← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း (၃၆၂) သားရေတစ်ထည်လျှင် ယွမ်ငါးဆယ် ရရှိခြင်း

"မင်းက လူသားစားကျားသစ်တစ်ကောင်ကို သတ်လိုက်တာ ဟုတ်စ... အဖွဲ့ခေါင်းဆောင်လီ... ဒါက နောက်စရာကိစ္စ မဟုတ်ဘူးနော်..."

ဒုတိယစက်ရုံမှူးလီက မယုံကြည်တစ်ဝက်ဖြင့် ပြောလိုက်သည်။

လူကိုစားနိုင်သည့် ကျားသစ်တစ်ကောင်မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသဖြင့် သာမန်မုဆိုးတစ်ယောက်အနေဖြင့် မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။ အကယ်၍ တောင်ပေါ်တွင် ထိုလူသားစားကျားသစ်နှင့် တိုးမိပါက ချောင်းမြောင်းတိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း သို့မဟုတ် အစားခံရခြင်းတို့ပင် ဖြစ်ပွားနိုင်သည်။ အမှန်စင်စစ် ထိုလူသားစားကျားသစ်သည် မုဆိုးများကိုပင် စားသောက်ခဲ့သည် မဟုတ်ပါလော။

လီလန်သည် ဘာမှမပြောဘဲ သူ၏ဖခင်ဖြစ်သူ လီတာ့ဟိုင်ကို တစ်ချက် ကြည့်လိုက်သည်။ လီတာ့ဟိုင်သည် သဘောပေါက်သွားသဖြင့် လှည့်ထွက်ကာ သစ်သားအိမ်အတွင်းသို့ ဝင်သွားပြီး လီလန်၏ အိပ်ခန်းဆီသို့ လျှောက်သွားလေသည်။ မကြာမီအချိန်အတွင်းမှာပင် သူသည် သားရေတစ်ထည်ကို ကိုင်ဆောင်လျက် ပြန်လည်ထွက်ခွာလာတော့သည်။

"ဒါက..."

ဒုတိယစက်ရုံမှူးလီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကြသည်။

"အရှေ့ဖျားကျားသစ်ရဲ့ သားရေလား..."

မုဆိုးတစ်ယောက်၏ သမက်ဖြစ်သူပီပီ ဒုတိယစက်ရုံမှူးလီသည် ကုန်ပစ္စည်းကို ကောင်းစွာခွဲခြားတတ်၏။ သူသည် တစ်ချက်ကြည့်ရုံမျှဖြင့် ဤအရှေ့ဖျားကျားသစ်၏ သားရေဖြစ်ကြောင်း အသိအမှတ်ပြုလိုက်မိသည်။

လီတာ့ဟိုင်သည် သားရေကို ယူဆောင်လာပြီး မသေမျိုးရှစ်ပါးစားပွဲပေါ်သို့ တင်လိုက်သည်။ ဒုတိယစက်ရုံမှူးလီသည် အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာရင်း သားရေကို ပွတ်သပ်လိုက်မိသည်။

"သားရေကောင်းပဲ... သားရေကောင်းပဲ..."

"မှန်တာပေါ့... ဒီသားရေက ဟိုနှင်းကျားသစ်သားရေထက် အများကြီး ပိုပြီးတော့ ကြံ့ခိုင်တယ်..."

ဤသားရေကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ဤလူသားစားကျားသစ်၏ မျက်လုံးများနှင့် ဆုံရုံမျှဖြင့်လည်းကောင်း ဒုတိယစက်ရုံမှူးလီသည် ရိုင်းစိုင်းလှသော သားရဲတစ်ကောင်၏ ကြမ်းကြုတ်မှုနှင့် ပြင်းထန်သော အငွေ့အသက်များကို ခံစားလိုက်ရသည်။

ဤအရာသည် အရှေ့ဖျားကျားသစ်၏ ခေါင်းပါတွဲလျက်ပါရှိသော သေဆုံးနေသည့် သားရေဖြစ်ပြီး မျက်လုံးများမှာ သွေးကဲ့သို့ နီရဲကာ စွယ်များမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ အသက်ရှူကျပ်မတတ် ဖိအားပေးမှုများမှာ ဤသားရေထံမှ ထင်ရှားစွာ ထွက်ပေါ်နေသဖြင့် လူကို ကြောက်လန့်တကြား တုန်လှုပ်သွားစေသည်။

"ငါ ဒီကျားသစ်သားရေကို လိုချင်တယ်..."

