အခန်း (၃၂၇-၃၂၈)
Vol. 33 Ch. 327-328
အခန်း (၃၂၇)
ကွက်ဒိုဟွန်းရဲ့ မျက်နှာအမူအရာနဲ့ လေသံမှာ မနာလိုတဲ့အရိပ်အယောင် လုံးဝမရှိပါဘူး။
တက်ဂယူက စိတ်ထဲကနေ ခေါင်းညိတ်လိုက်တယ်။
'သူက အကျင့်မပြောင်းသေးဘူးပဲ’
ဒီလောကမှာ တကယ့်မကောင်းတဲ့စိတ် မရှိဘဲနဲ့ သူတပါးကို လိုက်နှောင့်ယှက်တတ်တဲ့လူတွေ အများကြီးရှိပါတယ်။
"ဒါနဲ့ မင်းတို့နှစ်ယောက်က ဘာလို့တူတူရှိနေတာလဲ။ တွဲနေကြတာလား”
မင်ဟာယောင်းက မျက်နှာနီရဲသွားပြီး လက်ခါပြလိုက်တယ်။
"မ... မဟုတ်ပါဘူး။ တွဲရမှာလား။ လုံးဝမဟုတ်တာ”
တက်ဂယူကလည်း အထင်လွဲတာမျိုး မဖြစ်အောင် ရှင်းပြလိုက်တယ်။
"သူ့ရဲ့ Webtoon အလုပ်ကို ကူညီပေးရင်းနဲ့ ဆုံဖြစ်ကြတာပါ”
ကွက်ဒိုဟွန်းက ဝုန်းခနဲ အော်ရယ်တော့တယ်။
"ဟားဟား။ မင်းက အခုထိ ကာတွန်းလိုမျိုး အရာတွေကို စိတ်ဝင်စားနေတုန်းပဲလား။ အလုပ် မရသေးဘူးလား”
တက်ဂယူ မျက်တောင်ခတ်လိုက်ရင်း ပြောလိုက်တယ်။
"ငါ အလုပ်လုပ်နေတာပဲလေ”
"ဘာအလုပ်လဲ။ အမြဲတန်းဝန်ထမ်းလား”
"မဟုတ်ဘူး၊ အမြဲအလုပ်လုပ်နေရတာတော့လည်း မဟုတ်ဘူး။ အလုပ်ရှိရင် အပြင်ထွက်တယ်၊ မရှိရင် အိမ်မှာပဲ နေတယ်”
အိုင်ဒီယာပိုင်ရှင်ဆိုတာ အလုပ်ရှင်ဖြစ်ပြီး အလုပ်သမားမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ဝန်ထမ်းမဟုတ်ပါဘူး။
ဒါပေမဲ့ ကွက်ဒိုဟွန်းက ဒီအချက်ကို မသိဘဲ ပေါ်ပေါ်ထင်ထင်ပဲ လှောင်ပြောင်လိုက်တယ်။
"ဘာကြီးလဲ။ အချိန်ပိုင်းအလုပ်တစ်ခုလုပ်နေတာလား။ လူဆိုတာ သင့်တော်တဲ့အလုပ်တစ်ခု ရှာရတယ်ကွ”
မင်ဟာယောင်းက စူးစူးစိုက်စိုက်နဲ့ မေးလိုက်တယ်။
"ဒါဆို နင်ကကော ဘာလုပ်လဲ”
"ငါလား”
ကွက်ဒိုဟွန်းက အမေးခံရမယ့်အချိန်ကို စောင့်နေတဲ့အတိုင်း ပိုက်ဆံအိတ်ထဲကနေ စီးပွားရေးကတ်တစ်ခု ထုတ်လိုက်တယ်။
"ငါက ဒီမှာ အလုပ်လုပ်တာ”
ကတ်ပေါ်မှာ သူ့ရာထူးကို ရေးထားပါတယ်။
- ဝန်ထမ်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (R&D)၊ CL Chemical။
သူက ရင်ဘတ်ကိုပင့်ပြီး ကြွားလုံးထုတ်လိုက်တယ်။
"ငါက CL Chemical ကို မကြာသေးခင်ကမှ အလုပ်ဝင်ခဲ့တာ။ ကံကောင်းလို့အဲ့မှာအလုပ်ရတာဟ။ ဒီဘက်ခေတ်မှာ နေရာ တော်တော်များများက ကာလတိုဝန်ထမ်းတွေကိုပဲ ခေါ်နေကြတာလေ။ ဒါပေမဲ့ ငါကတော့ အချိန်ပြည့် အမြဲတမ်းဝန်ထမ်းအဖြစ် ဝင်ခွင့်ရခဲ့တာ”
လူငယ်အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်နေပြီး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရဖို့ဆိုတာ အပ်ပေါက်ထဲ ကြိုးထိုးရသလိုပါပဲ။ ဒါက တကယ်ကြွားစရာကိစ္စတစ်ခုပါ။
တက်ဂယူက မျက်တောင်ခတ်ပြီး မေးလိုက်တယ်။
"R&D အဖွဲ့မှာ မင်းက ဘာလုပ်ရတာလဲ”
ကွက်ဒိုဟွန်းက သူသိပ်ပြောချင်နေတဲ့အကြောင်းကို အားရပါးရ ရှင်းပြတော့တယ်။
"အခု ဒီလုပ်ငန်းခွင်မှာ အကြီးမားဆုံး အကြောင်းအရာက OTK Battery ပဲ။ မူလက TS Company က ကားတွေအတွက် ဘတ္ထရီအကြီးတွေကိုပဲ သီးသန့်ထုတ်လုပ်ပြီး ဆိုဆောင်း SB က အီလက်ထရွန်နစ်ပစ္စည်းတွေအတွက် ဘတ္ထရီအသေးတွေကို ကိုင်တွယ်တာ။ ဒါပေမဲ့ CL Chemical က မကြာသေးခင်ကမှ TS Company နဲ့ လက်တွဲပြီး OTK Battery အမြောက်အမြား ထုတ်လုပ်မယ့်စနစ်ကို တည်ဆောက်နေတာလေ။ အဲဒါပြီးသွားရင် ဘတ္ထရီအဟောင်းတွေနေရာမှာ အစားထိုးပြီး စမတ်ဖုန်းတွေ၊ လက်ပ်တော့တွေနဲ့ တခြားပစ္စည်းအမျိုးမျိုးမှာ တပ်ဆင်သွားမှာ။ မင်းကတော့ ဒါက ဘယ်လောက်တောင် ကြီးကျယ်လဲဆိုတာ သဘောပေါက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဆက်သွယ်ရေးနဲ့ IoT ရဲ့ နောက်ဆုံးပေါ် တိုးတက်မှုတွေကြောင့် အီလက်ထရွန်နစ် ပစ္စည်းတွေက ကြိုးမဲ့စနစ်ဆီကို ဦးတည်နေပြီကွ။ Semiconductor တွေနဲ့မတူဘဲ ဘတ္ထရီတွေက Moore's Law ကို မလိုက်နာလို့ တိုးတက်မှုက နှေးကွေးခဲ့ဖူးတယ်။ ဒါပေမဲ့ ပါမောက္ခ ကင်ဟိုမင် က ဒီပြဿနာကို ဖြေရှင်းပေးခဲ့ပြီး ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုတောင် ရခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ဒီ OTK Battery ဆိုတာက..."
တက်ဂယူက စိတ်မပါဘဲ ခေါင်းညိတ်နေမိတယ်။
'ဒါက ဝါရင် ဘတ်ဖတ် က စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုအကြောင်း ဟောပြောပွဲ သွားတက်နေတာမျိုး ဒါမှမဟုတ် ဘီလ်ဂိတ် က Windows အသုံးပြုပုံကို တစ်ယောက်ယောက်က ရှင်းပြနေတာကို နားထောင်နေရသလိုမျိုး ဖြစ်နေတာပဲ’
သူ့အလုပ်က ဘယ်လောက်အရေးကြီးကြောင်း တစ်အောင့်လောက် ဗြစ်တောက်ဗြစ်တောက် ပြောပြီးနောက် ကွက်ဒိုဟွန်းက တက်ဂယူရဲ့ကျောကို ပုတ်လိုက်တယ်။
"မင်းလည်း အိုတာကူ ကိစ္စတွေကို ရပ်ပြီး အလုပ်စစ်စစ်ရဖို့ စဉ်းစားသင့်ပြီ။ အာ… မင်းက အထက်တန်းပဲ အောင်ထားတာ မဟုတ်လား”
ဒါက နှိမ်ချလိုက်တဲ့ အမူအရာဆိုတာ သိသာပါတယ်။ မင်ဟာယောင်းလည်း ကြည့်ရတာ သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်သွားပုံရတယ်။
တက်ဂယူက မေးလိုက်တယ်။
"မင်း ဒီကို ဘာလာလုပ်တာလဲ”
"ငါ့အဖွဲ့ခေါင်းဆောင်နဲ့ ခဏနေရင် သောက်ဖို့ရှိလို့ ရောက်လာတာ”
"သူ ဘယ်တော့လာမှာလဲ”
"ခုနတင် ဖုန်းဆက်တယ်၊ နည်းနည်းနောက်ကျမယ်တဲ့။ ငါ့အဖွဲ့ခေါင်းဆောင်က ငါ့ကို အတော်လေး အရေးတယူ ရှိတာကွ..."
