အခန်း (၃၂၉-၃၃၀)
Vol. 33 Ch. 329-330
အခန်း (၃၂၉)
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုအနေနဲ့ စတင်ခဲ့တဲ့ OTK ကုမ္ပဏီဟာ အခုဆိုရင် အုပ်စုကြီးတစ်ခုအဖြစ် ကြီးထွားလာခဲ့ပါပြီ။
ကော်ပိုရေးရှင်းတွေဆိုတာ ပိုက်ဆံရှာရုံတင်မကဘဲ ဒေသခံလူထုကိုလည်း ပြန်ပြီး အကျိုးပြုရပါမယ်။ ဒါကြောင့် ကျွန်တော်တို့လည်း လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့ အများသုံးရုံးခန်းနေရာဖြစ်တဲ့ OTK Gate ကို နယ်ဘက်တွေအထိ တိုးချဲ့နေပြီး တက္ကသိုလ်ကျောင်းသားတွေ အတွက် အဆောင် ဆောက်လုပ်ရေးကလည်း အရှိန်အဟုန်နဲ့ တိုးတက်နေခဲ့တယ်။ အရင် သဘောတူထားတဲ့အတိုင်း မြေနေရာပေးတဲ့ ကုမ္ပဏီတွေကိုပဲ ဆောက်လုပ်ရေး တာဝန်ပေးခဲ့တာပါ။ သူတို့က ပြိုင်ဆိုင်မှု ပြင်းထန်နေကြတော့ အဆောက်အဦးတွေကို အပြိုင်အဆိုင် ဆောက်နေကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌတွေကို ဖုန်းဆက်ပြီး အနာအဆာမရှိအောင် သေသေချာချာ ဆောက်ပေးဖို့ တောင်းဆိုထားတာမို့ ယုံကြည်လို့ရပါတယ်။
ဆောက်လုပ်ရေး ပိုမြန်တဲ့နေရာတွေကတော့ နောက်လာမယ့် စာသင်နှစ်မှာတင် ကျောင်းသားတွေ စတင်နေထိုင်နိုင်တော့မှာမလို့ ကြိုတင်ပြီး လျှောက်လွှာတွေ လက်ခံနေပါပြီ။ အဆောင်နေခွင့်ရဖို့ ပြိုင်ဆိုင်မှုကတော့ အဆမတန် မြင့်မားနေတာပေါ့။
OTK ကုမ္ပဏီက စပြီး ဦးဆောင်လိုက်တော့မှ ဝေခွဲမရဖြစ်နေတဲ့ တက္ကသိုလ်တွေကလည်း အဆောင်တွေ ဆောက်မယ့်အကြောင်း ကြေညာလာကြတယ်။ တစ်ကျော့ပြန်ပြီး အခန်းငှားစားတဲ့ အိမ်ရှင်တွေနဲ့ ဒေသခံတွေက ကန့်ကွက်ကြပြန်တာပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျောင်းသားတွေဘက်ကလည်း စုစည်းပြီး အတူတူ တုံ့ပြန်လာကြတယ်။
တချို့တက္ကသိုလ်တွေက လက်ရှိအဆောင်မှာ နေနေတဲ့ ကျောင်းသားတွေရဲ့ မှတ်ပုံတင်လိပ်စာကို အဆောင်လိပ်စာအတိုင်း ပြောင်းလဲပေးပြီး တုံ့ပြန်ခဲ့ကြတယ်။ ဒါမှ တက္ကသိုလ်ကျောင်းသားတွေက ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒေသခံအစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ ကောင်စီဝင်တွေကို မဲပေးခွင့်ရမှာ ဖြစ်လို့လေ။ အများပြည်သူရဲ့ သဘောထားကလည်း အဆောင်ဆောက်လုပ်ရေးဘက်မှာ ရှိနေတော့ ဒေသန္တရအစိုးရတွေက ခွင့်ပြုမိန့် ထုတ်ပေးခဲ့ရတာပေါ့။
OTK သုတေသနဌာနကို ဗဟိုပြုပြီး တည်ထောင်ခဲ့တဲ့ ကင်ဟိုမင် ဖောင်ဒေးရှင်းကတော့ အခြေခံသိပ္ပံပညာရပ်တွေကို စတင်ပံ့ပိုးပေးခဲ့တယ်။ တကယ်တော့ တောင်ကိုရီးယားဟာ GDPနဲ့ ယှဉ်ရင် သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) မှာ ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ပြဿနာက အောင်မြင်မှုနှုန်းက မလိုအပ်ဘဲ အရမ်းမြင့်မားနေတာပါ။ ရင်းနှီးမြှုပ်နှံမှုတိုင်းက အောင်မြင်နေသလို ဖြစ်နေတာလေ။ တစ်နည်းအားဖြင့်ပြောရရင် သုတေသနပြုလုပ်သူတွေက ကျရှုံးနိုင်ခြေမြင့်တဲ့ စိန်ခေါ်မှုတွေကို လုံးဝရှောင်ကွင်းနေကြတယ်ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် ကင်ဟိုမင် ဖောင်ဒေးရှင်းအနေနဲ့ ရေရှည်စီမံကိန်းတွေ (၅ နှစ်နဲ့အထက်) နဲ့ ကျရှုံးနိုင်ခြေများတဲ့ သုတေသနလုပ်ငန်းတွေကိုပဲ အဓိကထား ပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အထူးသဖြင့် သုတေသနရန်ပုံငွေတွေ မလိုအပ်ဘဲ လေလွင့်ဆုံးရှုံးတာမျိုး မရှိအောင် အထူးဂရုစိုက်ခဲ့တာပေါ့။
ကိုရီးယားမှာ သုတေသနရန်ပုံငွေတွေကို ကိုယ်ကျိုးသုံးတာက သာမန်လို ဖြစ်နေပြီး နည်းလမ်းအမျိုးမျိုး သုံးကြပါတယ်။ လုပ်အားခတွေကို လိမ်ညာတာ၊ စာရွက်စာတမ်းအတု လုပ်တာ၊ မူပိုင်ခွင့်အတု တင်တာ စသဖြင့်ပေါ့။ ဒီလို အကျင့်ပျက်ခြစားမှုတွေ ဆက်ရှိနေရတဲ့ အကြောင်းရင်းကတော့ ဒါက အသိုင်းအဝိုင်းကျဉ်းကျဉ်းလေး ဖြစ်နေပြီး စုံစမ်းစစ်ဆေးမှုလုပ်ရင် ဘယ်သူတိုင်လဲဆိုတာ သိသာလွန်းလို့ပါပဲ။ ကိုရီးယားလူ့အဖွဲ့အစည်းမှာ ပါမောက္ခတွေက ဩဇာအာဏာ အတော်ကြီးကြတာပါ။ နာမည်ပျက်သွားရင် တက္ကသိုလ်က ထုတ်ပယ်ခံရရုံတင်မကဘဲ နောင်အလုပ်အကိုင် လမ်းကြောင်းတွေပါ ပိတ်သွားနိုင်ပါတယ်။ ပါမောက္ခ ကင်ဟိုမင် ကိုယ်တိုင်လည်း ပါမောက္ခအဖြစ် နှစ်အကြာကြီး လုပ်ခဲ့ဖူးတာမလို့ ဒီပညာရေးလောကရဲ့ ထုံးစံတွေကို ဘယ်သူ့ထက်မဆို ပိုသိပါတယ်။
ပါမောက္ခ ကင်ဟိုမင်ဟာ ပုံမှန်စာရင်းစစ်ဆေးတာတွေ လုပ်ခဲ့ပြီး ရန်ပုံငွေ အလွဲသုံးစားလုပ်မှုကို တားဆီးဖို့အတွက် လျှို့ဝှက်တိုင်ကြားနိုင်မယ့် စနစ်တစ်ခုကို ဖန်တီးခဲ့တယ်။ တိုင်ကြားချက်က မှန်ကန်ကြောင်း တွေ့ရှိရင် ဖောင်ဒေးရှင်းက အဲဒီတိုင်ကြားသူအတွက် အလုပ်အကိုင်ကိုပါ အာမခံချက် ပေးထားသေးတယ်။ အလွဲသုံးစားလုပ်တာ တွေ့ရင် နောက်နောင် ရန်ပုံငွေပံ့ပိုးမှုကို ငြင်းပယ်ပြီး ပေးထားတဲ့ ရန်ပုံငွေတွေကိုပါ ပြန်လည်သိမ်းဆည်းမယ့် စနစ်တစ်ခုကို ထူထောင်ခဲ့တာပါ။ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေနဲ့ပါ ပူးပေါင်းပြီး လမ်းညွှန်ချက်တွေကို ပြင်ဆင်ကာ စီမံခန့်ခွဲမှု စည်းမျဉ်းတွေအဖြစ် သတ်မှတ်ခဲ့ကြတယ်။
တချို့ပါမောက္ခတွေက မကျေမနပ် ညည်းညူကြပေမယ့် ပါမောက္ခ ကင်ဟိုမင်ကတော့ အလျှော့မပေးခဲ့ဘူး။ မကြိုက်ရင် ရန်ပုံငွေကို မယူဘဲ နေရုံပဲလေ။ ရန်ပုံငွေတော့ လိုချင်ပြီး စာရင်းစစ်တာကျတော့ ငြင်းဆန်ချင်တယ်ဆိုတာ ဘယ်လို စိတ်ဓာတ်မျိုးလဲ။
ဂျပန်ကိုလိုနီခေတ်က နစ်နာသူတွေဖြစ်ခဲ့ရသူတွေအတွက် ဖောင်ဒေးရှင်း ထူထောင်ရေးကလည်း တဖြည်းဖြည်းချင်း တိုးတက်လာခဲ့တယ်။ ပမာဏကတော့ ဝမ် သိန်းပေါင်း ၅ ကုဋေအထိ ရှိပြီး အတော်လေး များပြားတာပါ။ ထုတ်ဖော်မပြောပေမယ့် ဒီရန်ပုံငွေတွေ ဘယ်ကလာလဲဆိုတာ လူတိုင်း သိကြပါတယ်။