"အဖွဲ့ခေါင်းဆောင်လီ... စျေးနှုန်းကို ပြောပါ..."

ဒုတိယစက်ရုံမှူးလီသည် လူသားစားကျားသစ်၏ သားရေကို ပွတ်သပ်ရင်း လက်မှမချချင်လောက်အောင် ဖြစ်နေကာ ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။ ဤကဲ့သို့ ခန့်ညားလှသော သားရေမှာ သူ၏ယောက္ခမအတွက် မွေးနေ့လက်ဆောင်အဖြစ်ပေးရန် အသင့်တော်ဆုံးပင်ဖြစ်၏။ ကျားသစ်က လူသားကို စားဖူးသည်ဆိုသည့် အချက်မှာ နှစ်ပေါင်းများစွာ မုဆိုးအဖြစ် လုပ်ကိုင်လာခဲ့သော သူ၏ယောက္ခမအတွက်မူ ပြဿနာတစ်ခု မဟုတ်ပေ။

တောင်ပေါ်သို့ အမဲလိုက်ရန် သွားကြသော မုဆိုးတိုင်းသည် မိမိတို့၏ အသက်ကို စွန့်စားကြရသည် မဟုတ်ပါလော။ ၎င်းကို ကလေးကစားစရာ သို့မဟုတ် ရွှံ့ကစားခြင်းဟု ထင်မှတ်နေပါသလား။ အကယ်၍ တောင်ပေါ်သို့ တက်ရောက်ရာတွင် ကျားသစ်နှင့်တိုး၍ အစားခံရပါက ပြောစရာစကား မရှိဘဲ မိမိ၏ စွမ်းရည်မပြည့်ဝ၍သာ ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ပေါ်သို့ မကြာခဏ အမဲလိုက်ရန် သွားလေ့ရှိကြသော မုဆိုးဟောင်းကြီးများအတွက်မူ ဤကဲ့သို့သော တားမြစ်ချက်များ မရှိကြပေ။ သူတို့အတွက် သားကောင်၏ အသားနှင့် သားရေဆိုသည်မှာ တိုက်ပွဲဝင်ဆုလာဘ်များနှင့် ဂုဏ်သိက္ခာ၏ ပြယုဂ်များသာ ဖြစ်ကြသည်။

"စက်ရုံမှူးလီက ဒီလောက်အထိ ပွင့်လင်းမှတော့ ကျွန်တော်လည်း အားနာမနေတော့ဘူး..."

"ယွမ်ငါးဆယ်..."

လီလန်က လက်ချောင်းငါးချောင်းကို ဖြည်းညင်းစွာ ထောင်ပြလိုက်သည်။

ဘေးနားမှ ကြည့်နေသော ကျန်းဝေမင်မှာမူ ဆွံ့အသွားတော့၏။

“အိုးဘုရားရေ... သားရေတစ်ထည်ကို ယွမ်ငါးဆယ် တောင်းတာလား... မင်းက တကယ့်ကို အားမနာတာပဲ…*

ယွမ်ငါးဆယ်ဆိုသည်မှာ မြို့ပေါ်ရှိ နိုင်ငံပိုင်စက်ရုံမှ အဆင့်ငါးလုပ်သားတစ်ယောက်၏ လစာနှင့် အလားတူပင် ဖြစ်သည်။ လီလန်က သားရေတစ်ထည်အတွက် ယွမ်ငါးဆယ် တောင်းဆိုခြင်းမှာ အနည်းငယ် များပြားပြီး စျေးကြီးလွန်းလှသည်။

