← Chapters

အရှင်လတ်လတ် မြင်တွေ့ရသော နတ်ဆေးဆရာ

Vol. 14 Ch. 209

အရှင်လတ်လတ် မြင်တွေ့ရသော နတ်ဆေးဆရာ

Vol. 14 Ch. 209

“ရောင်းရင်းကျန်း မင်း တကယ် အဲ့ကောင်လေးပေါ်မှာ ယုံကြည်ချက် ရှိတာလား”

ပါမောက္ခချန် မနေနိုင်ဘဲ မေးလိုက်သည်။

ပါမောက္ခကျန်းက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလေသည်။

“တကယ်လို့ သူ အရာအားလုံးကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရင် လေပူလက္ခဏာ တုပ်ကွေးကို ရင်ဆိုင်ဖို့ ပိုခက်သွားမယ်၊ အဲ့လိုသာ ဖြစ်သွားရင် ဒီရောဂါကြောင့် လူဘယ်လောက်များများ သေမလဲ ငါ မတွေးတတ်ဘူး”

“လေပူလက္ခဏာ တုပ်ကွေးက ခန့်မှန်းမရနိုင်တဲ့ ရောဂါပဲ၊ ဘယ်သူမှ သေချာပေါက် မကုနိုင်ဘူး၊ ငါလည်း ဘာပဲဖြစ်ဖြစ် မယုံဘူး”

သူတို့အပြင် လူနာများ၏ မိသားစုဝင်များလည်း ရှေ့တိုးရန် ချီတုံချတုံဖြစ်သလို ခံစားနေရသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီး နေ့လယ်သို့ ရောက်လာလေသည်။ ပါမောက္ခကျန်း၏ နဖူးတွင် ချွေးများ စို့နေ’။ အခြေအနေက ဤမျှ အရေးကြီးသောအချိန်သို့ ရောက်နေပြီဖြစ်သော်လည်း မည်သူမှ ကုသမှုအတွက် ရှေ့တိုးချင်သူ မရှိသေးပေ။

“လဲ့လဲ့၊ လဲ့လဲ့”

ထိုစဉ် လူအုပ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ စုံတွဲတစ်တွဲ၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းလာပြီး သီးသန့်ခွဲထားသော ဧရိယာမှ ကလေးတစ်ယောက်ကို အော်ဟစ်ခေါ်ဆိုနေကြသည်။

ကလေးမလေး၏ ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူမမျက်လုံးများက မှေးလာပြီး မြေကြီးပေါ် လဲကျကာ သလိလစ်သွားလေသည်။

“လဲ့လဲ့”

ကလေး၏ မိခင်က မျက်ရည်လည်ရွဲ ဖြစ်နေလေပြီ။ သူမက မှန်ကို တဒုန်းဒုန်းထု၍ ကူကယ်ရာမဲ့စွာ ငိုယိုနေသည်။

“ဆရာဝန်တွေ ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို ကယ်ပေးပါ”

သူမ ဘေးဘီကို ဝေ့ကြည့်ပြီးနောက် ပါမောက္ခကျန်းနှင့် အခြားသူများကို မြင်သွားပြီး အနားသို့ ချက်ချင်း ပြေးလာသည်။ သူမက ကြမ်းပြင်ပေါ် ဒူးထောက်၍ နဖူးတိုက်ကာ တောင်းပန်လေသည်။

“ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး သမီးကို ကယ်ပေးပါ”

ပါမောက္ခကျန်းတို့သည် ခါးသီး၍ ကူကယ်ရာမဲ့သော အမူအရာမျိုး ဖြစ်သွားကြသည်။

ထိုကလေးမလေး၏ လက္ခဏာသည် လေပူလက္ခဏာ တုပ်ကွေး၏ နောက်ဆုံးအဆင့် လက္ခဏာ ဖြစ်သည်။ ဗိုင်းရပ်စ်က သူမသွေးထဲထိ ဝင်ရောက်သွားပြီး ကိုယ်ခံအားစနစ်အား ချိုးဖျက်နေလေပြီ။ ထိုလက္ခဏာ ပြလာသည်နှင့် အဖျားအပူချိန်က တစ်ဟုန်ထိုး မြင့်တက်လာပေမည်။ သူမအတွက် အသက်ရှင်ရန် အချိန် သိပ်မကျန်တော့ချေ။

ဆရာဝန်များသည် ဤကလေးမလေး၏ လက္ခဏာအဆင့် မဆိုထားနှင့် လေပူလက္ခဏာ တုပ်ကွေး၏ သာမန်အဆင့်ကိုပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေလေပြီ။

“ဘိုးဘိုး လဲ့လဲ့ကို ကယ်ပေးပါဦး၊ သူက သားရဲ့ သူငယ်ချင်းကောင်းပါ”