Sankei Shimbunလို မီဒီယာတွေကတော့ "ဒါက ခိုးယူမှုပဲ၊ ဂျပန်နိုင်ငံသားတွေရဲ့ အငြိမ်းစားရန်ပုံငွေတွေကို လုယက်ပြီး ကိုရီးယားလူမျိုးတွေကို ကြွယ်ဝအောင် လုပ်ပေးနေတာ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ လွတ်လပ်သော ပြည်သူများပါတီက တချို့အမတ်တွေကလည်း ဂျပန်ကို တောင်းပန်ပြီး ပိုက်ဆံတွေ ပြန်ပေးဖို့ ပြောနေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်က သူတို့ရဲ့ လွှတ်တော်အမတ် လစာတွေကို အရင်စုပြီး လှူဒါန်းဖို့ အကြံပြုလိုက်တော့ အားလုံး ပါးစပ်ပိတ်သွားကြပါတယ်။ ကိုယ့် ပိုက်ဆံကျတော့ နှမြောတွန့်တိုနေပြီး ကျွန်တော့်ကျမှ ပိုက်ဆံတွေ သွားပြန်ပေးဖို့ ဘာလို့ လာပြီး ဆူဆူပူပူ လုပ်နေကြတာလဲ။
ကျိုးမော်တာရဲ့ နည်းပညာခိုးယူမှု ပြဿနာနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် တရုတ်နိုင်ငံမှာ ကိုရီးယားဆန့်ကျင်ရေး စိတ်ဓာတ်တွေ အရမ်းပြင်းထန်နေခဲ့တာပါ။ ဒါပေမဲ့ ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနောက်ပိုင်း အခြေအနေက အနည်းငယ် ပြေလျော့သွားခဲ့တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေ အားလုံးက ဂျပန် ထိုးနှက်ချက်ခံရတာကို ကြည့်ပြီး သဘောကျနေကြတာလေ။ ကျိုးမော်တာကလည်း အလားတူ ကံကြမ္မာမျိုး မကြုံရလို့ သက်ပြင်းချနိုင်ခဲ့ပြီး သူတို့ရဲ့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ ကျိုးတိုယိုတာအပေါ် ထိန်းချုပ်မှုကို အခိုင်အမာဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ တိုယိုတာကတော့ အဓိက ရှယ်ယာရှင်တွေရဲ့ ရှယ်ယာတွေ ပြန့်ကျဲနေပြီး ရှယ်ယာရှင်ကြီးတွေကြား အငြင်းပွားမှုတွေ ဖြစ်နေတာကြောင့် အတွင်းရေး ပြဿနာတွေကို ဖြေရှင်းဖို့ပဲ အလုပ်ရှုပ်နေခဲ့ရတယ်။
ဂျပန်မှာ အထွေထွေရွေးကောက်ပွဲအသစ် ကျင်းပခဲ့တယ်။ ပါတီတွင်းကနေ ရာထူးက ဆင်းပေးဖို့ တောင်းဆိုမှုတွေ အများကြီးရှိပေမယ့် အိုကာဇာကီကတော့ ပါတီဥက္ကဌ ရာထူးကို မစွန့်လွှတ်ခဲ့ဘဲ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP)က အာဏာကို ကပ်ပြီး ထိန်းထားနိုင်ခဲ့တယ်။ သူတို့ရဲ့ အမတ်နေရာ အတော်များများ လျော့နည်းသွားခဲ့ပေမယ့် အိုကာဇာကီ ယူဆူကီကတော့ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
အလုပ်တွေပြီးတော့ ကျွန်တော် ပထမထပ်က ကဖေးမှာ တက်ဂယူနဲ့ ထိုင်စကားပြောဖြစ်တယ်။
တက်ဂယူက ပြီးခဲ့တဲ့ ရက်အနည်းငယ်က အရက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို စိတ်လှုပ်ရှားတရက် ပြန်ပြောပြနေတာပါ။ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမလို့ ကျွန်တော်လည်း သေသေချာချာ နားထောင်နေမိတယ်။
"ဒါနဲ့ နောက်ပိုင်းကျရင် ဘာဆက်လုပ်ဖို့ စိတ်ကူးလဲ"
"ပျင်းတဲ့အခါကျရင် သူ့ကို တစ်ခါတလေ ဖုန်းဆက်ပြီး လှောင်ရင် ကောင်းမလား။ နောက်တစ်ခါကျရင် ချီလီက လီသီယမ်သတ္တုတွင်းတွေဆီ ပို့လိုက်မယ်လို့ ပြောရမလား"
"မဟုတ်ဘူးလေ။ ငါပြောတာက မင်ဟာယောင်းနဲ့ ယန်ဟန်နာ အကြောင်းကို ပြောတာ"
အဲဒီ ကွတ်ဒိုဟွန်း ဆိုတဲ့လူ ဘာဖြစ်သွားလဲဆိုတာကို ကျွန်တော် စိတ်မဝင်စားပါဘူး။
"ဟင်… သူတို့က ဘာဖြစ်လို့လဲ"
"မင်ဟာယောင်းနဲ့ ဆုံတာက ကြိုတင်စီစဉ်ထားတာလို့ပဲ ထားပါဦး။ ယန်ဟန်နာက ဘာဖြစ်လို့ အဲဒီကို ရောက်လာတာလဲလို့ မင်းထင်လဲ"
"သူက ငါ အရက်တိုက်မယ်ဆိုလို့ လာတာနေမှာပေါ့"
"......"
'ဒီကောင်က သိရက်နဲ့ပဲ အူတူတူလုပ်နေတာလား၊ ဒါမှမဟုတ် တကယ်ပဲ ဘာမှမသိတာလား'
"ဘာပဲဖြစ်ဖြစ် ငါ အရင်သွားတော့မယ်"
"ဘယ်သွားမလို့လဲ"
"ငါတို့ အိုဂွန်လေးနဲ့ သွားဆော့ရမယ်လေ။ အစ်မနဲ့ ယောက်ဖက ဒီည ညစာစားပြီးမှ အိမ်ပြန်လာကြမှာ"
သူကတော့ နည်းလမ်းမျိုးစုံနဲ့ အလုပ်ရှုပ်နေတာပါပဲ။
ကျွန်တော် ကော်ဖီတစ်ယောက်ထဲ သောက်ရင်း အိုတက်ဂယူ အကြံပြုထားတဲ့ နာမည်ကြီး ကာတွန်းစာအုပ်တစ်အုပ်ကို ဖတ်နေတုန်း ခဏအကြာမှာ ရှင်ယူရီ ဆင်းလာခဲ့တယ်။
"အကြာကြီး စောင့်လိုက်ရလား။ စီနီယာ။ ဪ... မဟုတ်သေးဘူး။ စီအီးအို"
"အလုပ်ဆင်းရင် သက်တောင့်သက်သာပဲ ခေါ်ပါ"
ရှင်ယူရီက ရုံးဝတ်စုံအပြည့်နဲ့ ဆံပင်ရွှေဝါရောင်ကို သေသေသပ်သပ် စည်းထားတာပါ။ ငွေကြေးလောကက ကျွမ်းကျင်ပညာရှင် တစ်ယောက်ရဲ့ ပုံစံမျိုး ပေါက်နေပါတယ်။
"နင်နဲ့ လိုက်ဖက်ပါတယ်"
"အဖေကတော့ လူကြီးလို လုပ်နေတဲ့ ကလေးလေးနဲ့ တူတယ်ဆိုပြီး စနောက်နေတာ"
ရှင်ယူရီက ကော်ဖီမှာပြီး ထိုင်လိုက်တယ်။
"အလုပ်တွေ ရှုပ်နေခဲ့တာ၊ အခုမှပဲ အသက်ရှူချောင်တော့တယ်"
"စီနီယာ ဆန်းယော့ ပြောတာတော့ နင်က ဝန်ထမ်းအမျိုးသားတွေကြားထဲမှာ အရမ်းရေပန်းစားနေတယ်ဆို။ နင်နဲ့ဒိတ်ဖို့ ဘယ်သူတွေ ချိန်းကြသေးလဲ"
ကျွန်တော့်စကားကြောင့် ရှင်ယူရီက ခေါင်းခါပြတယ်။
"ချိန်းတွေ့ဖို့ အချိန်ဘယ်ကရမှာလဲ။ အလုပ်သင်နေရတာနဲ့တင် အလုပ်ရှုပ်နေတာကို"
"နင် ငြင်းမနေဘူးဆိုကတည်းက တစ်ယောက်ယောက်တော့ လာပိုးပန်းတာ သေချာတယ်"
"ဒါပေါ့။ ကျွန်မက အမြဲတမ်း ရေပန်းစားပြီးသားပဲဟာ"
ရှင်ယူရီ OTK ကုမ္ပဏီကို ရောက်ကတည်းက ညစာတစ်နပ်လောက် ကျွေးရမယ်လို့ တွေးထားတာပါ။ ဒါပေမဲ့ ကိစ္စအမျိုးမျိုး ရှိနေတာကြောင့် အချိန်ပေးဖို့ ခက်ခဲနေခဲ့တာလေ။
ရှင်ယူရီက ကော်ဖီကို တစ်ငုံသောက်ပြီးမေးတယ်။
"ဘာကျွေးမှာလဲ။ အရသာရှိတာပဲ ဖြစ်ရမယ်နော်"
"ပါစတာ သွားစားကြမယ်။ ငါ ဘိုကင်လုပ်ထားပြီးပြီ"
"အစ်မအယ်လီကော လိုက်မှာလား"
"သူ ခုနကတင် အလုပ်ပြီးပြီလို့ လှမ်းပြောတယ်၊ မကြာခင် ရောက်လာလိမ့်မယ်"
စကားဆုံးတာနဲ့ အယ်လီက ကဖေးထဲကို လမ်းလျှောက်ဝင်လာခဲ့တယ်။ ရှင်ယူရီက ချက်ချင်း ထရပ်ပြီး နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာပါ။ အစ်မ"