ကျားသစ်သားရေများ၊ အထူးသဖြင့် အရှေ့ဖျားကျားသစ်သားရေများမှာ ရှားပါးပြီး အဖိုးတန်လှသော်လည်း စျေးကွက်ထဲတွင် ရံဖန်ရံခါ ပေါ်ထွက်လာတတ်ပြီး အရှိန်အဝါရှိသော ပုဂ္ဂိုလ်အချို့က ကြွားဝါရန် သို့မဟုတ် ဒုတိယစက်ရုံမှူးလီကဲ့သို့ လက်ဆောင်ပေးရန်အတွက် ဝယ်ယူလေ့ ရှိကြသည်။

"တူလေး... ဒီစျေးနှုန်းက…”

ကျန်းဝေမင်သည် စျေးနှုန်းမှာ မသင့်တော်ဟု ခံစားရသဖြင့် လီလန်က ဒုတိယစက်ရုံမှူးလီကို စျေးတင်ရောင်း၍ ဤအရာရှိကို စိတ်ဆိုးသွားစေမည်ကို စိုးရိမ်နေမိသည်။

မျှော်လင့်မထားဘဲ ဒုတိယစက်ရုံမှူးလီသည် ဆတ်ခနဲ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... ဒါဆို ယွမ်ငါးဆယ်ပေါ့..."

"အဖွဲ့ခေါင်းဆောင်လီ... ဒါက ဆယ်ယွမ်တန်ငါးရွက်ပါ... သေချာ သိမ်းထားလိုက်ပါ..."

ဒုတိယစက်ရုံမှူးလီသည် အလွန် သဘောကြီးလှသဖြင့် ပိုက်ဆံအိတ်ကို နှိုက်ကာ ငွေစက္ကူငါးရွက်ကို ရေတွက်၍ လီလန်ထံသို့ ကမ်းပေးလိုက်သည်။

တစ်ရွက်လျှင် ဆယ်ယွမ်တန်သော အသစ်စက်စက် ဆယ်ယွမ်တန်ငွေစက္ကူငါးရွက်မှာ အတိအကျပင် ယွမ်ငါးဆယ် ဖြစ်၏။

"ကျေးဇူးတင်ပါတယ် စက်ရုံမှူးလီ..."

လီလန်သည် ယခုတစ်ကြိမ်တွင်မူ တကယ်ပင် အားနာမနေတော့ဘဲ ယွမ်ငါးဆယ်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းယူလိုက်သည်။

ဤအရာသည် စစ်စစ်ပေါက်ပေါက် ငွေသားဖြစ်ရာ မည်သူက ငွေကို ငြင်းပယ်ပါမည်နည်း။ လီလန်က ယွမ်ငါးဆယ် တောင်းဆိုရခြင်း အကြောင်းရင်းမှာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်း မဟုတ်ဘဲ သေချာစွာ စဉ်းစားတွေးတောခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယစက်ရုံမှူးလီကဲ့သို့သော အရာရှိများအတွက်မူ လစာများမှာ ယေဘုယျအားဖြင့် အမြင့်ဆုံးအဆင့်တွင် ရှိကြ၏။ ထိုခေတ်ကာလ၌ လစာများကိုလည်း အဆင့်ခွဲခြားထားခြင်း ဖြစ်သည်။

အဆင့်ရှစ်ဆင့်ရှိသော လစာစနစ်ပင်ဖြစ်၏။ အဆင့်တစ်မှာ အနိမ့်ဆုံးဖြစ်ပြီး အဆင့်ရှစ်မှာ အမြင့်ဆုံးဖြစ်သည်။ ဒုတိယစက်ရုံမှူးလီသည် မြို့ပြရှိ ချည်မျှင်နှင့်အထည်စက်ရုံ၏ ဒုတိယအကြီးအကဲဖြစ်သောကြောင့် သူသည် အမြင့်ဆုံးအဆင့်ဖြစ်သော အဆင့်ရှစ်လစာကို ရရှိနေရမည် ဖြစ်သည်။

