← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅)

အယ်လီရဲ့ ရေပန်းစားမှုက လွယ်လွယ်နဲ့ ကျမသွားပါဘူး။

A-tubeပေါ် တင်ထားတဲ့ ကြော်ငြာဗီဒီယိုက ကြည့်ရှုသူအကြိမ်ရေ ငါးသန်းကို ကျော်လွန်သွားခဲ့ပြီး Vesterရဲ့ ဝက်ဘ်ဆိုက်ကလည်း ထွက်လာတဲ့ ပုံတွေကို ဝင်ကြည့်ကြတဲ့သူတွေကြောင့် ဆာဗာပါ ကျသွားခဲ့တယ်။

ဓာတ်ပုံတွေထဲမှာ အယ်လီက ဆွဲဆောင်မှုအပြည့် ရှိနေပြီး သူ မော်ဒယ်လုပ်ထားတဲ့ အားကစားဝတ်စုံတွေကလည်း မုန့်လို ရောင်းထွက်ကုန်တယ်။

ဒါပေမဲ့ ဒါက ဘာမှမဟုတ်သေးပါဘူး။ အံ့ဩဖို့ကောင်းတာက Royal Fish&Chipsကြော်ငြာက ကြည့်ရှုသူအကြိမ်ရေ ဆယ်သန်းကို ကျော်သွားတာပါပဲ။

နာမည်ကြီး အိုင်ဒေါအဖွဲ့တွေရဲ့ သီချင်းဗီဒီယိုတွေတောင် အဲဒီလောက် အရေအတွက်ထိ ရောက်ဖို့ မလွယ်ပါဘူး။ ဒါက အဆင့်နိမ့် B-grade ရဲ့ အငွေ့အသက်ကို ကောင်းကောင်းကြီး ထိမိသွားလို့ ဖြစ်နိုင်ပါတယ်။

ညံ့ဖျင်းတဲ့ ရိုက်ကွင်းအပြင်အဆင်နဲ့ သီချင်း၊ ပြီးတော့ ရိုက်ကူးစဉ်တုန်းက အချိန်ပိုင်းအလုပ်သမား ဖြစ်ခဲ့တဲ့ မော်ဒယ်ရဲ့ ချစ်စရာကောင်းတဲ့ အကအလှတွေနဲ့ ကပေါက်တိကပေါက်ချာ သရုပ်ဆောင်မှုတွေ ပေါင်းစပ်ပြီး ဒီလိုရလဒ် ထွက်လာတာပေါ့။

Vesterကြော်ငြာနဲ့ ယှဉ်ရင် ကဏ္ဍတိုင်းမှာ လုံးဝကို ကွဲပြားခြားနားနေခဲ့တယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ပျင်းတဲ့အခါတိုင်း တစ်ခါတလေ ဝင်ကြည့်မိတာမလို့ ကြည့်ရှုသူအရေအတွက် တိုးအောင်လုပ်တဲ့သူတွေထဲမှာ ပါတယ်လို့ပြောလို့ရပါတယ်။

အွန်လိုင်းပေါ်က ပေါက်ကွဲထွက်သွားတဲ့ လူကြိုက်များမှုကြောင့် Royal Fish&Chipsကြော်ငြာက နောက်ဆုံးမှာ နိုင်ငံလုံးဆိုင်ရာ ရုပ်သံသတင်းတွေအထိ ပါလာပြီး နိုင်ငံခြားမီဒီယာတွေမှာပါ ဖော်ပြခြင်း ခံခဲ့ရတယ်။ အဲဒီFranchiseဆိုင်က ပိတ်သွားတာ ကြာပြီဆိုရင်တောင်မှပေါ့။

ဖျော်ဖြေရေးနဲ့ ဟာသအစီအစဉ် တော်တော်များများကပါ အဲဒီကြော်ငြာကို လိုက်တုပပြီး သရုပ်ဆောင်ကြလို့ အယ်လီခမျာ ပိုပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတယ်။ တက်ဂယူ့အပြောအရတော့ သူတစ်ပါးရဲ့ ရှက်စရာကောင်းတဲ့ အတိတ်က ကြည့်ရတာ အကောင်းဆုံး ဖျော်ဖြေမှုပဲတဲ့။

ဒါပေမဲ့ ဒီဖြစ်ရပ်က နောက်ထပ် ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ စားသောက်ကုန်လောကမှာ ငါးမုန့်ကြော်နဲ့ အာလူးကြော်ရေစီးကြောင်းက ရုတ်တရက် အုန်းအုန်းကြွပြီး ထွက်လာခဲ့တယ်။ ဒီအခွင့်အရေးကို အမိအရဖမ်းပြီး Franchiseဆိုင်အသစ်တွေက ဆိုင်ခွဲတွေ ချက်ချင်းခေါ်ယူကြသလို ဆိုင်အသေးလေးတွေလည်း မှိုလိုပေါက်လာခဲ့ကြတယ်။ တချို့ဆိုရင် 'Royal Fish&Chips' ဒါမှမဟုတ် 'Royal FiChip' ဆိုတဲ့ နာမည်တွေကိုပါ သုံးလာကြတယ်။

အယ်လီကတော့ အခုဆို လောကကြီးကို စိတ်ကုန်သွားတဲ့ ရုပ်မျိုး ဖြစ်နေခဲ့ပါပြီ။

"တကယ်တော့ ဗြိတိန်လူမျိုးတွေက ငါးမုန့်ကြော်နဲ့ အာလူးကြော်ကို အဲလောက်ကြီး မကြိုက်ကြပါဘူး"

သူတို့က ရှိနေလို့သာ စားကြတာပါ။ အရမ်းကြီး အရသာရှိလို့ စားတာမဟုတ်ဘူးလို့ ပြောပါတယ်။

"တစ်ခုခု လူကြိုက်များလာရင် အုန်းခနဲ လိုက်လုပ်ကြတာ ကိုရီးယား စားသောက်ကုန်လောကရဲ့ သဘာဝပဲလေ"

ငါးမုန့်ကြော်နဲ့ အာလူးကြော်ကလည်း အရင်က ခဏပဲ ခေတ်စားပြီး ပျောက်သွားတဲ့ ဘီယာဆိုင်သေးလေးတွေ၊ ဈေးပေါတဲ့ ဖျော်ရည်ဆိုင်တွေနဲ့ တိုင်ဝမ် ကတ်စတယ်လာကိတ်မုန့်တွေလို လမ်းစဉ်အတိုင်း သွားဖို့ ရာခိုင်နှုန်းများပါတယ်။

လအနည်းငယ်ကြာရင် အားလုံး ပြန်ပိတ်ကုန်ကြမှာ မဟုတ်လား။

တကယ်တော့ ပိုပြီး ကြီးမားတဲ့ ပြဿနာက တခြားနေရာမှာ ရှိတာပါ။ မီဒီယာတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ ပါပါရာဇီတွေက အယ်လီ့နောက်ကို တကောက်ကောက် လိုက်လာကြတော့တာပဲ။

အဲဒီထဲမှာ ကိုရီးယားက သတင်းအမှိုက်တွေတင်မကဘဲ နာမည်ကြီးတွေရဲ့ ဓာတ်ပုံကို ခိုးရိုက်ပြီး အတင်းအဖျင်းသတင်းစာတွေဆီ ရောင်းစားပြီး အသက်မွေးတဲ့ ပရော်ဖက်ရှင်နယ် ပါပါရာဇီတွေပါ ပါဝင်လာပါတယ်။

သူတို့က ဟိုတယ်အတွင်းအပြင် မခွဲခြားတော့ပါဘူး။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ Fitness Centerနဲ့ ရေကူးကန်တွေမှာပါ အမြဲတမ်း ပေါ်လာတတ်ပြီး ကင်မရာတွေကို မျက်နှာရှေ့အထိ ထိုးပြီး ရိုက်ကြတာပါ။

ဟိုတယ်က သူတို့ကို ပိတ်ပင်လိုက်တဲ့အခါ သာမန်ဧည့်သည်လို ဟန်ဆောင်ပြီး ပိုက်ဆံစုကာ အယ်လီနဲ့ တစ်ထပ်ထဲမှာပဲ အခန်းငှားပြီး နေကြတဲ့အထိပဲ။

ဒီလိုအခြေအနေမျိုးကြောင့် လေ့ကျင့်ခန်းလုပ်ဖို့၊ ရေကူးဖို့ နေနေသာသာ မနက်စာစားဖို့ ဒါမှမဟုတ် ကော်ဖီသောက်ဖို့တောင် အယ်လီ့အတွက် ခက်ခဲသွားခဲ့တယ်။

သူတို့ကို မောင်းထုတ်ဖို့ ကြိုးစားတဲ့အခါတိုင်း ပြည်သူတွေရဲ့ သိပိုင်ခွင့်ကို အကြောင်းပြကြတယ်။ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကဘဝက ပြည်သူတွေရဲ့ သိပိုင်ခွင့်နဲ့ ဘာဆိုင်လို့လဲဆိုတာ ကျွန်တော် နားမလည်နိုင်ပေမဲ့ ထိထိရောက်ရောက် ထိန်းချုပ်ဖို့ နည်းလမ်းက သိပ်မရှိဘူးဖြစ်နေပါတယ်။

အယ်လီက ခေါင်းခါလိုက်တယ်။

"ဟိုတယ် ပြောင်းရမယ် ထင်တယ်"