ပါမောက္ခယု၏ မြေးဖြစ်သူက သူ့အဘိုးကို ခပ်ကျယ်ကျယ် ပြောလေသည်။ သူ၏ ငယ်ရွယ်၍ ဖြူစင်သော အသံတွင် ခံစားချက်တို့ ပြည့်နှက်နေ၏။ သို့သော် ပါမောက္ခယုက ငြိမ်နေသည်။

“ဘိုးဘိုး ကျွန်တော့်ကို လိမ်နေခဲ့တာလား၊ ဘိုးဘိုးက ကျွန်တော့်ရောဂါကို လုံးဝ မကုနိုင်ဘူးပဲ”

ပါမောက္ခယု၏ မြေးဖြစ်သူက ချက်ချင်း အခြေအနေကို သတိထားမိသွားသည်။ သူ့မျက်နှာလေးက ရုတ်တရက် ဖြူရော်လာပြီး မျက်ရည်များ စီးကျလာသည်။

ကောင်လေးသည် အချိန် အတော်ကြာစဉ်ကတည်းက ခန့်မှန်းမိသော်လည်း လက်မခံချင်ခဲ့ခြင်းသာ။

“ကလေးကို အပြင်ထုတ်လာခဲ့”

ပါမောက္ခကျန်း သက်ပြင်းချလိုက်သည်။ သူသည် ကလေးမလေး၏ မိဘများအား သူမ၏ နောက်ဆုံးအချိန်၌ အတူတူ ရှိနေစေချင်လေသည်။

လဲ့လဲ့အား ဆေးဝန်ထမ်းများက အပြင်ထုတ်လာသောအခါ သူမတစ်ကိုယ်လုံးက အလွန်အမင်း ပူလောင်နေပြီး အလွန် အားနည်းနေသည်။

“ခုနက နတ်ဆေးဆရာက သူ ကုနိုင်တယ်လို့ ပြောခဲ့တာ မဟုတ်လား၊ ကျုပ်တို့ သူ့ကို သမီးလေးကို ကုပေးစေချင်တယ်”

ထိုစုံတွဲသည် သူတို့ကလေးကို ကြည့်ပြီး တစ်စုံတစ်ရာကို သတိရသွားသည်။ သူတို့က ကလေးကိုချီ၍ ကုသခန်းထဲသို့ အရူးသဖွယ် ပြေးဝင်သွားပြီး နောက်ဆုံးသော ကောက်ရိုးမျှင်ကို ရလိုရငြား ကြိုးစားကြသည်။

“နတ်ဆေးဆရာ၊ ကျွန်တော်တို့ သမီးလေးကို ကယ်ပေးဖို့ တောင်းဆိုပါတယ်”

သူတို့သည် မျက်ရည်အပြည့်ဖြင့် ငိုကြွေးနေလေပြီ။ သူတို့ ဘာမှထပ်မပြောတော့ဘဲ ရဲ့လင်းချန်ရှေ့၌ ဒူးထောက်၍ အနူးအညွတ် တောင်းပန်ကြသည်။

ပါမောက္ခကျန်းနှင့် အခြားသူများလည်း အခန်းထဲ လိုက်ဝင်လာ၏။ တစ်ချိန်တည်းမှာပင် အခြားမိဘများကလည်း အထဲကို ကြည့်နေကြသည်။

“ကလေးကို ခုတင်ပေါ် တင်လိုက်”

ရဲ့လင်းချန်က ကလေးကို တစ်ချက်ကြည့်၍ တုံးတိတိ ပြောလိုက်သည်။

“ဟုတ်ကဲ့”

လင်မယားနှစ်ယောက်က ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။

ရဲ့လင်းချန်က လဲ့လဲ့၏ မျက်ခွံကို လှန်ကြည့်သည်။ သူမ မျက်ဖြူလန်နေသည်ကို တွေ့လိုက်ရသဖြင့် လုံးဝ သတိလစ်နေမှန်း ရိပ်မိသွားလေသည်။

သူ၏ အပ်ရှစ်ချောင်းကို ကုသခန်း၏ အအေးခန်းထဲ ထည့်ထားပြီးသား ဖြစ်သည်။ လက်ရှိတွင် သူ အပ်များကို ထုတ်ယူလိုက်သည်။

အပ်ရှစ်ချောင်းလုံးတွင် အအေးဓာတ်များ စိမ့်ဝင်နေ၏။

ရဲ့လင်းချန်က စိတ်တည်ငြိမ်အောင် ထိန်းထားပြီး အပ်များကို လဲ့လဲ့၏ နားထင်နှစ်ဖက်တွင် ထိုးစိုက်လိုက်သည်။