ကွက်ဒိုဟွန်းက ပြန်မယ့်အရိပ်အယောင် မပြဘဲ ဆက်တိုက်ကြွားလုံးထုတ်နေပြီး မင်ဟာယောင်းကိုလည်း လာပြီး ပရောပရည်လုပ်နေတာပါ။
"ဒါနဲ့ နင်က တော်တော်လေး ချောလာတာပဲ။ ရည်းစားရှိလား”
တက်ဂယူက သူ့ကိုကြည့်ပြီး စဉ်းစားနေမိတယ်။
ကျောင်းတုန်းကဆိုရင်တော့ သူ ဒီအတိုင်း လွှတ်ထားလိုက်မိမှာ ဖြစ်ပေမဲ့ အခုတော့ အဲလိုလုပ်စရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲမသိပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အိုတာကူတွေအတွက် တစ်ခုခု တုံ့ပြန်ပေးသင့်တယ်လို့ သူ ခံစားလိုက်ရတယ်။
သူ့အနီးအနားမှာ စောင့်နေတဲ့ သက်တော်စောင့်ကို ဖုန်းဆက်ရမလားလို့ စဉ်းစားနေတုန်း ယန်ဟန်နာ ဆီက နောက်ထပ်မက်ဆေ့ခ်ျတစ်ခု ရောက်လာတယ်။
[အခု ညစာစားဖို့ သွားနေတာ။ ကျွန်မတို့လည်း တစ်ရက်လောက် တူတူစားကြရအောင်။]
စိတ်ဝင်စားစရာ အကြံတစ်ခု သူ့ခေါင်းထဲ ဝင်လာတယ်။
'ဒီလိုအချိန်မျိုးက စိတ်ကျေနပ်မှုလေးဖြစ်ဖြစ်၊ စိတ်ကြည်လင်မှုလေး ဖြစ်ဖြစ် ပေးရမယ့်အချိန်ပဲ’
တက်ဂယူက ပေါ့ပေါ့ပါးပါးပဲ ထရပ်လိုက်တယ်။
"ငါ ဖုန်း ခဏ သွားဆက်လိုက်ဦးမယ်”
မောင်းနှင်နေတဲ့ ကားထဲကနေ မက်ဆေ့ခ်ျပို့ပြီးနောက် ယန်ဟန်နာက သက်ပြင်းအရှည်ကြီး ချလိုက်တယ်။
"ဟူး”
ယန်ဟန်နာဟာ လွန်ခဲ့တဲ့အချိန်အတော်ကြာက ဆီလွန်ဟိုတယ် ဖွင့်ပွဲပါတီမှာ OTK Company ရဲ့ ဒုတိယဥက္ကဌအပေါ် အမှား လုပ်ခဲ့မိတယ်။ အဲဒီဖြစ်ရပ်အတွက် တောင်းပန်ဖို့ ဒုတိယဥက္ကဌကိုတွေ့ဆုံဖို့ ဆက်တိုက် ကြိုးစားနေခဲ့တာပါ။
ဒါက အချစ်ရေးစိတ်ဝင်စားမှုကြောင့်တော့ မဟုတ်ပါဘူး။ အတိတ်က အထင်လွဲမှားမှုကို ရှင်းလင်းပြီး ရင်းနှီးသွားချင်ရုံသက်သက်ပါပဲ။
ဒါကြောင့် ယန်ဟန်နာဟာ ကော်ဖီသောက်ဖို့၊ ထမင်းစားဖို့၊ ပြတိုက်သွားဖို့၊ ဖျော်ဖြေပွဲတွေသွားဖို့ စတဲ့အကြောင်းပြချက်တွေကို ဇွဲနပဲနဲ့ ဆက်သွယ်ခဲ့ပေမဲ့ သူ့ရဲ့တုံ့ပြန်မှုတွေကတော့ အမြဲတမ်း အေးစက်စက်ပဲ ရှိခဲ့တယ်။
ဒီအဆင့်အထိ ရောက်လာတော့ ယန်ဟန်နာရဲ့မာနက နာကျင်လာရတယ်။
ယန်ဟန်နာဟာ ဘယ်နေရာမှာမဆို အမြဲတမ်း လူအများရဲ့အာရုံစိုက်မှုကို ခံရသူပါ။ အမျိုးသား၊ အမျိုးသမီးမရွေး ယန်ဟန်နာကို အလိုလိုက်ကြပါတယ်။ ဒါက ယန်ဟန်နာရဲ့မိခင်ဆီကရတဲ့ အလှအပနဲ့ CL Group ဥက္ကဌရဲ့ မြေးမဆိုတဲ့ အဆင့်အတန်း ပေါင်းစပ်ထားတဲ့ ရလဒ်ကြောင့်ပါ။
အမျိုးသားတွေဆိုရင် ယန်ဟန်နာရဲ့အာရုံစိုက်တာကို ခံရဖို့အတွက် သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး အသည်းအသန် ကြိုးစားကြရတယ်။ တစ်ခါလောက်ပဲဖြစ်ဖြစ် တွေ့ခွင့်ရဖို့ တောင်းပန်ခဲ့ကြတဲ့ လူတွေလည်း မနည်းပါဘူး။
'တကယ်ပဲ သူက ဘာလို့ ငါ့ကို မတွေ့ချင်ရတာလဲ။ ဒါက ငါကပဲ သူ့နောက်ကို အသည်းအသန် လိုက်နေရသလို ဖြစ်နေပြီ’
ယန်ဟန်နာဟာ အိုတက်ဂယူ ကို မြင်ယောင်ကြည့်လိုက်တယ်။
နည်းနည်းဝဝဖိုင့်ဖိုင့် ကိုယ်လုံး၊ ဆံပင်တိုတို၊ မျက်မှန်အမည်းကိုင်းတပ်ထားတဲ့ အိုတက်ဂယူရဲ့ပုံစံဟာ ဘယ်နေရာမှာမဆို တွေ့နိုင်တဲ့ သာမန်အမျိုးသားတစ်ယောက်ပါပဲ။ ပုံမှန်ဆိုရင်တော့ ယန်ဟန်နာဟာ သူ့ကို ဖြတ်သွားဖြတ်လာ တစ်ယောက်လိုပဲ လျစ်လျူရှုမိမှာသေချာပါတယ်။
ဒါပေမဲ့ အဲဒါက သူ့ရဲ့အပြင်ပန်းသွင်ပြင်သက်သက်ပဲလေ။
သူ့ရဲ့တကယ့် အထောက်အထားက OTK Company ရဲ့ ဒုတိယဥက္ကဌနဲ့ ဒုတိယအစုရှယ်ယာအများဆုံး ပိုင်ရှင်ဖြစ်တာပါ။ OTK Company ရဲ့ တန်ဖိုးက လက်ရှိမှာ ဒေါ်လာ သိန်းပေါင်း ၁ ကုဋေကျော်ရှိမယ်လို့ ခန့်မှန်းရတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၂၀၀ ကုဋေလောက် ရှိပါတယ်။ အဲဒါက CL Group ရဲ့ လက်အောက်ခံကုမ္ပဏီအားလုံးရဲ့ စျေးကွက်တန်ဖိုး စုစုပေါင်းထက်ကို ပိုကြီးတာပါ။
တချို့လူတွေက သူ့ရဲ့အောင်မြင်မှုကို သူငယ်ချင်းနဲ့ အစ်မဖြစ်သူရဲ့ အရှိန်အဝါကြောင့်လို့ နှိမ့်ချပြောဆိုကြပေမဲ့ တစ်ဖက်မှာတော့ အိုတက်ဂယူ ကသာ အဲဒီသူငယ်ချင်းနဲ့ အစ်မဖြစ်သူကို အဖွဲ့ထဲ ခေါ်ဆောင်လာခဲ့သူပါ။
အလယ်တန်းကျောင်းသားဘဝတုန်းက သူက တန်ဖိုးမရှိဘူးလို့ ယူဆကြတဲ့ ဘန့်ကွိုင်မှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဝမ် သန်းပေါင်း ၁သောင်းကျော် ရရှိခဲ့တယ်။ သူက အဲဒီအရင်းအနှီးကို သုံးပြီး OTK Company ကို တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ စစ်မှုထမ်းပြီးခါစဖြစ်တဲ့ ကန်ဂျင်ဟူ နဲ့ Golden Gate မှာ အလုပ်လုပ်နေတဲ့ အစ်မဖြစ်သူတို့ကို လက်တွဲဖို့အတွက် သူ့ရဲ့ရှယ်ယာတွေကို ခွဲဝေပေးခဲ့တယ်။
အိုတက်ဂယူ သာမရှိရင် လက်ရှိ OTK Company ဆိုတာ ရှိလာမှာတောင် မဟုတ်ပါဘူး။