Golden Gateက နိုင်ငံခြားကုမ္ပဏီ ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ နိုင်ငံခြားကနေ အလုပ်ကိစ္စနဲ့ လာပြီး သီးသန့်အိမ်မစီစဉ်ရသေးတဲ့သူတွေက Golden Gate ရှယ်ယာပိုင်ဆိုင်တဲ့ ဆမ်ဆောင်ဘူတာအနီးက Grand Daytonဟိုတယ်မှာ တည်းခိုကြတာပါ။ Golden Gate ဝန်ထမ်းတွေကတော့ အဲဒီနေရာကို အဆောင်လို့ပဲ အလွတ်သဘော ခေါ်ကြပါတယ်။

အယ်လီက ကိုရီးယားကို ရောက်ကတည်းက အဲဒီမှာပဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။ အစက အစ်မ ဟျွန်းဂျူးနဲ့ ဟင်နရီတို့လည်း အဲဒီမှာပဲ တည်းခဲ့ကြတာလေ။

"ဘယ်ကို ပြောင်းမလို့လဲ"

"သေချာတော့ မသိသေးဘူး။ ယုံအင်းက Dragon Carltonဟိုတယ် ဒါမှမဟုတ် ဂျမ်ဆီက Rete Towerကို စဉ်းစားနေတယ်"

"ဒါပေမဲ့ အဲဒီနေရာတွေဆိုရင် ကုမ္ပဏီနဲ့ ဝေးသွားလိမ့်မယ်။ အလုပ်သွားအလုပ်ပြန် လုပ်ရတာ ခက်ခဲမသွားလောက်ဘူးလား"

'ပြီးတော့ ငါ့အိမ်နဲ့လည်း ဝေးသွားမှာလေ'

အယ်လီက သာမန်Golden Gateရှေ့နေနဲ့ ကြော်ငြာမော်ဒယ်ပဲ ဆိုရင် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ဒီလောက်အထိ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးလူရဲ့ ရည်းစားဆိုတဲ့ အချက်ပါ ထပ်ပေါင်းလိုက်တော့ အခုလို အခြေအနေ ဖြစ်သွားခဲ့တာပါ။ ဒါကြောင့် အယ်လီ အခုလို နှောင့်ယှက်ခံနေရတဲ့အပေါ် ကျွန်တော့်မှာလည်း တာဝန်နည်းနည်း ရှိနေပါတယ်။

ပြီးတော့ ဟိုတယ်ပြောင်းရုံနဲ့လည်း ဒီပြဿနာက လုံးဝပြေလည်သွားမှာ မဟုတ်ပါဘူး။ ဘယ်ကို ပြောင်းသွားလဲဆိုတာ ချက်ချင်း သတင်းထွက်သွားပြီး ဒီလိုပဲ ထပ်ဖြစ်ဦးမှာပါပဲ။ လုံခြုံရေး ပိုကောင်းတဲ့ ဟိုတယ်ကို ပြောင်းရင်တော့ အခြေအနေ နည်းနည်း ပိုကောင်းလာနိုင်ပေမဲ့...

"ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်"

"ဘာလဲဟင်"

ကျွန်တော်က သတိထားပြီး အကြံပြုလိုက်တယ်။

"အခြေအနေတွေ ငြိမ်သွားတဲ့အထိ ငါ့အိမ်မှာ ခဏလာနေရင် ဘယ်လိုလဲ"

ကျွန်တော့်စကားကြောင့် အယ်လီက အံ့ဩသွားပြီး မျက်လုံးအဝိုင်းသားနဲ့ ကြည့်လာတယ်။

"ကန်ဂျင်ဟူရဲ့ အိမ်မှာ ဟုတ်လား"

"အင်း။ ကုမ္ပဏီနဲ့လည်း နီးသလို အစ်မ ဟျွန်းဂျူးအိမ်နဲ့လည်း နီးတယ်။ အလုပ်သွားရတာလည်း အဆင်ပြေပြီး လူနေရပ်ကွက်ဖြစ်လို့ လုံခြုံရေးလည်း ကောင်းတယ်"

"အဲဒါတော့ ဟုတ်တယ်"

"ဒါပေမဲ့ အယ်လီ့အတွက် အဆင်မပြေဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး"

"မဟုတ်ပါဘူး... အဆင်မပြေတာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..."

အယ်လီက စကားစဖြတ်ပြီး ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့ အကြောင်းမဲ့ လိမ်နေခဲ့တယ်။

အခုတောင်မှ သူက တစ်ပတ်မှာ သုံးလေးရက်လောက် ကျွန်တော့်အိမ်မှာ လာအိပ်တတ်တာပါ။ ကျွန်တော့်အခန်းထဲမှာ သူ့ရဲ့ အလှကုန်တွေနဲ့ လဲဝတ်ရမယ့် အဝတ်အစားတွေ ရှိနေပြီးသားပဲလေ။ ဒါပေမဲ့ ခဏခဏလာပြီး အိပ်တာနဲ့ တကယ် အတူတူနေထိုင်တာကတော့ မတူဘူးပေါ့။

"တက်ဂယူကော အဆင်ပြေပါ့မလား"

"သူကတော့ ကိစ္စမရှိဘူးလို့ ပြောတယ်"

ခဏလောက် စဉ်းစားပြီးနောက် အယ်လီက သတိထားပြီး ပြောလာတယ်။

"ဒါဆို ခဏလောက်ပဲ အဲဒီလို လုပ်ကြတာပေါ့"

ကျွန်တော် ချက်ချင်း ခေါင်းညိတ်ပြလိုက်တယ်။

"အင်း... အဲဒီလို လုပ်ကြတာပေါ့။ ခဏလောက်ပေါ့"

အဲဒီ 'ခဏလောက်' ဆိုတာက ဘယ်လောက်အထိ ကြာမလဲဆိုတာ ကျွန်တော်လည်း မသိပေမဲ့ပေါ့လေ။

အယ်လီက ဟိုတယ်ကနေ သူ့ပစ္စည်းတွေကို ကျွန်တော့်အိမ်ဆီ ချက်ချင်း ရွှေ့လာခဲ့ပြီး တက်ဂယူကလည်း အိမ်မှာအတူတူနေမယ့် လူအသစ်ဖြစ်တဲ့အယ်လီကို ဝမ်းပန်းတသာ ကြိုဆိုခဲ့တယ်။

အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ တရုတ်စာဆိုင်ကနေ ပဲခေါက်ဆွဲကို မှာစားခဲ့ကြတယ်။ အိမ်ပြောင်းတဲ့နေ့မှာ ပဲခေါက်ဆွဲက မရှိမဖြစ်ပဲလေ။

ဂျပန်စတော့ဈေးကွက်နဲ့ နိုင်ငံရေးလောကမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားနေပြီး ကျွန်တော်တို့ အားလပ်ရက် ခရီးထွက်နေကြတဲ့ အချိန်အတောအတွင်းမှာလည်း ကမ္ဘာ့စီးပွားရေးကတော့ အလုပ်ရှုပ်စွာ လည်ပတ်နေခဲ့တယ်။

လက်ရှိ ကျွန်တော်တို့ရဲ့ အဓိက အာရုံစိုက်မှုက CarOS ပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ AD3 နဲ့ AD4 တို့က မီးဟုန်းဟုန်းတောက်သလို ရောင်းချနေရပါတယ်။ ထုတ်လုပ်မှုနဲ့ ပေးပို့မှုတွေ စတင်ကတည်းက ကြိုတင်မှာယူမှု အရေအတွက်က လျော့မသွားဘဲ ဆက်တိုက် တိုးပွားနေခဲ့တာပါ။

ဒါရီလ်က အပိုပစ္စည်း ထုတ်လုပ်မှု တိုးမြှင့်ဖို့ မိတ်ဖက် ပေးသွင်းသူတွေကို တိုက်တွန်းအားပေးခဲ့သလို စက်ရုံတချို့ကိုလည်း ၄ ဖွဲ့၊ ၃ ဆိုင်းစနစ် သုံးပြီး အစွမ်းကုန် လည်ပတ်စေခဲ့တယ်။

တက်ဂယူက ခေါင်းစောင်းပြီး မေးတယ်။

"၃ ဆိုင်းစနစ်ဆိုရင် ၃ ဖွဲ့ပဲ ရှိရမှာ မဟုတ်ဘူးလား"

"၃ဖွဲ့ပဲဆိုရင် ဝန်ထမ်းတွေ နားရက်မရှိ အလုပ်လုပ်ရမှာပေါ့ဟ"

အလုပ်သမားတွေက ၈ နာရီ အလုပ်ဆင်းပြီးရင် မဖြစ်မနေ ၁၆ နာရီ အနားယူရမယ့် အချိန်ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့သုံးဖွဲ့ထဲနဲ့ ၃ ဆိုင်း လည်ပတ်မယ်ဆိုရင် ၁၆ နာရီ နားပြီးတာနဲ့ အလုပ်ခွင်ထဲ ချက်ချင်း ပြန်ဝင်ရမှာပါ။ အဲ့လိုသာဆိုရင် နားရက် မရနိုင်တော့တဲ့အပြင် အလုပ်ဆိုင်း အလှည့်အပြောင်းလုပ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။

အဖွဲ့လေးဖွဲ့ ရှိမယ်ဆိုရင်တော့ တစ်ရက်မှာ သုံးဖွဲ့ အလုပ်လုပ်နေချိန်မှာ တစ်ဖွဲ့က လုံးဝ နားလို့ရပါတယ်။ ပြီးတော့ ညဆိုင်းက လူကို ပင်ပန်းစေတာကြောင့် မနက်ဆိုင်း၊ ညနေဆိုင်း၊ ညဆိုင်းဆိုပြီး သင့်တော်သလို အလှည့်ကျ ပြောင်းလဲပေးလို့လည်း ရပါတယ်။

