← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

🍅 Chapter 46

စုန့်ထုန်ဟွာ ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။

“သမီး လီအိမ်တော်မှာ နေလာတာ နှစ်လရှိပြီ၊ လုပ်ပုံကိုင်ပုံကောင်းလို့ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်ရွေးခံရတဲ့သူတွေ၊ ဒါမှမဟုတ် တခြားကို ပြန်ရောင်းစားခံရတဲ့ သူတွေကလွဲရင် ဘယ်အစေခံမှ လီအိမ်တော်ကနေ ထွက်သွားခွင့်မရှိဘူး”

ထိုစကားကြောင့် ကျောက်လီကျွမ်မှာ ခြေမခိုင်တော့ဘဲ ယိမ်းယိုင်သွားကာ ညည်းတွားလိုက်သည်။

“ဒါ... ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ”

သူမ သမီးလေးမှာ တစ်သက်လုံး သူတစ်ပါး၏အစေခံဘဝဖြင့်သာ နေသွားရတော့မည်လားဟူသော အတွေးများက သူမရင်ကို ဓားဖြင့် မွှန်းသကဲ့သို့ နာကျင်စေလေ၏။

မိခင်ဖြစ်သူ စိုးရိမ်ပူပန်သွားမည်ကို စိုးရိမ်သဖြင့် စုန့်ထုန်ဟွာ ထပ်မံ၍ ဖေးမနှစ်သိမ့်လိုက်သည်။

“အမေ၊ သမီးအတွက် ဘာမှစိတ်မပူပါနဲ့၊ သမီး တကယ်ပဲ အဆင်ပြေပါတယ်၊ လီအိမ်တော်မှာ သမီး ကြိုးကြိုးစားစား အလုပ်လုပ်ပြီး သခင်မကြီးကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုပါ့မယ်၊

သမီး အသက်နည်းနည်းကြီးလာတဲ့အခါ သမီးကိုယ်သမီး ပြန်ရွေးခွင့်ပြုဖို့ သခင်မကြီးကို တောင်းပန်ကြည့်ပါ့မယ်”

……..

လီအိမ်တော်မှ ထွက်ခွာလာချိန်တွင်လည်း ကျောက်လီကျွမ်သည် သူမ၏မျက်ရည်များကို ခိုး၍ သုတ်နေဆဲပင်ဖြစ်သည်။

သူမ ရင်ထဲတွင် သမီးလေးအတွက် သောကမီးများ တောက်လောင်နေဆဲပင်။ ဝမ်ကွေ့ချင်သည် သူမ၏ ပခုံးကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်လိုက်လေ၏။

“ဒုတိယချွေးမ၊ စိတ်မကောင်း မဖြစ်ပါနဲ့၊ အနည်းဆုံးတော့ အခုချိန်မှာ ထုန်ဟွာလေး နေကောင်းစားကောင်း ရှိနေတာပဲလေ၊ နောင်ကျရင် သူ့ကို ပြန်ရွေးဖို့ နည်းလမ်းတစ်ခုခုတော့ ပေါ်လာမှာပါ”

ကျောက်လီကျွမ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမလက်ထဲတွင် ဆုပ်ကိုင်ထားသော ငွေစလေးကို သတိရသွားကာ သတ္တိမွေး၍ ဝူယွီလန်အား မဝံ့မရဲ လှမ်းကြည့်လိုက်လေ၏။

“အမေ၊ သမီး ထုန်ဟွာလေးအတွက် ပစ္စည်းလေးတစ်ခုခု ဝယ်ပေးချင်လို့ပါ”

ဝူယွီလန်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရသောအခါ ကျောက်လီကျွမ်၏အသံမှာ ပိုတိုးဝင်သွားသည်။

“အမေ၊ အဲ့ဒါ ရနိုင်မလားဟင်”

လီအိမ်တော်အတွင်းသို့ ကမန်းကတန်း ဝင်ရောက်သွားကြသောသမားတော်အချို့ကို ငေးကြည့်နေရာမှ ဝူယွီလန်သည် သတိပြန်ဝင်လာပြီး မေးလိုက်လေ၏။

“ဟင်၊ ဘာပြောလိုက်တာလဲ”

ကျောက်လီကျွမ်သည် သူမ လက်ထဲရှိ ငွေတစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ထပ်ပြောလိုက်သည်။

“သမီး၊ ထုန်ဟွာအတွက် တစ်ခုခု သွားဝယ်ပေးချင်လို့ပါလို့ ပြောလိုက်တာပါ”

