← Chapters

အခန်း ၃၆၄

Vol. 37 Ch. 364

အခန်း ၃၆၄

Vol. 37 Ch. 364

အခန်း (၃၆၄) အဖွဲ့ခေါင်းဆောင်လီ၊ မင်းတို့က အတော်ဆုံးမုဆိုးအဖွဲ့ပဲ၊ မင်းတို့မပါရင် မဖြစ်ဘူး

"ဒုက္ခပါပဲ ကျန်းဝေကော်ကို ပါးစပ်ပိတ်ထားဖို့ ပြောဖို့ မေ့သွားလုနီးပါးပဲ..."

အိမ်ဝိုင်းကို ရှင်းလင်းပြီးနောက် လီလန်သည် ယနေ့ နှင်းကျားသစ်ကို အမဲလိုက်ခဲ့သည့်အကြောင်း နှုတ်ဆိတ်နေရန် သူ မထွက်ခွာမီ ကျန်းဝေကော်အား ပြောရန် မေ့လျော့သွားခဲ့ကြောင်း ရုတ်တရက် သတိရသွားလေသည်။

လျူဇီမှာ အတော်လေး လိမ္မာပြီး ရိုးသားသောကြောင့် သူ စိုးရိမ်မနေခဲ့ပေ။ သို့သော် ထိုလူရှုပ် ကျန်းဝေကော်ကမူ ပါးစပ်လုံမည် မဟုတ်ပေ။

ထို့ပြင် ထိုကောင်စုတ်လေးက ကြွားလုံးထုတ်ရသည်ကို နှစ်သက်လေသည်။

အိမ်အပြန်လမ်းတွင် ရင်းနှီးသော အိမ်နီးနားချင်းများနှင့် ဆုံ၍ သူတို့က မေးမြန်းလျှင် ကျန်းဝေကော်တစ်ယောက် အသားအကြောင်း ကြွားလုံးထုတ်တော့မည် မဟုတ်ပါလော။

"သေစမ်း…အဲ့ကောင်လေး တကယ်ပဲ အဲဒီလို လုပ်လောက်တယ်..."

လီလန်က မျက်မှောင်ကြုတ်လိုက်သည်။

နှင်းကျားသစ်တစ်ကောင်ကို အမဲလိုက်နိုင်ခြင်းမှာ ကျင်းခြောက်ရာရှိသော သင်းကွဲတောဝက်ကြီးတစ်ကောင်ကို အမဲလိုက်ခြင်းထက် ပို၍ပင် အထင်ကြီးစရာ ကောင်းနေလေသည်။ ဤသတင်းသာ ရွှမ်းရွှေရွာတွင် ပျံ့နှံ့သွားပါက နာရီဝက်အတွင်း တစ်ရွာလုံး သိသွားကြမည် ဖြစ်သည်။

လီလန်သည် နာမည်ကြီးသွားမည်ကို မကြောက်ပေ။ သူ အဓိက ကြောက်သည်မှာ ရွာသားများက ကျားသစ်သား လာတောင်းကြမည်ကိုပင်ဖြစ်သည်။

ဤအရာမှာ ဆယ်စုနှစ်များစွာကြာလျှင်ပင် တစ်ကြိမ်မျှ စားရမည် မသေချာသော ကျားသစ်သာ ဖြစ်သည်။ မည်သူက အရသာ မမြည်းစမ်းချင်ဘဲ နေမည်နည်း။

သူတို့အနေဖြင့် ကျားသားကို မစားရလျှင်တောင် အာသာပြေ ကျားသစ်သားကို စားရခြင်းကလည်း ကောင်းမွန်လှပေသည်။

"ကျန်းဝေကော် တကယ်ပဲ လျှောက်ပြောခဲ့ရင်တောင်..."

"ငါတို့ရွာမှာ အဲ့လောက် အရှက်မရှိတဲ့သူတွေ မရှိလောက်ပါဘူး..."

