားပြားကို ဘယ်သူက မင်းသမီးဆီ ပေးတာလဲ။ ဘာရည်ရွယ်ချက်နဲ့ ပေးတာလဲ"
သူ့မိန်းမက ပင်လယ်ဓားပြလို့ သံသယရှိတဲ့သူကို ဝက်ခေါင်းတစ်ဝက် ခွဲကျွေးလိုက်လို့၊ အဲဒီလူက ရူယွင်တောင်ကို အလည်လာဖို့ ဖိတ်တဲ့အနေနဲ့ ဒီသစ်သားပြားကို လက်ဆောင်ပေးလိုက်တာလို့ သူ ဘယ်လိုလုပ် ပြောထွက်မှာလဲ။ သူ့ဇနီးလေးက လိမ်မပြောတတ်ဘူးဆိုတာ သူသိသလို ဒီစကားကိုလည်း သူယုံပေမဲ့ သူသာ ထုတ်ပြောလိုက်ရင် သူ့ညီအစ်ကိုတွေက ယုံမှာမဟုတ်ဘူးဆိုတာ သူ ခန့်မှန်းမိတယ်လေ။
"ပြောလို့မရဘူးလား" ညီအစ်ကိုတစ်ယောက်က ကုရှင်းလန်ကို မေးလာတယ်။
"ပြောစရာလည်း သိပ်မရှိပါဘူး။ မင်းသမီးက မထင်မှတ်ဘဲ ရလာတာပါ။ ငါက အစ်ကိုကြီးနဲ့ တိုင်ပင်ကြည့်မလို့ စဉ်းစားနေတာ။ မင်းတို့ ရောက်လာမယ်လို့ မထင်ထားဘူး။ ဒါဆိုရင်လည်း အစ်ကိုကြီးကို အလုပ်ရှုပ်ခံစရာ မလိုတော့ဘူးပေါ့"
ညီအစ်ကိုတွေ အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ အားလုံးက စစ်မြေပြင်မှာ သွေးစွန်းခဲ့တဲ့သူတွေဆိုတော့ တောင်ပေါ်တက်ပြီး ဓားပြနှိမ်နင်းရမဲ့ကိစ္စက သေးသေးလေးပဲလေ။
"ငါ အများကြီး တွေးမိတာလည်း ဖြစ်နိုင်တာပဲ" ကုရှင်းလန်က အရက်အစား လက်ဖက်ရည်နဲ့ သူ့ညီအစ်ကိုတွေကို ဂုဏ်ပြုရင်း ပြောလိုက်လေတယ်။
"တောင်ပေါ်မှာ ဓားပြမရှိဘူးဆိုရင်လည်း ငါတို့ ပျော်ပျော်ပါးပါး တစ်ဝကြီး ဆော့ကြတာပေါ့"
"ကောင်းပြီ"
ညီအစ်ကိုတွေ အားလုံးက ပြိုင်တူ သဘောတူလိုက်ကြပြီး ခွက်ချင်းတိုက်၊ အရက်ကို တစ်ခွက်ပြီးတစ်ခွက် သောက်ကြတော့တယ်။
အဲဒီအချိန် ယွီးရှောင်ရှောင်ခမျာမှာတော့ အခန်းငယ်လေးထဲမှာနေရင်း ဝမ်မောမောကို ပူဆာနေရှာတယ်။
"မောမော… မနက်ဖြန် မိုးမရွာရင်၊ မောမောရယ်၊ ကျွန်မရယ်၊ ရှောင်ကုရယ် ရူယွင်တောင်ကို သွားလည်ကြရအောင်"
