← Chapters

ကျွန်တော် နေ့ဝက်ပဲ စောင့်မယ်

Vol. 14 Ch. 208

ကျွန်တော် နေ့ဝက်ပဲ စောင့်မယ်

Vol. 14 Ch. 208

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပါမောက္ခယုနှင့် အခြားဆရာဝန်များကလည်း သူတို့နောက်သို့ ပြေးလိုက်လေသည်။

လေပူလက္ခဏာ တုပ်ကွေး မိနေသော လူနာများအား ရောဂါက အလွန် ကူးစက်လွယ်သဖြင့် သီးသန့်ခွဲ ထားလေသည်။ သူတို့အား သီးသန့် ဧရိယာတွင် နေရာချထားသည်။ လေပူလက္ခဏာ တုပ်ကွေး ကူးစက်သော မည်သူ့ကိုမဆို ဆေးရုံ၏ သီးသန့်ဧရိယာသို့ ပို့ဆောင်ကြသည်။

မြို့တော် ဆေးရုံသည် အလွန် ကြီးမား၏။ ပါမောက္ခကျန်းနှင့် စင်္ကြံလမ်းတစ်လျှောက် လျှောက်လာပြီးနောက် အရှေ့ ခပ်လှမ်းလှမ်းမှ ငိုသံသဲ့သဲ့ကို ကြားလာရသည်။ တစ်ချို့အသံက ကလေးများထံမှ ဖြစ်ပြီး လူကြီးများလည်း ငိုနေကြသည်။

“အရှေ့လေးမှာပါ”

ပါမောက္ခကျန်း သက်ပြင်းချမိသည်။ သူ့မျက်နှာတွင် ကရုဏာသက်ဟန် ပေါ်လာသည်။

ရှေ့သို့ လျှောက်လာပြီးနောက် ရဲ့လင်းချန် အနည်းငယ် အံ့အားသင့်သွားသည်။

သူတို့အရှေ့တွင် ကြီးမားသော အခန်းကျယ်ကြီး ရှိခဲ့သော်လည်း ယခုအခါတွင် လူတို့ဖြင့် ပြည့်နှက်နေ၏။ တော်တော်များများက မျက်လုံးများ နီနေပြီး အခြားသူများက ငိုကြွေးနေကြသည်။

ခပ်လှမ်းလှမ်းတွင် နံရံများကို မှန်ဖြင့် တည်ဆောက်ထားသည့် အဆောက်အဦး တစ်ခု ရှိသည်။ အဆောက်အဦးထဲ၌ ကလေးများနှင့် လူကြီးတစ်ချို့အား မြင်နေရသည်။ သူတို့က ထိုနေရာ၌ ရပ်၍ သူတို့၏ ချစ်ရသူများကို လှမ်းကြည့်နေကြသည်။

ကလေးငယ်များသည် အလွန် မျက်နှာဖြူရော်နေပြီး အပြင်သို့ လှမ်းကြည့်၍ အဆက်မပြတ် ငိုနေလေသည်။

“အဲ့အဆောက်အဦးက သီးသန့်ခွဲထားရမယ့် လူနာတွေကို ထားတဲ့နေရာလေ”

ပါမောက္ခယုက ပြောပြီး ထိုနေရာကို မကြည့်ရက် ဖြစ်နေသည်။

“ငါတို့ ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့နေတယ်”

လေပူလက္ခဏာ တုပ်ကွေးသည် အလွန် ကူးစက်လွယ်သည်။ လူတစ်ယောက်တွင် ရောဂါပိုး တွေ့သည်နှင့် သူတို့ကို အပြင်ထွက်ရန် တားမြစ်ထားသည်။ ရောဂါကို ထိန်းချုပ်နိုင်သည့် အခါတွင်မှသာ တိုင်းတာမှုများကို ပြုလုပ်နိုင်ပေသည်။ သူတို့ကို အပြင်လောက၌ သွားလာခွင့် ပေးထားခြင်းက အခြေအနေကို ပို၍ ဆိုးစေနိုင်ပြီး နောက်ထပ် လူများစွာကို ကူးစက်နိုင်ပေသည်။