ပြီးတော့ လတ်တလောမှာလည်း ဒုတိယဥက္ကဌက နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အော်ဒါမှားယွင်းမှုကြောင့် စျေးကွက်ထဲ ရောက်လာတဲ့ တိုယိုတာ ရှယ်ယာအမြောက်အမြားကို ဝယ်ယူခဲ့သူဖြစ်တယ်လို့ ကောလာဟလတွေ ရှိနေတာပါ။ တကယ်လို့ အဲဒါ အမှန်ဆိုရင် သူက ကလစ်တစ်ချက်ရုံနဲ့ ဝမ် သိန်းပေါင်း ၂၀ ကုဋေကျော် ရရှိခဲ့တာလေ။ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် ဒီလိုကောလာဟလတွေ ရှိနေတာက OTK Company အတွင်းမှာ သူ့ရဲ့ ကြီးမားတဲ့တည်ရှိမှုကို ပြသနေပါတယ်။
ကန်ဂျင်ဟူ ကတော့ သိပ်ကိုချောမောလှပတဲ့ Golden Gate ရှေ့နေမလေးနဲ့ တွဲနေတာ ကြာပြီဖြစ်ပြီး မကြာသေးခင်ကမှ တူတူနေထိုင်ခဲ့ကြတယ်။ တတိယအစုရှယ်ယာအများဆုံးပိုင်ရှင်နဲ့ Golden Gate Korea ရဲ့ အကြီးအကဲဖြစ်တဲ့ အိုဟျွန်းဂျူး ကလည်း နိုင်ငံခြားသားတစ်ယောက်နဲ့ အိမ်ထောင်ပြုသွားခဲ့ပါပြီ။
ကျန်နေတာက အိုတက်ဂယူ တစ်ယောက်ပါပဲ။
တခြား ချေဘောမိသားစုတွေကလည်း ဒီအချက်ကို ကောင်းကောင်းသိကြပြီး အဆက်အသွယ်ရဖို့ ကြိုးစားနေကြတာပါ။ ဒါပေမဲ့ အိုတက်ဂယူ က ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်ခဲပြီး စီးပွားရေးပွဲလမ်းသဘင်တွေကို မတက်ရောက်ပါဘူး။
ကံကောင်းတာက ယန်ဟန်နာဆီမှာ အဆက်အသွယ်လုပ်လို့ရမယ့် ဖုန်းနံပါတ် ရှိနေတာပါ။ မကောင်းတဲ့ ဆုံတွေ့မှုဖြစ်ခဲ့ရင်တောင် ဆုံတွေ့မှုက ဆုံတွေ့မှုပဲလေ။
'ဒါပေမဲ့ ပိုရင်းနှီးသွားဖို့အတွက် တကယ် တွေ့ဆုံဖို့ လိုအပ်တယ်’
ယန်ဟန်နာ ဒီလိုတွေးနေတုန်းမှာပဲ သူ့ရဲ့ဖုန်းက ရုတ်တရက် မြည်လာတယ်။ အံ့သြစရာကောင်းတာက ဖန်သားပြင်ပေါ်မှာ အိုတက်ဂယူ ရဲ့ နာမည်က လင်းလက်လာခဲ့တာပါ။
သူတို့တွေ မက်ဆေ့ခ်ျအပြန်အလှန် ပို့ဖူးတာ အကြိမ်အနည်းငယ် ရှိပေမဲ့ သူ ဖုန်းဆက်လာတာက ဒါပထမဆုံးအကြိမ်ပါပဲ။
ယန်ဟန်နာက အမြန်ပဲ လည်ချောင်းရှင်းလိုက်ပြီး ဖုန်းကိုင်တဲ့ ခလုတ်ကို နှိပ်လိုက်တယ်။
"မင်္ဂလာပါ။ ဒုတိယဥက္ကဌ”
[မင်္ဂလာပါ။ ဘာလုပ်နေလဲ]
"အဖေနဲ့ ညစာစားဖို့ ကုမ္ပဏီကို သွားနေတာပါ”
[အာ... ဟုတ်လား။ အချိန်ရရင် သောက်ဖို့ ခေါ်မလို့ပဲ၊ မရဘူးထင်တယ်။ ဒါဆို နောက်တစ်ခါမှပဲ ဆက်သွယ်လိုက်ပါတော့မယ်]
သူ ဖုန်းချတော့မယ့်အချိန်မှာပဲ ယန်ဟန်နာက အမြန်ပဲ ကြားဖြတ်ပြောလိုက်တယ်။
"အာ၊ မဟုတ်တာ။ ရပါတယ်။ အဖေနဲ့က နေ့တိုင်းတွေ့နေတာပဲလေ။ ညစာက နောက်မှ တူတူစားလည်း ရပါတယ်”
[ဒါဆို ကျွန်တော် သောက်စရာ ဝယ်တိုက်မယ်၊ လာမလား]
"ဘာတွေပြောနေတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်အတွက် အပြစ်ပေးတဲ့အနေနဲ့ ကျွန်မကပဲ ဝယ်တိုက်ရမှာပါ”
[အာ… ဒါပေမဲ့ ကျွန်တော်က သူငယ်ချင်းတချို့နဲ့ ရှိနေတာနော်။ အဆင်ပြေပါ့မလား]
အခုမှ မတွေ့ရင် နောက်ထပ်အခွင့်အရေး ဘယ်တော့ရမလဲ မသိဘူး။
"ရတာပေါ့။ အဆင်ပြေပါတယ်”
[သူတို့က အထက်တန်းကျောင်းက သူငယ်ချင်းတွေမလို့ ကျွန်တော် ဘာလုပ်လဲဆိုတာ တကယ်မသိကြဘူး။ ဒါကြောင့် ကျွန်တော့်နာမည်ကိုပဲ သဘာဝကျကျ အလွတ်သဘော ခေါ်ပေးပါနော်]
"ဟုတ်ကဲ့။ နားလည်ပါပြီ”
[ကျွန်တော် လိပ်စာ ပို့ပေးလိုက်မယ်။ အေးဆေးပဲ လာခဲ့ပါ]
ဖုန်းချပြီးနောက် ယန်ဟန်နာက ချက်ချင်းပဲ ဒရိုင်ဘာကို ပြောလိုက်တယ်။
"ဒီလိပ်စာဆီ မြန်မြန်လေး မောင်းပေးပါ”
ယန်ဟန်နာ သူ့အဖေဆီ ဖုန်းဆက်လိုက်ပြီး သူ့ရဲ့ မိတ်ကပ်ကို စစ်ဆေးဖို့ မှန်အိတ်လေးကို ထုတ်လိုက်တယ်။
အဖွဲ့ခေါင်းဆောင်က ရောက်လာမယ့်အရိပ်အယောင် မရှိသေးပေမဲ့ ကွက်ဒိုဟွန်းကတော့ ဝိုင်းမှာ ကိုယ်ပိုင်ဖန်ခွက်ကိုတောင် အဆင်သင့်ပြင်ပြီး နေရာယူထားပါပြီ။ မင်ဟာယောင်းက သူ့ကို 'ကျေးဇူးပြုပြီး ထွက်သွားပေးပါ' ဆိုတဲ့ အကြည့်တွေ အကြိမ်ကြိမ် ပေးခဲ့ပေမဲ့ သူကတော့ သတိမထားမိပုံပါပဲ။
"ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ရတာ တကယ်ကို ကလေးကစားနေသလိုမဟုတ်ဘူးကွ။ ငါ့ရဲ့ စီနီယာတွေအားလုံးက တက္ကသိုလ်တုန်းက ကျောင်းသားဘဝကမှ ဘယ်လောက် ကောင်းခဲ့လဲဆိုတာ အမြဲညည်းတွားကြတာလေ။ မင်းတို့ကတော့ တက္ကသိုလ်မတက်ခဲ့ရတော့ သိမှာမဟုတ်ဘူး”
"အင်း။ ဟုတ်ပါပြီ”
"ဒါပေမဲ့ လူဆိုတာ တက္ကသိုလ်ကနေ ဘွဲ့ရသင့်တာပေါ့။ အရင်တုန်းက မင်းတို့ CA လှုပ်ရှားမှုတွေအတွက် 'Subculture Research Club' လား ဘာလား ဆိုတာ လုပ်ခဲ့ကြသေးတယ် မဟုတ်လား။ အဲဒီမှာ မင်းတို့တွေ ကာတွန်းတွေဆွဲပြီး အရုပ်လိုပစ္စည်းတွေ လုပ်ခဲ့ကြတာနော်”
"အရုပ်မဟုတ်ဘူး။ Plastic modelsတွေပါကွ”
"ဘာပဲဖြစ်ဖြစ် အဲဒါ ကျိုးသွားတုန်းက မင်း ငိုခဲ့သေးတယ်လေ။ ဟားဟား။ ကလေးကျနေတာပဲ၊ အရုပ်ကျိုးလို့ ငိုရတယ်လို့ကွာ။ အခု ပြန်စဉ်းစားရင်တောင် ရယ်ချင်စရာကြီး”
"......"