ငွေအပ်များကို လက်နှစ်ဖက်ဖြင့် ပွတ်၍ နားထင်ထဲသို့ ဖြည်းဖြည်းချင်း ထိုးသွင်းလေသည်။

သူ၏ လှုပ်ရှားမှုက နှေးကွေးပြီး အာရုံမပျက်ရဲချေ။

လဲ့လဲ့၏ ဖျားနာမှုက ရှောင်ဖေးဖေးထက် ပိုပြင်းထန်ပြီး သူမက အသက်လည်း ပိုငယ်သေးသည်။

လင်မယားနှစ်ယောက်က ရဲ့လင်းချန်ကို စိုက်ကြည့်နေပြီး နှုတ်ခမ်းကိုက်ကာ ဘာအသံမှ မထွက်ရဲချေ။

အပြင်မှလူများသည်လည်း အသက်အောင့်ထားမိသလို နှလုံးခုန်နှုန်း မြန်လာသည်။

*ဧကန္တ … ဒီနတ်ဆေးဆရာက လေပူလက္ခဏာ တုပ်ကွေးကို တကယ် ကုနိုင်တာလား”

“ကောင်းလိုက်တဲ့ အပ်စိုက်ပညာ …”

အပြင်မှလူများက အဖြစ်အပျက်ကို ကြည့်နေချိန်တွင် အထဲမှလူများက နည်းပညာကို လေ့လာနေကြသည်။ ရဲ့လင်းချန်က အပ်စိုက်ကုသခြင်းကို သုံးလိုက်သောအခါ ပါမောက္ခချန်နှင့် အခြားသူများ မျက်လုံးပြူးသွားပြီး အံ့ဩဟန် ပေါ်လာသည်။

ဤမျှ တိကျသော အပ်စိုက်ပညာက ခက်ခဲလွန်းသည်။ သူတို့ကဲ့သို့သော ဆရာဝန်များပင် သင်ယူ၍ စမ်းသပ်ရန် ကြောက်ရွံ့ကြသည်။

အပ်စိုက်ပညာသည် တရုတ်ဆေးပညာ၏ အကြီးမားဆုံး ကဏ္ဍတစ်ခု ဖြစ်ပြီး မှော်ပညာဟုပင် တင်စား နိုင်ပေသည်။

သို့သော် ၎င်း၌ ထူးချွန်ရန်က ခက်ခဲလွန်းသည်။ ယင်းသည်လည်း တရုတ်ဆေးပညာ ကျဆင်းလာရသည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်လေသည်။

အပ်စိုက်ကုသခြင်းနှင့် ပတ်သက်၍ သင်ယူစရာများက များလွန်းလှသည်။ ဖြစ်စဉ်တစ်ခုလုံး အမှားခံ၍ မရသလို စိတ်ကိုလည်း ထိန်းချုပ်ထားရသည်။ ဥပမာအားဖြင့် ကလေးမလေး၏ နားထင်သို့ အပ်စိုက်နေသည့် ရဲ့လင်းချန်ကို ပြရပေမည်။ ဤသို့သော နေရာတွင် အမှားလေး အနည်းငယ်မျှ လုပ်မိသည်နှင့် သူမအသက်ကို တစ်ခါတည်း နုတ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

သို့သော် သူသည် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နေသည်။

အတွေ့အကြုံရှိသော ဆရာဝန်များ ဖြစ်သောကြောင့် သူတို့သည် တရုတ် တိုင်းရင်းဆေးပညာကို လေ့လာဖူးသည်။ ဤသို့သော အပ်စိုက်ကုသခြင်း စွမ်းရည်ကြောင့် သူတို့ အံ့ဩကာ ထိတ်လန့်နေသည်။ ဤသို့သော ပညာကို မည်သည့် သာမန်လူမဆို တတ်မြောက်ရန် မဖြစ်နိုင်ချေ။

ထိုစဉ် ရဲ့လင်းချန်က တတိယမြောက် အပ်ကို ထိုးစိုက်လိုက်သည်။ သူ ထိုးစိုက်လိုက်သည့် နေရာက လဲ့လဲ့၏ နှလုံးနေရာပင်။

ကျန်နေသော လေးချောင်းအား လဲ့လဲ့၏ ခြေဖဝါးတွင် ထိုးစိုက်လိုက်သည်။

ပထမ အပ်နှစ်ချောင်းသည် သူမဦးခေါင်းကို ကာကွယ်ပြီး အဖျားအား လျှော့ချရန် ဖြစ်သည်။ တတိယမြောက် အပ်သည် သူမအသက်ကို ကာကွယ်ရန် ဖြစ်ပြီး ကျန်လေးချောင်းက လေပူလက္ခဏာ တုပ်ကွေးအား ခုခံရန် ဖြစ်သည်။