ဝမ်မောမောက မျက်နှာကို ဆွဲဆန့်ထားရင်း ပြောတာပေါ့။"မင်းသမီးက တောင်ပေါ်တက်ပြီး ဘာသွားလုပ်ဦးမလို့လဲ" သူမရဲ့ မင်းသမီးက မြို့ထဲမှာ သောင်းကျန်းလို့ ဝသွားပြီမို့ မြို့ပြင်က တောင်ပေါ်ထိ ဆက်ပြီး သောင်းကျန်းဦးမလို့လား။
ယွီးရှောင်ရှောင်က အားပါးတရ ပြောပြလေတယ်။
"ဒုတိယခေါင်းဆောင်တို့ နှစ်ယောက်ပြောတာ၊ ဒီအချိန် ရူယွင်တောင်ပေါ်မှာ ယုန်ဝဝကစ်ကစ်လေးတွေ နေရာတိုင်းမှာ ရှိတယ်တဲ့၊ ယုန်ဖက်တီးလေးတွေနော်"
ယွီးရှောင်ရှောင်က ယုန်ထွားထွားလေးတွေကို အဓိကထား ပြောနေပေမဲ့ ဝမ်မောမောကတော့ "ဒုတိယခေါင်းဆောင်တို့ နှစ်ယောက်" ဆိုတဲ့ စကားကို ပိုပြီး အာရုံစိုက်သွားတယ်။
"မင်းသမီး ခဏနေပါဦး" ဝမ်မောမောက ယွီးရှောင်ရှောင်ကို တားလိုက်တာပေါ့။ "မင်းသမီး ဒီနေ့အပြင်ထွက်တာ နျိုတာ့ တစ်ယောက်တည်းနဲ့ သိခဲ့တာ မဟုတ်ဘူးလား၊ ဒုတိယခေါင်းဆောင်နဲ့ နောက်ထပ် ယောက်ျားတစ်ယောက်နဲ့ပါ သိလာခဲ့တာပေါ့။ အဲဒီနှစ်ယောက်အကြောင်း ကျွန်မကို သေချာပြောပြပါဦး"
"အင်း... ကျွန်မက ဝက်ခေါင်းကြီးတစ်ခု ဝယ်ပြီးတော့..."
"ဝက်ခေါင်းအကြောင်း ထပ်မပြောနဲ့တော့၊ ယောက်ျားတွေအကြောင်းပဲ ပြော"
ယွီးရှောင်ရှောင်ခမျာ ဝမ်မောမောရဲ့ သွေးဆုံးကိုင်တဲ့ ပြဿနာက ဝမ်မောမောကိုယ်တိုင် ဒုက္ခရောက်ရသလို သူမကိုလည်း ဒုက္ခပေးနေတယ်လို့ ခံစားလိုက်ရတယ်။ ဒုတိယခေါင်းဆောင်တို့နဲ့ သိတာက ဝက်ခေါင်းကြောင့်ပဲလေ၊ ဝက်ခေါင်းအကြောင်း မပြောဘဲ ဒီကိစ္စကို ဘယ်လိုဆက်ပြောရမှာလဲ။
"ကျွန်မတို့ မောမောရဲ့ သွေးဆုံးကိုင်တဲ့ ကိစ္စကိုပဲ အရင်ပြောကြမလား" ယွီးရှောင်ရှောင်က ဝမ်မောမောကို နားလည်အောင် ရှင်းပြဖို့ ကြိုးစားလိုက်လေတယ်။
"စိတ်ပျော်ရွှင်အောင် နေဖို့က အရမ်းအရေးကြီးတယ်။ တကယ်တော့ ကျွန်မဘယ်သူတွေနဲ့ သိလာလဲဆိုတာက အရေးမကြီးပါဘူး၊ အရေးကြီးတာက မောမော အခုချိန်မှာ..."
