← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

🍅 Chapter 47

အမျိုးသားနှစ်ဦးမှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး အလန့်တကြား မေးလိုက်၏။

“စားပွဲထိုး၊ မင်း ၀ိုင်းမှားပို့နေတာလား၊ ငါတို့ ဘာဟင်း၊ ဘာဝိုင်မှ မမှာထားဘူးလေ”

သူတို့နှစ်ဦစလုံး၏ မိသားစုများမှာ ချမ်းသာကြွယ်ဝသူများ မဟုတ်ကြပေ။

ဇရပ်သို့ လာရောက်ရာတွင် မြေပဲလှော်တစ်ပွဲနှင့် ဟင်းသီးဟင်းရွက် တစ်ခွက်လောက်သာ မှာယူ၍ ထိုင်ကာ စကားပြောလေ့ရှိကြသည်။

ဝိုင်နှင့် အသား၏ မွှေးပျံ့သောအနံ့က သူတို့၏အာရုံများကို နှိုးဆွနေသော်လည်း ပုံမှန်အားဖြင့် ငွေကုန်ကြေးကျများမည်ကို စိုးရိမ်သဖြင့် မမှာရဲကြပေ။

စားပွဲထိုးက ဝူယွီလန် ရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။

“ဟိုက အဒေါ်ကြီးက ခင်ဗျားတို့အတွက် မှာပေးလိုက်တာပါ”

ဝူယွီလန်သည် အနည်းငယ်ပြုံးပြလိုက်ပြီး နေရာမှထကာ သူတို့ထံသို့ လျှောက်သွားလိုက်လေ၏။

“ဒါက မင်းတို့ လူငယ်နှစ်ယောက်ကို အဒေါ်ကဧည့်ခံတာပါ၊ အဒေါ် သိချင်တာလေးတစ်ခုလောက် လာမေးရင် စိတ်အနှောင့်အယှက် မဖြစ်ဘူးမဟုတ်လား”

ထိုစကားကိုကြားသည်နှင့် သူတို့နှစ်ဦးသည် ဝူယွီလန်အတွက် ချက်ချင်းပင် နေရာဖယ်ပေးလိုက်ကြသည်။

“အဒေါ် ငွေကုန်ခံလိုက်ရပြီ၊ ဘာများသိချင်လို့လဲ၊ ‌သိချင်တာအကုန် ရဲရဲသာမေးပါ”

ဝူယွီလန်သည် သူမ၏ လက်ဖက်ရည်ပန်းကန်လုံးကို မြှောက်ကာ ဝိုင်အစား လက်ဖက်ရည်ဖြင့် သူတို့နှစ်ဦးအား ဂုဏ်ပြုလိုက်၏။

လူငယ်နှစ်ဦးမှာလည်း ကပျာကယာဖြင့် ပြန်လည် အရိုအသေပြုလိုက်ကြသည်။

ဝူယွီလန် စကားစလိုက်သည်။

“ဒီလိုပါ၊ မင်းတို့ ဆည်မြောင်းတူးဖော်ရေးအကြောင်း ပြောနေတာ အဒေါ် ကြားလိုက်လို့ပါ၊

ဆည်မြောင်းတူးဖော်ဖို့ အပို့ခံရတဲ့ လူတစ်ယောက်ကို ပြန်ရွေးလို့ရမယ့်နည်းလမ်းများ ရှိမလား သိချင်လို့ပါ”

ဝူယွီလန်၏စကားကို ကြားသောအခါ လူငယ်တစ်ဦးက မျက်ခုံးပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“အဒေါ်၊ တခြားသူကိုမေးရင်တော့ သိချင်မှ သိလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော့်ကို မေးတာကတော့ လူမေးမှန်သွားပြီဗျ”

အခြားလူငယ်ကလည်း ဝင်ထောက်ခံလေသည်။

“ဟုတ်တယ်၊ သူ့ရဲ့ယောက်ဖက ဆည်မြောင်းတူးဖော်ရေးမှာ တာဝန်ကျတဲ့ အစိုးရအရာရှိလေ၊ သူ့ကိုမေးလိုက်ရင် သေချာပေါက်အဖြေရမှာပဲ”

ထိုစကားကို ကြားသည်နှင့် ဝူယွီလန်သည် လူငယ်နှစ်ဦးအား သူမ ကိုယ်တိုင် ဝိုင်တစ်ခွက်စီ ငှဲ့ပေးလိုက်၏။