စက်ရုံတွေ အပြည့်အဝ လည်ပတ်နေတာကိုတင် ဝမ်းသာနေလို့ မရပါဘူး။ ပြောင်းပြန်ပြောရရင် ဝယ်လိုအားကို ကျွန်တော်တို့ မှားယွင်းခန့်မှန်းခဲ့ပြီး လုံလောက်တဲ့ ထုတ်လုပ်မှုစွမ်းအားကို မပြင်ဆင်နိုင်ခဲ့ဘူးဆိုတဲ့ သဘောပါပဲ။ အစောပိုင်းကာလမှာ မှာယူမှုတွေ ပုံနေခဲ့တာကြောင့်လည်း ပါပေမဲ့ အစောပိုင်းကာလ မှာယူမှုတွေကို ထည့်တွက်ရင်တောင် ဝယ်လိုအားက အဆမတန် မြင့်မားနေခဲ့တာပါ။

CarOS ရဲ့ အရောင်းက ပေါက်ကွဲထွက်လာတာနဲ့အမျှ အရောင်းပြခန်းတွေလည်း အလုပ်ရှုပ်ကုန်ကြတယ်။

အရင်မော်ဒယ်တွေလိုပဲ AD3 နဲ့ AD4 ကို ဝက်ဘ်ဆိုက်နဲ့ အရောင်းပြခန်းတွေကတစ်ဆင့် ပြိုင်တူ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ လျှော့ဈေးမရှိတာကြောင့် ဘယ်ကဝယ်ဝယ် ဈေးနှုန်းကတော့ အတူတူပါပဲ။

အရောင်းပြခန်းတွေက အရောင်းတင်မကဘဲ အပိုပစ္စည်း လဲလှယ်တာနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေအတွက်ပါ ဗဟိုချက်အဖြစ် ဆောင်ရွက်ပေးခဲ့တယ်။

အရင်က Chrysler ကားတွေကို ရောင်းပြီး အနိုင်နိုင် ရုန်းကန်နေရတဲ့ အရောင်းပြခန်းတွေက CarOS ကြောင့် ထီပေါက်သလို ဖြစ်သွားခဲ့ကြတယ်။ ကားတွေက ရောက်လာတာနဲ့ ချက်ချင်း ရောင်းထွက်သွားတာမလို့ ပြသထားမယ့် ကား ဒါမှမဟုတ် စမ်းသပ်မောင်းနှင်မယ့် ကားကိုတောင် ရှာရခက်ခဲနေပါပြီ။

တခြားအရောင်းပြခန်းတွေဆီကလည်း စုံစမ်းမေးမြန်းမှုတွေ လှိုင်းလုံးလို ဝင်လာခဲ့တယ်။ သူတို့က CarOS အရောင်းပြခန်းအဖြစ် ပြောင်းလဲချင်ကြပြီး ကားအစီးရေ ခွဲတမ်းချပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမဲ့ ရောင်းအားက အွန်လိုင်းမှာပဲ အဓိကဖြစ်နေတာကြောင့် အရောင်းပြခန်းတွေကို လွှဲအပ်ပြီး ကော်မရှင်ခပေးဖို့ သိပ်မလိုအပ်ပါဘူး။ ဒါပေမဲ့ Chrysler ပြိုလဲလုနီးပါး ဖြစ်နေချိန်မှာတောင် သစ္စာရှိရှိ ရှိနေခဲ့တဲ့ အရောင်းပြခန်းတွေအတွက်ကတော့ တစ်မျိုးပေါ့။

ပြိုင်ဘက်တွေက CarOSရဲ့ အရောင်းအခြေအနေကို ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။ CarOSရဲ့ မော်ဒယ်အသစ်တွေ ထွက်လာတာကြောင့် မော်တော်ကားကုမ္ပဏီ အများစုရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသွားခဲ့ရတယ်။

အဲဒီထဲမှာ အထိခိုက်ဆုံး ကုမ္ပဏီကတော့...

ကျွန်တော် CarOS ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) ဖြစ်တဲ့ ဆာဂျေ ယိုဗန်နိုဗစ်ဆီကနေ အစီရင်ခံစာ တစ်စောင် ရရှိခဲ့တယ်။

[Nikola ရဲ့ ဘဏ္ဍာရေးအခြေအနေက မကောင်းဘူး။ မကြာခင် ဒေဝါလီခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်]

Nikolaက တစ်ချိန်က GM နဲ့ Ford တို့ရဲ့ ဈေးကွက်တန်ဖိုးကို ကျော်လွန်ပြီး အမေရိကန်မှာ တန်ဖိုးအကြီးဆုံး မော်တော်ကားကုမ္ပဏီ ဖြစ်ခဲ့ဖူးပါတယ်။

တစ်နှစ်ကို ကားအစီးရေ တစ်သိန်းအောက်ပဲ ရောင်းရတဲ့ Nikolaက တစ်နှစ်ကို အစီးရေ ၇ သန်း ရောင်းရတဲ့ GMရဲ့ ဈေးကွက်တန်ဖိုးကို ကျော်လွန်နိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ အနာဂတ်မော်တော်ကား ပြိုင်ပွဲမှာ သူတို့ အနိုင်ရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါ။

ပုံမှန်အားဖြင့် မော်တော်ကားကုမ္ပဏီတွေရဲ့ မဟာဗျူဟာက ဝယ်လိုအားအများဆုံးဖြစ်တဲ့ ဈေးနှုန်းသက်သာတဲ့ Sedanကားအသေးစားနဲ့ အလတ်စားတွေကို အရင်ထုတ်လုပ်ပြီး၊ အဲဒီကနေ ရလာတဲ့ အရင်းအနှီးနဲ့ နည်းပညာကို သုံးပြီးမှ အဆင့်မြင့်ဈေးကွက်ထဲကို ဝင်ရောက်ကြတာ ဖြစ်ပါတယ်။ အွန်ဆောင်း မော်တာ အပါအဝင် ကုမ္ပဏီအများစုက ဒီနည်းလမ်းနဲ့ပဲ ကြီးထွားလာခဲ့ကြတာလေ။

ဒါပေမဲ့ Nikolaရဲ့ မဟာဗျူဟာကတော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။

သူတို့က ပထမဆုံးအနေနဲ့ Roadster (Roadster - နှစ်ယောက်စီး ပြိုင်ကား) ကို အရင်မိတ်ဆက်ခဲ့ပြီး အဲဒီနောက်မှာ ဒေါ်လာ တစ်သိန်းကျော်တန် လေးယောက်စီး အဆင့်မြင့် Sedanကားကို ထုတ်လုပ်ခဲ့တယ်။ ဒီမဟာဗျူဟာက ဘတ္ထရီနဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာတွေ ပံ့ပိုးပေးထားလို့သာ ဖြစ်နိုင်ခဲ့တာပါ။

သူတို့က အဆင့်မြင့်ဈေးကွက်ကို အရင်ပစ်မှတ်ထားပြီး အမှတ်တံဆိပ်ကို လူသိများအောင် လုပ်ခဲ့သလို ထုတ်လုပ်မှုစွမ်းအားနဲ့ အရောင်းပမာဏကို တိုးမြှင့်ခဲ့ကြတယ်။ အဲဒါကို အခြေခံပြီး ဝယ်လိုအားမြင့်မားတဲ့ လူတွေအကြိုက် ကားတစ်စီးဖြစ်တဲ့ ဒေါ်လာ ၃ သောင်းဝန်းကျင်တန် မော်ဒယ် TM Sedanကားကို ထုတ်လုပ်ခဲ့တယ်။

မော်ဒယ် TM က ကြိုတင်မှာယူခအဖြစ် ဒေါ်လာ ၁,၀၀၀ ပေးရတာတောင် သောင်းနဲ့ချီတဲ့ ကြိုတင်မှာယူမှုတွေကို ရရှိခဲ့လို့ Nikolaရဲ့ မဟာဗျူဟာ အောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့တယ်။

Nikolaက မော်ဒယ် TM ကို ထုတ်လုပ်ရောင်းချရုံနဲ့တင် ပိုက်ဆံအများကြီး ရှာနိုင်တော့မယ့် အနေအထား ဖြစ်နေခဲ့တာပါ။ ကျွမ်းကျင်သူတွေကလည်း မော်ဒယ် TM ထွက်ရှိလာတာက Nikolaကို နာတာရှည် အရှုံးပေါ်နေတဲ့ အခြေအနေကနေ အမြတ်အစွန်းရတဲ့ အခြေအနေဆီ ဆွဲတင်ပေးလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ပြဿနာ နှစ်ခုက ပေါ်ထွက်လာခဲ့တယ်။

ပထမဆုံးကတော့ မဟာငလျင်ကြီး The Big Oneပါပဲ။

ရတ်စ်ဘဲဒေသမှာ စုပြုံနေတဲ့ အမေရိကန် မော်တော်ကားကုမ္ပဏီ အများစုနဲ့မတူဘဲ Nikolaရဲ့ စက်ရုံတွေက Silicon Valley အနီးမှာ တည်ရှိနေခဲ့တာပါ။ ငလျင်ကြီးကြောင့် ကယ်လီဖိုးနီးယားမှာရှိတဲ့ မော်ဒယ် TM စက်ရုံက ပြင်းထန်စွာ ပျက်စီးသွားခဲ့ရသလို နီဗာဒါက Gigaplant စက်ရုံကြီးလည်း လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရတယ်။

