အခန်း ၅၀
Vol. 5 Ch. 50
🍅 Chapter 50
ဝူယွီလန် ခေါင်းညိတ်လိုက်ပြီး သခင်မကြီး၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။
သူမကို ရင်းနှီးသလို ခံစားလိုက်ရသော်လည်း အမှတ်တမဲ့ဖြင့်သာ မှတ်ယူလိုက်ပြီး သွေးခုန်နှုန်းကို စမ်းသပ်ရန်အတွက် လက်အိတ်ကို ထုတ်လိုက်လေ၏။
ခဏကြာပြီးနောက် သူမ လက်ကို ပြန်ရုပ်လိုက်သည်။ သခင်မကြီးက ချက်ချင်းပင် မေးလိုက်လေ၏။
“ဘယ်လိုလဲ၊ ငါ့မှာ ဘာရောဂါ ရှိလဲဆိုတာ သိနိုင်မလား”
ဝူယွီလန်သည် အထိန်းတော်ကွေ့နှင့် ဘေးတွင်ရှိနေသော အစေခံများကို တစ်ချက်ကြည့်လိုက်သည်။
သခင်မကြီး မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်လေ၏။
“စိတ်ချလက်ချ ပြောနိုင်ပါတယ်”
သက်ဆိုင်သူက ခွင့်ပြုသဖြင့် ဝူယွီလန်လည်း တုံ့ဆိုင်းမနေတော့ဘဲ ပြောချလိုက်လေသည်။
“သခင်မကြီးမှာ အမျိုးသမီးရောဂါတစ်ခုရှိနေတာပါ၊ အဲ့ဒီထဲမှာမှ ဆီးမထိန်းနိုင်တဲ့ရောဂါက သခင်မကြီးကို အနှောင့်အယှက်အဖြစ်စေဆုံး ဖြစ်နေတာ မဟုတ်လား”
ဝူယွီလန်၏စကားကြောင့် သခင်မကြီးနှင့် အထိန်းတော်ကွေ့မှာ အံ့ဩသွားကြသည်။ အထူးသဖြင့် သခင်မကြီး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင် ခြည်များ လင်းလက်တောက်ပလာ၏။
သူမသည် ငယ်စဉ်က ကလေးအများအပြား မွေးဖွားခဲ့သဖြင့် ဤရောဂါကို ရရှိခဲ့ခြင်းဖြစ်ပြီး နန်းမြို့တော်ရှိ နန်းတော်ထဲမှတော်၀င်သမားတော်များပင် လက်မြှောက်ခဲ့ရသည်။
တစ်နေ့နေ့၌ သူမ၏သားသမီးများရှေ့တွင် အရှက်ရမည်ကို စိုးရိမ်သောကြောင့် အနားယူမည်ဟု အကြောင်းပြကာ ပေလျိုခရိုင်သို့ တစ်ယောက်တည်းပြန် လာခဲ့ခြင်းဖြစ်သည်။
ယခု ဝူယွီလန်မှ တစ်ချက်မျှ စမ်းလိုက်ရုံနှင့် ရောဂါကို သိရှိသွားသဖြင့် သူမတွင် မျှော်လင့်ချက်များ ပိုမိုတိုးပွားလာသည်။ သူမက အလေးအနက်ဖြင့် ခေါင်းညိတ်လိုက်ပြသည်။
“ဒီရောဂါကို ကုသဖို့ နည်းလမ်း ရှိမလား၊ ကူညီပေးပါဦး”
ဝူယွီလန် ခေါင်းညိတ်လိုက်သည်။
“သခင်မကြီး စိတ်ချပါ၊ ဒါက ကုလို့မရတဲ့ ရောဂါ မဟုတ်ပါဘူး၊ အပ်စိုက်ကုထုံး၊ ရေရှည်ဆေးဆွဲသောက်တာနဲ့ နောက်ဆုံးမှာ အစားအသောက်ကုထုံးတို့ တွဲဖက်ကုသမယ်ဆိုရင် လုံးဝပျောက်ကင်းသွားမှာပါ”
“တကယ်လား”
ကုသရန် မည်မျှခက်ခဲကြောင်း သူမကိုယ်တိုင် သိရှိထားသဖြင့် သံသယဖြစ်မိသည်မှာ မဆန်းပေ။
“သခင်မကြီး အဆင်ပြေမယ်ဆိုရင် အခုပဲ အပ်စိုက်ကုသမှုကို စတင်ပေးနိုင်ပါတယ်”
ဝူယွီလန် ပြောရင်းနှင့်ပင် ဆေးသေတ္တာထဲမှ ငွေအပ်များကို ထုတ်လိုက်လေသည်။ ထိုတောက်ပနေသော ငွေအပ်များကို မြင်သောအခါ အထိန်းတော်ကွေ့မှာ တုံ့ဆိုင်းသွားလေ၏။
“သခင်မကြီး...”