အယ်လီက သူ့အိတ်ထဲကနေ လက်ဆောင်အိတ်အသေးလေးတစ်ခု ထုတ်ပြီး ရှင်ယူရီကို ပေးလိုက်တယ်။
"နောက်ကျသွားပေမယ့် အလုပ်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒါ လက်ဆောင်ပါ"
ရှင်ယူရီက ကလေးတစ်ယောက်လို ပြုံးရွှင်သွားတယ်။
"ကျေးဇူးတင်ပါတယ်။ အစ်မ။ အခု ဖွင့်ကြည့်လို့ ရမလား"
"ရတာပေါ့"
လက်ဆောင်အိတ်ထဲမှာပါတာကတော့ ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်လို့ရမယ့် ပိုက်ဆံအိတ်အသေးလေးဖြစ်ပြီး Business cards တွေနဲ့ ခရက်ဒစ်ကတ်တွေ ထည့်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။
"ငွေကြေးလောကက လူအများစုက Business cardတွေကို အရေးကြီးတယ်လို့ သတ်မှတ်ထားကြတုန်းဆိုတော့ နင့်အတွက် လိုအပ်လိမ့်မယ်"
"အရမ်းသဘောကျပါတယ်။ အစ်မ။ သေသေချာချာ သုံးပါ့မယ်"
"သဘောကျတယ်ဆိုလို့ ဝမ်းသာပါတယ်။ ကဲ... ညစာ မြန်မြန် သွားစားကြရအောင်"
ကျွန်တော်တို့တွေ ကားစီးပြီး အပ်ဂူဂျောင်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားခဲ့ကြတယ်။
ဆိုင်က ဥရောပစတိုင် ပုံစံမျိုးဖြစ်ပြီး လာစားတဲ့သူတွေရဲ့ တစ်ဝက်လောက်က နိုင်ငံခြားသားတွေပါ။ ကျွန်တော်တို့ အတွင်းထဲဝင်ပြီး ထိုင်လိုက်တော့ လူတွေက ကျွန်တော်နဲ့ အယ်လီကို မှတ်မိသွားကြပုံရပြီး တီးတိုးပြောဆိုလာကြတယ်။
ဒါကလည်း အခုဆိုရင် အသားကျနေပါပြီ။
အယ်လီက ပြောတယ်။
"ဒီရက်ပိုင်း ဂျက်စီကာနဲ့ ဟင်နရီတို့ ဒီကို ခဏခဏ လာကြတယ်။ အစားအသောက်လည်း ကောင်းတယ်၊ အထူးသဖြင့် ဘီယာက အရမ်းအရသာရှိတာ"
ကျွန်တော်က Menuကို ကြည့်နေတဲ့ ရှင်ယူရီကို ပြောလိုက်တယ်။
"ကြိုက်တာမှာပါ"
"ဒါဆိုရင်တော့ အားမနာတော့ဘူးနော်"
ရှင်ယူရီက ဆလတ်ရွက်သုပ်၊ ပါစတာ၊ Lasagna စသဖြင့် စုံစုံလင်လင် မှာလိုက်တယ်။ သောက်စရာအတွက်တော့ အားလုံးက ဘီယာကိုပဲ ရွေးချယ်ခဲ့ကြတယ်။
အယ်လီက မေးတယ်။
"ဘယ်လိုလဲ။ အလုပ်က အဆင်ပြေရဲ့လား"
"လေ့လာသင်ယူတဲ့ စိတ်နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်နေပါတယ်။ ဒါပေမဲ့ မသိတာတွေ အများကြီး ရှိသေးတော့ ရုန်းကန်နေရတုန်းပဲ"
ရှင်ယူရီရဲ့ စကားကို ကြားတော့ အယ်လီက နားလည်ပေးနိုင်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
"ငါလည်း အစတုန်းက အဲလိုပဲ။ ကိုယ့်ကိုကိုယ် တော်တော်လေး စမတ်ကျတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အလုပ်ဝင်ပြီး ပထမဆုံး လအနည်းငယ်မှာတော့ ငတုံးတစ်ယောက်လို ခံစားခဲ့ရတယ်"
"အစ်မလည်း အဲလိုဖြစ်ခဲ့တာလား"
"အမှားတွေ အများကြီး လုပ်ခဲ့လို့ ဂျက်စီကာ ဆူတာကိုလည်း တော်တော်ခံခဲ့ရသေးတယ်။ ဒါပေမဲ့ အဲလိုနဲ့ပဲ ရင်းနှီးသွားကြတာပေါ့"
ကျွန်တော်ကလည်း ဝင်ပြီး စကားထောက်လိုက်တယ်။
"လုပ်ငန်းခွင်ဘဝဆိုတာ မလွယ်ကူပါဘူး"
အဲဒီအခါ သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို ပြိုင်တူ ကြည့်လာကြတယ်။
"ကန်ဂျင်ဟူက လုပ်ငန်းခွင်ဘဝအကြောင်း ဘာသိလို့လဲ"
"ဟုတ်ပ။ စီနီယာကတော့ တန်းပြီး အလုပ်ရှင် ဖြစ်သွားတာလေ"
"......"
'နေပါဦး၊ အလုပ်ရှင် ဖြစ်တာကလည်း လုပ်ငန်းခွင်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား'
ခဏအကြာမှာတော့ မှာထားတဲ့ ဟင်းလျာတွေ တစ်ခုပြီးတစ်ခု ရောက်လာပြီး ဘီယာခွက်ချင်း တိုက်လိုက်ကြတယ်။ စကားပြောနေတုန်း ဆိုင်ထောင့်က တီဗီဖန်သားပြင်မှာ အယ်လီ ပါဝင်ထားတဲ့ Vester ကြော်ငြာ ထွက်လာခဲ့တယ်။
အယ်လီက ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာနီသွားပြီး ရှင်ယူရီကတော့ အားကျတဲ့ လေသံနဲ့ အော်ပြောတယ်။
"ဒီကြော်ငြာကို အရမ်းသဘောကျတာပဲ။ အမက တကယ့်ကို လှလွန်းတာပါ။ မိန်းကလေးအချင်းချင်းတောင် စွဲလန်းမိတယ်"
"တကယ်လား။ ငါ့မျက်စိထဲမှာတော့ ရှင်ယူရီက ပိုပြီး ချောပါတယ်"
"အာ... ကျေးဇူးတင်ပါတယ်"
သူတို့အချင်းချင်း ချီးမွမ်း စကားပြောနေကြတာကို ကြည့်ရတာ အဆင်ပြေပါတယ်။
"တစ်ချိန်ချိန်ကျရင် ဥက္ကဌ ရူချောဂယွန်နဲ့ အရက်အတူတူ သောက်ရမယ်"
"သူက အခု တရုတ်ကို အလုပ်ကိစ္စနဲ့ သွားနေတာ"
"ဘေဂျင်းလား"
"ရှန်ဟိုင်း၊ ပူဒေါင်းကိုပါ"
ရှန်ဟိုင်းက တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ တရုတ်အစိုးရက မြေလွတ်မြေရိုင်းဖြစ်တဲ့ ပူဒေါင်းကို စီးပွားရေးဇုန်အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားအရင်းအနှီးတွေနဲ့ ကုမ္ပဏီတွေကို ဆွဲဆောင်ခဲ့တယ်။ အနှစ် ၂၀၊ ၃၀ အတွင်းမှာတင် ရှန်ဟိုင်းပူဒေါင်းဟာ မိုးမျှော်တိုက်တွေနဲ့ ခေတ်မီမြို့တော်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ဘေဂျင်းက တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဗဟိုချက်ဆိုရင် ရှန်ဟိုင်းကတော့ စီးပွားရေးဗဟိုချက်ပေါ့။ ဒီလို ကြီးထွားလာမှုကြောင့် ရှန်ဟိုင်းဂိုဏ်းလို့ လူသိများတဲ့ အင်အားကြီး နိုင်ငံရေးအဖွဲ့အစည်း ထွက်ပေါ်လာခဲ့တာပါ။ အခုတော့ သူတို့က ရှင်းလင်းခံရတာ များလို့ အနိုင်နိုင် ရုန်းကန်နေရတာမျိုး ဖြစ်နေပါပြီ။
"သူက ကိုရီးယားကို မလာဖြစ်တာ ကြာပြီ၊ အချိန်အများစုကို တရုတ်မှာပဲ ကုန်ဆုံးနေတာ"
RCK Bros ကတော့ ကိုရီးယားတင်မကဘဲ အာရှမှာပါ အကြီးဆုံး PEF (Private Equity Fund) ဖြစ်ပါတယ်။ ပြည်တွင်းမှာ M&A (ပူးပေါင်းဝယ်ယူမှု) တွေကို တက်တက်ကြွကြွ လုပ်ဆောင်နေသလို သူတို့ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ တရုတ်စျေးကွက်မှာ ဖြစ်တာ သေချာပါတယ်။
အယ်လီက တစ်ခုခုကို သတိရသွားတဲ့ ပုံစံနဲ့ ပြောတယ်။
"ဒါနဲ့ RCK Bros က တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ တချို့ပိုင်ဆိုင်မှုတွေကို ပြန်ရောင်းချနေတယ်နော်"