“ဒါဆိုရင် အဒေါ် လူရွေးမှန်သွားလို့ တကယ်ကံကောင်းတာပဲ”

လူငယ်က လက်ကာပြရင်း ရှင်းပြလေ၏။

“အဒေါ်၊ ဆည်မြောင်းတူးဖို့ အပို့ခံရတဲ့သူတွေက ကြိုတင်ငွေ ရထားပြီးသားတွေပါ၊ အကယ်၍ အစောကြီးပြန်ခေါ်ချင်တယ်ဆိုရင် သူတို့နေရာမှာ အစားထိုးဖို့ လူတစ်ယောက်ရှာပေးရမယ်၊ ဒါမှမဟုတ်ရင် လျော်ကြေးငွေ နှစ်ဆပြန်ပေးရမယ်”

ဝူယွီလန် သေချာမကြားလိုက်မည်ကို စိုးရိမ်သဖြင့် လူငယ်က ထပ်မံရရှင်းပြလိုက်သည်။

“ဆိုလိုတာက သူတို့က အရင်တုန်းက ငွေရှစ်ချောင်းရထားတယ်ဆိုရင်၊ အဲ့ဒီလူကို ပြန်ရွေးဖို့အတွက် ငွေဆယ့်ခြောက်ချောင်း ပြန်ပေးရမယ်၊ ဒါမှမဟုတ် သူ့နေရာမှာ ဝင်လုပ်မယ့်လူတစ်ယောက် ရှာပေးရမယ်”

ဝူယွီလန် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် လူကို ပြန်ခေါ်ဖို့ ဒဏ်ကြေးငွေ ဆယ့်ခြောက်ချောင်း ပေးမယ်ဆိုရင်၊ အဲ့ဒီငွေကို ဘယ်သွားပေးရမလဲ”

လူငယ်က လမ်းညွှန်လိုက်သည်။

“ကျွန်တော့် ဦးလေးပြောတာတော့ မနက်ဖြန် မြို့တံခါးဝမှာ လူသစ်တွေသွားခေါ်မယ်တဲ့၊ အဒေါ် အဲ့ဒီအချိန်သွားပြီး ငွေပေးလိုက်လို့ရပါတယ်၊ အဒေါ် သွားမယ်ဆိုရင် ကျွန်တော့်ဦးလေးကို ကြိုပြောထားပေးမယ်၊ အဲ့ဒီအချိန်ကျရင် အဒေါ် သူ့ကို သွားရှာလိုက်ရုံပဲ”

ဝူယွီလန်သည် အခြားစကားများ ဆက်မပြောတော့ဘဲ စားပွဲထိုးအား လှမ်းခေါ်လိုက်လေ၏။

“စားပွဲထိုး၊ ဒီလူငယ်နှစ်ယောက်အတွက် ဝိုင်နောက်တစ်အိုး ထပ်ယူလာခဲ့ပေးပါဦး”

ဝူယွီလန်၏ပွင့်လင်းမြင်သာမှုကို မြင်သောအခါ လူငယ်သည် သူ့ကိုယ်ရေးကိုယ်တာကို မိတ်ဆက်ပေးလိုက်သည်။

“အဒေါ်၊ ကျွန်တော့်မျိုးရိုးက လျိုပါ၊ ကျွန်တော့်ကို လျိုအာ့လို့ပဲခေါ်ပါ”

ဝူယွီလန် ပြုံး၍ တုံ့ပြန်လေ၏။

“မင်းတို့လည်း ငါ့ကို အဒေါ်ဝူလို့ပဲ ခေါ်လို့ရပါတယ်”

လျိုအာ့ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ပါ အဒေါ်ဝူ၊ ကျွန်တော့်ဦးလေးနာမည်က အရာရှိဝူရန်ယောင်ပါ၊ ခဏနေရင် သူ့ကို သွားပြောထားလိုက်မယ်၊ အဲ့ဒီအခါကျရင် အဒေါ် သူ့ကို သွားရှာလိုက်ပါ”

ဝူယွီလန် ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

“ကောင်းပြီလေ၊ အဲ့ဒီအချိန်ကျရင် မင်းဦးလေးကို သွားရှာလိုက်မယ်၊ ကျေးဇူးအများကြီး တင်ပါတယ်”

လျိုအာ့ လက်ကာပြရင်း နှိမ့်ချစွာ ပြောလိုက်သည်။

“ဒါက အကူအညီ သေးသေးလေးပါ၊ ဝိုင်တိုက်တဲ့အတွက် အန်တီ့ကိုတောင် ကျွန်တော်က ကျေးဇူးတင်ရဦးမှာ”