ရဲ့လင်းချန်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“အဲ့မှန်ချပ်က လူနာတွေနဲ့ သူတို့ဆီ လာလည်တဲ့ မိသားစုဝင်တွေအတွက်လေ၊ ကလေးတော်တော်များများက အဖျားတက်ပြီး အထဲမှာ လှဲနေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး၊ ငါတို့ အချိန်မှန်မှန် ဆရာဝန်တွေနဲ့ သူနာပြုတွေ လွှတ်ပြီး ကုသပြီး စောင့်ရှောက်ခိုင်းတယ်”

ပါမောက္ခကျန်းက ရဲ့လင်းချန်နှင့်အတူ လျှောက်နေသည်။

ပါမောက္ခကျန်း လာနေသည်ကို မြင်သောအခါ လူတိုင်းက ထက်သန်လှသော မျှော်လင့်ချက်တို့ဖြင့် အနားသို့ ပြေးလာသည်။

“ပါမောက္ခကျန်း ကုသနည်း ရှိပြီလား”

“ပါမောက္ခကျန်း ကျွန်တော့် ကလေးကို ကူညီပါဦး၊ သူက တအား ငယ်သေးတယ်၊ ကျွန်တော် ဒူးထောက်ပြီး တောင်းပန်ပါ့မယ်”

“ပါမောက္ခကျန်း ဒီရောဂါကို ကုသဖို့ ပိုက်ဆံ ဘယ်လောက် ကုန်မလဲ၊ ကျုပ်တို့မှာ ပိုက်ဆံ ရှိတယ်၊ ငွေရေးကြေးရေးက ပြဿနာ မဟုတ်ဘူး”

“ပါမောက္ခကျန်း ကျွန်မကလေးကို အပြင်ထုတ်ပေးပါ၊ ကျွန်မတို့ သူ့ကို ဆက်မကုတော့ဘူး၊ ကျွန်မ သူ့ကို ဖက်ထားချင်လို့်ပါ၊ သူ့ကို အပြင်လူတွေကို မထိမိစေရပါဘူးလို့ ကျွန်မ ကတိပေးပါတယ်”

….

သူတို့ ငိုရလွန်း၍ အသံပင် ပြာအက်နေပြီး အားလုံး နောက်ဆုံးသော မျှော်လင့်ချက်ကို ဖမ်းဆုပ်ချင်နေကြသည်။

ရုတ်တရက် ပါမောက္ခကျန်း၏ မျက်လုံးများ နီရဲလာသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ငါတို့ အလားအလာရှိတဲ့ ကုသမှုတစ်ခု တွေ့ထားတယ်၊ ငါ့ဘေးက နတ်ဆေးဆရာက လေပူလက္ခဏာ တုပ်ကွေးကို ကုသနိုင်တယ်”

ထိုအခိုက်တွင် အားလုံး၏ အကြည့်များက ရဲ့လင်းချန်ပေါ် ကျရောက်လာပြီး သူတို့အားလုံး အသက်ရှူရန်ပင် မေ့သွားသည့်ပုံပင်။

*ကုသနိုင်တာလား*

သူတို့ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ သူတို့ တစ်ခုခု ပြောမိလျင် အိပ်မက်ထဲက နိုးသွားမည်ကိုပင် ကြောက်နေကြလေသည်။

“ကုသမှု ခံယူချင်တဲ့သူတွေက ကိုယ့်ကလေးကို အဲ့ကုသခန်းထဲ ခေါ်လာလို့ ရတယ်”