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ နှစ်ယောက်ခမျာ ပြိုင်တူဆိုသလို "မင်းသမီး" လို့ လှမ်းအော်လိုက်ကြလေတယ်။ မင်းသမီးကို ဆက်ပြောခွင့်ပေးလိုက်လို့ မဖြစ်တော့ဘူး၊ မဟုတ်ရင် ဝမ်မောမောက ချက်ချင်းကြီး ထသတ်သေသွားလိမ့်မယ်ဆိုတာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ သေချာယုံကြည်နေကြတယ်။
ဝမ်မောမောခမျာလည်း သူမကိုယ်တိုင် နို့ချိုတိုက်ကျွေးပြီး ကြီးပြင်းလာတဲ့ မင်းသမီးကို ကြည့်ရင်း ရုတ်တရက် မျက်ရည်တွေ ကျလာတော့တယ်။ မိဖုရားကြီးကို သူမ အားနာလိုက်တာ။ မင်းသမီး အခု ဘယ်လိုတောင် ပြောင်းလဲသွားပြီလဲ။
ယွီးရှောင်ရှောင်လည်း ပါးစပ်ပိတ်သွားတော့တယ်။ သူမက အရေးကြီးတဲ့ အပိုင်းတောင် မရောက်သေးဘူး၊ မောမောကို ငိုအောင် ပြောမိသွားပြီလေ။ တစ်ကိုယ်တည်းသမားတွေရဲ့ နာကျင်မှုကို တကယ်တော့ သူမ အရမ်းနားလည်ပါတယ်။ ကိုယ်ချင်းစာတယ်ပေါ့လေ။ သူမလည်း ဆယ်နှစ်လောက် တစ်ကိုယ်တည်းသမား ဘဝနဲ့ နေလာခဲ့တာကိုး။ ဝမ်မောမောကို လက်ကိုင်ပဝါလေး တိတ်တိတ်လေး ကမ်းပေးလိုက်ရင်း ယွီးရှောင်ရှောင်က သူမရဲ့ ဘဝရည်မှန်းချက်တစ်ခု ထပ်တိုးလိုက်တယ်။ ရက်စက်တဲ့ဘုရင်မလမ်းစဉ်ကို မလိုက်ဘူးဆိုတဲ့ ရည်မှန်းချက်အပြင် ဝမ်မောမော တစ်ကိုယ်တည်းသမားဘဝကနေ လွတ်မြောက်အောင် ကူညီပေးတော့မယ်
"မင်းသမီး" ယွီးရှောင်ရှောင်က သူမကိုယ်သူမ အဲဒီဘဝရည်မှန်းချက် အသစ်လေး ထပ်ထည့်လိုက်တဲ့အချိန်မှာပဲ အခန်းပြင်ကနေ ကုအိမ်တော်က အိမ်တော်ထိန်းရဲ့ အသံထွက်လာတယ်။
"ဘာကိစ္စရှိလို့လဲ" ယွီးရှောင်ရှောင်က မေးလိုက်လေရဲ့။
ရှောင်ဝေက တံခါးဆီသွားပြီး ဖွင့်ပေးလိုက်တယ်။
ကုအိမ်တော်ရဲ့ အိမ်တော်ထိန်းက အခန်းထဲမဝင်ဘဲ အပြင်ကနေရပ်ရင်း ယွီးရှောင်ရှောင်ကို လျှောက်တင်တယ်။
"မင်းသမီး၊ အကြီးဆုံးသခင်လေးက မင်းသမီးကို စကားပါးခိုင်းလိုက်လို့ပါ။ သူနဲ့ စစ်သူကြီးက အရှင်မင်းကြီးကို ကျေးဇူးတင်စကား လျှောက်တင်ဖို့ နန်းတော်ထဲ သွားရမှာမို့ အပြန်နည်းနည်း နောက်ကျလိမ့်မယ်တဲ့"
"အိုကေ၊ ငါ သိပြီ…အစ်ကိုကြီးကို ပြောလိုက်၊ ငါ ဝက်ခေါင်း..."