'ဒါက လုံးဝရယ်စရာ မဟုတ်ဘူး’
ပြောရရင် အဲဒီPlastic modelsက ဝမ် ၂ သိန်း တန်ဖိုးရှိပါတယ်။ သူက လပေါင်းများစွာ မုန့်ဖိုးစုပြီး ဝယ်ခဲ့ရတာဖြစ်ပြီး တပ်ဆင်ပြီးစီးဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရတာပါ။ ဒါပေမဲ့ ကွက်ဒိုဟွန်းက ဆော့ကြည့်မယ်ဆိုပြီး ယူကိုင်တာမှာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ရင်း ပြုတ်ကျပြီး ကျိုးသွားအောင် လုပ်ခဲ့တာပါ။
တချို့အတွက်တော့ ဒါက အရုပ်တစ်ခုဖြစ်နိုင်ပေမဲ့ တခြားသူတွေအတွက်တော့ အဖိုးတန်တဲ့ ဖန်တီးမှုတစ်ခုပါပဲ။
'ဟုတ်သားပဲ။ အဲလိုဖြစ်ခဲ့ဖူးတာပဲ’
သူ့ကျေးဇူးကြောင့် မေ့ပျောက်နေတဲ့ အတိတ်မှတ်ဉာဏ်တွေ ပြန်ပွင့်လာရတယ်။
မင်ဟာယောင်းက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။
"ဒါက နင့်အတွက် ရယ်စရာကိစ္စလို့ ထင်နေတာလား။ နောင်တတောင်မရဘူးလား”
ကွက်ဒိုဟွန်းက ရွဲ့ပြုံး ပြုံးလိုက်တယ်။
"ဟေ့… ဒါတွေက အတိတ်ကကိစ္စတွေပဲလေ။ နင်က ဒီလိုကိစ္စအသေးအမွှားလေးကို အတည်ကြီး လိုက်မှတ်နေတာလား”
မင်ဟာယောင်းက တက်ဂယူကို ကြည့်လိုက်တယ်။
"နင် စိတ်မဆိုးဘူးလား”
တက်ဂယူက ပြုံးလိုက်တယ်။
"ရပါတယ်။ သူက ရိုင်းတတ်တာ ဒါပထမဆုံးမှ မဟုတ်တာ”
အဲဒီစကားကြောင့် ကွက်ဒိုဟွန်းရဲ့ မျက်နှာအမူအရာ တင်းမာသွားတယ်။
"မင်း အခု ဘာပြောလိုက်တာလဲ”
သူသိထားသလောက်တော့ အိုတက်ဂယူက အထက်တန်းကျောင်းတုန်းက သူ့ကို စကားတစ်ခွန်းတောင် ပြန်မပြောရဲခဲ့တဲ့ကောင်ပါ။ မင်ဟာယောင်း ရှိနေလို့ပဲ လူမိုက်လုပ်ပြနေတာလား။
"အိုတက်ဂယူ၊ မင်းက တော်တော် သတ္တိရှိလာတာပဲ”
ကွက်ဒိုဟွန်းရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး တက်ဂယူက ဝုန်းခနဲ ရယ်မောလိုက်တယ်။
"ဘာလဲ။ မင်းက တကယ်ကြီး စိတ်တိုနေတာလား။ ကလေးကျနေတာပဲ၊ စကားတစ်ခွန်း ကြားရရုံနဲ့ စိတ်ကောက်နေတယ်လား”
ကွက်ဒိုဟွန်းက သူ့ထိုင်ခုံကနေ ထရပ်လိုက်တယ်။
"ဟေ့။ မင်း ငါ့ကို စောက်ခွက်လာပြောင်နေတာလား”
သူ ဒေါသထွက်လုဆဲဆဲမှာပဲ အိုတက်ဂယူက ရုတ်တရက် လက်ထောင်ပြီး အော်လိုက်တယ်။
"ဒီမှာ”
ကွက်ဒိုဟွန်းက လှည့်ကြည့်လိုက်တယ်။ ပြီးတော့ သူက ဝင်လာတဲ့ အမျိုးသမီးကို ကြည့်ပြီး မှင်တက်သွားတော့တယ်။
ဒူးအထိ ရှည်တဲ့ စကတ်နဲ့ ဇာအင်္ကျီအဖြူ။ အနက်ရောင် ခြေအိတ်အရှည်နဲ့ ဒေါက်ဖိနပ်၊ ပခုံးပေါ်မှာတော့ ဂျာကင်ကုတ်အညိုကို တင်ထားပါတယ်။
အံ့သြစရာ အကောင်းဆုံးကတော့ အဲ့ဒီအမျိုးသမီးရဲ့ အလှအပပါပဲ။ မျက်နှာက သေးသွယ်ပြီး မျက်လုံးကြီးကြီးတွေနဲ့ ထင်ရှားတဲ့ ရုပ်ရည်သွင်ပြင် ရှိတာပါ။ အဲ့ဒီအမျိုးသမီးက အနုပညာရှင် ဒါမှမဟုတ် မော်ဒယ်တစ်ယောက် ဖြစ်လောက်အောင်အထိ ထူးခြားတဲ့ အလှအပကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့ဆံပင်တွေက လှိုင်းတွန့်လေးတွေလို စီးဆင်းနေပြီး နားကပ်နဲ့ ဆွဲကြိုးတွေကလည်း မျက်နှာကို ပိုမိုတောက်ပစေတယ်။
ချက်ချင်းပဲ ဆိုင်ထဲမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးမရွေး လူတိုင်းရဲ့မျက်လုံးတွေက အဲ့ဒီအမျိုးသမီးဆီမှာပဲ ရောက်သွားကြတယ်။
"ဒီမှာ”
ကွက်ဒိုဟွန်းက တက်ဂယူကို ကြည့်ရင်း ဆွံ့အေနမိတယ်။
"မင်း ဘာလုပ်နေတာလဲ”
'သူတို့ အချင်းချင်း သိနေစရာ အကြောင်းမရှိဘူးလေ...'
ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒီအမျိုးသမီးက ပြုံးပြီး သူတို့ဝိုင်းဆီ လျှောက်လာခဲ့တယ်။
"မတွေ့ရတာ ကြာပြီနော်။ ဒုတိယဥက္ကဌ...အဲလေ… တက်ဂယူ”
တက်ဂယူက ထရပ်ပြီး လက်ကမ်းပေးလိုက်တယ်။
"တကယ်ကို မတွေ့ရတာ ကြာပါပြီ”
'ဒီမိန်းမက သူ့လက်ကို တကယ်ကြီး ပြန်ပြီးလက်ဆွဲနှုတ်ဆက်မှာ မဟုတ်လောက်ပါဘူး...'
ကွက်ဒိုဟွန်း မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ အဲ့ဒီအမျိုးသမီးဟာ တက်ဂယူကို နွေးနွေးထွေးထွေး နှုတ်ဆက်ပြီး တက်ဂယူရဲ့ လက်ကို ဆွဲကိုင်လိုက်တယ်။
"ဒါက ယန်ဟန်နာ ပါ။ ဒါက ကျွန်တော့်သူငယ်ချင်း မင်ဟာယောင်း”
"မင်္ဂလာပါ”
ယန်ဟန်နာက မင်ဟာယောင်းကို နှုတ်ဆက်ရင်း အကဲခတ်လိုက်တယ်။
မျက်မှန်နဲ့ ဝိုင်းစက်တဲ့ မျက်နှာ။ ချစ်စရာကောင်းပြီး သပ်ရပ်တဲ့ ပုံစံမျိုး။ ခွေးပေါက်လေးလိုလို၊ ယုန်ကလေးလိုလိုနဲ့တောင် တူပါတယ်။ ထူးထူးခြားခြား ချောမောလှပတာမျိုး မဟုတ်ပေမဲ့ အမျိုးသားတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ လုံလောက်တာတော့ သေချာပါတယ်။
"ဟုတ်ကဲ့၊ မင်္ဂလာပါ”
မင်ဟာယောင်းကလည်း ယန်ဟန်နာကို ပြန်ကြည့်ရင်း အလားတူပဲ အံ့သြနေမိတယ်။ ဓာတ်ပုံထဲမှာမြင်ခဲ့ရတဲ့ ချောမောလှပတဲ့ အမျိုးသမီးက သူ့ရဲ့ရှေ့တည့်တည့်မှာ ရပ်နေတာလေ။
'ဘာကြီးလဲ။ ဒါဆို အဲဒီမက်ဆေ့ခ်ျတွေအားလုံးက အစစ်တွေပေါ့’
အမျိုးသမီးဖြစ်တဲ့ သူတောင်မှ ယန်ဟန်နာရဲ့ လှပတဲ့မျက်နှာနဲ့ သွယ်လျတဲ့ကိုယ်လုံးကို မျက်တောင်မခတ်တမ်း ကြည့်မိနေတယ်။ ယန်ဟန်နာရဲ့မျက်လုံးတွေက စူးရှပြီး အနည်းငယ် ပြတ်သားတဲ့ အထင်အမြင်ကို ပေးစွမ်းနိုင်ပေမဲ့ အဲဒါကလည်း ယန်ဟန်နာရဲ့ ဆွဲဆောင်မှုတစ်ခုလို ခံစားရစေပါတယ်။
ကွက်ဒိုဟွန်းကတော့ အခြေအနေကို ကောင်းကောင်း သဘောမပေါက်နိုင်သေးပါဘူး။
'အိုတက်ဂယူက ဒီလိုအမျိုးသမီးမျိုးနဲ့ ဘယ်လိုလုပ် သိနေရတာလဲ’
ယန်ဟန်နာက လှပရုံတင်မကဘဲ ဖော်ပြမရတဲ့ တင့်တယ်မှုနဲ့ သန့်စင်မှုကိုလည်း ထုတ်လွှတ်နေပါတယ်။ ယန်ဟန်နာရဲ့ တည်ရှိမှုသက်သက်ကတင် တစ်ဆိုင်လုံးရဲ့ လေထုကို ပြောင်းလဲသွားစေသလိုပါပဲ။
တက်ဂယူက ကွက်ဒိုဟွန်းရဲ့ ပခုံးကို ပုတ်လိုက်တယ်။
"မင်း စောနကတင် ထပြီး ပြန်တော့မလို့ မဟုတ်လား။ မြန်မြန် သွားတော့လေ”
"မ... မပြန်ပါဘူး”
သူက အမျိုးသမီးအများကြီးနဲ့ တွဲဖူးပေမဲ့ ဒီလောက်အထိ ချောမောလှပတဲ့လူကို... အထူးသဖြင့် ဒီလောက် အနီးကပ် မြင်ဖူးတာက ပထမဆုံးအကြိမ်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက အခွင့်အရေးကောင်းတစ်ခုပဲလေ။
စိတ်ကို ပြန်စုစည်းပြီးနောက် ကွက်ဒိုဟွန်းက အမြန်ပဲ လက်ကမ်းလိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က တက်ဂယူရဲ့ သူငယ်ချင်း ကွက်ဒိုဟွန်း ပါ”
ယန်ဟန်နာက သူ့လက်ကို နှုတ်ဆက်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ တက်ဂယူက အရက်ခွက်တစ်ခုကို ကွက်ဒိုဟွန်းရဲ့ လက်ထဲကို အသာအယာ ထည့်ပေးလိုက်တော့တယ်။
"အားလုံး တူတူ အရင်ဆုံး သောက်ကြရအောင်”
အခန်း (၃၂၈)
ယန်ဟန်နာက ပုံမှန်ဆို ဝိုင်ဘားတွေ ဒါမှမဟုတ် ပါတီပွဲတွေကိုပဲ သွားလေ့ရှိတာပါ။ မသိသာအောင် ကြိုးစားပြီး ဒီလိုအရက်ဆိုင်မျိုးရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ထိုင်နေရပါတယ်။
သူတို့တွေ သောက်ရင်းသောက်ရင်းနဲ့ ယန်ဟန်နာက တက်ဂယူကို မေးလာတယ်။
"နင်တို့နှစ်ယောက်က တော်တော်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ထင်တယ်"
တက်ဂယူက ခေါင်းခါပြပြီး ပြောလိုက်တယ်။
"ငါက မင်ဟာယောင်းနဲ့ပဲ ရင်းနှီးတာ။ ဒီကောင့်ကိုတော့ သိပ်မသိပါဘူး။ စောစောကတင် ငါ့ကို ဒေါသတကြီးနဲ့ လာအော်နေတာလေ"
"အိုမို... တကယ်လား"
ကွတ်ဒိုဟွန်းက စိတ်မသက်မသာနဲ့ ဟန်ဆောင်ရယ်လိုက်ပြီး လို့ ပြောရှာတယ်။
"ဟားဟား... မနောက်စမ်းပါနဲ့ကွာ"
" မနောက်ပါဘူး။ ငါတို့က ဘယ်တုန်းက ရင်းနှီးလို့လဲ"
"......"
