အခန်း ၄၃
Vol. 5 Ch. 43
🍅 Chapter 43
“ဒီလီမိသားစုက နောက်ခံ အရမ်းကြီးတယ်၊ သူတို့က မြို့တော်ကနေ ပြောင်းလာတာလို့ကြားတယ်၊ ပေလျိုခရိုင်ကိုရောက်ရင် စုံစမ်းကြည့်လိုက်တာနဲ့ ချက်ချင်းသိနိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ ကျောက်လီကျွမ်က ဝူယွီလန်ကို လှမ်းကြည့်လိုက်သည်။
“အမေ၊ သူပြောတာတွေက အမှန်ပဲလား”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်၏။
“အင်း”
အဘွားကြီးဝမ်သည် သူမ လည်ပင်းကို ပုလိုက်ကာ ကြည်လင်နေသော မျက်လုံးများဖြင့် အသနားခံလိုက်သည်။
“အဲ့ဒီကောင်မလေး ဘယ်မှာရှိလဲဆိုတာ ငါ ပြောပြပြီးပြီဆိုတော့၊ ငါ့…. ငါ့ကို သွားခွင့်ပြုတော့မလား”
ဝူယွီလန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အပြုံးတစ်ခုဖြင့် သူမ၏လက်ကို ကမ်းပေးလိုက်သည်။
သူမ၏အဓိပ္ပာယ်ကို အဘွားကြီးဝမ် ကောင်းကောင်း နားလည်သဖြင့် အိတ်ထဲမှ ငွေစနှစ်စကို နှိုက်ယူကာ ထုတ်ပေးလိုက်၏။
“ပြန်၊ ပြန်ပေးပါ့မယ်”
သို့သော် ဝူယွီလန်သည် သူမ၏လက်ကို ပြန်မရုပ်သေးဘဲ ဆက်လက်ကမ်းထားဆဲပင်။
အဘွားကြီးဝမ် ထိတ်လန့်တကြား ပြောလိုက်သည်။
“နင် ငါ့ကို ပေးခဲ့တာ၊ ဒီငွေစ နှစ်စတည်းပါ”
ဝူယွီလန် ဘာမှ ပြန်မပြောဘဲ သူမအား စူးစိုက်ကြည့်နေလိုက်သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် အဘွားကြီးဝမ်သည် နောက်ထပ် ငွေစနှစ်စကို ထပ်ထုတ်ကာ ဝူယွီလန်အား ပေးလိုက်ရတော့၏။
ဝူယွီလန် အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။
“ဘာလို့ ဒီလောက် ကပ်စေးနှဲနေရတာလဲ”
ပြောပြောဆိုဆိုပင် ဝူယွီလန်သည် အဘွားကြီးဝမ်၏ငွေအိတ်ကို လုယူလိုက်ပြီး အထဲရှိ ငွေများအားလုံးကို သူမလက်ထဲသို့ သွန်ချလိုက်ကာ ဆက်ပြောလာသည်။
“အဘွားကြီးဝမ်၊ ငါတို့ ပေလျိုခရိုင်ကိုသွားဖို့ ခရီးစရိတ်မရှိမှာကို နင် စိုးရိမ်နေတာ မဟုတ်လား၊ ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ဟာ”
အဘွားကြီးဝမ်မှာ ငိုချင်လျက်လက်တို့ ဖြစ်နေတော့သည်။ သူမကိုယ် သူမ ပါးနှစ်ချက်လောက် ပြင်းပြင်းထန်ထန် ရိုက်ပစ်ချင်စိတ်များပင် ပေါ်လာ၏။
အစောကြီးကတည်းကသာ ကောင်မလေး၏သတင်းကို ပြောပြခဲ့လျှင် ပြီးနေမည့်ကိစ္စကို ယခုတော့ အရိုက်ခံရသည့်အပြင် ပါသမျှငွေများပါ အလုခံလိုက်ရလေပြီ။
ငှက်သိုက်သဖွယ် ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် တစ်ကိုယ်လုံး ဖူးယောင်ပွန်းပဲ့နေသည့် အဘွားကြီးဝမ်မှာ အလွန်တရာ သနားစရာကောင်းသောအသွင်ဖြင့် ငိုယိုတောင်းပန်ရှာသည်။
“ဝူးဝူးဝူး၊ လူဘယ်မှာရှိလဲဆိုတာလည်း ငါပြောပြပြီးပြီ၊ ငွေတွေလည်း အကုန်ပေးလိုက်ပြီဆိုတော့ ငါ့ကို သွားခွင့်ပြုတော့မလား”