"မင်းသမီး သိပါပြီ၊ ပြန်လို့ရပါပြီ" ဝမ်မောမောက သူမရဲ့ မင်းသမီးထက် ငါးဆလောက် မြန်တဲ့ စကားပြောနှုန်းနဲ့ အိမ်တော်ထိန်းကို လှမ်းပြောလိုက်တာလေ။
အိမ်တော်ထိန်းခမျာ ဝမ်မောမောကြောင့် လန့်သွားပြီး ယွီးရှောင်ရှောင်ကို ခိုးကြည့်လိုက်မိတယ်။ အစေခံတစ်ယောက်အနေနဲ့ မင်းသမီး စကားပြောနေတာကို ဒီလိုဖြတ်ပြောတာ တကယ်ပဲ ပြဿနာမရှိဘူးလားပေါ့။
ယွီးရှောင်ရှောင်က အိမ်တော်ထိန်းကို အားနာတဲ့ဟန်နဲ့ ပခုံးတွန့်ပြလိုက်မိတယ်။ ဝမ်မောမောကို တစ်ကိုယ်တည်းသမားဘဝကနေ ကယ်တင်ဖို့ကိစ္စက အချိန်ဆွဲနေလို့ မဖြစ်တော့ဘူးပဲ။
နာရီဝက်လောက်အကြာ နန်းတော်ထဲမှာတော့ ချွေ့ယွီခမျာ ခြေဒရွတ်ဆွဲပြီး ချူချင်းနန်းဆောင်ထဲ ဝင်လာတယ်။ ဧကရာဇ်ရဲ့ အမိန့်နဲ့ အပြစ်ပေးဌာနမှာ အပြစ်ပေးခံရပြီးတဲ့နောက် ချွေ့ယွီရဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ပဲ။ လက်တွေယောင်ပြီး ခြေထောက်လည်း နာနေတယ်။ ဒါပေမဲ့ မိဖုရားကျောင်းက အိပ်ရာထဲ လဲနေတော့ သူမကိုယ်တိုင် အိပ်ရာထဲလဲပြီး နားနေဖို့ မဝံ့ရဲဘဲ နေ့တိုင်း အတင်းအားတင်းပြီး မိဖုရားကျောင်းကို ပြုစုပေးနေရတာပေါ့။
အိပ်ရာပေါ်မှာ လဲနေတဲ့ မိဖုရားကျောင်းတစ်ယောက် ခြေသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ချွေ့ယွီ အိပ်ရာရှေ့မှာ ရပ်နေတာကို မြင်လိုက်ရလေတယ်။ သူမက မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်မိလေရဲ့။
ချွေ့ယွီက ငိုမလိုမျက်နှာနဲ့ မိဖုရားကျောင်းကို လေသံတိုးတိုးလေး ပြောရှာတယ်။
"မိဖုရား... အရှင်မင်းကြီး နန်းတော်ထဲ ပြန်ရောက်ကတည်းက မင်းဆရာတော်နဲ့ အတူ စာကြည့်ဆောင်မှာ စစ်တုရင်ကစားနေပါတယ်။ ကျင်းကုန်းကုန်းက အရှင်မင်းကြီး အခု ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူးလို့ ပြောပါတယ်"
"ဒါဆို မင်း အရှင်မင်းကြီးကို မတွေ့ခဲ့ရဘူးပေါ့" မိဖုရားကျောင်းက ချွေ့ယွီကို ဆက်မကြည့်တော့ဘဲ အမိုးကို မော့ကြည့်ရင်း အေးစက်စက် လေသံနဲ့ မေးလိုက်တော့တယ်။
"မိဖုရား၊ ကျင်းကုန်းကုန်းက ကျွန်မကို နောက်တစ်နာရီကြာမှ ပြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်" လို့ ချွေ့ယွီက ပြန်ဖြေတယ်။