"ပုဂ္ဂလိက ရှယ်ယာ ရန်ပုံငွေအဖွဲ့တစ်ခုအနေနဲ့ Exitလုပ်ဖို့ ကြိုးစားတာက သဘာဝကျပါတယ်" လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
"ဒါကတော့ ဟုတ်တယ်"
စက်မှုလုပ်ငန်း အရင်းအနှီးတွေက ကုမ္ပဏီတွေကို ဝယ်ယူပြီး ကြီးထွားလာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ပေမယ့် ငွေကြေးအရင်းအနှီးတွေကတော့ တန်ဖိုးကို အမြင့်ဆုံးဖြစ်အောင် လုပ်ပြီးမှ ပြန်လည်ရောင်းချဖို့ ရည်ရွယ်တာပါ။ ဒါကို Exit လို့ ခေါ်ပြီး ဒါက ရန်ပုံငွေ ရှာဖွေတာ ဒါမှမဟုတ် သဘောတူညီချက် ရှာဖွေတာထက် ပိုပြီး အရေးကြီးတယ်လို့ ပြောလို့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရယူပြီး ရင်းနှီးမြှုပ်နှံသူတွေကို ပြန်ပေးနိုင်မှသာ အမြတ်အစွန်းက တကယ် ဖြစ်လာမှာလေ။
ပုံမှန်အားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်ကတည်းက Exit မဟာဗျူဟာကို စီစဉ်ထားတတ်ကြပေမယ့် အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်မလာတတ်ပါဘူး။ တကယ်တော့ ကုမ္ပဏီတစ်ခုကို ကောင်းကောင်း ဝယ်ယူနိုင်ခဲ့ပေမယ့် ပြန်မရောင်းနိုင်ဘဲ ပိတ်မိနေတဲ့ အခြေအနေမျိုးတွေက ထင်ထားတာထက် ပိုပြီး အများကြီး ရှိတတ်ပါတယ်။
ကျွန်တော် ဥက္ကဌ ရူချောဂယွန် အကြောင်းကို တွေးမိသွားတယ်။
"သူက ဒီတစ်ကြိမ်မှာ တရုတ်နိုင်ငံအပေါ် စွန့်စားရမှုကို လျှော့ချဖို့ ကြိုးစားနေတာလား"
"ကျွန်မလည်း သေချာတော့ မသိဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း တရုတ်စီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့အပေါ် စိုးရိမ်မှုတွေ အများကြီး ရှိနေကြတာမလား" လို့ ရှင်ယူရီက မေးတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်စီးပွားရေးမှာ စွန့်စားရမှုတွေက ပိုပြီး ထင်ရှားလာခဲ့တာပါ။
ကျွန်တော် အယ်လီကို မေးလိုက်တယ်။
"နင်ကော ဘယ်လိုထင်လဲ"
"တရုတ်စီးပွားရေး အကြပ်အတည်းအကြောင်း ပြောနေကြတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကြွေးမြီကိစ္စနဲ့ ကိန်းဂဏန်း အချက်အလက်တွေ လိမ်ညာတဲ့အကြောင်း ဆွေးနွေးမှုတွေကလည်း ကြာလှပြီပဲဟာ"
မနှစ်က တရုတ်နိုင်ငံရဲ့ တိုးတက်မှုနှုန်းက ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၈ ရာခိုင်နှုန်း တိုးတက်မှုကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ "Baoba" မူဝါဒက ပျက်ပြားသွားခဲ့တာ ကြာပြီဖြစ်ပြီး အခုဆိုရင် ၇ ရာခိုင်နှုန်းအောက်တောင် ရောက်သွားခဲ့ပါပြီ။ တရုတ်စီးပွားရေးက ကမ္ဘာ့ဒုတိယအကြီးဆုံး ဖြစ်လာတာမလို့ တိုးတက်မှုနှုန်း ကျဆင်းသွားတာက သဘာဝကျပါတယ်။ တကယ်တော့ နှုန်းထား ကျဆင်းသွားပေမယ့် လက်ရှိ ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မှုရဲ့ GDP စုစုပေါင်း တိုးလာတဲ့ ပမာဏက အတိတ်က ၁၀ရာခိုင်နှုန်း တိုးတက်မှုနှုန်းတုန်းက တိုးလာတဲ့ ပမာဏထက် ပိုပြီး ကြီးမားပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံပမာဏက ပိုပြီး ကြီးမားလာလို့ပါ။
ပြဿနာက ဒီ ၆ ဒသမ ၆ ရာခိုင်နှုန်း ဆိုတဲ့ ကိန်းဂဏန်းကိုတောင် အပြည့်အဝ ယုံကြည်ဖို့ ခက်ခဲနေတာပါပဲ။
ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘင်ဂျမင် ဒစ်ဇရေလီက "လိမ်ညာမှု သုံးမျိုးရှိတယ်၊ အဲဒါတွေကတော့ လိမ်ညာမှု၊ အောက်တန်းကျကျ လိမ်ညာမှုနဲ့ ကိန်းဂဏန်း အချက်အလက်တွေပဲ" လို့ နာမည်ကြီး စကားတစ်ခွန်း ပြောခဲ့ဖူးတယ်။ ဒီစကားစုကို အခုထက်ထိ ဆောင်ပုဒ်တစ်ခုအဖြစ် သုံးနေကြဆဲဖြစ်တဲ့ အကြောင်းရင်းကတော့ ကိန်းဂဏန်း အချက်အလက်တွေကို လိမ်ညာတာက အရမ်းကို သာမန်လိုမျိုး(လုပ်ရိုးလုပ်စဉ်လိုမျိုး) ဖြစ်နေလို့ပါပဲ။
ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ ကိန်းဂဏန်း အနည်းငယ် ပြောင်းလဲရုံနဲ့ စျေးကွက်တန်ဖိုးကို မြှင့်တင်နိုင်ကြပါတယ်။ အလားတူပဲ နိုင်ငံတွေကလည်း သူတို့ရဲ့ စီးပွားရေး တိုးတက်နေသယောင် ပြသဖို့ ကိန်းဂဏန်းတွေကို လိမ်ညာနိုင်ကြတာပေါ့။ အတိုင်းအတာချင်း ကွာခြားပေမယ့် အစိုးရတိုင်းလိုလိုက ဒီလိုမျိုး အနည်းနဲ့အများ လုပ်ဆောင်တတ်ကြတယ်။
နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အဖြစ်အပျက်နောက်ပိုင်း ဂျပန်ဟာ အိုကာဇာကီရဲ့ စီးပွားရေးမူဝါဒ အောင်မြင်မှုတွေကို ပုံကြီးချဲ့ဖို့အတွက် စီးပွားရေးညွှန်းကိန်းတွေကို နှစ်အကြာကြီး လိမ်ညာခဲ့တာ ပေါ်ပေါက်ခဲ့ဖူးတယ်။
ကိုရီးယားကလည်း အစိုးရဘက်က အဆင်ပြေအောင် ကိန်းဂဏန်း စစ်တမ်းကောက်ယူတဲ့ နည်းလမ်းတွေကို အမြဲတမ်း ပြောင်းလဲခဲ့တာပါပဲ။ ဥပမာအားဖြင့် ရွှေစျေးက အရမ်းတက်သွားရင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းသွားတဲ့ အကျိုးသက်ရောက်မှုမျိုး ရရှိအောင် စျေးနှုန်းညွှန်းကိန်း တွက်ချက်မှုထဲကနေ ရွှေကို ဖယ်ထုတ်လိုက်တာမျိုးပေါ့။
ဒါပေမဲ့ နိုင်ငံအများစုကတော့ ပွင့်လင်းတဲ့ ဘဏ္ဍာရေးစျေးကွက် ရှိကြပြီး နိုင်ငံတကာ စာရင်းကိုင်စံနှုန်းတွေကို လိုက်နာကြတာမလို့ စည်းမျဉ်းတွေကို အတိုင်းအတာတစ်ခုအထိတော့ ထိန်းသိမ်းကြ ပါတယ်။ ဒါပေမဲ့ တရုတ်မှာတော့ ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီအုပ်ချုပ်မှုအပြင် ကျန်းဖင်ဟွာရဲ့ ရာထူးသက်တမ်း တိုးမှုကြောင့် ဘယ်အရာက လိမ်ထားပြီး ဘယ်အရာက အမှန်လဲဆိုတာကိုတောင် ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။
ရှင်ယူရီက ဘီယာခွက်ကို ချလိုက်ပြီး ဂရုတစိုက်နဲ့ မေးလာတယ်။
"စီနီယာ... ငွေကြေး ပျက်ကပ် နောက်တစ်ကြိမ် ထပ်လာဦးမယ်လို့ ထင်လား"
အခန်း (၃၃၀)
ကျွန်တော် ရေရွတ်လိုက်မိတယ်။
"ငွေကြေးပျက်ကပ်ဟုတ်လား..."