ဒီဘေးအန္တရာယ်က Nikola ထုတ်လုပ်မှု မြှင့်တင်နေတဲ့ အချိန်နဲ့ ကွက်တိတိုးခဲ့တာကြောင့် ထုတ်လုပ်မှုစွမ်းအားက ပြန်လည် ထိုးဆင်းသွားခဲ့ရတယ်။ ပျက်စီးသွားတဲ့ စက်ပစ္စည်းတွေအစား လူအင်အားနဲ့ ကားတွေကို လက်နဲ့ တပ်ဆင်ရတာကြောင့် ထုတ်လုပ်မှုစရိတ် ပိုမြင့်မားသွားခဲ့ရသလို ချို့ယွင်းချက်ပါနှုန်းလည်း ပိုများလာခဲ့တယ်။

ဒါက ကုမ္ပဏီတည်ထောင်ကတည်းက အကြီးမားဆုံး အကြပ်အတည်းပါပဲ။

ဒါပေမဲ့ ဒီအခြေအနေက ဒုတိယအကြပ်အတည်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးပါဘူး။

ဒုတိယအကြပ်အတည်းကတော့ CarOS ရဲ့ လျှပ်စစ်ကားတွေ ထွက်ရှိလာတာပဲ။ AD3 နဲ့ AD4 က မော်ဒယ် TM ထက် ဒေါ်လာ ၂ သောင်းကျော် ပိုဈေးကြီးပေမဲ့ အပြည့်အဝ အလိုအလျောက်မောင်းနှင်နိုင်တဲ့ နည်းပညာနဲ့ ဘတ္ထရီပမာဏ နှစ်ဆ ပိုမိုပါဝင်ပါတယ်။ အဲ့ဒီအချက်တွေက ဒေါ်လာ ၂ သောင်းကျော် ကွာဟချက်ကို လွယ်လွယ်ကူကူနဲ့ တန်ကြေးရှိစေခဲ့တာပါ။

Nikolaက မော်ဒယ် TM ကနေ အမြတ်ရှာခါနီးမှာပဲ ပိုမိုသာလွန်တဲ့ လျှပ်စစ်ကားတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ရောင်းချတဲ့ ပြိုင်ဘက်က ပေါ်ထွက်လာခဲ့တာလေ။

CarOSက Nikolaဆီ ရောက်သွားရမယ့် ဈေးကွက်ဝယ်လိုအားတွေကို သိမ်းကျုံးယူသွားခဲ့တယ်။ အမှန်တကယ်ပဲ မော်ဒယ် TM ကြိုတင်မှာယူထားသူ အများအပြားက မှာယူမှုကို ဖျက်သိမ်းပြီး AD3 နဲ့ AD4 ဘက်ကို ပြောင်းသွားခဲ့ကြတာပါ။

ချက်ချင်း အရောင်းကျဆင်းသွားတာထက် ပိုပြီး ထိခိုက်တာကတော့ ပုံရိပ်ကျဆင်းသွားတာပါပဲ။

တခြားကုမ္ပဏီတွေက Nikolaထက် လျှပ်စစ်ကား ပိုရောင်းရရင်တောင် Nikolaထက် ပိုကောင်းတဲ့ လျှပ်စစ်ကားကိုတော့ မထုတ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် Nikolaကားကို မောင်းနှင်တာက ခေတ်မီပြီး အဆင့်အတန်းရှိခြင်းရဲ့ ပြယုဂ် ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုတော့ အဆင့်မြင့်ဆုံး အနာဂတ်မော်တော်ကားရဲ့ ပုံရိပ်က CarOS ဆီ ရောက်သွားခဲ့ပြီဖြစ်လို့ ဘယ်သူကမှ Nikolaကားကို အရင်လို အားကျတဲ့ မျက်လုံးတွေနဲ့ မကြည့်ကြတော့ပါဘူး။

တစ်ချိန်က ထိပ်ဆုံးမှာ ရှိခဲ့တဲ့ Nikolaက သာမန်လျှပ်စစ်ကား အမှတ်တံဆိပ်တစ်ခုမျှသာ ဖြစ်သွားခဲ့ရတယ်။

စီအီးအို အယ်လန် အဲဗာဟတ်က ဒေါသတကြီး အော်ဟစ်ခဲ့တယ်။

"CarOSက ငါတို့ ၁၅ နှစ်လုံးလုံး ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့တဲ့ ဈေးကွက်ကို ခိုးယူသွားခဲ့ပြီ"

အမှန်ပါပဲ။ Nikolaက လျှပ်စစ်ကား အခြေခံအုတ်မြစ်ကို ချဲ့ထွင်ဖို့ ကြိုးစားခဲ့ပြီး လျှပ်စစ်ကားတွေ ခေတ်စားလာအောင် လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ သူတို့က ရှေ့ဆောင်လမ်းပြတွေ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။

ဒါပေမဲ့ ဈေးကွက်ကို အရင်ဖွင့်တဲ့သူ ရှင်းလင်းပေးထားတဲ့ နယ်မြေပေါ်မှာ အလျှင်အမြန် လိုက်ပါလာတဲ့သူက အလံလာစိုက်ထူသွားတာကတော့ သဘာဝပဲလေ။

Nikola ဒေဝါလီခံရမယ့် အရေးက အခုမှ ထွက်ပေါ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ကုမ္ပဏီက ၁၅ နှစ်တာ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ အမြတ်မပြဖူးခဲ့ဘဲ ကြီးမားတဲ့ အကြွေးတွေကို ထမ်းပိုးထားရတာပါ။

Nikolaက သုံးလပတ်စာရင်းရှင်းတိုင်းမှာ အရှုံးပေါ်ခဲ့ပြီး တစ်ခါတလေ သုံးလပတ်တစ်ခုထဲမှာတင် ဒေါ်လာ သန်း ၁ ထောင်အထိ အရှုံးပေါ်ခဲ့ဖူးပါတယ်။ တခြားကုမ္ပဏီသာဆိုရင် ဒေဝါလီခံရတာ ကြာပြီဖြစ်ပေမဲ့ ဆက်တိုက်ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေကြောင့်သာ ဆက်လက် ရင်းနှီးမြှုပ်နှံပြီး ကြီးထွားလာနိုင်ခဲ့တာပါ။

ဆုတ်ယုတ်မှုတွေကြောင့် ဘဏ္ဍာရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အယ်လန် အဲဗာဟတ်က ရှယ်ယာအသစ်တွေ ထုတ်ဝေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်။ ဒါက သူတို့ အကြိမ်ကြိမ် သုံးခဲ့ဖူးတဲ့ နည်းလမ်းဖြစ်ပြီး အရင်ကဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ပိုက်ဆံထုပ်တွေနဲ့ အလုအယက် လာခဲ့ကြတာပါ။

ဒါပေမဲ့ ဒီတစ်ခါတော့ အခြေအနေက ကွဲပြားသွားခဲ့ပါပြီ။ Wall Street ရဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုံ့ပြန်မှုက အေးစက်နေရုံတင်မကဘဲ ခဲတောင်ခဲနေခဲ့ပါပြီ။

'CarOS သာ စတော့ဈေးကွက်ထဲ ဝင်မလာဘူးဆိုရင် အခုအချိန်မှာ Nikolaရှယ်ယာကို ဝယ်ချင်ဝယ်ကြမှာပေ့ါ'

တချို့သော ဆန်းစစ်လေ့လာသူတွေကတော့ အခုအချိန်မှာ Nikolaရှယ်ယာကို ဝယ်တာက မိုက်မဲတဲ့လုပ်ရပ်ပဲလို့ ကြေညာခဲ့ကြပြီး၊ အဲဒီအစား CarOSနဲ့ မိတ်ဖက်အဖြစ် လုပ်ဆောင်နေတဲ့ GM ဒါမှမဟုတ် Fordတို့ဆီမှာပဲ ပိုက်ဆံထည့်ဖို့ အကြံပြုခဲ့ကြတယ်။

ဝယ်လိုအား မရှိတာကြောင့် ရှယ်ယာအသစ် ထုတ်ဝေမှုက ကျဆုံးသွားခဲ့ရတယ်။ ဒီသတင်း ထွက်လာတာနဲ့တစ်ပြိုင်နက် Nikolaရဲ့ ရှယ်ယာဈေးနှုန်းက တစ်ရက်ထဲနဲ့ ၆၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့တယ်။

တစ်ချိန်က ဒေါ်လာ သန်း ၆သောင်း ကျော်ခဲ့တဲ့ ဈေးကွက်တန်ဖိုးက အခုဆို ဒေါ်လာ သန်းပေါင်း ၁၂,၀၀၀ ဝန်းကျင်ပဲ ရှိပါတော့တယ်။ ကြိုတင်မှာယူထားသူတွေရဲ့ ပယ်ဖျက်မှုတွေက ပိုမိုဆိုးရွားလာခဲ့သလို ပင်ပန်းကြီးစွာ ပြန်လည်ပတ်ခဲ့ရတဲ့ စက်ရုံလည်ပတ်မှုနှုန်းကလည်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရတယ်။

ကုမ္ပဏီက ဆက်လက် ကြီးထွားနေသရွေ့ အရှုံးက ကြီးမားတဲ့ ပြဿနာမဟုတ်ပေမဲ့ ကြီးထွားမှု ရပ်တန့်သွားတဲ့ အချိန်မှာတော့ အဲဒီအရှုံးတွေက ကိုယ့်လည်ကိုပြန်ပြီး လည်ပင်းညှစ်လာတော့တာပဲ။

ချေးငွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရက်တွေ နီးကပ်လာတာကြောင့် အယ်လန် အဲဗာဟတ်က Wall Street ရင်းနှီးမြှုပ်နှံသူတွေကို ဖျောင်းဖျဖို့ နယူးယောက်ဆီ ကိုယ်တိုင် သွားရောက်ခဲ့ပေမဲ့ သူတို့ရဲ့ တုံ့ပြန်မှုကတော့ လုံးဝကို ငြင်းတဲ့ဘက်မှာပဲ ရှိခဲ့တာပါ။

နောက်ဆုံးမှာတော့ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ Nikolaက ဒေဝါလီခံဖို့ တရားရုံးထံ လျှောက်ထားခဲ့တယ်။

သူတို့က ဒေဝါလီခံရမယ့် လုပ်ငန်းစဉ်ထဲကို တရားဝင် ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခန်း (၃၂၆)

[(သတင်းထူး) Nikola ကုမ္ပဏီ ဒေဝါလီခံဖို့ လျှောက်ထား]

[Nikola လျှပ်စစ်ကားလောကရဲ့ ဘုရင်ပလ္လင်မှ ဆင်းပေးရပြီ]

[Model TM ကြိုတင်မှာယူမှုတွေ ဆက်တိုက် ပယ်ဖျက်နေကြဆဲ...]