ရိုးရှင်းသည်ဟု ထင်ရသော်လည်း ယင်းက လူတိုင်း လုပ်နိုင်သော အရာ မဟုတ်ပေ။ အပ်ရှစ်ချောင်းကို ထိုးစိုက်ခြင်းက နာရီဝက် ကြာမြင့်ပြီး ရဲ့လင်းချန် ပင်ပန်းသလို ခံစားလိုက်ရသည်။

ရဲ့လင်းချန် ရပ်သွားသည့်အခါမှသာ လင်မယားနှစ်ယောက်က စကားပြောရဲတော့သည်။ သူတို့အသံက ပြာနေပြီး အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေကာ ရဲ့လင်းချန်ကိုသာ ကြည့်နေကြသည်။

“နတ် … နတ်ဆေးဆရာ ကျွန်မတို့ ကလေး ဘယ်လိုနေလဲ”

“ကျွန်တော့်ကို ရေတစ်ခွက်‌လောက် ပေးပါ”

ရဲ့လင်းချန်က ပြန်မဖြေဘဲ ပြောလိုက်သည်။ ဘာမှထပ်မမေးဘဲ မိခင်ဖြစ်သူက ချက်ချင်း လှုပ်ရှားလေသည်။

“နတ်ဆေးဆရာ ဒီမှာ ရေရပါပြီ”

သူမ အလျင်အမြန် ပြန်ရောက်လာသည်။

“ခင်ဗျားသမီးကို ပေးလိုက်ပါ”

ရဲ့လင်းချန်က အေးအေးဆေးဆေး အမိန့်ပေးလိုက်သည်။

*ငါ့သမီးအတွက်လား*

လူတိုင်း အံ့ဩသွားသည်။ သူတို့ လဲ့လဲ့ကို ကြည့်လိုက်သောအခါ မှင်တက်သွားကြသည်။ သူတို့ ပါးစပ်ပွင့်သွားပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

ဆေးရုံခုတင်ပေါ်၌ လဲ့လဲ့၏ မျက်တောင်က ဖြည်းဖြည်းချင်း လှုပ်ခါနေပြီး ပိတ်ကျနေသော မျက်လုံးများက မပွင့်တပွင့် ဖြစ်လာသည်။ ထို့နောက် သူမက မျက်လုံးဖွင့်၍ ဘေးဘီကို ဝေ့ကြည့်လေသည်။

“မေမေ သမီး ရေအရမ်းဆာတယ်၊ သမီး ရေသောက်ချင်တယ်”

မိခင်ဖြစ်သူကို မြင်သောအခါ ကလေးမလေးက ပြုံး၍ အားနည်းစွာ ပြောလာသည်။

ထိုအခိုက်တွင် မိခင်ဖြစ်သူ၏ မျက်ရည်များက ရေကာတာ ဖွင့်ချလိုက်သကဲ့သို့ ဒလဟော စီးကျလာပြီး သူမကိုယ်သူမ ထပ်မထိန်းနိုင်တော့ချေ။ သူမ ပါးစပ်ဟ၍ စကား ပြောချင်သော်လည်း တစ်ခုခု တစ်ဆို့နေသလို ခံစားနေရသည်။

“ရေ ဒီမှာ၊ မေမေ သမီးကို တိုက်မယ်နော်”

“သူ နိုးလာပြီ၊ သူ တကယ် သတိရလာတာလား”

“နတ်ဆေးဆရာ၊ ငါတို့ကြားထဲမှာ နတ်ဆေးဆရာ ရှိနေတာပဲ”

“လေပူလက္ခဏာ တုပ်ကွေးကြောင့် သတိလစ်သွားတာနဲ့ ဘယ်သူမှ သတိရမလာခဲ့ဘူး၊ သူက ကလေးမလေးကို ကယ်လိုက်တာပဲ”

“နတ်ဆေးဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကလေးကို ကယ်ပေးပါ”

“မျှော်လင့်ချက် ရှိတယ်၊ ငါတို့ ကလေးတွေကို ကယ်နိုင်မယ့် မျှော်လင့်ချက် ရှိတယ်”

…

အပြင်မှ မိဘများ ချက်ချင်း ပျော်ရွှင်မြူးထူးသွားသည်။ အံ့ဩမှုနှင့်အတူ ငိုသံ၊ ရယ်သံများ ပေါ်လာပြီး အခြေအနေက ရုတ်တရက် ပွက်လောရိုက်လာလေသည်။

လူများစွာက အထဲကို ပြေးဝင်လာပြီး ရဲ့လင်းချန်ရှေ့၌ ဒူးထောက်ကာ လူနာများကို ကယ်ပေးရန် တောင်းပန် လေသည်။

“ဆူညံလွန်းတယ်”

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

“ကျွန်တော် လူနာတွေကို ကုသဖို့ လုံးဝ တိတ်ဆိတ်နေဖို့ လိုတယ်၊ သူတို့ကို ဝေးဝေးနေပေးဖို့ ပြောပေးပါ”

…

All Chapters