ရှင်ယူရီ့ စကားကို ကြားလိုက်ရတဲ့ ခဏမှာ ကျွန်တော် ချမ်းစိမ့်သွားသလို ခံစားလိုက်ရတယ်။ အဲဒီစကားလုံးရဲ့ အလေးချိန်က အဲဒီလောက်အထိ ပြင်းထန်တာပါ။
ဒါပေမဲ့ ဘာလို့ စီးပွားရေးပျက်ကပ်လို့မပြောဘဲ ငွေကြေးပျက်ကပ်လို့ ပြောရတာလဲ။ အကြောင်းရင်းကတော့ ကမ္ဘာ့စီးပွားရေးဟာ အဆုံးမရှိတဲ့ ငွေကြေးရိုက်နှိပ်မှုနဲ့ ကြွေးမြီတွေအပေါ်မှာပဲ အခြေခံပြီး လည်ပတ်နေလို့ပါ။
၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေးပျက်ကပ်တုန်းကဆိုရင် ပြဿနာက အိမ်ခြံမြေစျေးကွက်ကနေ စခဲ့တာပါ။ ဒါပေမဲ့ အိမ်ခြံမြေ အကြပ်အတည်းဖြစ်တယ်ဆိုတာက အဆောက်အဦးတွေ၊ အိမ်တွေ ပြိုကျပျက်စီးသွားတာကို ပြောတာမဟုတ်ပါဘူး။ ပျက်ကပ် မတိုင်ခင်နဲ့ ပျက်ကပ်ပြီးနောက်မှာ အဲဒီအဆောက်အဦးတွေက ဒီအတိုင်းပဲ ရှိနေတာပါ။ ပြောင်းလဲသွားတာက သူတို့ရဲ့ တန်ဖိုးကို ဖော်ပြတဲ့ ကိန်းဂဏန်းတွေပါပဲ။
အိမ်ခြံမြေစျေးနှုန်းတွေ ထိုးကျသွားတဲ့အခါ လူတွေက ချေးငွေတွေကို အချိန်မှီ ပြန်မဆပ်နိုင်ကြတော့ပါဘူး။ ဒါကြောင့် ချေးငွေထုတ်ပေးထားတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေနဲ့ အဲဒီအပေါ်မှာ အခြေခံပြီး Derivative products တွေ ဖန်တီးရောင်းချခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေပါ တစ်ခုပြီးတစ်ခု ဒေဝါလီခံသွားကြတော့တာပေါ့။
မရေတွက်နိုင်တဲ့ လူတွေ အိမ်ခြေမဲ့ဖြစ်၊ အလုပ်ပြုတ်ပြီး လမ်းဘေးရောက်ကုန်ကြတယ်။ စက်ရုံတွေ ပိတ်သိမ်းရပြီး ဆိုင်တွေက ပစ္စည်းတွေလည်း မရောင်းရတော့ဘူး။ အခမဲ့စွပ်ပြုတ်တိုက်တဲ့နေရာတွေမှာ လူတွေ တန်းစီ စောင့်ဆိုင်းနေခဲ့ကြရတာပါ။
အဲဒီတုန်းက ကျွန်တော် အရမ်းငယ်သေးပေမယ့် သတင်းတွေမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကတော့ အခုထိ မျက်စိထဲ ထင်ထင်ရှားရှား ရှိနေတုန်းပဲ။ အဲဒီလူတွေ ဘာများ မှားခဲ့လို့လဲ။ သူတို့ကတော့ မိသားစုအတွက် နေ့တိုင်း အလုပ်ကြိုးစားနေခဲ့ကြတဲ့သူတွေပဲ ဖြစ်မှာပဲလေ။
"ငွေကြေးပျက်ကပ်ဆိုတာ တစ်နေ့နေ့မှာတော့ လာမှာပဲ"
စျေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေး တက်လိုက် ကျလိုက် ဖြစ်တာကတော့ ရှောင်လွှဲလို့မရတဲ့ အလှည့်အပြောင်းပါပဲ။ စီးပွားရေး ပညာရှင်တွေ အများကြီးက စီးပွားရေးကို အမြဲတမ်း ကောင်းမွန်နေအောင် လုပ်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြပေမယ့် အခုထိတော့ ဘယ်သူမှ မရှာဖွေနိုင်သေးဘူး။ လက်ရှိအချိန်မှာ အကောင်းဆုံးနည်းလမ်းကတော့ ပျက်ကပ်မလာခင်မှာ စွန့်စားရမှုတွေကို ကြိုတင်စီမံခန့်ခွဲထားပြီး ပျက်ကပ်ဖြစ်လာရင် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။
ဗဟိုဘဏ်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကြီး စီးပွားရေးပညာရှင် အလန် ဂရင်းစပန်က "ပါတီပွဲ အရှိန်တက်လာတဲ့အချိန်မှာတင် အရက်ခွက်တွေကို သိမ်းဆည်းလိုက်ပါ" လို့ နာမည်ကြီး စကားတစ်ခွန်း ပြောခဲ့ဖူးတယ်။ ဒါက ဗဟိုဘဏ်အနေနဲ့ စီးပွားရေး အရမ်းအပူလွန်မသွားအောင် တားဆီးရမယ်ဆိုတဲ့ သဘောပါပဲ။ စည်ကားသိုက်မြိုက်ပြီး အလွန်ကောင်းမွန်တဲ့ ပါတီပွဲက လူတိုင်းကို ပျော်ရွှင်စေတာ မှန်ပါတယ်။ ဒါပေမဲ့ ပါတီပွဲဆိုတာ တစ်ချိန်ချိန်မှာတော့ ပြီးဆုံးရမှာပဲလေ။ ပါတီပွဲ ပြီးဆုံးဖို့ နောက်ကျလေလေ၊ နောက်တစ်နေ့မှာ ခံစားရမယ့် ဒဏ်က ပိုပြီး ပြင်းထန်လေလေပါပဲ။ တစ်ယောက်ယောက်ကတော့ ရှေ့ထွက်ပြီး ဧည့်သည်တွေ ကိုင်ထားတဲ့ ရှန်ပိန်ခွက်တွေနဲ့ စားပွဲပေါ်က ပန်းကန်တွေကို သိမ်းဆည်းကာ ပါတီပွဲပြီးပြီ၊ အိမ်ပြန်ရတော့မယ်လို့ ကြေညာပေးဖို့ လိုအပ်ပါတယ်။
ပြဿနာက ဘယ်သူကမှ ပါတီပွဲကို မပြီးဆုံးစေချင်ကြတာပဲ။ လူတိုင်းက စီးပွားရေး ကျဆင်းတာထက် တိုးတက်တာကို၊ စီးပွားရေး ကျုံ့သွားတာထက် ကျယ်ပြန့်လာတာကို၊ စျေးနှုန်းတွေ ကျဆင်းတာထက် တက်လာတာကိုပဲ ပိုသဘောကျကြတာပါ။ အဲဒီစကားကို ပြောခဲ့တဲ့ အလန် ဂရင်းစပန် ကိုယ်တိုင်တောင် အရက်ခွက်တွေကို အချိန်မှီ မသိမ်းဆည်းနိုင်ခဲ့ဘူးလေ။
ရှင်ယူရီက ရှေ့ကို အနည်းငယ် ကိုင်းလိုက်ပြီး မေးတယ်။
"စီနီယာ... အဲဒီပျက်ကပ်က ဘယ်တော့လောက် လာမယ်လို့ ထင်လဲ"
ကျွန်တော် ရယ်မောလိုက်ရင်း ပြန်ပြောလိုက်တယ်။
"အဲဒါကိုသာ ငါသိရင် လူတိုင်း ပိုက်ဆံရှာနိုင်ကြမှာပေါ့"
တကယ့် အင်အားကြီးတဲ့ ချမ်းသာကြွယ်ဝမှုတွေက အကြပ်အတည်းတွေ ပြီးဆုံးသွားတဲ့အခါမှ ထွက်ပေါ်လာတတ်တာပါ။
ပျက်ကပ်တစ်ခု ဖြစ်လာရင် ပိုက်ဆံရှိတဲ့သူကော၊ မရှိတဲ့သူကော အားလုံး ထိခိုက်ကြတာပါပဲ။ သာမန်လူတွေကတော့ လက်ရှိ အကြပ်အတည်းကို ကျော်လွှားဖို့အတွက် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါက်စျေးနဲ့ ချရောင်းကြရတယ်။ ဒါပေမဲ့ သူဌေးတွေကတော့ အကြပ်အတည်းကာလမှာ တောင့်ခံထားနိုင်မယ့် နည်းလမ်းတွေ ရှိကြတာပေါ့။
သူဌေးတွေက စျေးပေါပေါနဲ့ ထွက်လာတဲ့ စတော့ရှယ်ယာတွေနဲ့ အိမ်ခြံမြေတွေကို လိုက်ဝယ်ကြတယ်။ စီးပွားရေး အကြပ်အတည်း ပြီးဆုံးလို့ ပြန်လည်ဦးမော့လာတဲ့အခါ အဲဒီပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးက မူလအတိုင်း ပြန်ဖြစ်သွားတာပါ။ ဒါကြောင့်ပဲ ချမ်းသာတဲ့သူက ပိုချမ်းသာလာပြီး ဆင်းရဲတဲ့သူက ပိုဆင်းရဲလာကြတာပေါ့။ တကယ်တော့ IMF အကြပ်အတည်းပြီးနောက်မှာ ကိုရီးယားရဲ့ လူလတ်တန်းစားတွေ ပြိုလဲသွားခဲ့ပေမယ့် သူဌေးဦးရေကတော့ သိသိသာသာ တိုးပွားလာခဲ့တယ်။ ဒါကြောင့်မလို့လည်း ငွေကြေးပျက်ကပ်တွေက သာမန်လူတွေအတွက် ပိုပြီး ကြောက်စရာကောင်းတာပါ။
အတိတ်ကနဲ့မတူဘဲ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ငွေကြေးပျက်ကပ်တွေက ပိုပြီး ရှုပ်ထွေးတဲ့ ပုံစံမျိုးနဲ့ ထွက်ပေါ်လာတတ်ပါတယ်။
ကမ္ဘာ့ငွေကြေးပျက်ကပ်က ချေးငွေကိစ္စသက်သက်ပဲဆိုရင် ဒီလောက်အထိ ပြင်းထန်တဲ့ အဆင့်ကို ရောက်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက ပိုပြီး ကြီးမားတဲ့ အမြတ်အစွန်းတွေကို လိုချင်ကြတာမလို့ ABS၊ MBS နဲ့ CDO လိုမျိုး ရှုပ်ထွေးတဲ့ Derivative products တွေကို ဖန်တီးရောင်းချခဲ့ကြပြီး အဲဒါတွေကပဲ ငွေကြေးစနစ်အတွင်းမှာ အချိန်ကိုက်ဗုံးတွေ ဖြစ်လာခဲ့တာပါ။
လူသားတွေကတော့ ထုံးစံအတိုင်း ကိုယ်တိုင် အပြည့်အဝ နားမလည်နိုင်တဲ့၊ မထိန်းချုပ်နိုင်တဲ့ အရာတွေကို ဖန်တီးတတ်ကြတာလေ။