ဝူယွီလန်သည် သူမ၏သဘောထားကို ပြသသည့်အနေဖြင့် ငွေအိတ်ထဲမှ ငွေငါးချောင်းတိတိကို တိုက်ရိုက်ထုတ်ယူကာ ကမ်းပေးလိုက်၏။

“ရော့၊ ဒါယူသွားလိုက်”

ကျောက်လီကျွမ်သည် ယောက္ခမဖြစ်သူ ပိုသဘောကောင်းလာသည်ကို သိထားသော်လည်း ယခုကဲ့သို့ ရက်ရောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမက အလန့်တကြား ငြင်းဆန်လိုက်သည်။

“ဒါ၊ ဒါက အရမ်းများလွန်းပါတယ်၊ အမေ စောစောက ပေးထားတဲ့ ငွေတစ်ချောင်း ရှိပါသေးတယ်၊ အဲ့ဒါလေးနဲ့ပဲ ဝယ်လိုက်ပါ့မယ်”

ဝူယွီလန်သည် သူမ သဘောထားကို လုံးဝလက်မခံဘဲ ငွေများ ကျောက်လီကျွမ်၏လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်သည်။

“ယူသာယူပြီး သုံးလိုက်စမ်းပါ၊ သွား၊ ထုန်ဟွာအတွက် စားစရာဖြစ်ဖြစ် တစ်ခုခု သွားဝယ်ပေးလိုက်”

ကျောက်လီကျွမ်မှာ ဆက်လက်မငြင်းဆန်ရဲတော့သဖြင့် ငွေများကို လောလောဆယ် လက်ခံထားလိုက်ပြီး ပစ္စည်းများဝယ်ပြီးပါက မူလငွေတစ်ချောင်းနှင့်အတူ ယောက္ခမထံသို့ ပြန်ပေးမည်ဟု စိတ်ထဲမှ ကြံစည်ထားလိုက်၏။

သူမ တွေးထားသည့်အတိုင်း သမီးဖြစ်သူအတွက် အဝတ်အစားနှင့် စားစရာအချို့ ဝယ်ယူပြီးနောက်တွင် ကျန်ရှိနေသော ငွေများအားလုံးကို ဝူယွီလန်ထံ ပြန်လည်အပ်နှံခဲ့သည်။

ဝူယွီလန်သည် ငွေတစ်ချောင်းကို ထုတ်ယူလိုက်ပြန်သည်။

“ဒါကို ယူထား၊ ပြီးရင် ထုန်ဟွာကိုပေးလိုက်”

ကျောက်လီကျွမ်က တုံ့ဆိုင်းစွာဖြင့် ခေါ်လိုက်လေ၏။

“အမေ”

ဝူယွီလန် စကားကို ဖြတ်ပြောလိုက်သည်။

“တော်တော့၊ ငါတို့ အထဲကိုမဝင်တော့ဘူး၊ နင် ဝယ်လာတဲ့ ပစ္စည်းတွေကို ထုန်ဟွာဆီ ယူသွားပေးလိုက်”

ချမ်းသာသော မိသားစုများတွင် စည်းကမ်းများလှကြောင်းကို ကျောက်လီကျွမ် ကောင်းကောင်း သိရှိထားသဖြင့် အချိန်ဆွဲမနေရဲတော့ဘဲ သမီးဖြစ်သူအတွက် ဝယ်လာသော ပစ္စည်းများကိုင်ဆောင်ကာ အိမ်တော်အတွင်းသို့ ခပ်သုတ်သုတ် ပြန်ဝင်သွားလေသည်။

သူတို့နှစ်ဦးတံခါးဝတွင် စောင့်ဆိုင်းနေစဉ် စောစောကဝင်သွားသောသမားတော်အချို့သည် စိတ်ပျက်လက်ပျက်အသွင်ဖြင့် ပြန်လည်ထွက်ခွာလာကြ၏။

ဝူယွီလန်သည် သူတို့ပြောနေသည်များကို ကြားနိုင်ရန် နားစွင့်လိုက်လေသည်။

“ဟူး၊ သခင်မကြီးက စမ်းသပ်ခံဖို့ ငြင်းဆန်နေမှတော့ ငါတို့က ဘယ်လိုလုပ် ကုသပေးနိုင်မှာလဲ”

အခြားတစ်ယောက်က ဝင်ပြောလာသည်။

“ဟုတ်ပါ့ဗျာ၊ နတ်သမားတော်ဟွာထို ပြန်ရှင်လာရင်တောင် ရောဂါလက္ခဏာကို မစမ်းသပ်ရဘဲနဲ့တော့ ဘယ်လိုလုပ် ကုပေးနိုင်မှာလဲ”