ပါမောက္ခကျန်းက ဆက်ပြောပြီး မလှမ်းမကမ်းမှ အခန်းကို လက်ညှိုးထိုးပြသည်။

သို့သော် မည်သူမျှ စကားမပြောသေးခင်မှာပင် ပါမောက္ခယုတို့ အဖွဲ့က အပြေးရောက်လာပြီး သူတို့မျက်နှာများက ရှုံ့မဲ့နေကြသည်။

“ဒီလူက ငါတို့ဆေးရုံက ဆရာဝန် မဟုတ်ဘူး၊ သူ့ကုသမှုက သူနဲ့ ပါမောက္ခကျန်းနဲ့ပဲ ဆိုင်တယ်၊ ငါတို့ ဆေးရုံနဲ့ ဘာမှ မပတ်သက်ဘူး”

အေးစက်သော ထိုစကားများက လူတိုင်းကို ပင့်သက်ရှိုက်မိသွားစေသည်။

*ဒါ ဘာသဘောလဲ*

ပါမောက္ခယုက ရှေ့သို့ နှစ်လှမ်းတိုးလာသည်။

“လက်ရှိ ငါတို့ဆေးရုံရဲ့ နည်းပညာအရဆို လေပူလက္ခဏာ တုပ်ကွေးအတွက် ကုသဆေးကို ငါတို့ ရှာမတွေ့သေးဘူး၊ တစ်ကမ္ဘာလုံးမှာ ကုသဆေး မရှိဘူး”

သူ့စကားက အားလုံးကို စိတ်လေးသွားစေပြီး မျက်နှာတွင် ဆောက်တည်ရာမရဟန်များ ပေါ်လာစေသည်။

တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ပါမောက္ခယုက ပါမောက္ခကျန်းနှင့် ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီနတ်ဆေးဆရာက ကုလို့ရတယ်လို့ ပြောတဲ့အတွက် မင်းတို့ ကုသမှု ခံယူတာကို ငါ မတားဘူး၊ ဒါပေမဲ့ တစ်ခုခု ဖြစ်ခဲ့ရင် ငါတို့ဆေးရုံက တာဝန်ယူမှာ မဟုတ်ဘူး၊ နတ်ဆေးဆရာဆိုတဲ့လူက ဘာဆေးပညာ လက်မှတ်မှ မရှိဘူး၊ ဆိုတော့ မင်းတို့အားလုံး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါ”

ထိုစကားက ရဲ့လင်းချန်ကို လူလိမ်ဟု မပြောရုံတမယ် သဘောသို့ သက်ရောက်နေ၏။

သို့ရာတွင် သူ ပြောသော စကားက အမှန်ပင်။ သူက လူတိုင်းကို အမှန်တရားအား သိစေရန် ပြောပြခြင်းသာ။

ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးက ရဲ့လင်းချန်ကို ငြိမ်၍ ကြည့်နေကာ တုံ့ဆိုင်းနေ၏။

ရဲ့လင်းချန်က လူအုပ်ကို ကြည့်လိုက်ပြီးနောက် ပါမောက္ခယုအား တစ်ချက် ကြည့်လိုက်သည်။ သူ ခေါင်းခါလိုက်မိပြီး စိတ်ထဲ၌ အောင့်သက်သက် ဖြစ်သလို ခံစားလိုက်ရသည်။

သူ့မျက်လုံးများက တည်ငြိမ်နေပြီး ဆရာဝန်အိုကြီး လေးယောက်အား အေးအေးလူလူ ပြန်မေးခွန်း ထုတ်လိုက်သည်။

“ကျွန်တော့်မှာ ခင်ဗျားတို့ကို မေးစရာ ရှိတယ်၊ ကျွန်တော်က လူလိမ်ဆိုရင်တောင်မှ လိမ်လို့ရှိရင် ကျွန်တော် ဘာရမှာမို့လို့လဲ”

သူ့အမေးက အားလုံးကို မသိမသာ အံ့ဩသွားစေသည်။ ဆရာဝန်အိုကြီး လေးယောက်က အချင်းချင်း ပြန်ကြည့်လိုက်မိပြီး မျက်မှောင်ကြုတ်လာသည်။