ဝူယွီလန်သည် သက်ပြင်းချလိုက်ပြီး အဘွားကြီးဝမ်ကို ထူပေးရန် လက်ကမ်းပေးလိုက်၏။
“အဘွားကြီးဝမ်၊ စောစောက ငါတို့ နောက်ပြောင်နေကြတာပါ၊ စိတ်မဆိုးပါနဲ့နော်”
ထို့နောက် သူမက ဟန်ဆောင်ပန်ဆောင်ဖြင့် ဆက်ပြောလာသည်။
“နင် ခြေမခိုင်ပဲ လဲကျသွားတာကို ငါ မြင်လိုက်တယ်၊ ဘယ်လိုလုပ် ဒီလောက်တောင် ဖူးယောင်သွားရတာလဲ၊ တော်တော် နာနေမှာပဲနော်၊ ဘာလို့ ပိုပြီး သတိမထားရတာလဲ၊ တကယ်ပါပဲ၊ နင် လမ်းလျှောက်တာက နင့်ရဲ့ ခုနစ်နှစ်အရွယ် မြေးလေးလောက်တောင်မငြိမ်ဘူး”
အဘွားကြီးဝမ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းခဲအေးသွားသည်။ ဝူယွီလန်၏စကားထဲမှ ခြိမ်းခြောက်မှုကို သူမ ကောင်းကောင်းကြီး နားလည်သဘောပေါက်လိုက်၏။
သူမ ယောကျ်ား၏မိသားစုတွင် မျိုးဆက်ရှစ်ဆက်တိုင်တိုင် ယောကျ်ားလေး တစ်ဦးတည်းသာ ထွန်းကားခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမ၏မြေးလေးသာ တစ်ခုခု ဖြစ်သွားခဲ့လျှင်ဖြင့် သူမအတွက် ရှင်သန်ရခြင်းက သေရခြင်းထက် ဆိုးရွားသွားပေလိမ့်မည်။
အဘွားကြီးဝမ်၏ နှုတ်ခမ်းထောင့်များ တုန်ယင်သွားပြီး ခါးသီးသောအပြုံးတစ်ခုကို အတင်းအကျပ်ဖန်တီးကာ ပြောလိုက်သည်။
“ဟုတ်၊ ဟုတ်ပါတယ်၊ ငါ သတိလက်လွတ်ဖြစ်သွားလို့ လဲကျသွားတာပါ”
ဝူယွီလန် ကျေနပ်စွာ ပြုံးလိုက်မိသည်။
“နင့်မြေးလေးက အရမ်းချစ်စရာကောင်းတာပဲ၊ နောက်တစ်ခါ အခွင့်အရေးရရင် သူ့အတွက် အရသာရှိတဲ့မုန့်လေးတွေ ယူလာခဲ့ပေးပါ့မယ်”
ထိုစကားကို ကြားသောအခါ အဘွားကြီးဝမ်သည် ချက်ချင်းပင် လက်ကာပြလိုက်ရသည်။
“အာ၊ မလုပ်ပါနဲ့၊ မလို… မလိုပါဘူး”
ဝူယွီလန် နှမြောတသဟန်ဖြင့် ပြောလိုက်လေ၏။
“ဒါဆိုလည်း ပြီးတာပဲ၊ တကယ်ကို နှမြောစရာပဲ”
ထို့နောက် ဝူယွီလန်သည် အဘွားကြီးဝမ်အား ခြိမ်းခြောက်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမ၏ချွေးမနှစ်ဦးကို ခေါ်ကာ ထွက်ခွာလာခဲ့တော့သည်။
လမ်းတွင် ဝမ်ကွေ့ချင်က ခေါင်းကုတ်ရင်း စိုးရိမ်တကြီးမေးလိုက်သည်။
“အမေ၊ ဒီအဘွားကြီးဝမ်က သမီးတို့ကိုများ ပြန်ကလဲ့စားချေမလားဟင်”
ဝူယွီလန် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“သူ မလုပ်ရဲပါဘူး”
ဝူယွီလန်၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေ၏။ သူမသည် ရလာသော ငွေများကို ရေတွက်ကြည့်လိုက်ရာ ငွေငါးချောင်းတိတိ ရှိနေသဖြင့် ချွေးမနှစ်ဦးအား တစ်ယောက်လျှင် ငွေတစ်ချောင်းစီ ခွဲဝေပေးလိုက်သည်။
ထို့အပြင် အိမ်တွင် မီးတွင်းထဲမှ နာလန်ထစပြုနေသော တတိယချွေးမလီရှို့ယွင်ကိုလည်း သူမ မေ့မထားခဲ့ပေ။ သူမက ဝမ်ကွေ့ချင်ကို လှမ်းပေးလိုက်သည်။