'ဒီကောင် ဘာဖြစ်နေတာလဲ'
တက်ဂယူက ယန်ဟန်နာ့ရဲ့ ဆိုဂျူခွက်ထဲ အရက်ထည့်ပေးရင်း ပြောလိုက်ပြန်တယ်။
"ကျောင်းတုန်းက သူငယ်ချင်းတွေကို အနိုင်ကျင့်တတ်တဲ့ ကောင်တွေကို နင် ဘယ်လိုထင်လဲ။ ငါဆို အဲဒါမျိုး တော်တော်ခံခဲ့ရတာ"
ယန်ဟန်နာက အံ့သြချင်ယောင်ဆောင်ပြီး မေးတယ်။
"တကယ်ကြီး အဲလိုဖြစ်ခဲ့တာလား"
တက်ဂယူက ထပ်မေးတယ်။
"အဲလိုကောင်တွေက သူများကို အနိုင်ကျင့်ရင် မိန်းကလေးတွေရှေ့မှာ လန်းတယ်လို့ ထင်နေကြတာလေ။ မိန်းကလေးတွေ အမြင်မှာရော တကယ်လန်းလို့လား"
"လုံးဝမလန်းဘူး။ ငါဆို ကမ္ဘာပေါ်မှာ အဲလိုလူမျိုးတွေကို အမုန်းဆုံးပဲ"
"အဟား... ကြားတယ်မလား။ ဒိုဟွန်း"
ကွတ်ဒိုဟွန်းတစ်ယောက် ရင်ထဲမှာ ပေါက်ကွဲမတတ် ဒေါသထွက်နေပေမဲ့ အပြင်ပန်းမှာတော့ မပြရဲပါဘူး။ ဒီနေရာမှာ ဒေါသထွက်ပြလိုက်ရင် သူပဲ လူရယ်စရာ ဖြစ်သွားမှာပါ။
ဒါနဲ့ ကွတ်ဒိုဟွန်းက အခြေအနေပြောင်းအောင် ပြုံးပြုံးလေးနဲ့ မေးလိုက်တယ်။
"ဟန်နာက... ဘာအလုပ်လုပ်တာလဲဟင်။ မော်ဒယ်လား... ဒါမှမဟုတ် လေယာဉ်မယ်လား"
"အလုပ်တစ်ခုခု လုပ်ပါတယ်"
"အလုပ်တစ်ခုခုဟုတ်လား။ ဘာအလုပ်လဲ။ အနုပညာရှင် ဒါမှမဟုတ် အိုင်ဒေါတော့ မဟုတ်ပါဘူးနော်"
"နောက်မှပဲ ပြောတော့မယ်"
ဒီတစ်ခါတော့ တက်ဂယူက ဝင်မေးတယ်။
"နင် ဂိမ်းဆော့ရတာ ဝါသနာပါလား"
ယန်ဟန်နာက ချက်ချင်းခေါင်းညိတ်ပြီး "အား... ဝါသနာပါတာပေါ့။ စိတ်လည်းဝင်စားတယ်။ ဒါပေမဲ့ ဆော့ဖို့ အခွင့်အရေး သိပ်မရဘူး။ နင်က ဂိမ်းဆော့တာ တော်တော်လေးတော်တယ်လို့ ကြားဖူးတယ်။ အဲ့ဒါအမှန်ပဲလား။ တက်ဂယူ"
"ငါ ဂိမ်းတစ်ခု ညွှန်းရမလား။ အခုမှထွက်တဲ့ လန်းတဲ့ RPG ဂိမ်းအသစ်တစ်ခု ရှိတယ်။ ငါဆို သုံးရက်ဆက်တိုက် မအိပ်ဘဲ ဆော့တာ နိုင်ခါနီး ဇာတ်သိမ်းပိုင်းမှာ မျက်ရည်တောင် ကျမိတယ်"
ယန်ဟန်နာက ဝမ်းသာအားရ လက်ခုပ်တီးပြီး ပြောတယ်။
"တကယ်လား... ငါ သေချာပေါက် ဆော့ကြည့်ရမယ်"
ကွတ်ဒိုဟွန်းတစ်ယောက် မြင်နေရတဲ့ မြင်ကွင်းကို လုံးဝမယုံနိုင်အောင် ဖြစ်နေရပါတယ်။
သူက အရပ်ရှည်ပြီး ရုပ်လည်း အတော်အတန် ချောမောတဲ့သူပါ။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တုန်းကလည်း မိန်းကလေးတွေ ကြားမှာ ရေပန်းစားခဲ့သလို အလုပ်ထဲမှာလည်း ကောင်မလေးတချို့က သူ့ကို စိတ်ဝင်စားကြတာပါ။ ဒါပေမဲ့ ဒီနေရာမှာတော့ သူက လူရာမဝင်သလို ဖြစ်နေပြီး ယန်ဟန်နာက တက်ဂယူကိုပဲ တကူးတက စိတ်ဝင်တစား စကားပြောနေတာပါ။
'ဒီမိန်းကလေးက ဘာလို့ အိုတက်ဂယူလို ကောင်မျိုးကို စိတ်ဝင်စားနေရတာလဲ'
ဘာပဲဖြစ်ဖြစ် ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူး။ အာရုံစိုက်ခံရအောင် လုပ်မှ ရမယ်။
ကွတ်ဒိုဟွန်းက အိမ်သာသွားချင်ယောင်ဆောင်ပြီး ထသွားရာက ပြန်လာထိုင်တဲ့အခါ သူ့ဖုန်းနဲ့ ကားသော့ကို အိတ်ကပ်ထဲကနေ အတူတူ ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။
'ကဲ... သဘာဝကျကျ ပြလိုက်ပြီ'
သူ့ကားက C-Class ဖြစ်ပြီး ကားသော့မှာ Mercedesရဲ့ Logo ပါပါတယ်။ အလုပ်ဝင်ခါစက ၃၆ လ အရစ်ကျနဲ့ ဝယ်ထားတာမလို့ ပတ်ဝန်းကျင်က ရူးနေလားလို့ ပြောကြပေမဲ့ သူနားမထောင်ခဲ့ပါဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံခြားကား မမောင်းရင် ဘယ်အချိန် မောင်းမလဲ။ လခထုတ်တာနဲ့ ကားဖိုး အများကြီး အဖြတ်ခံရလို့ တစ်ခါတလေ နောင်တရမိပေမဲ့ အခုလို အချိန်မျိုးမှာတော့ သူ လုပ်ခဲ့တာ မှန်တယ်လို့ တွေးမိသွားတယ်။
တကယ်တော့ ယန်ဟန်နာ ဝတ်ထားတဲ့ ပစ္စည်းတွေက Mercedesကားထက်တောင် တန်ဖိုးကြီးနိုင်ပေမဲ့ ကိုရီးယားဆိုင်တွေ မှာတောင် ရှာရခက်တဲ့ အဆင့်မြင့် တံဆိပ်တွေမလို့ ရုတ်တရက် ကြည့်ရင် မသိသာပါဘူး။
ယန်ဟန်နာက ကားသော့ကို တစ်ချက် ကြည့်လိုက်တယ် ထင်လို့ သူ ရင်ထဲမှာ ပြုံးနေတုန်း ဆိုင်က ကားပါကင်ဝန်ထမ်း ဝင်လာပြီး ယန်ဟန်နာ့ကို လာပြောတယ်။
"Bentleyကားပိုင်ရှင် ဟုတ်ပါသလားခင်ဗျာ။ ကားနောက်က တခြားကားတစ်စီး ထွက်ချင်လို့ သော့ခဏလောက် ပေးပါဦး"
"ကျွန်မဒရိုင်ဘာ အပြင်မှာ ရှိပါလိမ့်မယ်။ သူနဲ့ပဲ ပြောလိုက်ပါ"
"ဟုတ်ကဲ့ပါခင်ဗျာ"
ဝန်ထမ်း ထွက်သွားတော့ ကွတ်ဒိုဟွန်း မျက်နှာ ပျက်သွားပါပြီ။
'Bentleyဟုတ်လား။ ဒရိုင်ဘာဟုတ်လား'
Bentleyနဲ့ ယှဉ်ရင် Mercedes C-Class ဆိုတာ သာမန်ကားလေးပဲ ရှိတာပါ။ သူ ဂုဏ်ယူနေတဲ့ ကားလေးက ချက်ချင်းကို သေးသိမ်သွားသလို ခံစားလိုက်ရတယ်။
သူက သော့ကို အိတ်ကပ်ထဲ ပြန်ထည့်ဖို့ ကြိုးစားနေတုန်း တက်ဂယူက အသံကျယ်ကြီးနဲ့ လှမ်းပြောတယ်။
"ဝိုး... Mercedes မောင်းတာပေါ့လေ။ ကြွားချင်လို့ သော့ကို စားပွဲပေါ်အထိ တင်ပြထားတာလား"
"အာ... မဟုတ်ပါဘူး။ ကြွားမလို့ မဟုတ်..."