“ကိစ္စမရှိပါဘူး၊ သူ့ကို ကုခိုင်းလိုက်ပါ၊”
ဝူယွီလန် အထိန်းတော်ကွေ့ဘက်သို့လှည့်ကာ ပြောလိုက်လေ၏။
“အထိန်းတော်ကြီး၊ ကျန်တဲ့သူတွေကို ခေါ်ပြီး ခဏလောက် အပြင်ထွက်ပေးဖို့ ဒုက္ခပေးပါရစေ”
“အထိန်းတော်ကွေ့၊ နင်တစ်ယောက်ပဲ ကျန်ခဲ့ပါ၊ ကျန်တဲ့သူတွေ အပြင်ထွက်ကြ”
ထိုစကားကို ကြားသောအခါ အစေခံမိန်းကလေးများမှာ တစ်ညီတစ်ညွတ်တည်း “ဟုတ်ကဲ့” ဟု ပြန်ဖြေကာ ထွက်ခွာသွားကြ၏။
စုန့်ထုန်ဟွာမှာမူ နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး ဝူယွီလန်ကို မကြာခဏ ခိုးကြည့်နေသည်။
သူမ မျက်ဝန်းများထဲတွင် ပူပန်မှုများက အထင်းသား ပေါ်လွင်နေသည်။
ဝူယွီလန်၏အန္တရာယ်ကို စိုးရိမ်နေခြင်းမဟုတ်ဘဲ ဝူယွီလန်ကြောင့် သခင်မကြီး တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် မိမိတို့မိသားစုပါ ထိခိုက်နစ်နာရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
သခင်မကြီးမှာမူ စုန့်ထုန်ဟွာ၏အမူအရာကို အကဲခတ်နေလေ၏။
အစေခံများ ထွက်သွားပြီးနောက် သခင်မကြီးက စကားစပ်မိဟန်ဖြင့် မေးလိုက်လေသည်။
“အဲ့ဒီကောင်မလေး ထုန်ဟွာက နင့်ရဲ့မြေးမလေးဆိုတာ ဟုတ်လား”
ဝူယွီလန် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
“ဟုတ်ပါတယ်”
“အရင်တုန်းက ကျွန်မ သတိလက်လွတ်ဖြစ်ပြီး ကျွန်မရဲ့ အငယ်ဆုံးသားလေး ပညာသင်ကြားရေးအတွက် သူ့ကို ရောင်းစားမိခဲ့တာပါ”
သခင်မကြီး မျက်ခုံးပင့်လိုက်လေ၏။
“နင့်ရဲ့ဆေးပညာက ဒီလောက်တောင် ထူးချွန်နေတာကို၊ အရင်က ငွေကြေးအခက်အခဲရှိခဲ့တုန်းက ဘာလို့ ဆေးလာမကုတာလဲ”
ဝူယွီလန် ကြိုတင်ပြင်ဆင်ထားသော အကြောင်းပြချက်ကို ချောမွေ့စွာ ပြောဆိုလိုက်သည်။
“ငယ်ငယ်က ကျွန်မ ရန်သူတချို့ကို စော်ကားမိခဲ့လို့ပါ၊ အခုတော့ သူတို့လည်း ကွယ်လွန်သွားကြပြီမို့လို့ ကျွန်မရဲ့ ဆေးပညာစွမ်းရည်ကို ထုတ်ဖော်ပြသဖို့ သတ္တိရှိလာတာပါ”
ပြင်ဆင်မှုများပြီးဆုံးသွားသည့်အခါ သူမသည် သခင်မကြီးအား ကြည့်လိုက်လေ၏။
“သခင်မကြီး၊ အပ်စိုက်ကုသမှုကို စတင်တော့မှာမို့လို့ ကုတင်ပေါ်မှာ လှဲပေးပါရှင့်”
ထိုအခါ သခင်မကြီးသည် အထိန်းတော်ကွေ့အား သူမကို ကုတင်ပေါ်သို့တွဲကူပေးရန် ပြောလိုက်ပြီး ဝူယွီလန်၏တောင်းဆိုချက်အတိုင်း လှဲလျောင်းလိုက်သည်။
အထိန်းတော်ကွေ့မှာ စိုးရိမ်စိတ်များ ရှိနေသေးသော်လည်း ဝူယွီလန်၏ကျွမ်းကျင်လှပသော အပ်စိုက်ကုသမှုကို မြင်လိုက်ရသည့်အခါတွင်မူ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာတော့၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင်……