[Nikola ပြန်လည် နာလန်ထူနိုင်ပါ့မလား]

[အမေရိကန်အစိုးရက ငွေကြေးပံ့ပိုးမှုတွေနဲ့ ဝင်ရောက် ကူညီပေးမလား]

Nikola ကုမ္ပဏီ ဒေဝါလီခံဖို့ လျှောက်ထားလိုက်တဲ့ သတင်းက မော်တော်ကား စက်မှုဇုန်တစ်ခုထဲတင်မကဘဲ တစ်ကမ္ဘာလုံးကိုပါ ရိုက်ခတ်သွားတယ်။ တစ်ချိန်က အဆန်းသစ်ဆုံးလို့ အမွှမ်းတင်ခံခဲ့ရတဲ့ ကုမ္ပဏီကြီးတစ်ခုက တစ်ခဏချင်းအတွင်းမှာပဲ ပြိုလဲသွားခဲ့တာ ဖြစ်ပါတယ်။

မော်တော်ကား လုပ်ငန်းက လူပေါင်းများစွာကို အလုပ်အကိုင် ပေးထားနိုင်ပြီး နောက်ဆက်တွဲ စီးပွားရေး လုပ်ငန်းအများကြီးနဲ့လည်း ဆက်စပ်နေတာပါ။ ဒါကြောင့်မလို့ အကြပ်အတည်းတစ်ခုခု ကြုံလာတိုင်း အစိုးရတွေက ဝင်ရောက် ကူညီပေးလေ့ရှိကြတယ်။ အမေရိကန်အစိုးရက GMနဲ့ Fordကုမ္ပဏီကို ဝင်ကယ်ခဲ့တာက အထင်ရှားဆုံး ဥပမာပါပဲ။

Nikolaရဲ့ ထုတ်လုပ်မှု ပမာဏက နည်းတာမလို့ အလုပ်သမား အင်အားကတော့ အဲဒီလောက် မများပါဘူး။ ဒါပေမဲ့လည်း လူပေါင်း လေးသောင်းလောက်ကို အလုပ်ပေးထားပြီး အကြီးစား ထုတ်လုပ်မှု စက်ရုံကြီးတွေ ရှိနေတာပါ။

အဲဒီအထဲမှာ အကြီးဆုံးကတော့ နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားတဲ့ ဘတ္ထရီစက်ရုံကြီး Gigaplant ပါပဲ။ အဲဒီစက်ရုံသာ ပြီးသွားရင် ထွက်လာမယ့် ထုတ်လုပ်မှု ပမာဏက တစ်ကမ္ဘာလုံးက ထွက်တဲ့ လီသီယမ်အိုင်ယွန် ဘတ္ထရီ ပမာဏနဲ့ ညီမျှလိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။ မူလအစီအစဉ်ကတော့ အများအပြား ထုတ်လုပ်ပြီး ဘတ္ထရီဈေးနှုန်းကို သိသိသာသာ လျှော့ချဖို့၊ အဲဒီလိုနဲ့ လျှပ်စစ်ကားတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပြီး ပိုလျှံတဲ့ ဘတ္ထရီတွေကို တခြား ကားကုမ္ပဏီတွေကို ပြန်ရောင်းဖို့ပါ။ ဒါပေမဲ့ TS ကုမ္ပဏီက OTK ဘတ္ထရီတွေကို အစုလိုက်အပြုံလိုက် စတင် ထုတ်လုပ်လိုက်တဲ့အခါမှာတော့ အဲဒီအစီအစဉ်က လုံးဝ ပျက်စီးသွားခဲ့ရတယ်။

တက်ဂယူက ပြောတယ်။

"သူ့ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ သန်း ၁၂,၀၀၀ပဲ ရှိတော့တာဆိုတော့ ငါတို့ ဝယ်လိုက်ရင် မကောင်းဘူးလား။ ဂျပန်ဆီကနေ ညှစ်ထုတ်ထားတဲ့ ပိုက်ဆံတွေနဲ့တင် ဝယ်လို့ရလောက်မှာပဲလေ"

"အကြွေးတွေကိုပါ ထည့်တွက်ရဦးမယ်လေ"

ကုမ္ပဏီတစ်ခုကို လွှဲပြောင်းယူတယ်ဆိုတာ အကြွေးတွေကိုပါ တာဝန်ယူရမှာ ဖြစ်ပါတယ်။ Nikolaမှာ ထုတ်ချေးထားတဲ့ ငွေချေးစာချုပ် စုစုပေါင်း ဒေါ်လာ သန်း ၁၃,၈၀၀ ရှိနေတာပါ။ အဲဒီထဲက ဒေါ်လာ သန်း ၄၀၀ က သက်တမ်းစေ့နေပြီဖြစ်ပြီး နောက်ထပ် ဒေါ်လာ သန်း ၁၂၀၀ကိုလည်း ခြောက်လအတွင်း ပြန်ဆပ်ရတော့မှာပါ။

Nikolaက ကုမ္ပဏီ စထောင်ကတည်းက အမြတ်တစ်ခါမှ မရဖူးဘဲ ပြင်ပ ရန်ပုံငွေတွေကိုပဲ ဆက်တိုက် ရှာဖွေခဲ့တာပါ။ အထူးသဖြင့် မကြာသေးခင် နှစ်တွေအတွင်းမှာ ရှယ်ယာအသစ် ထုတ်ရောင်းတာထက် ငွေချေးစာချုပ် ထုတ်ရောင်းတာက ပိုများနေခဲ့တယ်။

ငွေချေးစာချုပ်တွေ အများကြီး ထုတ်လေလေ အတိုးနှုန်းက ပိုမြင့်လေလေပါပဲ။ ကုမ္ပဏီရဲ့ ငွေချေးစာချုပ်တွေကို ဆက်တိုက် ထုတ်ရောင်းခဲ့တာကြောင့် သုံးနှစ်သက်တမ်း စာချုပ်တွေရဲ့ အတိုးနှုန်းက ၇.၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်။ ဒါက တကယ်တော့ အဆင့်မရှိတဲ့ စာချုပ် Junk Bond အဆင့် ရောက်သွားတာဖြစ်ပြီး အကြွေးအဆင့်သတ်မှတ်တဲ့ အဖွဲ့အစည်းတွေ ကလည်း CCC အဆင့်ပဲ သတ်မှတ်ပေးခဲ့ကြပါတယ်။

ဒါတောင်မှ အဲဒီငွေချေးစာချုပ်တွေက အရောင်းသွက် နေခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ ဈေးကွက်ထဲက အတိုးနှုန်းထက် ငါးဆ၊ ခြောက်ဆလောက် ပိုရတဲ့အပြင် Nikolaရဲ့ အလားအလာကလည်း ကောင်းနေပုံပေါ်လို့ပါ။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက တရိပ်ရိပ် တက်နေတာကြောင့် စာချုပ်အတွက် ပိုက်ဆံပြန်မရမှာကို ဘယ်သူမှ မစိုးရိမ်ခဲ့ကြဘူး။

ဒါပေမဲ့ Big One ဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ Nikolaက ယိုင်နဲ့လာပြီး စာချုပ်တွေရဲ့ ပေါက်ဈေးက မူရင်းတန်ဖိုးအောက် ရောက်သွားခဲ့တယ်။ သက်တမ်းစေ့တဲ့ စာချုပ်တွေကို ပိုက်ဆံပြန်မဆပ်နိုင်တော့တဲ့အခါမှာတော့ စာချုပ်ဈေးနှုန်းတွေက တစ်ဝက်မက ချက်ချင်း ထိုးကျသွားတော့တာပါ။

အယ်လန် အဲဗာဟတ်က စာချုပ်ဝယ်ထားတဲ့သူတွေဆီ လူကိုယ်တိုင် သွားရောက်ပြီး အခြေအနေကို ရှင်းပြကာ သက်တမ်းတိုးပေးဖို့ တောင်းဆိုခဲ့တယ်။ ချက်ချင်း ပိုက်ဆံပြန်ရမယ့် လမ်းမရှိတော့တာကြောင့် အဓိက စာချုပ်ပိုင်ရှင်ကြီးတွေလည်း မတတ်သာဘဲ သဘောတူလိုက်ရတယ်။

ရင်းနှီးမြှုပ်နှံသူအများစုနဲ့ ကျွမ်းကျင်သူတွေကတော့ Nikola ပြန်လည်နာလန်ထူနိုင်မယ့် အခွင့်အလမ်းက နည်းတယ်လို့ပဲ မြင်ကြတယ်။ Model TM က AD3 နဲ့ AD4 ရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်နေပြီဖြစ်သလို NCM ဘတ္ထရီတွေကလည်း OTK ဘတ္ထရီတွေ ပေါ်လာပြီးနောက်ပိုင်း ခေတ်ကုန်သွားတဲ့ နည်းပညာတွေ ဖြစ်သွားခဲ့ပါပြီ။