"ရပါတယ်... Mercedesက ကြွားချင်စရာပဲလေ။ ငါလည်း ဒီနေ့ ကားမောင်းလာတာ"
တက်ဂယူက သူ့ကားသော့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တဲ့အခါ ထူးဆန်းတာက သော့မှာ ရွှေရောင်နွားသိုး Logo ဖြစ်နေတာပါပဲ။
'ဘာလဲဟ... သော့အတုလား'
လောကမှာ မိန်းကလေးတွေ အထင်ကြီးအောင် နိုင်ငံခြားကားသော့ အတုတွေ ဆောင်ထားတတ်တဲ့ လူတွေ ရှိတာမလို့ သူလည်း တက္ကသိုလ်တုန်းက လုပ်ဖူးပါတယ်။ ဒါပေမဲ့ BMW တို့ Mercedesတို့ကိုပဲ အတုလုပ်ကြတာပါ။ Lamborghiniကို အတုလုပ်တယ်ဆိုတာကတော့ အရှက်မရှိလွန်းရာ ရောက်လွန်းတယ်လေ။
သာမန်ရုံးဝန်ထမ်းတစ်ယောက်က စိတ်ကူးရှိရင် Audi၊ BMW ဒါမှမဟုတ် Mercedesကို မောင်းနိုင်ပေမဲ့ Lamborghiniကတော့ မဖြစ်နိုင်ပါဘူး။ တကယ် အထက်တန်းလွှာ ချမ်းသာတဲ့သူ မဟုတ်ရင် ကားပြင်စရိတ်တောင် မခံနိုင်ဘူးလေ။
ကွတ်ဒိုဟွန်းက လှောင်ပြုံးပြုံးပြီး ပြောလိုက်တယ်။
"ဟားဟား... လိမ်မယ်ဆိုလည်း ယုံအောင်လိမ်စမ်းပါ။ ဘာLamborghiniလဲ။ အဲဒီသော့အတုကို လမ်းပေါ်က ကောက်ရလာတာလား"
"အတုမဟုတ်ဘူး၊ အစစ်"
"ဘာတွေ ပြောနေတာလဲ။ ဆိုင်ရှေ့မှာ Lamborghiniတစ်စီးမှ မရှိပါဘူး"
"အနားမှာ ကားရပ်ထားခဲ့ပြီး လမ်းလျှောက်လာတာလေ"
"ဟားဟား... ဘယ်သူက ယုံမှာလဲ။ အိမ်မှာ Ferrariနဲ့ Porscheလည်း ယှဉ်ရပ်ထားပြီး ကြိုက်တာရွေးမောင်းလာတာလို့ပါ ပြောလိုက်ပါလား"
တက်ဂယူက တကယ် အံ့သြသွားတဲ့ မျက်နှာနဲ့ မေးလိုက်တယ်။
"ဟင်... ငါ့အိမ်က ဂိုထောင်ထဲက ကားတွေအကြောင်း မင်း ဘယ်လိုသိတာလဲ။ တကယ်ပါ... အပြင်သွားခါနီးတိုင်း ဘယ်ကားမောင်းရမလဲ စဉ်းစားရတာ ခေါင်းကို ကိုက်နေတာကွ"
"မရယ်ရဘူး... တော်တော့"
ကွတ်ဒိုဟွန်းက ယန်ဟန်နာ့ဘက် လှည့်ပြီး မေးလိုက်တယ်။
"ဟန်နာ... ဒီကောင့်ကို ကြည့်ပါဦး။ သော့အတုကြီးနဲ့ လာကြွားနေတာ တော်တော်အရှက်မရှိတာပဲနော်။ မဟုတ်ဘူးလား"
သူ့စကားကြောင့် ယန်ဟန်နာက မျက်နှာတည်တည်နဲ့ ပြန်မေးလိုက်တယ်။
"အရှက်မရှိဘူးဟုတ်လား။ နင်က သူငယ်ချင်းအချင်းချင်းကို အဲလို စကားပြောရလား။ နင်က တကယ်ပဲ တက်ဂယူရဲ့ သူငယ်ချင်း ဟုတ်ရဲ့လား"
"အာ... မဟုတ်ပါဘူး... ကျွန်တော်က..."
မင်ဟာယောင်းကလည်း ဝင်ပြောတယ်။
"ငါ တက်ဂယူ Lamborghiniမောင်းတာ တကယ် မြင်ဖူးတယ်"
"ဘာ... ဘာဖြစ်တယ်... တကယ်ကြီးလား။ ဘာမော်ဒယ်လဲ"
တက်ဂယူက ဖြေလိုက်တယ်။
"အင်း... Aventadorလို့တော့ ထင်တာပဲ"
"......"
ယန်ဟန်နာက ပြုံးပြီး ပြောတယ်။
"နင်က Lamborghini ကြိုက်တာပေါ့နော်။ တက်ဂယူ"
"ရှိလို့ မောင်းတာပါ။ အခုတလော ငါ့အစ်မက အဲဒီကား သိပ်မမောင်းတော့ဘူးလေ။ Sedanကားတွေက ပိုစီးလို့ကောင်းတယ် ပြောပြီး Sedanကားပဲ စီးနေတာဟ"
"ဒါဆို နင် ကားမောင်း တော်မှာပဲ။ နောက်မှ ငါ့ကို ကားမောင်းသင်ပေးဦး။ ငါက အမြဲတန်း ဒရိုင်ဘာနဲ့ပဲ သွားလို့ ကိုယ်တိုင်မောင်းကြည့်ချင်နေတာ"
"ကိုရီးယားမှာလည်း မကြာခင်မှာ အလိုအလျောက် မောင်းစနစ်သုံးကားတွေ ရောက်တော့မှာပဲ။ အဲကျရင် ကားမောင်းသင်စရာတောင် မလိုတော့ဘူးလေ"
"အာ... ဟုတ်သားပဲ။ အဲဒါ အဆင်ပြေတယ်။ CarOS စနစ်သုံးကားတွေ ကိုရီးယားကို မြန်မြန်ရောက်လာရင် ကောင်းမယ်။ ရောက်တာနဲ့ ငါ သေချာပေါက် ဝယ်စီးမယ်"
ကွတ်ဒိုဟွန်းတစ်ယောက် လုံးဝကို အလဲအကွဲ ရှုံးနိမ့်သွားရရှာပါပြီ။
သူက အထက်တန်း၊ တက္ကသိုလ်တွေမှာ စာတွေ အသည်းအသန် ကြိုးစားခဲ့ပြီး ကုမ္ပဏီကြီးတစ်ခုကို ခက်ခက်ခဲခဲ ဝင်ခဲ့ရတာပါ။ ဒါပေမဲ့ ကျောင်းတုန်းက အိုတာကူ ကောင်က အခု Lamborghini မောင်းနေတယ်ဆိုတာကို သူ ဘယ်လိုမှ ယုံမရဘဲဖြစ်နေပါတယ်။
'ဒါ ငါ့ကို ဝိုင်းပြီး ကြပ်နေကြတာများလား'
အဲဒီအချိန်မှာပဲ ယန်ဟန်နာ့ဖုန်း မြည်လာတယ်။
"ဖုန်းမကိုင်ဘူးလား"
"အဖေ လှမ်းဆက်တာပါ"
"ဪ... ဟုတ်သားပဲ။ ဒီနေ့ အဖေနဲ့ ထမင်းစားဖို့ ရှိတယ်ဆို"
ယန်ဟန်နာက ပြုံးပြီး ပြောတယ်။
"ဟုတ်တယ်။ သူတစ်ယောက်ထဲ ထမင်းစားနေရလို့ ညည်းနေတာလေ"
တက်ဂယူက ကွတ်ဒိုဟွန်းကို တစ်ချက်ကြည့်လိုက်တော့ ကွတ်ဒိုဟွန်းမျက်နှာက အရက်ကြောင့်လား၊ ရှက်လို့လားမသိ ရဲတောက်နေပါပြီ။ တက်ဂယူက ပြောလိုက်တယ်။
"အဆင်ပြေရင် အန်ကယ်ကို ဒီကိုပဲ ဖိတ်လိုက်ပါလား။ မတွေ့ရတာလည်း ကြာပြီဆိုတော့ နှုတ်ဆက်ချင်လို့ပါ"
မိနစ် ၂၀ လောက်အကြာမှာတော့...