သို့သော်လည်း လီလန်သည် ခေါင်းကို ထပ်မံခါယမ်းလိုက်ပြန်သည်။

မည်သူမှ အတတ်မပြောနိုင်ပေ။ မည်သူက သိနိုင်မည်နည်း။

သူတို့၏ မျက်နှာပေါ်တွင် အရှက်မရှိသောသူ ဟူသည့် စာလုံးများကို ရေးသားထားမည် မဟုတ်ပေ။

အချို့လူများသည် အရှေ့တွင် ခင်မင်ဟန်ဆောင်ပြပြီး နောက်ကွယ်တွင် ဓားနှင့်ထိုးကာ အတင်းအဖျင်း ပြောတတ်ကြသည်။ ထိုအရာကို မည်သို့ ခန့်မှန်းနိုင်မည်နည်း။

လူတို့၏ စိတ်နှလုံးဆိုသည်မှာ ဖုံးကွယ်နေတတ်စမြဲ ဖြစ်သည်။

လီလန်သည် သူ၏ အတိတ်ဘဝတွင် ဤကဲ့သို့သော ဥပမာများကို အများအပြား မြင်တွေ့ခဲ့ဖူးလေသည်။ အချို့လူများမှာ ဟန်ဆောင်ကောင်းကြပြီး သူတို့၏ အကျည်းတန်သော မျက်နှာစာကို ဖော်ပြလာသည့်အခါမှသာ သူတို့၏ အရောင်အစစ်ကို မြင်တွေ့ရတတ်သည်။

"ထားလိုက်ပါတော့ သူတို့ တကယ် ရောက်လာခဲ့ရင် ဟေးလုံနဲ့ ပိုင်လုံကိုပဲ ဟောင်ခိုင်းလိုက်မယ်..."

"ဒါမှ အဆင်မပြေသေးရင် တောကြောင်ရိုင်းပေါက်စလေးရဲ့ မိဘတွေကို ထွက်လာပြီး လမ်းလျှောက်ခိုင်းလိုက်မယ် ဒါဆိုရင် အဲ့အရှက်မရှိတဲ့ လူတွေကို ခြောက်လှန့်မောင်းထုတ်နိုင်သွားလိမ့်မယ်..."

လီလန်သည် ခွေးအိမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောက်ရိုးများပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေကြသော အရွယ်ရောက်ပြီး တောကြောင်ရိုင်းကြီး နှစ်ကောင်ကို မြင်လိုက်ရသည်။

တောကြောင်ရိုင်း မိသားစုမှာ ယခုမှပြန်လည်ဆုံစည်းရခြင်းဖြစ်သဖြင့် ချက်ချင်း တောင်ပေါ်သို့ တက်ကြမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။ သူတို့သည် သူ၏အိမ်တွင် နှစ်ရက်ခန့် နေထိုင်ကြမည်မှာ သေချာပေသည်။

လီလန်ကမူ သူတို့ မည်မျှပင်နေနေ ဂရုမစိုက်ပေ။ တောကြောင်ရိုင်းအထီးနှင့် တောကြောင်ရိုင်းအမတို့ ထွက်၍ လျှောက်မပြေးသရွေ့ သူတို့နေချင်သလောက် နေနိုင်ကြလေသည်။

"မဖြစ်ဘူး အလွန်ဆုံးမှ တစ်ရက်ပဲ ရက်အနည်းငယ်လောက် ထပ်နေရင် ငါ ဒေဝါလီခံရတော့မှာ မဟုတ်ဘူးလား..."

လီလန်က ချက်ချင်းပင် ခေါင်းကို ထပ်ခါယမ်းလိုက်ပြန်သည်။

တောကြောင်ရိုင်းအထီးနှင့် တောကြောင်ရိုင်းအမတို့မှာ မည်သို့ပင်ဆိုစေ အရွယ်ရောက်ပြီးဖြစ်သော တောကြောင်ရိုင်းကြီးများဖြစ်ကြသည်။ အရွယ်ရောက်ပြီး တောကြောင်ရိုင်းတစ်ကောင်သည် တစ်ရက်လျှင် အသားဆယ်ကျင်းကျော် စားသုံးတတ်ရာ နှစ်ကောင်ပေါင်းပါက အသား ကျင်းနှစ်ဆယ်ကျော် စားသုံးမည်ဖြစ်သည်။

တစ်ရက်လျှင် အသားကျင်းနှစ်ဆယ်ခန့်ကို မည်သူက တတ်နိုင်ပါမည်နည်း။

ထို့အပြင် သူတို့တွင် အငမ်းမရ စားသောက်တတ်သော သားပေါက်လေး တစ်ကောင်လည်း ရှိသေးသည်။

ထိုမျှမက ကော့ကေးရှန်းခွေးပေါက်စလေးများ ဖြစ်သည့် ဟေးလုံနှင့် ပိုင်လုံ၊ အမဲလိုက်ခွေး နှစ်ကောင်နှင့် အသားစားသည့် ငှက်တစ်ကောင်လည်း ရှိနေသေးသည်။

ဤသားရဲများအားလုံး ပေါင်းလိုက်ပါက နေ့စဉ် လီလန်၏ အသားကျင်း ဆယ်ဂဏန်းကျော်ကို စားသုံးကြမည် ဖြစ်သည်။

"ဟူး… ဒီအတိုင်းသာ ကြည့်မယ်ဆိုရင် ငါ ဒီနေ့ ရှာနိုင်ခဲ့တဲ့ ယွမ်ငါးဆယ်က သိပ်များလှတာ မဟုတ်ဘူးပဲ..."