ရဲ့လင်းချန်စကားက မှန်ပေသည်။ ဘာများ ရနိုင်မှာမို့လို့လဲ။

ယေဘုယျအားဖြင့် လူလိမ်တစ်ယောက်၏ စိတ်ထဲတွင် ပိုက်ဆံသာ ရှိသည်။ သို့ရာတွင် ရဲ့လင်းချန်က ပိုက်ဆံနှင့် ပတ်သက်သော အကြောင်းအရာကို တစ်ခွန်းမှ မဟခဲ့ပေ။ အကယ်၍ သူက လူလိမ် ဖြစ်နေလျင်တောင်မှ ဆေးရုံတွင်း၌ ရှိနေသောကြောင့် ဘယ်ကိုမှ ပြေးနိုင်မည် မဟုတ်ပါ။

“ကျွန်တော် ကုနိုင်ရင်ရော ဘာကောင်းတာတွေ ဖြစ်လာမလဲ၊ တကယ်လို့ မကုနိုင်ဘူးဆိုရင် ကျွန်တော်က ပိုပြီး ဒုက္ခရောက်မှာ မဟုတ်ဘူးလား၊ ပြောကြည့်ပါ၊ ကျွန်တော် ဘာများ ကြံစည်နိုင်မှာမို့လို့လဲ”

ရဲ့လင်းချန် ဆက်မေးလိုက်သည်။

ထိုအခါ လူတိုင်း ဆွံ့အသွားကြသည်။ သူသည် သီးသန့်ခွဲထားသော နေရာမှ ဝေဒနာ ခံစားနေရသော ကလေးများကို လှမ်းကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

“နေ့ဝက်၊ ကျွန်တော် ဒီမှာ နေ့ဝက်ပဲ နေမယ်၊ တကယ်လို့ ဘယ်သူမှ မကုချင်ရင် ကျွန်တော် မလာခဲ့ဘူးလို့ သဘောထားလိုက်ပေါ့”

သူသည် လိပ်ပြာလုံစွာဖြင့် လူအများကို ကုသ၍ သူ တတ်နိုင်သည်ကို အစွမ်းကုန် လုပ်ချင်ခဲ့သည်။ သူတို့က အခွင့်အရေးကို ဆုပ်ကိုင်ထားရကောင်းမှန်း မသိလျင် သူတို့အား သည်အတိုင်း သေခွင့်ပေးရုံသာ ရှိပေတော့မည်။

သူ ပြော၍ပြီးသည်နှင့် ကုသခန်းထဲ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။ သူ မျက်လုံးမှိတ်၍ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်နေသည်။

အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း မည်သူမှ ထမလာပေ။ ငိုနေသော ကလေးငယ်များမှလွဲ၍ အလွန် တိတ်ဆိတ်နေ၏။

“မင်းတို့ ဘာတွေတွေဝေနေတာလဲ၊ ငါတို့ ဒီအခွင့်အရေးကို ဆုံးရှုံးရင် ငါတို့အားလုံးက တရုတ်နိုင်ငံတစ်ခုလုံးရဲ့ အပြစ်ရှိသူတွေ ဖြစ်ကုန်မှာနော်”

ပါမောက္ခကျန်း၏ စိုးရိမ်နေသော မျက်လုံးများက နီရဲနေသည်။ သူ ရဲ့လင်းချန်ကို ဖျောင်းဖျရန် မကြိုးစားမိပါ။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်းချန်က သူ တတ်နိုင်သည်ကို အစွမ်းကုန် လုပ်ပြီးပြီဖြစ်မှန်း သိနေသောကြောင့်ပင်။