အမေရိကန်ကတော့ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ပိုက်ဆံတွေ ပိုပြီး ရိုက်နှိပ်ခဲ့တယ်။ အတိုးနှုန်းကို သုညရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး အဲဒါနဲ့တင် မလောက်သေးတော့ Quantitative easing (QE) လို့ခေါ်တဲ့ ငွေကြေးပမာဏ အဆမတန် တိုးမြှင့်တဲ့မူဝါဒကို သုံးပြီး ဒေါ်လာတွေကို စည်းကမ်းမရှိ ရိုက်နှိပ်ခဲ့တာပေါ့။
ငွေကြေးပမာဏ တိုးလာရင် ပုံမှန်အားဖြင့်တော့ ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်လာတတ်တယ်။ ဒါပေမဲ့ ဒေါ်လာက ကမ္ဘာ့အရန်ငွေကြေး ဖြစ်နေတာလေ။ အမေရိကန်က ရိုက်နှိပ်လိုက်တဲ့ ဒေါ်လာတွေက ကမ္ဘာတစ်ဝှမ်းလုံးကို ပြန့်နှံ့သွားခဲ့ပြီး ငွေကြေးဖောင်းပွမှုကို တခြားနိုင်ငံတွေဆီ ပို့လွှတ်လိုက်သလို ဖြစ်သွားခဲ့တယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အမေရိကန်က ဖြန့်ဝေပေးလိုက်တဲ့ ဒေါ်လာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပါတီပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြတယ်။ တစ်နေ့နေ့မှာ ပါတီပွဲပြီးမယ်ဆိုတာ သိကြပေမယ့် အမေရိကန်က ရုတ်တရက်ကြီး အရက်ခွက်တွေကို လာသိမ်းတဲ့အခါကျတော့ အားလုံး ထိတ်လန့်ကုန်ကြတာပေါ့။
တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက သိသိသာသာ ကျဆင်းသွားခဲ့တယ်။ အာဂျင်တီးနားကလည်း နောက်တစ်ကြိမ် ဒေဝါလီခံရပြီး IMF ဆီကနေ အကူအညီ တောင်းခံခဲ့ရတယ်။ တူရကီကလည်း ပြင်းထန်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အကြပ်အတည်းကို ကြုံတွေ့ခဲ့ရတာပါ။ တချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးက တစ်ဝက်လောက်အထိ ထိုးကျသွားခဲ့လို့ အဲဒီကျဆင်းမှုကို တားဆီးဖို့အတွက် အခြေခံအတိုးနှုန်းကို ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြရတယ်။
ရှင်ယူရီက မေးတယ်။
"တချို့လူတွေက အဲဒါကို ငွေကြေးပျက်ကပ်ရဲ့ ရှေ့ပြေးနိမိတ်လို့ မြင်ကြတယ် မဟုတ်လား"
"အရမ်းကြီး စိုးရိမ်မနေပါနဲ့။ ပြင်းထန်တဲ့ အကြပ်အတည်း သီအိုရီတွေက အမြဲတမ်း လူပြောများတတ်တာပဲလေ"
ငွေကြေးပျက်ကပ်တစ်ခု ဖြစ်လာတဲ့အခါ အရာအားလုံး ပြီးဆုံးသွားပြီလို့ ခံစားရတတ်တယ်။ IMF အကြပ်အတည်းတုန်းကလည်း လူတွေက ကိုရီးယား ပြိုလဲတော့မယ်လို့ ထင်ခဲ့ကြတာပါ။ ကမ္ဘာ့ငွေကြေးပျက်ကပ်တုန်း ကလည်း ငွေကြေးစနစ်တစ်ခုလုံး ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ အဲဒီအကြပ်အတည်းတွေ အားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကတော့ ဆက်လက် ကြီးထွားနေခဲ့တာပဲလေ။
အယ်လီက ပြုံးလိုက်ရင်း ပြောတယ်။
"နောက်ဆုံးတော့ အကောင်းမြင်ဝါဒက အဆိုးမြင်ဝါဒကို အနိုင်ရသွားတာပဲ မဟုတ်လား"
ရှင်ယူရီက ခေါင်းညိတ်ပြတယ်။
"ဟုတ်တယ်နော်။ အစ်မ"
ကျွန်တော် ဘီယာကို တစ်ငုံသောက်ရင်း တွေးနေမိတယ်။
လူတွေက နိုင်ငံတော်စနစ်နဲ့ စီးပွားရေးစနစ်က ဘယ်တော့မှ ပြိုလဲမှာမဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ထားကြတာပါ။ ဒါကြောင့်ပဲ အိမ်တွေ၊ ကားတွေဝယ်ဖို့ ချေးငွေတွေကို လွယ်လွယ်ကူကူ ယူရဲကြတာပေါ့။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုမှာ နေထိုင်တဲ့သူက တစ်နေ့နေ့မှာ ကမ္ဘာစစ်လိုမျိုး ပဋိပက္ခဖြစ်ပြီး ကိုယ့်ဘဝ ပျက်စီးသွားလိမ့်မယ်လို့ တွေးပြီး ကြောက်ရွံ့မနေကြပါဘူး။ ဒါပေမဲ့ ငွေကြေးပျက်ကပ်ကြောင့် နေ့စဉ်ဘဝ ပျက်စီးသွားနိုင်ခြေကတော့ လုံးဝ ဖြစ်နိုင်ခြေ ရှိပါတယ်။ စစ်ပွဲဆိုတာက စိတ်ကူးထဲကလိုမျိုး ဝေးကွာတဲ့ ခြိမ်းခြောက်မှုဖြစ်ပေမယ့် ငွေကြေးပျက်ကပ်ကတော့ မျက်မှောက်ကာလမှာ ရှိနေတဲ့ တကယ့် အန္တရာယ်ပါ။
ကျွန်တော်တို့ တည်ငြိမ်ပါတယ်လို့ ယုံကြည်ထားတဲ့ ဒီစနစ်က တကယ်ကော ဘယ်လောက်အထိ ခိုင်မာမှု ရှိလို့လဲ။
CarOS ကုမ္ပဏီကနေ AD3 နဲ့ AD4 ကို မိတ်ဆက်ခဲ့တာ လအနည်းငယ် ကြာခဲ့ပါပြီ။
အဲဒီကာလအတွင်းမှာ အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ကားတွေက ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တယ်။ အသိသာဆုံး အပြောင်းအလဲကတော့ မတော်တဆမှု ဖြစ်ပွားနှုန်း လျော့ကျသွားတာပါပဲ။ CarOS ကားတွေ ကြုံတွေ့ရတဲ့ မတော်တဆမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက တခြားကားတွေက လာတိုက်လို့ဖြစ်တာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ ပြင်ပအကြောင်းရင်းတွေကြောင့် ဖြစ်တာပါ။ စနစ်ချို့ယွင်းမှုကြောင့် ဖြစ်ရတဲ့ မတော်တဆမှုမျိုး တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ပြဿနာတစ်ခုခု ရှိလာရင် ကားက ကြိုတင်ပြီး ရပ်တန့်လိုက်တာ ဒါမှမဟုတ် မောင်းနှင်မှုကို ကားမောင်းသူဆီ လွှဲပြောင်းပေးလိုက်တာမျိုး လုပ်တာပါ။ ပုံမှန် Software update တွေကတစ်ဆင့် စွမ်းဆောင်ရည်တွေကိုလည်း ပိုပြီး မြှင့်တင်ပေးခဲ့သေးတာပါ။
အရင်တုန်းက AD1 နဲ့ AD2 ကို မိတ်ဆက်တုန်းကတော့ အလိုအလျောက်မောင်းနှင်စနစ် နည်းပညာရဲ့ အန္တရာယ်တွေ အကြောင်း သတိပေးတဲ့ ဆောင်းပါးတွေ အများကြီး ထွက်ခဲ့ပေမယ့် အခုတော့ အဲလိုစကားတွေ ပျောက်ချက်သားကောင်းသွားခဲ့ပါပြီ။
အော်ဒါတွေ အများကြီး ရနေတာကြောင့် ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နေရင်းနဲ့ပဲ CarOS က နောက်ထပ် ကားအသစ်တစ်စီးကို မိတ်ဆက်ခဲ့ပြန်တယ်၊ အဲဒါကတော့ အလိုအလျောက် မောင်းနှင်စနစ်သုံး ကုန်တင်ကား T1 ပါပဲ။
အတိအကျ ပြောရရင်တော့ ဒါက လုံးဝအသစ်အဆန်းကြီးတော့ မဟုတ်ပါဘူး။ CarOS က ဝယ်ယူထားတဲ့ အွန်ဆောင်း ထရပ် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကုန်တင်ကား မော်ဒယ်မှာ အလိုအလျောက်မောင်းနှင်စနစ်ကို တပ်ဆင်လိုက်တာပါ။ လူမပါဘဲ မောင်းနှင်တာနဲ့ အုပ်စုလိုက် တန်းစီမောင်းနှင်တဲ့ စမ်းသပ်မှုတွေကို အောင်မြင်စွာ လုပ်ဆောင်ပြီးသား ဖြစ်ပါတယ်။
အခြေခံစနစ်ကတော့ AD series တွေအတိုင်းပဲဖြစ်ပေမယ့် ကားရဲ့အရွယ်အစားက ပိုကြီးပြီး ပုံသဏ္ဍာန် ကွာခြားတာကြောင့် Module တချို့မှာတော့ ကွာခြားမှု ရှိပါတယ်။ အရွယ်အစား ကြီးမားတာကြောင့် မတော်တဆမှုဖြစ်ရင် ကြီးမားတဲ့ ဘေးအန္တရာယ် ဖြစ်သွားနိုင်လို့ ဘေးကင်းလုံခြုံရေး အပိုင်းကို အထူးမြှင့်တင်ထားခဲ့တယ်။