အဆင့်ရှစ်လစာဆိုသည်မှာ တစ်လလျှင် ငွေအမြောက်အမြား ရရှိခြင်းဖြစ်ပြီး ယွမ်ငါးဆယ်ထက် အဆပေါင်းများစွာ ပိုမိုများပြားလှသည်။ လီလန်က သားရေကို ယွမ်ငါးဆယ်ဖြင့် ရောင်းချခြင်းမှာ ဤချည်မျှင်နှင့်အထည်စက်ရုံ၏ ဒုတိယစက်ရုံမှူးအတွက် မည်သည့် စီးပွားရေးဝန်ထုပ်ဝန်ပိုးမျှ ဖြစ်စေမည် မဟုတ်ပေ။ ဤစျေးနှုန်းမှာ မများလွန်း မနည်းလွန်းဘဲ အနေတော်ပင် ဖြစ်၏။

သို့မဟုတ်ပါက ဒုတိယစက်ရုံမှူးလီသည် သူ၏ယောက္ခမ မွေးနေ့လက်ဆောင်အတွက် သားရဲသားရေကို ရှာဖွေရန် ဤမျှအထိ စိုးရိမ်ပူပန်နေသည်ကို ထောက်ဆ၍ လီလန်အနေဖြင့် စျေးနှုန်းကို ယွမ်ရှစ်ဆယ် သို့မဟုတ် ယွမ်တစ်ရာအထိပင် စျေးတင်တောင်းဆိုနိုင်ပြီး ၎င်းမှာလည်း လက်ခံနိုင်ဖွယ် ရှိနေသည်။ သို့သော်လည်း လီလန်သည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ သူသည် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေစေမည့် စျေးနှုန်းကိုသာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဒုတိယစက်ရုံမှူးလီသည် ဤမျှအထိ အလွယ်တကူ သဘောတူခဲ့ခြင်း ဖြစ်၏။

"အဖွဲ့ခေါင်းဆောင်လီ... မင်းနဲ့ စီးပွားရေးလုပ်ရတာ တကယ်ပဲ ဝမ်းသာစရာကောင်းတယ်..."

ဒုတိယစက်ရုံမှူးလီသည် ပြုံးလျက် လီလန်ထံသို့ သူ၏ညာလက်ကို ကမ်းပေးလိုက်သည်။

"စက်ရုံမှူးလီကလည်း အားနာစရာကြီးဗျာ..."

လီလန်သည်လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ချည်မျှင်နှင့်အထည်စက်ရုံ၏ ဒုတိယစက်ရုံမှူးသည် လီလန်ထံမှ အဖိုးတန်လှသော လူသားစားကျားသစ်သားရေကို ရရှိသွားခဲ့သဖြင့် သူ၏အသက်ရှစ်ဆယ်ပြည့် ယောက္ခမအတွက် မွေးနေ့လက်ဆောင် ရရှိသွားပြီဖြစ်ကာ အလွန်ပင် စိတ်ရွှင်လန်းနေတော့သည်။

"အဖွဲ့ခေါင်းဆောင်လီ... ဒီနှင်းကျားသစ်အသားကို ရောင်းမှာလား..."

ဒုတိယစက်ရုံမှူးလီသည် မြေပြင်ပေါ်ရှိ နှင်းကျားသစ်ကို တစ်ချက် ကြည့်လိုက်သည်။

"ဟုတ်ကဲ့…”

"ဒါပေမဲ့ စက်ရုံမှူးလီက စားချင်တယ်ဆိုရင်တော့ ပိုက်ဆံပေးစရာ မလိုပါဘူး... ခဏနေရင် အသားအနည်းငယ်ပါ ဖြတ်ယူသွားလိုက်ပါ..."