ယွမ်ငါးဆယ်ဆိုသည်မှာ သူ၏ မိသားစုဝင် လေးယောက်ကို ထောက်ပံ့ရန်အတွက် လုံလောက်လှသည်။

သို့သော်လည်း ဤသားရဲတိရစ္ဆာန်များနှင့်ဆိုလျှင်တော့ လုံလောက်မည် မဟုတ်ပေ။

"ဒီကောင်တွေကို ကျွေးမွေးနိုင်ဖို့ တောင်ပေါ်မှာ အမဲလိုက်တာကို ပိုပြီး ခဏခဏ လုပ်ဖို့ လိုအပ်နေသေးပုံပဲ..."

လီလန်မှာ ခေါင်းမခါဘဲ မနေနိုင်တော့ချေ။

သူ့ထံတွင် ကျားသစ်သား ကျင်းဆယ်ဂဏန်းခန့် ကျန်ရှိနေသေးသော်ငြားလည်း၊ တောကြောင်ရိုင်းအထီးနှင့် တောကြောင်ရိုင်းအမတို့၏ ဗိုက်ကို ပြည့်စေရန် လုံလောက်မှု မရှိပေ။

ထို့အပြင် ကျားသစ်သားမှာ အလွန်တန်ဖိုးကြီးလှသည်။ သူတို့ကို တစ်ကြိမ်ကျွေးခြင်းက အဆင်ပြေသော်လည်း၊ နှစ်ကြိမ်ဆိုလျှင်တော့ လွန်လွန်းလှလေပြီ။

ကောင်းမွန်သော အရာများကို မိမိအတွက် ချန်ထားရမည် ဖြစ်သည်။

လီလန်တစ်ယောက် အတွေးနက်နေစဉ်မှာပင်၊ တံခါးခေါက်သံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

"အဖွဲ့ခေါင်းဆောင်လီ အိမ်မှာ ရှိရဲ့လား..."

အသံကို ကြားလိုက်ရသောအခါ လီလန် အနည်းငယ် အံ့သြသွားလေသည်။

ရောက်လာသူမှာ ရွှမ်းရွှေရွာ ကွန်မြူနစ်အဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ တပ်ဖွဲ့ခေါင်းဆောင်ရှန်းပင်ဖြစ်သည်။

လီလန်က တံခါးဖွင့်ပေးလိုက်သည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း ကိစ္စများရှိလို့လား..."

"ဪ ဒီကိုအလာ လမ်းမှာ လျူဇီတို့နဲ့ တွေ့ခဲ့တယ် မင်း တောင်ပေါ်မှာ အမဲထပ်လိုက်ပြန်ပြီလို့ သူကပြောတယ် ဒီတစ်ခေါက်ရော ဘာတွေရခဲ့လဲ..."

ထိုသို့ပြောနေစဉ် တပ်ဖွဲ့ခေါင်းဆောင်ရှန်း၏ မျက်လုံးများက အိမ်ဝိုင်းအတွင်းသို့ လျှို့ဝှက်စွာ အကဲခတ်နေခဲ့သည်။

လီလန်သည်လည်း ပေါ့ပေါ့ပါးပါးပင် ဖုံးကွယ်ပြောဆိုလိုက်၏။

"သိပ်မရခဲ့ပါဘူး ဂျီတစ်ကောင်နဲ့ တောကြက်ရိုင်း နည်းနည်းပါပဲ..."

ယခုအချိန်မှာ နွေဦးရာသီဖြစ်သဖြင့် တောဂျီများနှင့် တောကြက်ရိုင်းများမှာ ရှားပါးလှသည်မဟုတ်ပေ။ ရွာတွင်လည်း ထူးဆန်းသောကိစ္စကြီး မဟုတ်ချေ။

လီလန်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် တပ်ဖွဲ့ခေါင်းဆောင်ရှန်းက လမ်းတွင် လျူဇီနှင့် ဆုံခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျန်းဝေကော်နှင့်သာ ဆုံခဲ့ပါက သူ နှင်းကျားသစ်ကို အမဲလိုက်ခဲ့သည့်သတင်းမှာ ချက်ချင်းပင် ပေါက်ကြားသွားမည်မှာ သေချာလှသည်။

"ဪ..အဲ့လိုကိုး..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ခေါင်းညိတ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ ငါ မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စလေး တစ်ခုရှိတယ်..."