CL Chemical ရဲ့ ဥက္ကဌ ယန်ဟိုယောင်း ဆိုင်ထဲကို ရောက်လာပါတယ်။
တက်ဂယူက ထပြီး နှုတ်ဆက်လိုက်တယ်။
"မတွေ့ရတာ ကြာပြီနော်။ ဒီနေ့တော့ ကျွန်တော့်ကို တက်ဂယူလို့ပဲ သဘာဝကျကျ ခေါ်ပါ။ အန်ကယ်"
ဥက္ကဌ ယန်ဟိုယောင်းကလည်း မလာခင်ကတည်းက အခြေအနေကို ကြိုသိထားပြီးသားမလို့ လှိုက်လှိုက်လှဲလှဲ ပြန်ပြောတယ်။
"တက်ဂယူနဲ့ တစ်ခွက်လောက် သောက်ချင်နေတာ၊ ဒီနေ့မှပဲ အခွင့်အရေး ကြုံတော့တယ်။ တကယ် ဝမ်းသာပါတယ်"
"ဒီလိုဆိုင်မျိုးမှာ အဆင်ပြေပါ့မလား။ အန်ကယ်"
ဥက္ကဌ ယန်ဟိုယောင်းက ရယ်ပြီးဆိုတယ်။
"ဟားဟား... ပြေတာပေါ့။ ငါ အလုပ်စဝင်ခါစတုန်းက ဝန်ထမ်းတွေနဲ့ ဒီလိုဆိုင်တွေမှာ ခဏခဏ သောက်ခဲ့တာပဲ။ ဘယ်နေရာမှာ သောက်လဲဆိုတာထက် ဘယ်သူနဲ့ သောက်လဲဆိုတာက ပိုအရေးကြီးတာ မဟုတ်ဘူးလား"
တကယ်တော့ အိုတက်ဂယူဆိုတာ ကန်ဂျင်ဟူထက်တောင် တွေ့ရခက်တဲ့လူပါ။ အခုလို ရင်းနှီးခွင့်ရတဲ့ အခွင့်အရေးကိုရနေမှတော့ ဘယ်နေရာမှာပဲတွေ့ရတွေ့ရ သူ ဂရုမစိုက်ပါဘူး။
တက်ဂယူက ကွတ်ဒိုဟွန်းကို ကြည့်ပြီး မေးတယ်။
"အန်ကယ်... ဒီကောင့်ကို သိလား"
"သူက ဘယ်သူမလို့လဲ"
"သေချာ စဉ်းစားကြည့်။ မြင်ဖူးမှာပါ"
ကွတ်ဒိုဟွန်းက ဥက္ကဌကို မြင်ကတည်းက ရင်းနှီးနေသလိုလို ရှိတာပါ။
တက်ဂယူက မဲ့ပြုံးပြုံးပြီး ပြောလိုက်တယ်။
"ဥပမာ... အလုပ်လူတွေ့စစ်ဆေးတုန်းက ဒါမှမဟုတ် ဝန်ထမ်းသစ် သင်တန်းတုန်းကလိုပေါ့"
ကွတ်ဒိုဟွန်းတစ်ယောက် ဘယ်မှာမြင်ဖူးလဲဆိုတာ ချက်ချင်း သတိရသွားပြီး ၉၀ ဒီဂရီ ခါးညွတ်ကာ အသည်းအသန် နှုတ်ဆက်တော့တယ်။
"မင်္ဂလာညချမ်းပါ။ ဥက္ကဌကြီး"
"သူက ကျွန်တော့်အသိပါ။ CL Chemical ကို အခုမှ အလုပ်ဝင်ထားတာ"
တက်ဂယူက ရှင်းပြတော့ ဥက္ကဌ ယန်ဟိုယောင်းက ကွတ်ဒိုဟွန်းကို မေးတယ်။
"ဘယ်ဌာနမှာ လုပ်တာလဲ"
ကွတ်ဒိုဟွန်းက ရိုရိုသေသေနဲ့ ပြန်ဖြေတယ်။
"သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (R&D Team) မှာပါခင်ဗျာ"
ဥက္ကဌ ယန်ဟိုယောင်းက ပြုံးပြီး ပြောတယ်။
"ငါတို့ကုမ္ပဏီကို မင်းသူငယ်ချင်း ဝင်လာတာပဲ။ ဒါလည်း ရေစက်တစ်ခုပဲပေါ့"
တက်ဂယူက ကြားဖြတ်ပြီး ပြောတယ်။
"သူငယ်ချင်းလို့ ပြောရလောက်အောင်တော့ မရင်းနှီးပါဘူး။ အထက်တန်းတုန်းက ကျောင်းတူရုံပါပဲ"
"ဪ... အဲလိုလား" လို့ ပြောပြီး ဥက္ကဌ ယန်ဟိုယောင်း ထိုင်လိုက်တယ်။
ကွတ်ဒိုဟွန်းတစ်ယောက် ဘာလုပ်ရမှန်း မသိတော့ပါဘူး။ အခုလောလောဆယ် ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အရိပ်အောက်မှာ ရှိနေပေမဲ့ CL Chemical ဆိုတာ ဘတ္ထရီလောကမှာ ထိပ်တန်းကုမ္ပဏီကြီး ဖြစ်တာပါ။ ဝန်ထမ်းသစ်တစ်ယောက်အနေနဲ့ ဥက္ကဌကို ဒီလိုဆိုင်မျိုးမှာ တွေ့ရဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူးလေ။
ကျောက်ရုပ်လို ငြိမ်နေတဲ့ ကွတ်ဒိုဟွန်းကို ဂရုမစိုက်ဘဲ ဥက္ကဌ ယန်ဟိုယောင်းက တက်ဂယူနဲ့ ခွက်ချင်းတိုက်ပြီး ရယ်ရယ်မောမော စကားပြောနေပါတယ်။ ပိုဆိုးတာက ဥက္ကဌက တက်ဂယူကို ယဉ်ယဉ်ကျေးကျေးနဲ့ လေးလေးစားစား ဆက်ဆံနေတာပါပဲ။
ဒါကို မြင်နေရတဲ့ ကွတ်ဒိုဟွန်းတစ်ယောက် ခေါင်းတွေ ခြောက်နေပါပြီ။
'ဒီကောင် ငါတို့ဥက္ကဌရဲ့ လျှို့ဝှက်ပြီး ဖောက်ပြန်တဲ့ ဗီဒီယိုတွေ ဘာတွေများ ရထားတာလား'
မဟုတ်ရင် ဒီအခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
ဥက္ကဌ ယန်ဟိုယောင်းက အရက်သောက်ရင်း တက်ဂယူကို လေ့လာနေမိတယ်။ အပြင်ပန်းကြည့်ရင်တော့ ဘာမှ ထူးခြားပုံမရပေမဲ့ စီးပွားရေးလောကမှာ လူအမျိုးမျိုးနဲ့ ဆုံခဲ့ဖူးတဲ့ သူ့အမြင်အရ အပြင်ပန်းထက် လူက ပိုအရေးကြီးတာ သူသိတယ်လေ။
ကြားမိသလောက်တော့ အိုတက်ဂယူက ကန်ဂျင်ဟူ သေချာပေါက် ယုံကြည်ပြီး စီးပွားရေးကိစ္စတွေ တိုင်ပင်တဲ့ တစ်ဦးထဲသောလူပါ။ သူ့ရဲ့ အရည်အချင်းက သက်သေပြပြီးသားပဲလေ။ ဒါပေမဲ့ ပုံမှန်ဆို အားကစားဝတ်စုံ ဝတ်ပြီး လူမြင်ကွင်း ရှောင်နေတတ်တာက...