လီလန်က လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။

ကျားသစ်အသားဆိုသည်မှာလည်း ရှားပါးကုန်ပစ္စည်းတစ်ခုဖြစ်၏။ ပေါင်တစ်ရာရှိသော ကျားသစ်တစ်ကောင်ထံမှ ခေါင်း၊ သားရေ၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများကို ဖယ်ရှားပြီးနောက် အသားကျင်း သုံးဆယ်မှ လေးဆယ်ခန့် ထွက်ရှိလျှင်ပင် အလွန်ကောင်းမွန်လှပြီဖြစ်သည်။

သာမန်လူများမှာ ဤကျားသစ်အသားကို

မစားနိုင်ကြသဖြင့် အလွန်ပင် အဖိုးတန်သည်ဟု သတ်မှတ်နိုင်သည်။ လီလန်သည် ဒုတိယစက်ရုံမှူးလီကို အသားသုံးလေးကျင်းခန့် ပေးနိုင်ခြင်းမှာလည်း သူတို့သည် စီးပွားရေးအရောင်းအဝယ်တစ်ခုကို ခုတင်တင်တင် ပြီးစီးခဲ့ခြင်းကြောင့် ဖြစ်၏။

အခြားတစ်ဖက်သားသည် အဆုံး၌ ချည်မျှင်နှင့်အထည်စက်ရုံ၏ ဒုတိယအကြီးအကဲ၊ အရာရှိတစ်ဦးဖြစ်သည်။ ကျားသစ်အသား အနည်းငယ်ကို လက်ဆောင်အဖြစ် ပေးခြင်းမှာ လူမှုရေးအရ ယဉ်ကျေးပျူငှာမှုတစ်ခု ဖြစ်သည့်အပြင် ဒုတိယစက်ရုံမှူးလီနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်အတွက်လည်း ဖြစ်၏။

လောကကြီးဆိုသည်မှာ တိုက်ခိုက်သတ်ဖြတ်နေရုံမျှ မဟုတ်ဘဲ လူမှုဆက်ဆံရေးများသာ ဖြစ်ကြသည်။ အပြင်လောကသို့ ထွက်ခွာသည့်အခါ မိတ်ဆွေများလေလေ လမ်းခရီးမှာ ပိုမိုလွယ်ကူလေလေ ဖြစ်စမြဲပင်။

လီလန်သည် ဒုတိယစက်ရုံမှူးလီ၏ နောက်ကွယ်တွင်ရှိသော ချည်မျှင်နှင့်အထည်စက်ရုံကို တန်ဖိုးထားမိသည်။ ၎င်းမှာ လူပေါင်းထောင်ချောက်ချီ၍ ရှိနေသော စက်ရုံကြီးတစ်ခု မဟုတ်ပါလော။ အကယ်၍ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ပြီး ဒုတိယစက်ရုံမှူးလီနှင့် မိတ်ဆွေဖြစ်သွားပါက နောင်တွင် ဆွေမျိုးတစ်ဦးဦးက အလုပ်အကိုင် လိုအပ်လာသည့်အခါ ဒုတိယစက်ရုံမှူးလီကို အကူအညီ တောင်းခံနိုင်မည် ဖြစ်သည်။

"တာဝန်ခံကျန်း... ကြည့်စမ်း... အဖွဲ့ခေါင်းဆောင်လီက ကိစ္စရပ်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်း သိတာပဲ..."