"သန်ဘက်ခါကျရင် ငါတို့ ရွှမ်းရွှေရွာက နွေဦးရာသီ အမဲလိုက်ပွဲအတွက် တောင်ပေါ်တက်ကြမလို့ မင်းအတွက် အဆင်ပြေမယ်ဆိုရင် အတူတူသွားဖို့ အချိန်ရနိုင်မလား..."

နွေဦးရာသီ အမဲလိုက်ပွဲဆိုသည်မှာ ရွာတစ်ရွာမှ မိမိတို့ပိုင်ဆိုင်သော အမဲလိုက်ကွင်းအတွင်းသို့ သွားရောက်ကာ အမဲလိုက်ခြင်းပင်ဖြစ်သည်။

ဤအရာမှာ ရွှမ်းရွှေရွာမှ ဧပြီလတိုင်းတွင် ကျင်းပလေ့ရှိသော အမဲလိုက်လှုပ်ရှားမှုတစ်ခု ဖြစ်လေသည်။

မုဆိုးအများအပြား ဤလှုပ်ရှားမှုတွင် ပါဝင်ကြပြီး၊ အခြေခံအားဖြင့် ရွာအတွင်းရှိ အကြီးအသေး မုဆိုးအဖွဲ့အားလုံး ပါဝင်ကြမည် ဖြစ်သည်။

တပ်ဖွဲ့ခေါင်းဆောင်ရှန်းမှာ လီလန်မသိမည်ကို စိုးရိမ်သဖြင့် ယနေ့တွင် အထူးတလည် လာရောက်အသိပေးခြင်း ဖြစ်သည်။

လီလန်သည် အမဲလိုက်ရာတွင် ကျွမ်းကျင်ပြီး သူ၏ တာဝန်ခွဲတမ်းများကို မြန်ဆန်စွာ ပြီးမြောက်နိုင်စွမ်းရှိရာ ရွာအနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို လိုအပ်နေပေသည်။

တပ်ဖွဲ့ခေါင်းဆောင်ရှန်း ဤမျှလောက် စိုးရိမ်ပူပန်နေရခြင်း၏ အကြောင်းရင်းမှာ လကုန်ခါနီးတွင် အိမ်နီးချင်း စန်းဟော့ရွာထံသို့ အသား ကျင်းသုံးထောင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သောကြောင့် ပင်တည်း။

ဤအရာမှာ နှစ်သစ်ကူးကာလအတွင်းက သူတို့ ကတိပြုထားခဲ့သော ကိစ္စဖြစ်သည်။ သူတို့၏ ကတိအတိုင်း ဤလကုန်တွင် အကြွေးကြေအောင် ဆပ်ရမည် ဖြစ်သည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း ဒီတစ်ခေါက် အမဲလိုက်ဖို့ ဘယ်တောင်ကို သွားဖို့ စီစဉ်ထားလဲ..."

နွေဦးရာသီ အမဲလိုက်ပွဲအတွက် သူတို့အနေဖြင့် မိမိတို့ရွာတွင်းရှိ တောင်တစ်လုံးကို ဦးစားပေး ရွေးချယ်ရမည် ဖြစ်သည်။

သူတို့ရွာရှိ တောင်များတွင် ကိုယ်ပိုင် အမဲလိုက်ကွင်းများရှိရာ အမဲလိုက်ခြင်းကြောင့် အခြားမြို့ရွာများမှ မုဆိုးများနှင့် ပဋိပက္ခဖြစ်ပွားခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

ရွှမ်းရွှေရွာတွင် ကိုယ်ပိုင်တောင်များနှင့် အမဲလိုက်ကွင်းများ ရှိသော်လည်း မများပြားလှဘဲ အနည်းငယ်သာ ရှိလေသည်။

"ဒီတစ်ခေါက် ငါတို့ ကျားခေါင်းတောင်ကို သွားကြမယ်..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ကျားခေါင်းတောင်ဟုတ်လား..."