လူတိုင်းပြောနေကြတာကတော့ Nikola အသက်ဆက်နိုင်မယ့် တစ်ခုထဲသောနည်းလမ်းက မလိုအပ်တဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းထုတ်ပြီး GMတို့၊ Fordတို့လိုမျိုး CarOS နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဖို့ပါ။

Nikolaရဲ့ အလိုအလျောက်မောင်းနှင်စနစ်နဲ့ ဘတ္ထရီနည်းပညာတွေက ခေတ်နောက်ကျသွားပါပြီ။ အားသွင်း စနစ်တွေကတော့ အသုံးဝင်ဦးမှာ ဖြစ်ပေမဲ့... ဒါက ကျွန်တော်တို့ရဲ့ အရင်းအနှီးနဲ့ နည်းပညာနဲ့တင် အလွယ်တကူ တည်ဆောက်နိုင်တဲ့ အရာမျိုးပါ။

ဒီအချိန်အတောအတွင်းမှာ အယ်လန် အဲဗာဟတ်က CarOS ရဲ့ နည်းပညာကို နှိမ်ချပြောဆိုပြီး ကျွန်တော့်ကို ဆဲဆိုပုတ်ခတ်ခဲ့တာပါ။ ဒါက အင်အားကြီးတဲ့ ပြိုင်ဘက် ပေါ်လာတာကို ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ ခြေလှမ်းတစ်ခုပါပဲ။ ဒါပေမဲ့ အခုတော့ ကာကွယ်ဖို့ မပြောနဲ့၊ ကုမ္ပဏီကို ကယ်တင်ဖို့ ပိုက်ဆံလိုက်တောင်းခံနေရတဲ့ အဆင့် ရောက်သွားခဲ့ပါပြီ။

ဒါကို ကြည့်ပြီး ဈေးကွက်ထဲမှာ ထာဝရ အနိုင်ရသူ ဒါမှမဟုတ် အရှုံးသမားရယ်လို့ မရှိဘူးဆိုတာ ကျွန်တော် နောက်တစ်ကြိမ် ပြန်သတိရမိတယ်။ တစ်ကြိမ် အောင်မြင်ခဲ့ဖူးရုံနဲ့ ဆက်တိုက် အောင်မြင်နေလိမ့်မယ်လို့ မဆိုလိုနိုင်ဘူးလေ။

တကယ်လို့ Nikolaသာ လုံးဝ ဒေဝါလီခံသွားရင် နောက်ဆက်တွဲ သက်ရောက်မှုက ကြီးမားပါလိမ့်မယ်။ ဒါပေမဲ့ Big Three က ကုမ္ပဏီကြီးတွေ ပြန်လည် နာလန်ထူလာပြီဖြစ်လို့ ထိန်းချုပ်နိုင်စရာတော့ ရှိပါတယ်။ ဒါပေမဲ့ အဓိက နည်းပညာတွေ နိုင်ငံခြားကို ရောင်းမစားမိဖို့ တားဆီးဖို့ကတော့ အရေးကြီးမှာပါ။

ရင်းနှီးမြှုပ်နှံသူတွေကတော့ လက်မှိုင်ချနေကြပြီး Nikolaရဲ့ စာချုပ်တွေကို ဝယ်ထားတဲ့ ငွေကြေးအဖွဲ့အစည်းတွေကလည်း ဒါကို ဆုံးရှုံးသွားတဲ့ ကြွေးမြီဆိုးအဖြစ် သတ်မှတ်ရမလားဆိုတာ ငြင်းခုံနေကြတယ်။

ကျွန်တော် တစ်ယောက်ထဲ ရေရွတ်မိတယ်။

"တကယ်လို့ ငါသာ CarOS မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ရင် ဘာဖြစ်သွားမလဲ"

"မင်းသာ မလုပ်ခဲ့ရင် CarOS က ဒေဝါလီခံပြီး ပျောက်ကွယ်သွားတာ ကြာလှရောပေါ့။ အခုချိန်ဆို Nikolaက အကြီးအကျယ် အောင်မြင်နေလောက်ပြီ"

"အဲဒါတော့ ဟုတ်လောက်မယ်"

ပြန်စဉ်းစားကြည့်ရင် ကျွန်တော့်ကြောင့် အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ ဒီဖြစ်ရပ်က နောက်ပိုင်းမှာ ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ထပ်ဖြစ်လာဦးမလဲ။

တရုတ်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှုကို အဆုံးသတ်ပြီးတဲ့နောက် ရိုနယ်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို ဆက်လက် တွန်းအားပေးခဲ့တယ်။ အဲဒီနှစ်နိုင်ငံက အမေရိကန်ရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတွေပါ။

တရုတ်အကြီးအကျယ် အထိနာသွားတာကို မြင်လိုက်ရတဲ့အတွက် ကနေဒါနဲ့ မက္ကဆီကိုတို့က အမေရိကန်ရဲ့ တောင်းဆိုချက် အများစုကို လက်ခံပြီး သဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်။ နောက်ထပ် ပစ်မှတ်ကတော့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ ဂျပန်ပါပဲ။

ရိုနယ်က အရင်အစိုးရလက်ထက် ယန်းငွေတန်ဖိုး ကျဆင်းမှုကို ခွင့်ပြုခဲ့တာကြောင့် ဂျပန်နဲ့ ကုန်သွယ်ရေး လိုငွေပြမှု ပိုများလာပြီး အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုကို ပျက်စီးစေခဲ့တယ်လို့ စွပ်စွဲပြီး ဂျပန်ကို ဖိအားပေးခဲ့တယ်။

တောင်းဆိုချက်က အဓိကအားဖြင့် နှစ်ခုပါ။ ငွေကြေးတန်ဖိုးလျှော့ချတဲ့ စနစ်ကြောင့် ယန်းငွေတန်ဖိုး ကျဆင်းနေတာကို ရပ်တန့်ဖို့နဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို ဖြေရှင်းဖို့ပါပဲ။ တကယ်လို့ မလိုက်နာရင် ဂျပန်ကို ငွေကြေးဈေးကွက် ကစားတဲ့နိုင်ငံအဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

ဂျပန်က ကုန်ပစ္စည်းကဏ္ဍမှာ တတ်နိုင်သမျှ လိုက်လျောပေးဖို့ အဆင်သင့်ရှိကြောင်း ပြသခဲ့ပေမဲ့ အမေရိကန်ကတော့ ဘဏ္ဍာရေး၊ ဝန်ဆောင်မှုနဲ့ မူပိုင်ခွင့်တွေလိုမျိုး အမေရိကန်ဘက်က သာလွန်တဲ့ ကဏ္ဍတွေကိုပါ ဆွေးနွေးပွဲစားပွဲပေါ် တင်ရမယ်လို့ ဇွတ်တောင်းဆိုခဲ့တယ်။

ဂျပန်ဈေးကွက်က ဂါလာပါဂိုးစ်လို့ တင်စားခံရလောက်အောင် ထူးခြားတဲ့ ဈေးကွက်တစ်ခုပါ။ ဒါက မော်တော်ကားလောကမှာလည်း အတူတူပဲဖြစ်ပြီး အကောက်ခွန်ထက် အကောက်ခွန်မဟုတ်တဲ့ အတားအဆီးတွေက ပိုပြီး ကြီးမားနေတာပါ။ Kei car (ပေါ့ပါးတဲ့ မော်တော်ကား) စံနှုန်းတစ်ခုထဲတင် ဂျပန်ကားထုတ်လုပ်သူတွေ ကလွဲရင် ဘယ်သူမှ ကိုက်ညီအောင် လုပ်ဖို့ မလွယ်ကူပါဘူး။

ရိုနယ်က ဒီအခွင့်အရေးကို သုံးပြီး အကောက်ခွန်မဟုတ်တဲ့ အတားအဆီးတွေကိုပါ အမြစ်ပြတ် ဖြိုဖျက်ပစ်ဖို့ ရည်ရွယ်ထားပါတယ်။ ဂျပန်ကတော့ အလျင်အစလို ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းပြီး အမေရိကန်ကို ချော့မော့ဖို့ ကြိုးစားတော့တာပဲ။

ဂျပန်က ငွေကြေးလျှော့ချမှုကို ရပ်တန့်ပြီး အတိုးနှုန်းမြှင့်လိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့အတွက် ယန်းငွေက ဆက်တိုက် အားကောင်းလာပြီး Nikkeiအညွှန်းကိန်းကတော့ နေ့တိုင်း ကျဆင်းနေခဲ့တယ်။

ဝန်ကြီးချုပ် အိုကာဇာကီ ရာထူးတက်ကတည်းက နှစ်ပေါင်းများစွာအတွင်း ကျဆင်းသွားခဲ့တဲ့ ယန်းငွေတန်ဖိုးက မူလအဆင့်ကို ပြန်ရောက်ဖို့ တစ်လတောင် မကြာလိုက်ပါဘူး။ တန်ဖိုးတက်လာတာက မြန်လွန်းလို့ Plaza Accordတုန်းက ခြောက်လှန့်တဲ့ အိပ်မက်ဆိုးတွေကိုတောင် ပြန်သတိရစေတယ်။