နောက်တစ်ယောက်ကလည်း ညည်းတွားလိုက်၏။

“ယုတ္တိကျကျ ပြောရရင်တော့ အမျိုးသမီးတွေရဲ့ သားဖွားမီးယပ်ရောဂါတွေအတွက် အမျိုးသမီးသမားတော်ကိုပဲ ရှာသင့်တာပေါ့၊ ဒါပေမယ့် ဒီလို ပေလျိုခရိုင်လို နေရာသေးသေးလေးမှာ အမျိုးသမီးသမားတော်ကို ဘယ်သွားရှာရမှာလဲ၊ ဒီနေရာမှာ မရှိတာကို ပြောမနေနဲ့၊ နန်းတော်ထဲမှာတောင်မှ အမျိုးသမီးသမားတော်က လက်ချိုးရေလို့ရတဲ့အထိ ရှားပါးတာ”

…

သမားတော်များသည် ခေါင်းယမ်းကာ ညည်းတွားရင်း လီအိမ်တော်ရှေ့မှ ထွက်ခွာသွားကြလေ၏။ ထွက်ခွာသွားသော သမားတော်များ၏ကျောပြင်ကို ကြည့်ရင်း ဝူယွီလန်သည် ရုတ်တရက် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

ထုန်ဟွာကို ပြန်ရွေးရန် မည်သို့နည်းလမ်းရှာရမည်ကို သူမ တွေးတောနေခိုက်မှာပင် ထိုနည်းလမ်းက သူမ၏ခြေရင်းဆီသို့ အလိုလို ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

သူမ၏ဆေးပညာစွမ်းရည်ဖြင့် ဤအခွင့်အရေးကို အသုံးချကာ မိသားစု၏ကံကြမ္မာကို အလှည့်အပြောင်း ပြုလုပ်ရန် သူမ ခိုင်မာစွာဆုံးဖြတ်လိုက်သည်။

သူမ လမ်းညွှန်လိုက်လေ၏။

“ချွေးမကြီးနဲ့ ဒုတိယချွေးမ၊ နင်တို့နှစ်ယောက် အိမ်ကို အရင်ပြန်နှင့်ကြ၊ ငါ့မှာ အရေးတကြီး လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ ပေလျိုခရိုင်မှာ ရက်နည်းနည်းလောက် နေခဲ့ရဦးမယ်”

ဝမ်ကွေ့ချင်သည် သူမပါ နေရစ်ခဲ့မည်ဟုပြောချင်သော်လည်း အိမ်တွင် ကျန်ခဲ့သော ကလေးများကို တွေးမိကာ အနည်းငယ်စိုးရိမ်ပူပန်သွားမိသဖြင့် နှုတ်ဆက်လိုက်၏။

“အမေ၊ ဒါဆိုရင်လည်း ဂရုစိုက်ပါနော်”

အထူးသဖြင့် အဘွားကြီးဝမ်အား စော်ကားထားခဲ့မိသဖြင့် ထိုအဘွားကြီးကများ ကလဲ့စားလာချေလျှင် ဒုက္ခရောက်နိုင်ပေသည်။

ထို့ကြောင့် အိမ်သို့ပြန်ကာ ကလေးများကို စောင့်ရှောက်ထားခြင်းက အလုံခြုံဆုံးဖြစ်သည်ဟု သူမ တွေးလိုက်မိ၏။

ချွေးမနှစ်ဦးသည် မည်သည့်သံသယမျှ မရှိကြဘဲ ဝူယွီလန် ဝယ်ပေးထားသော စားစရာများကို ကိုင်ဆောင်ကာ နွားလှည်းစီး၍ အိမ်သို့ပြန်သွားကြလေသည်။

သူတို့ ထွက်သွားပြီးနောက် ဝူယွီလန်သည် တည်းခိုရန် ဇရပ်တစ်ဆောင်ကို ဦးစွာရှာဖွေလိုက်၏။ ထို့နောက် စားပွဲတစ်လုံးနှင့် အဝတ်စတစ်စကို သွားရောက်ဝယ်ယူခဲ့သည်။

ထိုအရာများ လုပ်ဆောင်ပြီးနောက် သူမသည် ဇရပ်တွင် ဟင်းလျာအနည်းငယ်ကို မှာယူလိုက်ပြီး ဧည့်ခန်းမဆောင်တွင်ထိုင်ကာ စားသောက်ရင်း အခြားဧည့်သည်များ၏စကားဝိုင်းများကို နားစွင့်နေလိုက်သည်။ ဧည့်သည်တစ်ယောက်က သတင်းပေးလိုက်လေ၏။