ဝူယွီလန်သည် လူငယ်နှစ်ဦးနှင့် မိနစ်အနည်းငယ်ခန့် ဆက်လက်စကားစမြည် ပြောဆိုပြီးနောက် အနားယူရန် အပေါ်ထပ်သို့တက်သွားလေသည်။

နောက်တစ်နေ့ နံနက်စောစောအချိန်သို့ ရောက်သောအခါ ဝူယွီလန်သည် ပေါက်စီနှစ်လုံးကို စားသောက်ပြီး နောက်ထပ်နှစ်လုံးအား ဝယ်ယူကာ မြို့တံခါးဝဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

အဝေးမှနေ၍ ကြည့်လိုက်ရာ အစိုးရအရာရှိအချို့သည် ထိုနေရာတွင် လူသစ်များ စုဆောင်းနေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။

ဝူယွီလနက လှမ်းမေးလိုက်၏။

“တောင်းပန်ပါတယ်၊ ဒီနေရာမှာ ဘယ်သူက အရာရှိ ဝူရန်ယောင်လဲရှင့်”

မှတ်တမ်းစာအုပ်တွင် စာရင်းသွင်းနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိုအသံကို ကြားသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် လက်ထဲရှိအလုပ်များကို အခြားသူများထံ လွှဲပြောင်းပေးလိုက်ပြီး မေးလိုက်လေ၏။

“ခင်ဗျားက ကျွန်တော့်တူပြောတဲ့ အဒေါ်ဝူဆိုတာလား”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး ပေါက်စီများကို ကမ်းပေးလိုက်သည်။

“အရာရှိမင်း မနက်စာ မစားရသေးဘူးမဟုတ်လား၊ ကျွန်မ ပေါက်စီ နည်းနည်းပါးပါးဝယ်လာတယ်၊ အားမနာဘဲ သုံးဆောင်ပါဦး”

အရာရှိဝူရန်ယောင်က ပြုံး၍ လက်ခံလိုက်သည်။

“ဒါဆိုလည်း အားမနာတော့ဘူးဗျာ”

အရာရှိ ဝူရန်ယောင်သည်လည်း အားနာယဉ်ကျေးမနေဘဲ ပေါက်စီများကို လှမ်းယူလိုက်ကာ တစ်လုံးစားပြီး ကျန်သည်များကို အခြားသူများအား ဝေငှပေးလိုက်၏။

ထို့နောက် သူ စကားစလိုက်သည်။

“ခင်ဗျား လူတစ်ယောက်ကို ပြန်ရွေးချင်တယ်လို့ကြားတယ်”

ဝူယွီလန် ခေါင်းညိတ်ကာ သားဖြစ်သူအတွက် စိုးရိမ်ပူပန်မှုများ ရောယှက်နေသော မိခင်တစ်ယောက်၏လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ပါတယ်၊ ဆည်မြောင်းတူးဖော်ရေးကို လွန်ခဲ့တဲ့နှစ်ဝက်လောက်ကတည်းက သွားခဲ့ရတဲ့ ကျွန်မရဲ့ဒုတိယသားပါ၊ အခုတော့ လက်ထဲမှာ ငွေလေးနည်းနည်းပါးပါး ပိုလျှံလာလို့ သူ့ကို ပြန်ရွေးချင်လို့ပါ”

အရာရှိဝူရန်ယောင်သည် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် မှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ကာ တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း ညွှန်ကြားလိုက်၏။

“နာမည်နဲ့ နေရပ်လိပ်စာကို စာရင်းသွင်းပါ၊ ပြီးရင် ဒဏ်ကြေးငွေ ဆယ့်ခြောက်ချောင်း ပေးဆောင်ရမယ်”

ဝူယွီလန်သည် စာရေးစုတ်တံကို ကောက်ကိုင်လိုက်ပြီး စက္ကူပေါ်တွင် သေသပ်လှပပြီး ကျက်သရေရှိလှသောစာလုံးအချို့ကို ရေးချလိုက်သည်။

သူမ၏လက်ရေးကို မြင်သောအခါ အရာရှိ ဝူရန်ယောင်က ချီးကျူးလိုက်သည်။

“ခင်ဗျားရဲ့ လက်ရေးက အတော်လေး လှပသေသပ်တာပဲ”