အယ်လီက အလုပ်ပြီးတာနဲ့ ကျွန်တော်တို့ အိမ်ကို တန်းလာပါတယ်။ အတူတူ နေကတည်းက အချိန်ဇယား တူတဲ့အခါတိုင်း အလုပ်ကို အတူတူ သွားဖြစ်ကြတာပါ။ တွဲနေကြတယ်ဆိုတဲ့ ကောလာဟလတွေက ထွက်နေတာ ကြာပြီဖြစ်သလို အတူတူ နေထိုင်နေကြတယ်ဆိုတဲ့ အချက်ကလည်း မီဒီယာတွေကတစ်ဆင့် ချက်ချင်း ပြန့်သွားခဲ့တယ်။

တခြားလူတွေရဲ့ အမြင်ကို စိုးရိမ်စရာ မလိုတော့ဘဲ စိတ်အေးလက်အေး တွဲနိုင်ခဲ့ကြပေမဲ့ သတင်းထောက်တွေကတော့ သွားလေရာ နောက်က လိုက်နေကြတုန်းပါပဲ။

ကျွန်တော်က တက်ဂယူကို ပြောလိုက်တယ်။

"ညစာ အတူတူ သွားစားရအောင်"

"တော်ပြီ။ ငါ ချိန်းထားတာ ရှိသေးတယ်"

"ဘယ်သူနဲ့ ချိန်းထားလဲ"

"ဒီနေ့ မင်ဟာယောင်းနဲ့ တွေ့မလို့"

"အာ... ဒီနေ့ တွေ့ကြတာကိုး"

"နောက်မှ အိမ်မှာ ပြန်တွေ့မယ်လေ"

တက်ဂယူ အရင်ထွက်သွားပြီးတဲ့နောက် အယ်လီက ချက်ချင်း မေးတယ်။

"သူတို့နှစ်ယောက် အဆင်ပြေသွားကြပြီလား"

"စိတ်ဝင်စားလို့ တွေ့ကြတာဆိုတော့ အဆင်ပြေမှာပေါ့။ ဟုတ်တယ်မလား"

အယ်လီက သူ့ကိစ္စလိုမျိုး ဝမ်းသာအားရ ပြုံးလိုက်ပြီး ပြောတယ်။

"ကောင်းတာပေါ့၊ တက်ဂယူလည်း မိန်းမကောင်းတစ်ယောက်နဲ့ တွေ့ဖို့ လိုနေပြီ"

"ဒါနဲ့ စကားမစပ်၊ သူက ယန်ဟန်နာနဲ့လည်း အဆက်အသွယ် ရှိနေတုန်းပဲ ထင်တယ်"

"အာ… CLအုပ်စု ဥက္ကဌရဲ့ မြေးမလေးလား"

"ဟုတ်တယ်"

စီနီယာ ဆန်းယော့ ပြောပြချက်အရ စီးပွားရေးလောကက အမျိုးသမီး တော်တော်များများက အိုတက်ဂယူကို စိတ်ဝင်စားနေကြတာပါ။ နည်းနည်း ပိုပြောရရင် တန်းစီနေကြတာပါပဲ။ သူက တကယ့်ကို ရေပန်းစားတဲ့ အိုတာကူကြီးပါ။

အယ်လီက မေးတယ်။

"ညစာ ဘာစားကြမလဲ"

"ဟင်း... ငါး..."

အယ်လီက ချိုချိုသာသာလေး ပြုံးပြပြီး ပြောလိုက်တယ်။

"ငါးမုန့်ကြော်နဲ့ အာလူးကြော်လို့ ပြောရင်တော့ အသေပဲ"

"...ပီဇာစားမလား။ စီနီယာ ဆန်းယော့က အပ်ဂူဂျောင်မှာ ကောင်းတဲ့နေရာတစ်ခု ရှိတယ်လို့ ပြောဖူးတယ်"

(အဲဒီပီဇာဆိုင်က ငါးမုန့်ကြော်နဲ့ အာလူးကြော်လည်း ရောင်းပုံရပါတယ်။ အခုချိန်မှာတော့ အဲဒါကို ထည့်မပြောတာ ပိုကောင်းလိမ့်မယ် မဟုတ်လား)

တောင်ကိုရီးယားတစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ Jeil Gold Coin ကိစ္စကြီး ပြီးဆုံးသွားခဲ့တာ လပေါင်းများစွာ ကြာခဲ့ပါပြီ။ အဓိက တရားခံတွေဖြစ်တဲ့ ဟမ်ဆွန်းပြိုနဲ့ ချွိုင်းနမ်ဝူးတို့ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေကြသလို တခြား အဓိက ကြိုးကိုင်သူတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါပေမဲ့ ဒါက ကွိုင်တွေနဲ့ ပတ်သက်တဲ့ ပိရမစ်စနစ် လိမ်လည်မှုတွေ (MLM) လုံးဝ ပျောက်ကွယ်သွားပြီလို့တော့ မဆိုလိုပါဘူး။ Jeil Gold Coinလောက် အတိုင်းအတာ မကြီးပေမဲ့ ဖြစ်ရပ်အသေးလေးတွေက ခဏခဏ ပေါ်လာတတ်ပါသေးတယ်။ ဒါကို ကြည့်ရင် တောင်ကိုရီးယားက ဘာဖြစ်လို့ ကွိုင်တွေရဲ့ စားကျက်နေရာ ဒါမှမဟုတ် ပိရမစ်စနစ်ရဲ့ စားကျက်နေရာ လို့ အမည်ကြီးနေလဲဆိုတာ ထင်ရှားပါတယ်။

ဘာပဲဖြစ်ဖြစ် တက်ဂယူကြောင့် ပိရမစ်စနစ်ရဲ့ ငရဲတွင်း ထဲကနေ လွတ်မြောက်လာခဲ့တဲ့ မင်ဟာယောင်းကတော့ သူ့ရဲ့ Webtoonတွေကို ကြိုးကြိုးစားစား ပြန်ဆွဲနေခဲ့ပါပြီ။

ကမ္ဘာကျော် ဂိမ်းတစ်ခုရဲ့ ကမ္ဘာ့နောက်ခံကို အခြေခံပြီး Webtoon ဆွဲရတာက ဂိမ်းကစားသူတွေကို စာဖတ်သူအဖြစ် ဆွဲဆောင်နိုင်တဲ့အတွက် တကယ့်ကို ကံကောင်းတဲ့ အချက်ပါ။ ဒါပေမဲ့ အောင်မြင်မှုရမယ်လို့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။

သူ့ရဲ့ ပုံဆွဲတဲ့အရည်အချင်းက ကောင်းတာ သေချာပေမဲ့ ပြဿနာက ဇာတ်လမ်းဖြစ်နေတာပါ။ တက်ဂယူက Lost Fantasy ရဲ့ ကမ္ဘာကို သေချာနားလည်ပြီး စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ဘယ်လို ဖမ်းစားရမလဲဆိုတာ ကောင်းကောင်း သိနေတာလေ။

တက်ဂယူက မင်ဟာယောင်းနဲ့ မကြာခဏ တွေ့ပြီး အကြံဉာဏ်တွေ ပေးလေ့ရှိသလို မင်ဟာယောင်းကလည်း သေချာနားထောင်ပြီး ပြင်ဆင်ရမယ့် နေရာတွေကို မှတ်သားထားတတ်တယ်။ အလုပ်အကြောင်း ပြောပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်က အနီးအနားက ဆိုင်တစ်ဆိုင်မှာ ညစာစားရင်း သောက်ကြပါတယ်။

"ငါနဲ့ အတူနေတဲ့ သူငယ်ချင်းက မကြာသေးခင်ကပဲ သူ့ရည်းစားနဲ့ အတူတူ စနေတယ်ဟ"

"အဲဒါက အဆင်မပြေဘူးမဟုတ်လား"

"ဘာဖြစ်လို့လဲ"

"အိမ်တစ်အိမ်ထဲမှာ အတူတူနေရင် ခဏခဏ ဆုံနေမှာလေ။ ရေချိုးခန်း ကိစ္စတွေ၊ အိမ်အလုပ် ခွဲလုပ်တာတွေ အဲဒါမျိုးတွေကြောင့် အဆင်မပြေဖြစ်တတ်တယ်"

တက်ဂယူက ခေါင်းခါပြီး ပြောတယ်။

"မဖြစ်ပါဘူး။ ငါတို့က ပထမထပ်နဲ့ ဒုတိယထပ်မှာ အခန်းတွေ သီးသန့်စီ ရှိတာ၊ ရေချိုးခန်းဆိုလည်း တစ်ယောက် တစ်ခန်းထက်တောင် ပိုသေးတယ်။ ပြီးတော့ အိမ်အလုပ်တွေကို လုပ်ပေးမယ့် အိမ်အကူတွေလည်း ရှိတယ်"

"......"