ဒုတိယစက်ရုံမှူးလီသည် လီလန်၏ လျင်မြန်ဖြတ်လတ်မှုအပေါ် အလွန် ကျေနပ်သွားတော့သည်။ ဤလူငယ်လေးက ငါ့အလိုကို တကယ်ပဲ နားလည်တာပဲ။

ခဏမျှ စဉ်းစားပြီးနောက် ဒုတိယစက်ရုံမှူးလီသည် လီလန်ကို အရှုံးမခံစေနိုင်ဟု ခံစားလိုက်ရသည်။ အမှန်စင်စစ် ဤနှင်းကျားသစ်ကို သူသည် ကြီးမားသော စွန့်စားမှုများဖြင့် အမဲလိုက်ခဲ့ခြင်း ဖြစ်သည်။

အသားသုံးလေးကျင်းကို အလကားယူရန် မသင့်တော်ပေ။ မည်သည့် ကောင်းမှုမျှ မပြုဘဲ ဆုလာဘ်ကို မယူအပ်ပေ။ သူတစ်ပါး၏ အစားအစာကို စားခြင်းမှာ သူတစ်ပါးကို ကြွေးတင်ခြင်းဖြစ်ပြီး သူတစ်ပါးထံမှ ပစ္စည်းကို ယူခြင်းမှာ သူတစ်ပါးအပေါ် အကြွေးတင်ခြင်း ဖြစ်သည်။ နိုင်ငံပိုင်စက်ရုံ၏ အရာရှိတစ်ဦးအနေဖြင့် ပြည်သူများထံမှ အပ်တစ်ချောင်း သို့မဟုတ် အပ်ချည်တစ်မျှင်မျှပင် အလကား မယူအပ်ပေ။

ဒုတိယစက်ရုံမှူးလီသည် ခေါင်းငုံ့၍ ခဏမျှ တွေးတောလိုက်ပြီး ကျန်ရှိနေသော နှင်းကျားသစ်အသားကို တစ်ချက် ကြည့်လိုက်ရာ ချက်ချင်းပင် အကြံတစ်ခု ရရှိသွားတော့သည်။

"အဖွဲ့ခေါင်းဆောင်လီ... ငါက ချည်မျှင်နှင့်အထည်စက်ရုံရဲ့ စီမံခန့်ခွဲရေးကို တာဝန်ယူထားရတာ... ကန်တင်းကလည်း ငါ့ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတယ်... ဒီလိုလုပ်ရအောင်... နောင်မှာ မင်း အမဲလိုက်လို့ ရလာတဲ့ သားကောင်တွေ ဘယ်လောက်ပဲရှိရှိ... ငါ စက်ရုံကို ပြောပြီးတော့ ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်တစ်ယောက်ကို လွှတ်ပြီးတော့ ဝယ်ခိုင်းလိုက်မယ်..."

"တောကောင်တွေအပြင်... ငါတို့ စက်ရုံက တောထွက်ပစ္စည်းတွေ၊ တောရိုင်းမှိုတွေ စတာတွေကိုလည်း ဝယ်ယူမှာ ဖြစ်တယ်..."

ကန်တင်းသည် တစ်နေ့လျှင် လူပေါင်းထောင်ချီကို ကျွေးမွေးနေရခြင်းဖြစ်သည်။ လီလန် အမဲလိုက်၍ ရရှိသော တောကောင်များနှင့် သူ စုဆောင်းထားသော တောထွက်ပစ္စည်းများမှာ ချည်မျှင်နှင့်အထည်စက်ရုံကြီးအတွက်မူ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်၏။

ထိုစကားကို ကြားလိုက်ရသည့်အခါ လီလန်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"စက်ရုံမှူးလီ... တကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..."

တောကောင်များကို ရောင်းချရန်အတွက် နောက်ထပ် လမ်းကြောင်းတစ်ခုရရှိခဲ့ပြီဖြစ်ပြီး ၎င်းမှာ နိုင်ငံပိုင်စက်ရုံတစ်ခု၏ တရားဝင် ဝယ်ယူရေးဌာနပင် ဖြစ်တော့သည်။ ဤအရာသည် လီလန်အတွက် နေ့ခင်းကြောင်တောင် လမ်းလျှောက်နေရင်း ခေါင်းပေါ်သို့ ပိုက်ဆံအိတ်ကြီး ပြုတ်ကျလာသကဲ့သို့ပင် ဖြစ်၏။ ပိုက်ဆံကို အလကား ကောက်ရခြင်း မဟုတ်ပါလော။

All Chapters