ဝူယွီလန် အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်၏။

သူမ၏ယခင်ဘဝကတည်းက ရှေးဟောင်းလက်ရေးအလှပညာကို မြတ်နိုးခဲ့ပြီး အလယ်တန်းကျောင်းသူအရွယ်ကတည်းက ဤလက်ရေးမျိုးကို လေ့ကျင့်ရေးသားခဲ့ခြင်းဖြစ်သည်။

သူမ၏ရင်ထဲတွင် သားဖြစ်သူကို အမြန်ဆုံး အိမ်ပြန်ခေါ်လိုသော ဆန္ဒများက ပြင်းပြနေရာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“အရာရှိမင်းရှင့်၊ ကျွန်မကို နောက်ထပ် သိချင်တာလေးတစ်ခုလောက် မေးခွင့်ပြုပါ၊ ငွေပေးသွင်းပြီးရင် ကျွန်မရဲ့သား ဘယ်တော့လောက် အိမ်ပြန်ရောက်နိုင်မလဲဟင်”

အရာရှိဝူရန်ယောင်က ခန့်မှန်းခြေအချိန်ကို တွက်ဆကာ ပြန်ဖြေလိုက်သည်။

“အမြန်ဆုံးဆိုရင် တစ်လပေါ့၊ အနှေးဆုံးဆိုရင်တော့ သုံးလကနေ ငါးလလောက်အထိ ကြာနိုင်တယ်”

ထို့နောက် အရာရှိ ဝူရန်ယောင်သည် ရုံးတော်မှ ဒဏ်ကြေးငွေ မည်မျှလက်ခံရရှိကြောင်း အသေးစိတ်ဖော်ပြထားသည့် ငွေလက်ခံဖြတ်ပိုင်း တစ်ရွက်ကို ရေးသားထုတ်လုပ်ပေးလိုက်၏။

ခရိုင်ရုံးတော်၏တရားဝင်တံဆိပ်တုံးကို မြင်လိုက်ရသောအခါမှသာ ဝူယွီလန် ရင်ထဲမှ အပူမီးများ အတော်လေး ငြိမ်းအေးသွားပြီး စိတ်သက်သာရာ ရသွားတော့သည်။

သူမသည် အိတ်ထဲမှ နောက်ထပ် ငွေငါးချောင်းနှင့် ငွေစသေးသေးလေး တစ်ခုကို ထုတ်ယူလိုက်ကာ ကမ်းပေးလိုက်၏။

“အရာရှိမင်းကို ဒုက္ခပေးသလိုဖြစ်သွားမလားပဲ၊ ဒီငွေငါးချောင်းကို ကျွန်မရဲ့သားဆီ ပေးပေးပါ၊ သူ အိမ်ပြန်လာဖို့ ခရီးစရိတ်အဖြစ် သုံးရအောင်လို့ပါ”

ထို့နောက် သူမက ငွေစသေးသေးလေးကို အရာရှိဘက်သို့ ရွှေ့ပေးလိုက်သည်။

“ပြီးတော့ ဒီငွေစလေးကတော့ အရာရှိမင်း ရေနွေးကြမ်းသောက်ဖို့အတွက်ပါ”

အရာရှိ ဝူရန်ယောင်သည် ဘာမျှပြန်မပြောဘဲ ထိုငွေများကို လိုလိုလားလားပင် လက်ခံယူလိုက်သည်။ ဝူယွီလန် လှိုက်လှဲစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ် အရာရှိမင်း”

အရာရှိဝူရန်ယောင်က လက်ကာပြလိုက်ပြီး သူ လုပ်လက်စ အလုပ်များကိုသာ ဆက်လက်လုပ်ဆောင်နေတော့သည်။ ငွေလက်ခံဖြတ်ပိုင်းကို သေချာသိမ်းဆည်းပြီးနောက် ဝူယွီလန်သည် စာအုပ်ဆိုင်တစ်ဆိုင်ကို ရှာဖွေကာ စက္ကူနှင့် စုတ်တံအချို့ဝယ်ယူပြီး ဇရပ်သို့ ပြန်လာခဲ့သည်။

သူမသည် သန့်စင်သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ဝူယွီလန်သည် သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲမှ ဆေးသေတ္တာကို ထုတ်ယူလိုက်ကာ လူစည်ကားသော ဈေးတန်းဆီသို့ ကုလားထိုင်တစ်လုံးနှင့် ခွေးခြေခုံတစ်လုံးကို သယ်ဆောင်သွားခဲ့သည်။

All Chapters