“ချွေးမအကြီး၊ ဒီတစ်ချောင်းက နင့်အတွက်၊ ပြီးတော့ ဒီတစ်ချောင်းက ချွေးမငယ်အတွက် ယူသွားလိုက်”
ဝမ်ကွေ့ချင်သည် ငွေကို ဝမ်းသာအားရလက်ခံလိုက်ရင်း တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အမေ”
ထိုအချိန်တွင် ကျောက်လီကျွမ်၏မျက်လုံးများထဲ၌ ယောက္ခမဖြစ်သူအား လေးစားအားကျမှုများ အပြည့်အဝကိန်းအောင်းနေသည်။ သူမ သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
“အမေ၊ အဘွားကြီးဝမ်မှာ မြေးလေးတစ်ယောက်ရှိတယ် ဆိုတာကို အမေ ဘယ်လိုလုပ် သိနေတာလဲ”
ဝူယွီလန်သည် စိတ်ကြည်လင်နေသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ငါ အစောပိုင်းက အားနေတုန်းလေး ဟိုမေးဒီမေး လျှောက်စုံစမ်းထားတာလေ၊ လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိစမြဲပဲ၊ အဲ့ဒီအားနည်းချက်ကို ရှာတွေ့သွားပြီဆိုရင် ဘယ်ကိစ္စမဆို ကိုင်တွယ်ဖြေရှင်းဖို့က လွယ်ကူသွားပြီပေါ့”
ဝမ်ကွေ့ချင်သည် အကြမ်းဖျင်း သဘောပေါက်သွားကာ လက်ခမောင်းခတ်လိုက်သည်။
“အမေ၊ သမီး သဘောပေါက်ပြီ၊ အဘွားကြီးဝမ်က သူ့မြေးလေးကို သမီးတို့ တစ်ခုခုလုပ်လိုက်မှာ ကြောက်နေလို့ သမီးတို့ကို ပြန်မကလဲ့စားချေရဲတာ မဟုတ်လား”
ဝူယွီလန် လက်မထောင်ပြလိုက်၏။
“ချွေးမအကြီး၊ နင်လည်း နောက်ဆုံးမှာ ဉာဏ်ပွင့်သွားပြီပဲ”
ဝမ်ကွေ့ချင် သဘောကျစွာ ရယ်မောလိုက်၏။
“အမေ့နောက်ကို လိုက်ရတာ သမီးလည်း ပိုပြီးဉာဏ်ကောင်းလာသလိုပဲ၊ ဒီနေ့ကစပြီး အမေ ဘာလုပ်ခိုင်းခိုင်း သမီး လုပ်မယ်၊ ဘယ်သူ့ကို ရိုက်ဆိုရိုက်၊ ကန်ဆို ကန်၊ အကုန်လုပ်မယ်”
လူတစ်ယောက်ကို ရိုက်နှက်ပြီးနောက် ပြဿနာမတက်သည့်အပြင် ငွေပင်ရလိုက်သေးသည်မဟုတ်ပါလား။
ကျောက်လီကျွမ်သည်လည်း ယနေ့မှစ၍ ယောက္ခမဖြစ်သူ၏စကားကို သေချာနားထောင်ရန် စိတ်ထဲမှ တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။
ယောက္ခမ၏ လမ်းညွှန်မှုနောက်သို့ လိုက်ခြင်းသည်သာ အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်ကြောင်း သူမ ယုံကြည်သွားလေပြီ။
ဝူယွီလန်သည် ကောင်းကင်ကို မော့ကြည့်လိုက်မိလေ၏။
“ကဲ၊ အခုတော့ မှောင်နေပြီ၊ ငါတို့ အိမ်အရင်ပြန်ကြမယ်၊ မနက်ဖြန် မနက်စောစော ပေလျိုခရိုင်ကို သွားကြတာပေါ့”
ချွေးမနှစ်ဦးစလုံးလည်း သဘာဝကျစွာပင် သဘောတူလက်ခံလိုက်ကြသည်။
………
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ သူတို့သုံးဦးသည် ပေလျိုခရိုင်သို့သွားရန် မြင်းလှည်းတစ်စီးကို ငှားရမ်းခဲ့ကြသည်။
မြင်းလှည်းက အရှိန်အဟုန်ဖြင့် သွားနေသော်လည်း ထိုနေရာသို့ရောက်ရန် တစ်နာရီခွဲခန့် အချိန်ယူခဲ့ရ၏။