“သခင်မကြီး၊ ကုတင်ပေါ်ကဆင်းပြီး နည်းနည်းလောက် လမ်းလျှောက်ကြည့်ပါဦး၊ ခန္ဓာကိုယ် ဘယ်လိုခံစားရလဲ သိရအောင်လို့ပါ”
သခင်မကြီးမှာ သက်သောင့်သက်သာဖြစ်လွန်းသဖြင့် အိပ်ငိုက်လာသည်အထိ ခံစားလိုက်ရလေ၏။
ထိုစကားကို ကြားလိုက်ရသဖြင့် အနည်းငယ်နှမြောတသဖြစ်ဟန်ဖြင့် ကုတင်ပေါ်မှ ထလိုက်သည်။
အထိန်းတော်ကွေ့က တွဲကူပေးရင်း ခြံထဲတွင် တစ်ပတ်လမ်းလျှောက်လိုက်လေသည်။ ပုံမှန်ဆိုလျှင် သူမသည် အနည်းငယ်လှုပ်ရှားရမည်ကိုပင် ကြောက်နေရသူဖြစ်၏။
အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် ဆီးမထိန်းနိုင်ဘဲ ဖြစ်တတ်သောကြောင့်ဖြစ်သည်။
သို့သော် ယခုမူ ခြံထဲတွင် ကြာမြင့်စွာ လမ်းလျှောက်နေသော်လည်း လုံးဝစိုစွတ်မှုမရှိဘဲ သက်သောင့်သက်သာ ဖြစ်နေဆဲပင်။
သူမ ခန္ဓာကိုယ်၏ပြောင်းလဲမှုကို မြင်လိုက်ရသဖြင့် သခင်မကြီးမှာ အလွန်တရာအံ့ဩဝမ်းသာသွားရသည်။
“သခင်မကြီး၊ ဘယ်လိုခံစားရပါသလဲ”
ဝူယွီလန် ဘေးမှ စောင့်ဆိုင်းနေလေသည်။
“အရမ်းကောင်းတယ်”
ထိုစကားနှစ်ခွန်းတွင် ဝမ်းမြောက်၀မ်းသာဖြစ်မှု အရိပ်အယောင်များ ပါဝင်နေသည်။
သခင်မကြီး၏နှုတ်ခမ်းထက် အပြုံးများ ဝေဆာနေသည်ကို မြင်လိုက်ရသဖြင့် အထိန်းတော်ကွေ့မှာလည်း အလွန်အမင်း ပျော်ရွှင်သွားရလေ၏။
“သမားတော်ဝူ၊ သင်က တကယ့်ကိုထူးချွန်တဲ့သူပဲ”
ဝူယွီလန် ရိုးရှင်းစွာပင် ပြုံးပြလိုက်သည်။
“ကျင့်သားရနေလို့ပါ”
“ဒါဆိုရင်လည်း သခင်မကြီးအတွက် ဆေးစာအချို့ရေးပေးလိုက်ပါ့မယ်၊ အထိန်းတော်ကွေ့၊ အချိန်မှန်မှန် ဆေးပြုတ်တိုက်ပေးပါနော်၊ ကျွန်မလည်း သခင်မကြီးကို စစ်ဆေးဖို့ မနက်ဖြန်ထပ်လာခဲ့ပါ့မယ်”
စကားဆုံးသည်နှင့် သူမသည် ဆေးသေတ္တာကို သိမ်းဆည်းလိုက်လေ၏။ သခင်မကြီးက အထိန်းတော်ကွေ့အား တစ်ချက်ကြည့်လိုက်သည်။
အထိန်းတော်ကွေ့ နားလည်သဘောပေါက်သွားပြီး ငွေအိတ်ကို ထုတ်ပေးလိုက်သည်။
“သမားတော်ဝူ၊ ဒါက သခင်မကြီးပေးတဲ့ ကုသခပါ၊ သခင်မကြီးကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မယ်ဆိုရင် ဆုကြေးတွေ ပိုရဦးမှာပါ”
ဝူယွီလန်သည် အားနာခြင်းမရှိဘဲ လက်ခံလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် သခင်မကြီး၊ မနက်ဖြန်ကျရင် ကျွန်မပြန်လာခဲ့ပါ့မယ်”
ပစ္စည်းများသိမ်းဆည်းပြီးနောက် ဝူယွီလန်သည် စုန့်ထုန်ဟွာထံသို့ လျှောက်သွားလိုက်လေ၏။
“ကောင်းကောင်းနေခဲ့ဦး”
ဝူယွီလန်သည် ထိုသို့ မှာကြားပြီးနောက် ချက်ချင်းလှည့်ထွက်သွားလေသည်။
“ထုန်ဟွာ၊ နင့်အဘွားရဲ့ ဆေးပညာက ဒီလောက်တောင် ကောင်းတာလား”
စုန့်ထုန်ဟွာ အရိုအသေပြုကာ ပြန်ဖြေလိုက်၏။
“သခင်မကြီး၊ သမီး ငယ်ငယ်ကတည်းက အဘွားဆေးကုတာ တစ်ခါမှမမြင်ဖူးပါဘူး”
“အို….”
