အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) စိတ်ကူးများကို လှောင်အိမ်ထဲတွင် ထည့်မည်လော သို့မဟုတ် လှောင်အိမ်ကို ဘီးတပ်ပေးမည်လော
ရှန်းယန်၏ နံနက်ခင်းသည် ပဲနို့ခဲရောင်းချသူများ၏ အော်ဟစ်သံများနှင့် ရေနွေးငွေ့အင်ဂျင် ဘွိုင်လာအိုးများ၏ အပူပေးသံများဖြင့် စတင်ရမည် ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက ဤဆူညံပွက်လောရိုက်မှုထဲသို့ ထူးဆန်းသော အနံ့တစ်ခု ထပ်တိုးလာခဲ့သည်... ၎င်းမှာ မင်ရည်အနံ့နှင့် ဂနာမငြိမ်ဖြစ်နေသော တီးတိုးပြောဆိုသံအချို့ပင် ဖြစ်၏။
ရှန်းယန်မြို့ အနောက်ဘက်ဈေးရှိ အဘိုးကျန်း၏ လက်ဖက်ရည်ဆိုင်။
"မင်းတို့ ကြားပြီးကြပြီလား ကြားပြီးကြပြီလား..."
ကျောက်ပေါက်မာနှင့် အလုပ်လက်မဲ့တစ်ဦးက စားပွဲပေါ်သို့ မှီချလိုက်ပြီး သူ၏ ရင်ခွင်ထဲမှ အရည်အသွေးနိမ့် ကောက်ရိုးစက္ကူ အရွက်လိပ်တစ်ခုကို လျှို့ဝှက်ဆန်းကြယ်စွာ ဆွဲထုတ်လိုက်လေသည်။ ပတ်ဝန်းကျင်ရှိ စားသုံးသူများသည် သွေးကိုမြင်သော ယင်ကောင်များကဲ့သို့ ချက်ချင်းပင် ဝိုင်းအုံလာကြ၏။
"အခုတစ်ခါကော ဘာသတင်းထူးတွေလဲ..."
ကျောက်ပေါက်မာက ရယ်မောလိုက်ပြီး လည်ချောင်းရှင်းကာ ပုံပြင်ပြောနေသည့် လေသံဖြင့် ပိုမိုချဲ့ကား၍ ဖတ်ပြလိုက်သည်။
"ရှန်းယန် လျှို့ဝှက်ချက်များ၏ သီးသန့်သတင်း... အံ့သြတုန်လှုပ်ဖွယ်ရာ... ညနက်ပိုင်းတွင် လီတောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တစ္ဆေများ ငိုကြွေးသံနှင့် ဝံပုလွေများ အူသံကို ကြားရ... အတွင်းလူတစ်ဦး၏ အဆိုအရ ၎င်းသည် ဂူပြိုကျခြင်း မဟုတ်ဘဲ နိုင်ငံတော်ဆရာက ငရဲပြည်သို့ ဝင်ပေါက်တစ်ခု တူးဖော်နေခြင်းဖြစ်ကြောင်းသိရ... ပြီးခဲ့သည့်ညက အလုပ်သမားခေါင်းဆောင်၏ အိပ်မက်ထဲတွင် ငရဲမင်းကိုယ်တိုင် ကိုယ်ထင်ပြခဲ့ပြီး ယောက်ျားလေးနှင့် မိန်းကလေး သုံးထောင်ကို တောင်းဆိုခဲ့ကြောင်းသိရ..."
"ဟာ.."
ပတ်ဝန်းကျင်ရှိ လူအားလုံး အသက်ရှူမှားသွားကြ၏။
"အဲဒါ တကယ်ကြီးလား... ပြီးခဲ့တဲ့အကြိမ်က ဟူဟိုက်ကို ထမ်းထုတ်သွားတုန်းက သူ့မျက်နှာ ဘာလို့ အဲဒီလောက် မည်းမှောင်နေတာလဲဆိုတာ မဆန်းတော့ပါဘူး... သူ သရဲတစ္ဆေကို မြင်ခဲ့တာ သေချာတယ်..."
"ဒါတင်မကသေးဘူး..."
ကျောက်ပေါက်မာက နောက်ထပ် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြန်သည်။
"မဟာချင် အတင်းအဖျင်း အပတ်စဉ်ထုတ်စာစောင် မျက်နှာဖုံးသတင်း... အင်ပါယာနန်းတော် နက်ရှိုင်းရာမှ လျှို့ဝှက်ချက်များ... အတွင်းဝန် ကျောက်ကောင်းသည် ညတိုင်း အဘယ်ကြောင့် အော်ဟစ်နေရသနည်း... ၎င်းသည် လူ့သဘာဝ ဖောက်ပြန်ခြင်းလော သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းလော... ကောလာဟလများအရ သူ့ကို နိုင်ငံတော်ဆရာက လဲ့ကျိန်းဇီအဖြစ် ပြောင်းလဲလိုက်ပြီး နေကြာကျမ်းကို ကျင့်ကြံရန် လျှပ်စီးကို အသုံးပြုနေကြောင်း သိရ..."