အနည်းငယ် စုံစမ်းမေးမြန်းလိုက်ရုံဖြင့် လီမိသားစု၏အိမ်တော်တည်နေရာကို သူတို့ အလွယ်တကူ သိရှိသွားကြသည်။ သို့သော် ဝူယွီလန်သည် လီမိသားစုအိမ်တော်သို့ သွားရန် အလျင်စလို မလုပ်ခဲ့ပေ။
ထိုအစား သူမသည် မုန့်သေတ္တာအချို့ကို အရင်သွားဝယ်ပြီး ထိုမုန့်သေတ္တာများအား ကိုင်ဆောင်ကာ လီမိသားစု၏ အိမ်တော်တံခါးဝသို့ ဦးတည်သွားလေသည်။
ဝူယွီလန် တံခါးစောင့်အား သူမလက်ထဲရှိ မုန့်သေတ္တာတစ်လုံးကို ကမ်းပေးရင်း သိမ်မွေ့စွာပြုံးကာ မေးလိုက်သည်။
“လူလေး၊ အဘွားကို သတင်းလေးတစ်ခုလောက် ကူညီပြီး စုံစမ်းပေးလို့ရမလား”
တံခါးစောင့်မှာ တွေ့တွေ့ချင်းပင် မုန့်သေတ္တာတစ်လုံး ကမ်းပေးလာသော ဝူယွီလန်၏အပြုအမူကြောင့် အနည်းငယ် အားနာသွားသည်။
“အဘွား၊ ဘာသိချင်တာလဲဆိုတာသာ ပြောပါ၊ ဒီမုန့်တွေကိုတော့ အဘွားပဲပြန်ယူသွားပါ”
ဝူယွီလန် မုန့်သေတ္တာကို သူ့ရင်ခွင်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
“ယူထားလိုက်ပါ၊ ဒီအဘွားကြီးကို ကူညီတဲ့အနေနဲ့ ကျေးဇူးဆပ်တာလို့ သဘောထားလိုက်ပါ”
အစေခံလူငယ်လေးသည် ခေါင်းကုတ်ရင်း မုန့်သေတ္တာကို လက်ခံလိုက်ရသည်။
ထို့နောက် သူက မေးလိုက်လေ၏။
“အဘွား၊ ဘာများသိချင်လို့လဲ”
ဝူယွီလန် ရှင်းပြလိုက်သည်။
“ဒီလိုပါကွယ်၊ လွန်ခဲ့တဲ့ နှစ်လလောက်က မင်းတို့အိမ်တော်က ဖျန်းကျန်းမြို့ဘက်ကနေ အစေခံမလေးတွေများ ဝယ်ခဲ့သေးလားလို့ သိချင်လို့ပါ”
အစေခံလူငယ်လေးက ခေါင်းစောင်းကာ ခေတ္တမျှစဉ်းစားလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်လလောက်က အိမ်တော်ကို အစေခံမလေး နည်းနည်းရောက်လာတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဘယ်ကနေ ဝယ်လာလဲဆိုတာကိုတော့ ကျွန်တော် သေချာမသိဘူး”
ဝူယွီလန် ပြန်မပြောရသေးမီမှာပင် သူက ဆက်ပြောလာသည်။
“အဘွား၊ ကျွန်တော် သွားမေးပေးရမလား”
မုန့်ဖိုးပေးရကျိုးနပ်သည်ဟု တွေးလိုက်မိသဖြင့် ဝူယွီလန်၏အပြုံးများမှာ ပိုမိုအသက်၀င်လာသည်။
“အို၊ ဒါဆိုရင်လည်း အဘွားကို ကူညီပြီးမေးပေးပါဦးကွယ်၊ အဘွားမှာ စုန့်ထုန်ဟွာလို့ခေါ်တဲ့ ဒီနှစ်မှ အသက်ဆယ့်နှစ်နှစ်ပြည့်မယ့် မြေးမလေးတစ် ယောက်ရှိတယ်၊ သူ့ကိုများ ဒီနေရာကို ရောင်းလိုက်သလား သိချင်လို့ပါ”
အစေခံလူငယ်လေးသည် ခေါင်းညိတ်လိုက်ပြီး အခြားအစေခံတစ်ဦးကို တံခါး၀တွင် စောင့်ကြည့်ထားရန် မှာကြားကာ အိမ်တော်ထဲသို့ ဝင်သွားလေ၏။
ကျောက်လီကျွမ်သည် ဝမ်ကွေ့ချင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
သူမ၏ ဆုပ်ကိုင်မှုက အလိုအလျောက် တင်းကျပ်လာလေ၏။
“အမေ၊ ထုန်ဟွာ ဒီမှာများ ရှိနေမလားဟင်”