ရဲ့လင်းချန် ဆက်ဆံခံရသကဲ့သို့ သူ ဆက်ဆံခံရလျင်လည်း သူ စိတ်တိုမိလောက်သည်။

“လေပူလက္ခဏာ တုပ်ကွေးအတွက် ကုသဆေး မရှိသေးဘူး၊ ဘာလို့ မစမ်းကြည့်ကြတာလြ”

ပါမောက္ခကျန်းက သူတို့ကို ဖျောင်းဖျရန် ကြိုးစားလေသည်။

“ဘာမျှော်လင့်ချက်မှ မရှိတဲ့အချိန်မှာ မင်းက ငါ့ကို မျှော်လင့်စေချင်တာလား”

ပါမောက္ခယုက သရော်လေသည်။

“ငါ တစ်သက်လုံး ဆေးပညာကို သင်ယူလာတာ၊ စဉ်းစားဆင်ခြင်နိုင်မှုက အခြေခံပဲ၊ ငါ ခံစားချက်တွေ လွှမ်းမိုးတာ ခံပြီး လူလိမ်တစ်ယောက်ရဲ့ အခွင့်ကောင်းယူတာကို ခံမှာ မဟုတ်ဘူး”

“မင်းက တော်တော် စာအုပ်ကြီးဆန်လွန်းတယ်”

ပါမောက္ခကျန်းက မနေနိုင်ဘဲ ကြိမ်းမောင်းတော့သည်။

ပါမောက္ခယုက ငြိမ်သွားပြီး သီးသန့်ခွဲထားသည့် ဧရိယာသို့ လျှောက်သွားလေသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က မှန်ကို မှီထားပြီး သူ့အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။

ကလေး၏ လက်တွင် ဆေးသွင်းထားလျက် ရှိပြိး မျက်နှာလေးက နွမ်းနေကာ အချိန်မရွေး သတိလစ် တော့မည့်ပုံပင်။

“ဘိုးဘိုး သား ဘယ်တော့ အပြင်ထွက်လို့ရမလဲ”

“မကြာခင်ပေါ့၊ ဘိုးဘိုးက ငါ့မြေးရဲ့ ရောဂါကို ကုသနိုင်မယ့် နည်းလမ်းကို စဉ်းစားနိုင်မှာပါ”

ပါမောက္ခယုက စကားပြောနေချိန်တွင် အနည်းငယ် ထစ်မတတ် ဖြစ်သွားလေသည်။

“ဘိုးဘိုး အဖြေရှာနိုင်မယ်ဆိုတာ သား သိတယ်၊ ဒီမှာ ကလေးတွေ အများကြီး ငိုနေတာ၊ ဒါပေမဲ့ မငိုတာ သား တစ်ယောက်ပဲ ရှိတယ်၊ သားက အမြဲတမ်း သူတို့ကို နှစ်သိမ့်ပေးနေတာ၊ ငါ့ဘိုးဘိုးက ငါတို့ကို ကယ်မှာလို့ သူတို့ကို ပြောထားတာ”

ကောင်လေး၏ အသံတွင် ဂုဏ်ယူဟန်တို့ ပြည့်နေ၏။

“အင်း … ဘိုးဘိုးကို စောင့်နေနော်”

ပါမောက္ခယုက ခပ်သွက်သွက် တစ်ဖက်လှည့်လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်စကို သုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် မိဘတိုင်းက မှန်မှတစ်ဆင့် သူတို့ ကလေးများကို ကြည့်နေကြသည်။ မှန်ပါးပါးလေးသာ ဖြစ်သော်လည်း ကမ္ဘာနှစ်ခု ခြားနေသလို ခံစားနေရသည်။ သူတို့က အလွန် နီးကပ်နေသော်လည်း ကမ္ဘာခြား နေသလိုပင်။ ယင်းကို ပြောင်းလဲနိုင်သည့်အရာ မရှိချေ။

သူတို့သည် တွေဝေနေသော မျက်လုံးများဖြင့် ကုသခန်းသို့ မကြာခဏ လှမ်းကြည့်ကြသည်။

All Chapters