သခင်မကြီး ဘာမှထပ်မပြောတော့ဘဲ အထိန်းတော်ကွေ့ကိုသာ တစ်ချက်ကြည့်လိုက်သည်။ အထိန်းတော်ကွေ့လည်း တိတ်တဆိတ် ထွက်သွားလေ၏။
သူမက ဤအပ်စိုက်ကုသမှုသည် လက္ခဏာပြရန်အချိန်ကြာမည်ဟု ထင်ထားသော်လည်း တစ်ညလုံး တစ်ကြိမ်မျှပင် ဆီးမထိန်းနိုင် ဖြစ်ရခြင်းမျိုးမရှိခဲ့ပေ။
ပုံမှန်ဆိုလျှင် တစ်ညကို သုံးလေးကြိမ်လောက်ထရလေ့ရှိသော်လည်း ယခုမူ မနက်လင်းသည်အထိ ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။
သမားတော်ဝူသည် ဆေးပညာတွင် တကယ့်ထူးချွန်ကြောင်း သဘောပေါက်သွားသောအခါ သခင်မကြီးက အထိန်းတော်ကွေ့အား မနက်စောစောကတည်းက အပြင်တွင် စောင့်ခိုင်းထားလိုက်လေ၏။
……..
ဝူယွီလန်မှာ မနက်စာ စားသောက်ပြီးနောက် လီအိမ်တော်သို့ အေးအေးလူလူ ရောက်ရှိလာခဲ့သည်။
အစောကြီးကတည်းက စောင့်နေသော အထိန်းတော်ကွေ့က ဝူယွီလန်ကို မြင်လိုက်ရသည့်အခါ ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေ၏။
“သမားတော်ဝူ၊ နောက်ဆုံးတော့ ရောက်လာပြီပဲ”
အထိန်းတော်ကွေ့၏အမူအရာကို ကြည့်၍ ဝူယွီလန် နားလည်သွားသည်။
“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”
ရှေ့ခန်းသို့ ရောက်သောအခါ သခင်မကြီး ဆေးသောက်နေသည်ကို မြင်လိုက်ရလေ၏။
သမားတော်ဝူ ညွှန်းလိုက်သောဆေးများမှာ သာမန်သမားတော်များ ညွှန်းနေကြ ဆေးများကဲ့သို့ ခါးသက်ခြင်းမရှိဘဲ ချိုမြိန်သောအရသာ ရှိနေသဖြင့် သောက်ရသည်မှာလည်း သက်သောင့်သက်သာ ဖြစ်နေသည်။
ယခင် တော်၀င်သမားတော်များ ညွှန်းပေးသည့် ဆေးများကို ပြန်တွေးမိပြီး သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
“အမျိုးသမီးသမားတော်တစ်ယောက်ရဲ့ လက်ရာဆိုတော့ တကယ်ကို ကောင်းတာပဲ၊ ဆေးကလည်း သောက်ရတာအဆင်ပြေတယ်”
စုန့်ထုန်ဟွာမှာ အမြဲတမ်း ဘေးမှဝန်ဆောင်မှုပေးနေရသဖြင့် သခင်မကြီး၏ပြောင်းလဲမှုကို သိရှိထားပြီး အဘွား၏ဆေးပညာစွမ်းရည်ကိုလည်း အံ့ဩနေမိသည်။
ဝူယွီလန် ရောက်လာကြောင်း သိလိုက်ရသောအခါ သခင်မကြီး မျက်နှာထက်တွင် နူးညံ့သောအပြုံးများပေါ်ပေါက်လာလေ၏။
“သမားတော်ဝူ၊ မနက်စာ စားပြီးပြီလား”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်သည်။
“စားပြီးပါပြီ၊ ဒီနေ့ သခင်မကြီး ဘယ်လိုခံစားရလဲ”