'သူ့ကိုယ်သူ ဖျောက်ပြီး ကန်ဂျင်ဟူကိုပဲ ပေါ်လွင်အောင် လုပ်ပေးနေတာလား'
ဒီလိုတွေးကြည့်တော့ တက်ဂယူအပေါ်ကိုအမြင်က ပြောင်းလဲသွားသလိုပဲ။
အဓိကကတော့ ဒီကောင်က သူ့သမီး ဟန်နာကို မျက်ရည်ကျအောင် လုပ်မယ့်လူမျိုး မဟုတ်ဘူးလို့ သူ ယုံကြည်ပါတယ်။ ချေဘော မိသားစုက ယောကျာ်းအများစုက မူးယစ်ဆေးသုံးတာ၊ ကလပ် တက်တာတွေ လုပ်တတ်ပေမဲ့ ကန်ဂျင်ဟူနဲ့ အိုတက်ဂယူတို့ကတော့ အဲဒီအပိုင်းမှာ သန့်ရှင်းကြတယ်။ လူတစ်ယောက်ကို သူ့သူငယ်ချင်းကို ကြည့်ပြီး သိနိုင်ပါတယ်။ ကန်ဂျင်ဟူဆိုရင်လည်း ကောင်မလေးတစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ တွဲနေတာပါ။
ချေဘောအသိုင်းအဝိုင်းက အိမ်ထောင်ရေးတွေမှာ ဂုဏ်ဒြပ်ကို ကြည့်ရတတ်ပေမဲ့ မိဘတိုင်းကတော့ သမီးဖြစ်သူ စိတ်ချမ်းသာဖို့ကိုပဲ လိုလားကြတာပါ။
'သူတို့နှစ်ယောက် တွဲနေတာ ကြည့်ရတာ တော်တော် လိုက်ဖက်တယ်'
နောက်ထပ် နှစ်ခွက် သုံးခွက်လောက် သောက်ပြီးတော့ ဥက္ကဌ ယန်ဟိုယောင်းက ပြောတယ်။
"ငါ ပြန်ရတော့မယ် ထင်တယ်"
"ဟင်... စောသေးတယ်လေ။ အန်ကယ်"
"ဟားဟား... လူငယ်တွေကြားထဲ ငါက ဘာလုပ်နေမှာလဲ။ မနက်ဖြန် မနက်စောစော ဟန်ဂေရီကို သွားရမှာဆိုတော့ အိမ်ပြန်ပြီး နားလိုက်ဦးမယ်"
တက်ဂယူနဲ့ ကွတ်ဒိုဟွန်းတို့က လိုက်ပို့ဖို့ ထရပ်ကြတယ်။
ဆိုင်ရှေ့မှာ Mercedes S-Class Maybach ကားကြီးက စောင့်နေတာပါ။ ကားပေါ်မတက်ခင် ဥက္ကဌက ပြောတယ်။
"ဒီနေ့ည တော်တော်ပျော်ဖို့ကောင်းပါတယ်။ နောက်လည်း ဒီလို သက်သောင့်သက်သာ သောက်ရအောင်"
"နောက်မှ ကျွန်တော့်သူငယ်ချင်းနဲ့အတူ ကုမ္ပဏီကို လာလည်ပါ့မယ်"
ဒီနေရာမှာ သူငယ်ချင်းဆိုတာ ကန်ဂျင်ဟူကို ပြောတာပါ။
ဥက္ကဌ ယန်ဟိုယောင်းက ပြုံးပြီး "ဘယ်အချိန်မဆို ကြိုဆိုပါတယ်" လို့ ပြောကာ ကားထဲ ဝင်ထိုင်လိုက်တယ်။
တက်ဂယူက ပေါ့ပေါ့ပါးပါးပဲ လက်ပြနှုတ်ဆက်ပေမဲ့ ကွတ်ဒိုဟွန်းကတော့ ခါးကြီးညွတ်ပြီး ကျန်ခဲ့တာပါ။ ကားထွက်သွားပြီး မမြင်ရတော့တဲ့အချိန်မှာ ကွတ်ဒိုဟွန်းက တက်ဂယူကို မေးတော့တယ်။
"မင်း... မင်းက ဘယ်သူလဲ။ ငါတို့ဥက္ကဌကို ဘယ်လိုသိတာလဲ"
တက်ဂယူက လက်ညှိုးခါပြပြီး ပြန်ပြောတယ်။
"အဲဒါက အရေးမကြီးဘူး။ ဒိုဟွန်း"
"ဒါဆို ဘာက အရေးကြီးတာလဲ"
"ငါက CL Chemical ဥက္ကဌနဲ့ ဒီလောက်အထိ ရင်းနှီးနေတာက အရေးကြီးတာပေါ့။ ကျောင်းတုန်းက မင်းက ငါ့ကို ဝက်ခြံနဲ့ အိုတာကူဝက်ကြီးလို့ ခေါ်ပြီး မုန့်သွားဝယ်ခိုင်းခဲ့တာကို ထောက်ပြပြီး... မင်းကို သုတေသနအဖွဲ့ကနေ ကွန်ဂိုက ကိုဘော့သတ္တုတွင်းဆီ အလုပ်ပြောင်းခိုင်းလိုက်ရမလား။ ငါ အကြံပြုပေးလို့ရတယ်နော်"
အဲဒီစကားကြောင့် ကွတ်ဒိုဟွန်းမျက်နှာ သွေးဆုတ်ပြီး ဖြူဖတ်ဖြူလျော် ဖြစ်သွားတယ်။
"ဘာ... ဘာလဲဟ... ကိုဘော့သတ္တုတွင်းနဲ့ ဘာဆိုင်လို့လဲ"
"မင်းက ငါ့ကို မုန့်သွားဝယ်ခိုင်းသလိုမျိုး၊ အဲဒီက အလုပ်သမားတွေအတွက် မင်းက ကိုဘော့တွေ သွားသယ်ပေးပေါ့ကွာ။ မင်းရဲ့အရည်အချင်းနဲ့ ကွက်တိပဲ မဟုတ်ဘူးလား"
"......"
'ငါ့အရည်အချင်းနဲ့ လုံးဝ မကွက်တိပါဘူးဟ'
ကွန်ဂို ဘယ်မှာရှိမှန်းတောင် သူ သေချာမသိသလို သွားလည်းမသွားချင်ပါဘူး။ အဲဒီမှာ ပြည်တွင်းစစ် ဖြစ်နေတာ မဟုတ်ဘူးလား။
ဘာတွေဖြစ်ကုန်မှန်း သူ မသိတော့ပေမဲ့ သူ အထက်တန်းကျောင်းတုန်းက နှိမ်ခဲ့တဲ့ အိုတာကူကောင်က အခုတော့ ကုမ္ပဏီကြီးရဲ့ ဥက္ကဌတောင် ရိုရိုသေသေ ဆက်ဆံရတဲ့လူ ဖြစ်နေပြီး သူ့ရဲ့ အလုပ်အကိုင် အနာဂတ်က အခု အိုတက်ဂယူရဲ့ လက်ထဲ ရောက်သွားရပါပြီ။
"မင်း... မင်း တကယ်ကြီး အဲလို မလုပ်ဘူးမလား။ နောက်နေတာမလား"
တက်ဂယူက ကွတ်ဒိုဟွန်းပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
"မင်း ဘယ်လို ပြုမူမလဲဆိုတာအပေါ်ပဲ မူတည်ပါတယ်"
"......"
ဥက္ကဌ ပြန်သွားလို့ တက်ဂယူနဲ့ ကွတ်ဒိုဟွန်းတို့ လိုက်ပို့နေတဲ့အချိန် ဆိုင်ထဲက စားပွဲမှာ ယန်ဟန်နာနဲ့ မင်ဟာယောင်း နှစ်ယောက်ထဲ ကျန်ခဲ့ပြီး အခြေအနေက အေးစက်စက် ဖြစ်နေပါတယ်။
မင်ဟာယောင်းက အကဲခတ်ရင်းနဲ့ မေးတယ်။
"တက်ဂယူကို ဘယ်လိုသိတာလဲဟင်"
"ပါတီပွဲတစ်ခုမှာ ဆုံတာပါ"
"ဪ... ဟုတ်ကဲ့"
ပြီးတော့ ပြန်ငြိမ်သွားကြပြန်ရော။
"နင်တို့က ကျောင်းနေဖက်တွေဆို။ မင်ဟာယောင်း"
"ဟုတ်တယ်... အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေပါ"
"ဪ... ကျောင်းနေဖက်တွေပေါ့"
'ဒါဆို သူတို့က ပိုပြီး ကြာကြာသိခဲ့ကြတာပေါ့'
အခြေအနေအရ သူတို့က တစ်ခါနှစ်ခါမက တွေ့ဖူးကြပုံပဲ။
'သူက ငါနဲ့တွေ့ဖို့ကျ ရှောင်ပြီး ဒီမိန်းကလေးနဲ့ကျ ခဏခဏ တွေ့နေတာလား။ သူတို့က တကယ်ပဲ သူငယ်ချင်းတွေ ဟုတ်ရဲ့လား' လို့ ယန်ဟန်နာ တွေးနေမိတယ်။
မင်ဟာယောင်းကလည်း တွေးနေမိတယ်။
'သူ့အဖေက CL Chemical ရဲ့ ဥက္ကဌကြီးလား။ သူနဲ့ တက်ဂယူနဲ့က ဘယ်လိုပတ်သတ်တာလဲ။ သူ့ပုံကို ဘယ်မှာမြင်ဖူးပါလိမ့်လို့ စဉ်းစားနေတာ၊ တကယ်ကြီး မင်းသမီးတစ်ယောက်လိုပဲ'
အခြေအနေကို ပြောင်းလဲဖို့ မင်ဟာယောင်းက ဆိုဂျူပုလင်းကို ကိုင်ပြီး မေးလိုက်တယ်။
"သောက်... သောက်မလား"
"ကောင်းသားပဲ"
မင်ဟာယောင်းက ယန်ဟန်နာ့ခွက်ထဲ ထည့်ပေးတယ်။
ယန်ဟန်နာက ပုံမှန်ဆို ဝိုင်ပဲသောက်ပြီး ဆိုဂျူ သိပ်မသောက်တတ်ပါဘူး။ မင်ဟာယောင်းကလည်း အရင်ကတည်းက အရက် သိပ်မသောက်နိုင်တဲ့သူပါ။ ဒါပေမဲ့ ယန်ဟန်နာက အရင်ဆုံး ခွက်ကုန်အောင်သောက်လိုက်တာ မြင်တော့ မင်ဟာယောင်းလည်း လိုက်သောက်လိုက်တယ်။
"ဒီတစ်ခါ ငါ ထည့်ပေးမယ်"
"ကျေးဇူးပါ"
သူတို့ နှစ်ယောက်လုံး ခွက်တွေကို ပြိုင်တူ မော့ချလိုက်ကြပြန်တယ်။
သူတို့နှစ်ယောက် အပြိုင်အဆိုင် သောက်နေကြတုန်းမှာပဲ တက်ဂယူနဲ့ ကွတ်ဒိုဟွန်းတို့ ပြန်ဝင်လာတယ်။
တက်ဂယူက ပြုံးပြီး ပြောလိုက်တယ်။
"အို... နင်တို့နှစ်ယောက် တော်တော်ရင်းနှီးသွားကြပြီပဲ"