မိတ်မဆက်ခင်ကတည်းက AMZ၊ Walmart နဲ့ FedEx လို ကုမ္ပဏီကြီးတွေက အစီးရေ ရာနဲ့ချီပြီး ကြိုတင်မှာယူခဲ့ကြသလို စရန်ငွေတွေကိုလည်း အလွယ်တကူပဲ ပေးချေခဲ့ကြတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အွန်လိုင်းစျေးဝယ်စနစ် ကြီးထွားလာတာကြောင့် ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက်က တဖြည်းဖြည်း တိုးတက်နေခဲ့တာပါ။ ဒါပေမဲ့ ပို့ဆောင်ရေးလုပ်ငန်းခွင်က အလုပ်ကြမ်းပြီး လစာနည်းတာကြောင့် ပြင်းထန်တဲ့ လုပ်သားရှားပါးမှု ဒဏ်ကို ခံနေရသလို၊ ကားမောင်းသမားတွေ အသက်ကြီးလာတာနဲ့ အလုပ်အလွန်အကျွံလုပ်ရတာတွေက ကြီးမားတဲ့ ပြဿနာ ဖြစ်နေခဲ့ပါတယ်။ မူးယစ်ပြီးမောင်းနှင်တာ ဒါမှမဟုတ် ငိုက်မြည်းမောင်းနှင်တာကြောင့် ဖြစ်ရတဲ့ မတော်တဆမှုတွေကလည်း ခဏခဏ ဖြစ်ပွားလေ့ရှိတာပါ။ ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်ကြီး တစ်ချိန်ချိန်မှာ ပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ အကြပ်အတည်းအထိတောင် ရှိခဲ့တာလေ။
အလိုအလျောက်မောင်းနှင်စနစ်သုံး ကုန်တင်ကားတွေက ဒီပြဿနာအားလုံးကို တစ်ပြိုင်ထဲ ဖြေရှင်းပေးနိုင်ခဲ့ပြီး ပို့ဆောင်ရေးလောကကို အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့တယ်။ ကုန်တင်ကားတွေက ရထားတွဲတွေလိုမျိုး တန်းစီပြီး မောင်းနှင်ကြတာဖြစ်ပြီး အရေးပေါ်အခြေအနေအတွက် အရှေ့ဆုံးကားမှာပဲ ကားမောင်းသမား တစ်ယောက် ရှိနေဖို့ လိုအပ်ပါတယ်။
ကုန်တင်ကား သယ်ယူပို့ဆောင်ရေး စရိတ်တွေထဲမှာ လုပ်အားခက အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ကုမ္ပဏီအလိုက် အနည်းငယ် ကွာခြားမှု ရှိပေမယ့် ပုံမှန်အားဖြင့် လုပ်အားခက ၄၀ ရာခိုင်နှုန်း၊ စက်သုံးဆီစရိတ်က ၂၀ ရာခိုင်နှုန်းလောက် ရှိတတ်တာပါ။ ဒီကားတွေကြောင့် လုပ်အားခကို ၅ ဆလောက် လျှော့ချနိုင်ရုံတင်မကဘဲ လေထုခုခံမှုကို လျှော့ချနိုင်တာနဲ့ ပုံမှန်နှုန်းနဲ့ မောင်းနှင်နိုင်တာကြောင့် ဆီစားနှုန်းကိုလည်း ၂၀ ရာခိုင်နှုန်းကျော်အထိ သက်သာစေတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။
ဒါရီလ်က ယုံကြည်ချက်အပြည့်နဲ့ ကြေညာခဲ့တယ်။
"CarOS ရဲ့ T1 က ပို့ဆောင်ရေးစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပြီး မတော်တဆမှုတွေကိုလည်း ထိရောက်စွာ လျှော့ချပေးနိုင်လိမ့်မယ်"
CarOS ဟာ ထန်းဝေနဲ့ ပူးပေါင်းပြီး လက်အောက်ခံ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ကာ ပို့ဆောင်ရေး ပွဲစားစျေးကွက်ထဲကို ဝင်ရောက်ခဲ့သလို ကားမောင်းသမားတွေကိုလည်း တိုက်ရိုက် ခန့်အပ်ခဲ့တယ်။ ကားမောင်းသမား အစည်းအရုံးနဲ့လည်း သဘောတူညီချက်ရယူပြီး ကုန်တင်ကား မောင်းသမားတွေရဲ့ လုပ်ငန်းခွင်အခြေအနေကို မြှင့်တင်ပေးခဲ့သလို၊ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေအတွက် ပြန်လည်လေ့ကျင့်ပေးတာနဲ့ ဦးစားပေး ခန့်အပ်တာတွေကို လုပ်ဆောင်ပေးခဲ့တယ်။
လုပ်အားခ သက်သာသွားတာကြောင့် အမြတ်အစွန်း ပိုကောင်းလာမယ်လို့ ယုံကြည်ကြလို့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာ စျေးနှုန်းတွေလည်း သိသိသာသာ တက်သွားခဲ့တယ်။
ထုံးစံအတိုင်းပဲ အပြောင်းအလဲဆိုတာ လူတွေ ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ရောက်လာတတ်တာပဲ။ ပြီးတော့ လူတွေကလည်း အဲဒီအပြောင်းအလဲအပေါ်ကို အံ့ဩစရာကောင်းလောက်အောင် လွယ်လွယ်ကူကူ အသားကျသွားတတ်ကြတယ်။
ဖလင်ကင်မရာ ခေတ်တုန်းကတော့ ဓာတ်ပုံရိုက်ပြီး ချက်ချင်း ပြန်ကြည့်လို့မရတာ ဒါမှမဟုတ် ဓာတ်ပုံဆိုင်ကို သွားပြီး ဖလင်ဆေးရတာတွေကို လူတွေက အဆင်မပြေမှုလို့ မသတ်မှတ်ခဲ့ကြဘူး။ အဲဒါက လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတစ်ခုလို့ပဲ သတ်မှတ်ခဲ့ကြတာလေ။ ဒါပေမဲ့ ဒီဂျစ်တယ် ကင်မရာတွေ ထွက်လာတဲ့အခါကျမှ အဲဒီလုပ်ထုံးလုပ်နည်းတွေက အဆင်မပြေမှုတွေအဖြစ် ခံစားလာရတာပါ။ လူတွေက အပြောင်းအလဲတစ်ခုကို အသားကျသွားပြီဆိုရင် အတိတ်က ပုံစံအဟောင်းဆီ ပြန်သွားဖို့ ခက်ခဲသွားတတ်ကြတယ်။
CarOS က AD series တွေကို မိတ်မဆက်ခင်တုန်းကတော့ အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ကားတွေက လက်ရှိကားတွေကို အပြည့်အဝ အစားထိုးဖို့ ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ ရှင်းလင်းသွားခဲ့ပါပြီ။ ကားတွေ ထွက်ပေါ်လာလို့ မြင်းလှည်းတွေ ပျောက်ကွယ်သွားခဲ့ရသလိုမျိုးပဲ၊ အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ကားတွေကလည်း ရိုးရိုးအင်ဂျင်သုံးကားတွေကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ပါလိမ့်မယ်။
နောက်ထပ် အသစ်ထွက်ပေါ်လာတဲ့ စျေးကွက်တစ်ခုကတော့ ကားတွင်း ဖျော်ဖြေရေးစနစ် (Car infotainment)ပါပဲ။
ကားမောင်းနှင်တာက အာရုံစူးစိုက်မှု အပြည့်အဝ လိုအပ်ပါတယ်။ တစ်စက္ကန့်၊ နှစ်စက္ကန့်လောက် အာရုံလွဲသွားရုံနဲ့တင် အသက်အန္တရာယ်ရှိတဲ့ မတော်တဆမှု ဖြစ်သွားနိုင်တယ်လေ။ ဒါပေမဲ့ အလိုအလျောက်မောင်းနှင်စနစ်သုံး ကားတွေမှာတော့ ကားမောင်းသူက အာရုံစိုက်နေဖို့ မလိုတော့ပါဘူး။ သူတို့က အရေးပေါ် အခြေအနေအတွက်ပဲ ထိုင်နေရုံပါပဲ။ အရင်ကနဲ့မတူဘဲ ကားစီးနင်းတဲ့ အချိန်ကို အလုပ်လုပ်ဖို့၊ စာလေ့လာဖို့ ဒါမှမဟုတ် ရုပ်ရှင်နဲ့ ဒရာမာတွေ ကြည့်ဖို့အတွက် အသုံးချနိုင်လာခဲ့တယ်။
ဒီကဏ္ဍနဲ့ပတ်သက်တဲ့ Startup တွေက မှိုလိုပေါက်လာခဲ့သလို လက်ရှိ ကုမ္ပဏီကြီးတွေကလည်း ဒီစျေးကွက်ထဲကို တိုးဝင်လာခဲ့ကြတယ်။
Faceit ကုမ္ပဏီကတော့ အရွယ်ရောက်ပြီးသူများ ဖျော်ဖြေရေးကဏ္ဍမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး စျေးကွက်ထဲ ဝင်လာခဲ့တာပါ။ သုံးစွဲသူတွေ ကြည့်ရှုတဲ့ Contentတွေကို CarOS က Big data အဖြစ် စုဆောင်းပြီး Faceit ရဲ့ Algorithm အသုံးပြုကာ လေ့လာဆန်းစစ်ပြီးမှ အကြံပြုချက်တွေ ပေးခဲ့တာပေါ့။ ကွန်ပျူတာ ဒါမှမဟုတ် စမတ်ဖုန်းတွေရဲ့ Operating system တွေလိုမျိုးပဲ၊ ဒါက Contentတွေ ရောင်းချမှုကတစ်ဆင့် ဝင်ငွေရှာနိုင်မယ့် လမ်းစကို ပွင့်သွားစေခဲ့တယ်။ ကောင်းကောင်း ပျိုးထောင်နိုင်ရင်တော့ နောက်ထပ် ဝင်ငွေရလမ်း အကြီးကြီးတစ်ခု ဖြစ်လာမှာ သေချာygတယ်။