မင်ဟာယောင်း ဆွံ့အသွားခဲ့တယ်။

'ဒီလူက ဘယ်လို အိမ်ကြီးအိမ်ကောင်းထဲမှာ နေနေတာလဲ။ စံအိမ်ကြီးများလား'

ပြန်စဉ်းစားကြည့်ရင် သူက ဘဏ်အကောင့်ထဲကနေ ဝမ် သန်းပေါင်း ၁သောင်းလောက်ကို အလွယ်တကူ အသွင်းအထုတ်လုပ်နိုင်တဲ့သူပါ။ ပြီးတော့ ဗန်ဆန်း စီအီးအိုတို့၊ OTK Games က လူကြီးတွေနဲ့လည်း သိနေတာလေ။ သူ ဘာအလုပ်လုပ်လဲဆိုတာ သိချင်လို့ မေးဖူးပေမဲ့ သူ့သူငယ်ချင်းက လုပ်ငန်းတစ်ခု လုပ်နေတာဖြစ်ပြီး အဲဒီကတစ်ဆင့် လူတွေနဲ့ သိတာလို့ပဲ ဝေဝေဝါးဝါး ပြောလေ့ရှိပြီး အသေးစိတ်ကိုတော့ ဘယ်တော့မှ မပြောပြပါဘူး။

အဲဒီအချိန်မှာပဲ စားပွဲပေါ်တင်ထားတဲ့ တက်ဂယူရဲ့ ဖုန်းကနေ ဖုန်း မြည်လာတယ်။ မင်ဟာယောင်း လှမ်းကြည့်လိုက်တော့ 'ဟန်နာ' ဆိုတဲ့ နာမည် ပေါ်လာတာကို မြင်လိုက်ရတယ်။

"ဟန်နာ။ ဟန်နာက ဘယ်သူလဲ"

"ဪ... ယန်ဟန်နာလေ။ အရင်က ခဏလောက် တွေ့ဖူးတာ။ အဲဒီကတည်းက သူက တစ်ခါတလေ ဆက်သွယ်လာတတ်တယ်"

'သူနဲ့ ခဏပဲ တွေ့ဖူးတဲ့ မိန်းကလေးတစ်ယောက်က လှမ်းဆက်သွယ်တယ် ဟုတ်လား'

"တကယ်လား။ ပြစမ်းပါဦး"

တက်ဂယူက ဖုန်းကို ပြလိုက်တယ်။

[ရှင် ဒီရက်ပိုင်း အရမ်း အလုပ်ရှုပ်နေတယ် မဟုတ်လား။ အားတင်းထားနော်။ ကျွန်မ အားပေးနေပါတယ်။]

[ဆံပင်ပုံစံ အသစ်လုပ်လိုက်တာ ဘယ်လိုလဲ။]

[ဒီနေ့ လေထုက မကောင်းဘူး၊ အပြင်သွားရင် Mask တပ်ဖို့ မမေ့နဲ့ဦးနော်~]

[Dragon Carlton ဟိုတယ်က စားဖိုမှူး ရှင်ချန်ဟိုက ဒိုဆန်ပန်းခြံနားမှာ ဆူရှီဆိုင်အသစ် ဖွင့်ထားတယ်တဲ့။ အားတဲ့တစ်ရက် သွားစားကြရအောင်။]

[ကျွန်မအဖေက ဒီတစ်ခေါက် ကားအသစ်တစ်စီး ဝယ်ပေးတယ်။ ဒါပေမဲ့ ကျွန်မက မောင်းရတာ အရမ်းညံ့တော့ အဆင်မပြေဘူး ဖြစ်နေတယ်။ တစ်ယောက်ယောက်က သင်ပေးရင် ကောင်းမှာပဲ...]

မက်ဆေ့ခ်ျအများစုက အဲဒီအမျိုးသမီးကပဲ အရင် စပို့ထားတာဖြစ်ပြီး တက်ဂယူကတော့ စာတိုလေးတွေပဲ ပြန်ထားတာပါ။ သူက တစ်ခါတလေ ဓာတ်ပုံတွေပါ ပို့တတ်သေးတယ်။ ဓာတ်ပုံတစ်ပုံကို ဖွင့်ကြည့်လိုက်တဲ့အခါ မင်ဟာယောင်း အံ့သြသွားရတယ်။ ယန်ဟန်နာက တကယ့်ကို လှပလွန်းလို့ပါ။ သေးသွယ်ပြီး ထင်ရှားတဲ့ မျက်နှာပေါက် ရှိသလို အသားအရေကလည်း ဖြူဖွေးဝင်းပနေတာပါပဲ။ အိုင်ဒေါတွေ၊ မင်းသမီးတွေထက်တောင် သာသေးတယ်။ ဒါတင်မကသေးဘူး၊ သူ ဝတ်ထားတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေနဲ့ အိတ်တွေကလည်း အဆင့်မြင့် တံဆိပ်တွေဖြစ်ပြီး သူ့အဖေ ဝယ်ပေးတယ်ဆိုတဲ့ ကားကလည်း Bently ဖြစ်နေတာပါ။

မက်ဆေ့ခ်ျတွေကို ကြည့်ရုံနဲ့တင် အဲဒီအမျိုးသမီးကပဲ တစ်ဖက်သတ် ချိန်းတွေ့ဖို့ ကြိုးစားနေတာ သိသာပါတယ်။

'ကြည့်ရတာ ဒီအမျိုးသမီးက တက်ဂယူကို တစ်ဖက်သတ် လိုက်ချိတ်နေတာပဲ'

ဘယ်လိုပဲ စဉ်းစားစဉ်းစား အခြေအနေက အဓိပ္ပာယ်မရှိဘူး ဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်တစ်ခုခုမှာ မြင်ဖူးသလိုလို စိတ်ထဲ ထင်လာမိတယ်။

'နေဦး... ဒါက ဖြစ်နိုင်ပါ့မလား...'

သူ သိသလောက်တော့ တက်ဂယူက ဖုန်း နှစ်လုံး သုံးလုံးလောက် သုံးတာပါ။ တခြားဖုန်းတစ်လုံးနဲ့ မက်ဆေ့ခ်ျတွေ အတုလုပ်ပြီး မိန်းကလေးတစ်ယောက်က သူ့ကို သဘောကျနေသလိုမျိုး ဟန်ဆောင်ဖို့က လွယ်လွယ်လေးပဲလေ။

မင်ဟာယောင်းက ပြုံးစိစိနဲ့ တွေးလိုက်တယ်။

'သူ့ကိုယ်သူ မိန်းကလေးတွေကြားထဲ ရေပန်းစားနေသလိုမျိုး ငါ့ရှေ့မှာ လာဟန်ဆောင်နေတာလား'

တက်ဂယူက ဘာမှမသိတဲ့ မျက်နှာပေးနဲ့ မေးတယ်။

"ဘာလို့ ရယ်နေတာလဲ"

"ဪ... ဘာမှမဟုတ်ပါဘူး"

'ဘာလဲ... သူ ဒီလိုမျိုး လုပ်နေတာလေးက တစ်မျိုးတော့ ချစ်စရာကောင်းသားပဲ။ ငါ့ကို သဘောကျရင်လည်း တည့်တည့် ပြောလိုက်ပါတော့လား'

အဲ့ဒီအချိန်မှာပဲ အနောက်ကနေ ယောက်ျားလေး အသံတစ်သံ ထွက်လာတယ်။

"ဟေ့… မင်ဟာယောင်း မဟုတ်လား"

လှည့်ကြည့်လိုက်တော့ အသက် နှစ်ဆယ်ကျော်အရွယ်၊ အရပ်ရှည်ရှည်နဲ့ ရုပ်ဖြောင့်ဖြောင့် လူငယ်တစ်ယောက် စတိုင်ကျကျ ဝတ်ဆင်ပြီး လက်ဆွဲအိတ်တစ်လုံးကို ကိုင်ကာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။

မင်ဟာယောင်းက သူ့မျက်နှာကို မြင်လိုက်ရတော့ လန့်သွားပြီး ရေရွတ်မိတယ်။

"ကွက်ဒိုဟွန်း"

သူက တခြားသူမဟုတ်ဘဲ အထက်တန်းကျောင်းတုန်းက ဒုတိယနှစ်မှာ အတန်းတူတူ တက်ခဲ့တဲ့ အတန်းဖော်ပါ။

"ဝိုး…ဒီမှာ ထူးထူးဆန်းဆန်း လာဆုံတာပဲ"

ကွက်ဒိုဟွန်းက အစကတော့ ဝမ်းသာသွားပုံရပေမဲ့ တက်ဂယူ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ အံ့သြသွားတယ်။

"ဟေ့… မင်းက အဲဒီ အိုတာကူ မဟုတ်လား။ အာ... အိုတက်ဂယူ"

"အင်း... ဟုတ်တယ်။ မတွေ့တာ ကြာပြီနော်"

တက်ဂယူက တည်တင်းတဲ့ မျက်နှာထားနဲ့ နှုတ်ဆက်လိုက်တယ်။ သူ့မှာ ကွက်ဒိုဟွန်းနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အမှတ်တရ မရှိပါဘူး။ ကိုယ်ထိလက်ရောက် စော်ကားခံရတာမျိုး ဒါမှမဟုတ် အကြီးအကျယ် နှိပ်စက်ခံရတာမျိုး မရှိခဲ့ပေမဲ့ အမြဲတမ်း အနှိမ်ခံရပြီး လှောင်ပြောင်ခံခဲ့ရတာကို မှတ်မိနေတာပါ။

'ကျောင်းမုန့်ဈေးဆိုင်မှာ သူ့ကို မုန့်တွေ အကြိမ်ပေါင်းများစွာ ဝယ်ကျွေးခဲ့ရဖူးတာလိုပဲ'

အဲဒီအချိန်တွေကို မှတ်မိနေလား မသိပေမဲ့ ကွက်ဒိုဟွန်းကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ နှုတ်ဆက်တယ်။

"ဝိုး…မင်း ဝိတ်တွေ အများကြီး ကျသွားတာပဲ။ သေချာတောင် မမှတ်မိချင်ဘူး။ အထက်တန်းကျောင်းတုန်းကတော့ ဝက်ခြံတွေနဲ့ ဝက်ကြီးတစ်ကောင်လိုပဲ။ အခုတော့ ဝက်ခြံတွေနဲ့ အိုတာကူ ဝက်ကြီး ဆိုတဲ့ နာမည်ထဲက ဝက်ခြံ နဲ့ ဝက် ကို ဖြုတ်လိုက်လို့ ရပြီပေါ့။ အခုထိ အိုတာကူ ကိစ္စတွေ လုပ်နေတုန်းပဲလား"

All Chapters