လီလန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ကျားခေါင်းတောင်မှာ ရွှမ်းရွှေရွာ၏ သီးသန့်တောင်တစ်လုံး မဟုတ်သလို၊ ရွှမ်းရွှေရွာတွင်လည်း ဤတောင်ပေါ်၌ ကိုယ်ပိုင်အမဲလိုက်ကွင်း မရှိပေ။

ဤတောင်မှာ မည်သူမဆို ကန့်သတ်ချက်မရှိဘဲ သွားရောက် အမဲလိုက်နိုင်သော ပိုင်ရှင်မဲ့တောင်တစ်လုံး ဖြစ်သည်။

မည်သူမဆို သွားရောက်နိုင်သည်ဆိုခြင်းမှာ ရွှမ်းရွှေရွာ သွားနိုင်သကဲ့သို့ စန်းဟော့ရွာလည်း သွားနိုင်ပြီး အခြားမြို့ရွာများလည်း သွားရောက်နိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် ပဋိပက္ခများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်ပေသည်။

"ကျားခေါင်းတောင်က အတော်လေး ဝေးတယ်လို့ ကျွန်တော် မှတ်မိတယ် ခြေကျင်သွားရင် အနည်းဆုံး ကီလိုမီတာ အနည်းငယ်လောက် ဝေးတယ်လေ တပ်ဖွဲ့ခေါင်းဆောင်ရှန်း ဘာလို့ အဲ့တောင်ပေါ်ကို အမဲလိုက်ဖို့ စဉ်းစားရတာလဲ..."

လီလန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျားခေါင်းတောင်မှာ ရွှမ်းရွှေရွာနယ်နိမိတ်အတွင်း မရှိပေ။ ၎င်းသည် တာ့ရှင်းအန်းလင်တောင်တန်းကြီးနှင့် နီးကပ်သော်လည်း မြို့သုံးမြို့ ဆုံရာတွင် တည်ရှိလေသည်။

ထိုမြို့သုံးမြို့မှာ ပိုင်ရှန်းမြို့နယ်၊ ဟေးရွှေမြို့နယ်နှင့် ချင်းယန်မြို့နယ်တို့ ဖြစ်ကြသည်။

ချင်းယန်မြို့နယ်မှာ မာလင်းကျီ၏ ပုဆိန်ဂိုဏ်း တည်ရှိရာနေရာဖြစ်သည်။

ဟေးရွှေမြို့နယ်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ လီလန်သည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ထိုနေရာသို့ သွားရောက်ကာ အိမ်ထောင်ရေး လိမ်လည်မှုတစ်ခုကို ဖြေရှင်းခဲ့ပြီး ယန်တုံ့ပင်းအမည်ရသည့် ထိုမိန်းမယုတ်ကို ပြင်းထန်စွာ ကိုင်တွယ်ခဲ့သေးသည်။

"ကျားခေါင်းတောင်ပေါ်မှာ တောဝက်တွေကို အမဲလိုက်ရတာ လွယ်ကူတယ်ဆိုတဲ့ သတင်းရထားလို့ အဲ့နေရာကို နွေဦးရာသီ အမဲလိုက်ပွဲအတွက် သွားဖို့ စဉ်းစားလိုက်တာပါ..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

"ဪ အဲ့လိုကိုး..."

"ဒါဆိုရင် ကျားခေါင်းတောင်ကို သွားတာက သိပ်ပြဿနာ မရှိလောက်ပါဘူး..."

လီလန်က ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် ရွာက အသားကျင်းသုံးထောင် အကြွေးတင်နေရာ မြန်မြန်ဆန်ဆန် ပြန်ဆပ်နိုင်ရန်အတွက် သားကောင်ကြီးများကို ပိုမိုအမဲလိုက်ရန် လိုအပ်နေပေသည်။

သားကောင်ကြီးများထဲတွင် နံပါတ်တစ်မှာ မလွဲမသွေ တောဝက်များပင်ဖြစ်လေသည်။

အကယ်၍ သူတို့သာ ကျင်းခြောက်ရာရှိသော သင်းကွဲတောဝက်ကြီး အနည်းငယ်ကိုသာ အမဲလိုက်နိုင်ခဲ့ပါက စန်းဟော့ရွာသို့ ပေးဆပ်ရမည့် ကျင်းသုံးထောင်အကြွေးကို ပြန်ဆပ်ရန် လုံလောက်သွားမည် ဖြစ်သည်။

"ကောင်းပြီလေ ကျွန်တော် သဘောတူတယ်..."

All Chapters