ဆိုဆောင်း အီလက်ထရောနစ်ကလည်း စမတ်ဖုန်းတွေကို ကားတွေနဲ့ ချိတ်ဆက်နိုင်ဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့တယ်။ စမတ်ဖုန်းကို အဝေးထိန်းခလုတ်လို သုံးပြီး စက်နှိုးတာ၊ ကားကို ကြိုတင်စက်နှိုးထားတာနဲ့ မောင်းနှင်မယ့် လမ်းကြောင်းကို ထည့်သွင်းတာတွေကတော့ အခြေခံအဆင့် လုပ်ဆောင်နိုင်တွေပဲ ဖြစ်ပါတယ်။ (ဒါကိုတော့ တခြားကားကုမ္ပဏီတွေလည်း လုပ်နိုင်ကြတယ်)။ ဒါပေမဲ့ သူတို့က စမတ်ဖုန်းမှာ လုပ်လေ့ရှိတဲ့ အလုပ်အမျိုးမျိုးကို ကားထဲမှာတင် လုပ်ဆောင်နိုင်အောင် ဖန်တီးပေးခဲ့တာပါ။
Gooble နဲ့ MS တို့ကလည်း ဒီဂေဟစနစ်ကို တည်ဆောက်ရာမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မယ့်အကြောင်း ကြေညာခဲ့ကြသလို Disney ကလည်း သူတို့ရဲ့ Content တွေကို ပံ့ပိုးပေးဖို့ သဘောတူခဲ့တယ်။
အချိန်အကြာကြီး ကမ္ဘာ့စျေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီတွေက Gooble၊ Npple၊ AMZ၊ MS၊ Facenote လိုမျိုး IT ကုမ္ပဏီတွေ ဖြစ်ခဲ့ကြတာပါ။ နည်းပညာ တိုးတက်မှုနှုန်းနဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းပိုင်းမှာတော့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အိုင်တီကုမ္ပဏီတွေကို မယှဉ်နိုင်ခဲ့ကြပါဘူး။
အင်ဂျင်တွေနဲ့ ဂီယာတွေရဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားပြီး လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်ကာ လျှပ်စစ်ပစ္စည်းမျိုးစုံ တပ်ဆင်ထားတဲ့ အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ကားတွေကတော့ အိုင်တီကုမ္ပဏီတွေနဲ့ ကားထုတ်လုပ်သူတွေ ဆုံတွေ့ရာ လမ်းဆုံတစ်ခုလို ဖြစ်လာခဲ့တယ်။ ဒါကြောင့်လည်း အိုင်တီကုမ္ပဏီတွေက သူတို့ရဲ့ ကြီးမားတဲ့ ငွေကြေးအင်အားကို သုံးပြီး ကားစျေးကွက်ထဲ ဝင်ဖို့ အကြာကြီး ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့ပါပြီ။
ကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုမှာ ရှင်းလင်းတဲ့ ပင်မလုပ်ငန်း ရည်မှန်းချက် ရှိရမယ်လေ။
စီအီးအို ဒါရီလ်က ဝန်ထမ်းတွေဆီ ပို့တဲ့ အီးမေးလ်ထဲမှာ "ကျွန်တော်တို့မှာ ရည်မှန်းချက် တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ လူတွေကို သွားလာရတာ အဆင်ပြေစေဖို့နဲ့ သွားလာမှုရဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ဖို့ပဲ ဖြစ်တယ်" လို့ ပြောခဲ့တယ်။ ဒါက သူတို့ရဲ့ လုပ်ငန်းနယ်ပယ်ကို သွားလာမှု အဖြစ် သတ်မှတ်လိုက်တာဖြစ်ပြီး တစ်ချိန်ထဲမှာပဲ သွားလာမှု စျေးကွက်တစ်ခုလုံးကို စိုးမိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ပြည်ပစျေးကွက်တွေကို သိမ်းပိုက်ဖို့၊ လျှပ်စစ်ကုန်တင်ကားတွေ မိတ်ဆက်ဖို့၊ ကားမျှဝေစီးနင်းတဲ့ လုပ်ငန်းထဲ ဝင်ရောက်ဖို့ စသဖြင့်ပေါ့။
ကောင်းမွန်တဲ့ ကုမ္ပဏီက တော်တဲ့သူတွေကို ဆွဲဆောင်နိုင်ပြီး တော်တဲ့သူတွေက ပိုပြီး တော်တဲ့သူတွေကို ထပ်ပြီး ဆွဲဆောင်နိုင်ကြပါတယ်။ CarOS ကုမ္ပဏီဟာ Npple၊ Gooble နဲ့ Nikola တို့ကနေ ပြောင်းရွှေ့လာကြတဲ့သူတွေ အပါအဝင် နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက်သူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။
Startup အသေးလေးအဖြစ် စတင်ခဲ့တဲ့ CarOS ဟာ အခုဆိုရင် အိုင်တီဘီလူးကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မဟာကော်ပိုရေးရှင်းကြီးတစ်ခုအဖြစ် ကြီးထွားလာခဲ့ပါပြီ။
CarOS ဘယ်လောက်ပဲ အောင်မြင်ပါစေ၊ OTK ကုမ္ပဏီဆီကိုတော့ ပိုက်ဆံတစ်ဒေါ်လာမှ စီးဝင်မလာခဲ့ပါဘူး။
တကယ်တော့ CarOS ကို ကျွန်တော်တို့ ဝယ်ယူခဲ့ကည်းက သူတို့က အမြတ်ဝေစု တစ်ကြိမ်မှ မပေးခဲ့ဖူးတာပါ။ ပိုက်ဆံ ကောင်းကောင်း ရှာနိုင်နေရင်တောင် အတူတူပါပဲ။ လက်ရှိ အမြတ်အစွန်းတွေကို စွန့်လွှတ်ရရင်တောင် လုပ်ငန်းနယ်ပယ်ကို ဆက်တိုက် တိုးချဲ့သွားမယ်လို့ ဒါရီလ်နဲ့ ကျွန်တော် သဘောတူထားခဲ့ကြတာပါ။ တချို့ကျွမ်းကျင်သူတွေ ပြောသလိုပဲ အမြတ်မယူဖို့ ဆုံးဖြတ်ထားတဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုထက် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက် မရှိတော့ပါဘူး။
ဒီလို အခြေအနေမျိုးမှာ ကုမ္ပဏီတွေက ပုံမှန်အားဖြင့် ငွေတိုက်စာချုပ်တွေ ဒါမှမဟုတ် ရှယ်ယာတွေ ထုတ်ရောင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် ရယူရလေ့ရှိပေမယ့် CarOS အတွက်ကတော့ အဲဒါကို စိုးရိမ်စရာမလိုပါဘူး။ လိုအပ်တဲ့အချိန်တိုင်း မိခင်ကုမ္ပဏီကနေ ရန်ပုံငွေ ပံ့ပိုးပေးနိုင်လို့ပါပဲ။
နည်းပညာအသစ်က လိုအပ်ချက်အသစ်တွေနဲ့ အခွင့်အလမ်းအသစ် တွေကို ဖန်တီးပေးပါတယ်။ ဒီဖြစ်စဉ်ထဲမှာ တချို့ကုမ္ပဏီတွေက အသစ်တဖန် ကြီးထွားလာကြပြီး တချို့ကုမ္ပဏီတွေကတော့ ဆုတ်ယုတ် ပျောက်ကွယ်သွားကြတာပါပဲ။
ကိုရီးယားကလည်း အမေရိကန်လိုပဲ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ အလိုအလျောက်မောင်းနှင်စနစ်ကို ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဥပဒေတွေကို ပြင်ဆင်ခဲ့တယ်။ CarOS ရဲ့ AD series တွေကို တင်သွင်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တာပေါ့။
ဒါက လက်တွေ့ကျတဲ့ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ တရုတ်နဲ့ ဂျပန်တို့ ကားပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ထိုးနှက်ချက်ကို ဆက်တိုက် ခံလိုက်ရတာကို မြင်တွေ့ခဲ့ရတာကြောင့် ကြိုတင်ပြီး လိုက်လျောပေးခဲ့တာပါ။ ဒုတိယတစ်ခုကတော့ အွန်ဆောင်း မော်တာက CarOS နဲ့ ပူးပေါင်းဆောင်ရွက်နေလို့ပါပဲ။ သူတို့က ပြည်တွင်းမှာ လျှပ်စစ်ကား စက်မှုဇုန်ကို တည်ဆောက်နေခဲ့ကြသလို အွန်ဆောင်း မော်တာ ကိုယ်တိုင်လည်း အလိုအလျောက်မောင်းနှင်စနစ်သုံး လျှပ်စစ်ကား တွေဆီ အဓိက ကူးပြောင်းနေတာကြောင့် ဒီဖြစ်စဉ်ကို နှောင့်နှေးအောင် လုပ်ဖို့ အကြောင်းရင်း မရှိလို့ပါပဲ။
ပထမဆုံး တင်သွင်းလိုက်တဲ့ အစီးရေ ၃၀၀ ဟာ ပြုံတက် ဆိပ်ကမ်းကနေတစ်ဆင့် ကိုရီးယားကို ရောက်ရှိလာခဲ့တယ်။ အဲဒီထဲက AD3 ရဲ့ ပထမဆုံး ဝယ်ယူသူကတော့ ဆိုဆောင်းအုပ်စုရဲ့ ဥက္ကဌ လင်ဂျင်ယုံပဲ ဖြစ်ပါတယ်။