မိဖုရားကျောင်း ဘာမှဆက်မပြောတော့ဘူး။ သူမသာ ဒီလို ဆက်ပြီး မျက်နှာသာအပေးမခံရတော့ရင် ကျင်းကျုံးဆိုတဲ့ မိန်းမစိုးက နောက်သခင်တစ်ယောက် ထပ်ရှာမှာ သေချာတယ်။ ပြည့်တန်ဆာတွေက အချစ်မရှိသလို ဇာတ်သမားတွေကလည်း သစ္စာမရှိဘူးလို့ ဆိုကြပေမဲ့ တကယ်တော့ မိန်းမစိုးတွေကလည်း အဲဒီနှစ်မျိုးထက် ပိုမကောင်းပါဘူး။
ချွေ့ယွီက ခဏလောက် တွေဝေသွားပြီးမှ ဆိုလာတယ်။ "မိဖုရား၊ အရှင်မင်းကြီးက အမိန့်စာထုတ်ပြီး ကုချန်နဲ့ သမက်တော်ရဲ့ အစ်ကိုနှစ်ယောက်ကို နဂိုရာထူး ပြန်ပေးလိုက်တယ်လို့ ကြားရပါတယ်"
ဒီကိစ္စကို မိဖုရားကျောင်းလည်း ကျောင်းချိုးမင်ဆီကနေ ကြားပြီးပြီလေ။ ဧကရာဇ်က အဲဒီလောက်ထိ မေ့တတ်တဲ့သူဖြစ်ပေမဲ့ ကုမိသားစုကိစ္စမှာတော့ မှတ်ဉာဏ်ကောင်းနေတာပဲ။
"ဒါက ယွီးလင်းလုံရဲ့ စွမ်းဆောင်ရည်ပဲ" မိဖုရားကျောင်းက အေးစက်စက်နဲ့ ပြောလိုက်လေတယ်။
"ကုချန်က သူ့မြေးနှစ်ယောက်ကိုခေါ်ပြီး နန်းတော်ထဲ ကျေးဇူးတင်စကား လာလျှောက်တင်ကြပြီလား"
"မလာသေးပါဘူး"
မိဖုရားကျောင်းက သူမရဲ့ ပြားချပ်နေတဲ့ ဝမ်းဗိုက်လေးကို လက်နဲ့ ညင်သာစွာ ပွတ်သပ်လိုက်ရင်း ရင်ထဲမှာ နာကျင်သွားရတယ်။ ယွီးလင်းလုံဆိုတဲ့ အောက်တန်းစားမက သူမကို မျက်နှာသာအပေးမခံရအောင် လုပ်ခဲ့ရုံတင်မကဘူး၊ သူမကို ဒီဘဝမှာ နောက်ထပ် ကလေးမရနိုင်အောင်ပါ လုပ်ခဲ့တာ။ သူမက ငရဲကျနေရပြီဆိုတော့၊ ဒီအောက်တန်းစားမကို ဘယ်လိုလုပ် အကောင်းတိုင်း ထားနိုင်မှာတဲ့လဲ။
"မင်း ကျင်းကျုံးဆီ သွားပြောလိုက်" မိဖုရားကျောင်းက ချွေ့ယွီကို အမိန့်ပေးလေတယ်။
"ကုမိသားစု မြေးအဘိုးတွေ ကျေးဇူးတင်စကား လာလျှောက်တင်တဲ့အခါ၊ ကုရှင်းယန် ဘယ်ရောက်သွားလဲဆိုတာ ကုချန်ကို မေးခိုင်းလိုက်"
ချွေ့ယွီ ကြောင်သွားတာပေါ့။
"မိဖုရား... ဒုတိယကုသခင်လေးက နန်းတော်ထဲ ကျေးဇူးတင်စကား လာလျှောက်တင်မှာ မဟုတ်ဘူးလား"
"မင်းက ဘာလို့ ဒီလောက် အများကြီး မေးနေရတာလဲ" မိဖုရားကျောင်းက လေသံမာမာနဲ့ ဆက်ပြောတယ်။
"ကျင်းကျုံးဆီ သွားရှာချေ။ သူက လက်မခံဘူးဆိုရင် တချို့ကိစ္စတွေ ငါမပြောပေမဲ့ မေ့သွားတာ မဟုတ်ဘူးလို့ ပြောလိုက်။ ဘယ်သူမဆို လဲကျတဲ့အချိန်ဆိုတာ ရှိတတ်တယ်၊ ငါ့စကားကို သေချာ စဉ်းစားကြည့်ပါဦးလို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ" ချွေ့ယွီက ဆက်မမေးရဲတော့ဘဲ စာကြည့်ဆောင်ဖက် ပြန်လာခဲ့လိုက်ရတော့တယ်။
…