“မင်းတို့ ကြားပြီးကြပြီလား၊ မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းခွင်မှာ နေပူဟပ်ပြီး လူအတော်များများ ထပ်သေသွားကြပြန်ပြီတဲ့၊ အခုတော့ လူအင်အား မလောက်မငှဖြစ်နေလို့ လူသစ်တွေ ထပ်ခေါ်ရတော့မယ်တဲ့”

အခြားတစ်ယောက်က ဝင်ရောက်မှတ်ချက်ပြုလိုက်သည်။

“အဲ့ဒီ ငွေလေးနည်းနည်းပါးပါးအတွက်နဲ့ ကိုယ့်ကိုယ်ကို သေတဲ့အထိ အလုပ်လုပ်ရမှာ၊ ထမင်းမစားနိုင်လောက်အောင် မွဲတေနေတဲ့ သူမျိုးမဟုတ်ရင် ဘယ်သူက သွားချင်မှာလဲ”

နောက်တစ်ယောက်က ထောက်ခံလိုက်လေ၏။

“ဟုတ်ပါ့၊ ဒါက အလုပ်ကြမ်းကြီးလေ၊ စားဖို့ဝတ်ဖို့လည်း လောက်လောက်ငင မရတဲ့အပြင် တစ်နေကုန် နေပူထဲမှာ အလုပ်လုပ်ရတာ၊ သုံးလေးငါးနှစ်လောက်လုပ်ပြီးလို့ အသက်ရှင်နေသေးတယ်ဆိုရင် အဲ့ဒါကအံ့ဩစရာပဲ”

ပထမလူက သက်ပြင်းချလိုက်သည်။

“ဟူး၊ သွားမယ့်လူ တစ်ယောက်ကို ငွေရှစ်ချောင်းတော့ ပေးတယ်တဲ့၊ ဒါပေမယ့် ဒါက သွေးနဲ့ရင်းရတဲ့ သွေးကြေးနဲ့ ဘာမှမကွာပါဘူး”

ထိုလူများ၏စကားကို ကြားလိုက်ရသောအခါ ဝူယွီလန်၏ ဟင်းခပ်နေသောလက်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဆည်မြောင်းတူးဖော်ရေးသို့ ပို့ဆောင်ခံထားရသော အိမ်ရှိ ကံဆိုးမိုးမှောင်ကျနေသည့် ဒုတိယသား စုန့်ကျစ်ချုံး ရှိနေသေးကြောင်းကို သူမ လုံးဝနီးပါးမေ့လျော့ နေခဲ့သည်။

ယခုအချိန်တွင် သူ မည်သို့ နေထိုင်ဖြတ်သန်းနေရမည်ကို သူမ မသိရှိပေ။

မိသားစုကို အဖတ်ဆယ်ရန် ရည်မှန်းချက်ထဲတွင် ထိုသားကို ကယ်တင်ရေးသည်လည်း အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

အဆက်အသွယ်ကောင်းများ ရှာဖွေနိုင်မည်ဆိုပါက သူမ၏သားကို ပြန်ရွေးနိုင်မည်လားဟု တွေးတောမိသွားသည်။ ထိုအတွေးဖြင့် ဝူယွီလန်သည် စားပွဲထိုးကို လက်ယပ်ခေါ်လိုက်၏။

“စားပွဲထိုး၊ ဝက်ခေါင်းသားတစ်ပွဲနဲ့ ဝိုင်တစ်အိုး ပြင်ပေးပါ၊ ပြီးရင် ဘေးစားပွဲက လူငယ်နှစ်ယောက်ဆီကို သွားပို့ပေးလိုက်”

ဝူယွီလန်က ကျသင့်ငွေအား ချက်ချင်းရှင်းပေးလိုက်သည်ကို မြင်သောအခါ စားပွဲထိုးမှာ ပြုံးရွှင်သွားပြီး ခေါင်းညိတ်ကာ အစားအသောက်များယူရန် ထွက်သွားလေသည်။

အချိန်မကြာလိုက်မီမှာပင် စားပွဲထိုးသည် ဝက်ခေါင်းသားနှင့် ဝိုင်အိုးကို သယ်ဆောင်ကာ အားပါးတရ စကားပြောနေကြသော အမျိုးသားနှစ်ဦးထံသို့ သွားပို့ပေးလိုက်၏။

“ဧည့်သည်တော်တို့၊ မှာထားတဲ့အစားအသောက်တွေ ရပါပြီ”

All Chapters