အဘိုးကျန်းသည် စားပွဲကို သုတ်ရင်း ခေါင်းခါလိုက်၏။
"အဲဒါတွေက ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ... ပြီးခဲ့တဲ့အကြိမ်က ဧကရာဇ်မင်းမြတ်ဟာ ကောင်းကင်ဘုံက နဂါးနက် ဝင်စားတာဖြစ်ပြီး နေ့တိုင်း ကန့်တစ်တန် စားရမယ်လို့ ရေးထားတာ မဟုတ်ဘူးလား... အဲ့စာရွက်ပေါ်မှာ ရေးထားတာတွေကို တကယ်ယုံလို့ ရနိုင်ပါ့မလား..."
"ဟေ့ အဘိုးကျန်း... ဒါက အဖြူရောင်စက္ကူပေါ်မှာ အနက်ရောင်မင်နဲ့ ရေးထားတာဗျ..."
ကျောက်ပေါက်မာက ဖြောင့်မတ်မှန်ကန်စွာ ငြင်းဆိုလိုက်သည်။
"အရင်တုန်းက စာအုပ်တွေက ဝါးစာလိပ်တွေဖြစ်ပြီး မင်းစိုးရာဇာတွေအတွက်ပဲ ရည်ရွယ်ခဲ့တာ... အခုတော့ ကျွန်တော်တို့လို သာမန်လူတွေလည်း စက္ကူကို ဖတ်နိုင်နေပြီ... စက္ကူပေါ်မှာ ရေးထားမှတော့ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ..."
စက္ကူထုတ်လုပ်ရေး တိုးတက်လာမှုနှင့်အတူ ရိုးရှင်းသော သစ်သားပန်းပုပုံနှိပ်ခြင်း နည်းပညာသည် လူအများကြားတွင် တိတ်တဆိတ် ပျံ့နှံ့လာခဲ့ပြီးနောက် ရှန်းယန်မြို့တွင် သတင်းအချက်အလက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ သို့သော်လည်း ပေါက်ကွဲသွားသောအရာမှာ ဗဟုသုတများ မဟုတ်ဘဲ ကောင်းကင်တစ်ခွင် လွှမ်းခြုံနေသော ကောလာဟလများ၊ အောက်တန်းကျသော ဝတ္ထုများနှင့် နိုင်ငံရေးပူးပေါင်းကြံစည်မှု သီအိုရီများသာ ဖြစ်ပေသည်။
စာမေးပွဲကျ၍ စိတ်ပျက်နေသော ကွန်ဖြူးရှပ်ဝါဒီများနှင့် ပျင်းရိနေသော မြို့ပေါ်ရှိ အလုပ်လက်မဲ့များသည် ညတွင်းချင်း သူဌေးဖြစ်လာနိုင်မည့် စီးပွားရေးအခွင့်အလမ်းတစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားကြ၏။
စက္ကူအချို့ဝယ်ယူခြင်း၊ ပုံနှိပ်တုံးတစ်ခု ထွင်းထုခြင်း၊ တော်ဝင်အရှုပ်တော်ပုံများ သို့မဟုတ် ထိတ်လန့်ဖွယ် ဇာတ်လမ်းအချို့ကို ဖန်တီးရေးသားခြင်းတို့ဖြင့် သူတို့၏ ဖန်တီးမှုများသည် မှောင်ခိုဈေးကွက်တွင် ရူးသွပ်စွာ ရောင်းချနေရပြီ ဖြစ်သည်။
လီစစ်၏ စာအုပ်မီးရှို့စေသည့် အမိန့်တော်အတွက် တွန်းအား။
ရှန်းယန်နန်းတော်၊ ဝန်ကြီးချုပ်၏ စံအိမ်တော်။
“ဝုန်း..”
လီစစ်သည် သိမ်းဆည်းရမိထားသော အတင်းအဖျင်းသတင်းစာ အထပ်လိုက်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ သူ၏ မုတ်ဆိတ်မွေးများပင် ဒေါသကြောင့် လွင့်စဉ်သွားလေသည်။
"ပုန်ကန်တာပဲ... ဒါက လုံးဝကို ပုန်ကန်တာပဲ..."
လီစစ်သည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ခန်းမထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေ၏။ သူ၏ လက်ထဲတွင် ကွမ်ကျုံး ညဉ့်နက်စကားဝိုင်း စာစောင်တစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းထဲတွင် အလွန်ရိုင်းစိုင်းသော သရုပ်ဖော်ပုံတစ်ခု ပါရှိသည်။ လီစစ်နှင့်ဆင်တူသော ရုပ်သေးသေးလေးတစ်ခုက ဧရာမ ရေနွေးငွေ့အင်ဂျင်ကြီးတစ်ခုကို မြေပြင်ပေါ်တွင် ဒူးထောက်၍ ဦးညွှတ်နေပြီး အောက်ခြေတွင် 'ဝန်ကြီးချုပ် လီစစ် - မဟာချင်အင်ပါယာ၏ အမှတ်(၁) စက်ယန္တရားကျွန်' ဟု စာသားရေးသားထားလေသည်။
"လူတွေ..."
လီစစ်က ဟိန်းဟောက်လိုက်သည်။
"အမိန့်ရှိပါ..."
တရားရေးဝန်ကြီးဌာန၏ အနက်ရောင်အစောင့်များက ချက်ချင်း ရှေ့ထွက်လာကြ၏။
"အမိန့်ပေးလိုက်... မြို့တစ်မြို့လုံးကို ရှာဖွေရမယ်... ပြည်သူတွေကို အထင်အမြင်လွဲမှားစေမယ့် ခုလို...ခုလို ညစ်ညမ်းတဲ့အရာတွေကို ပုဂ္ဂလိကပိုင် ပုံနှိပ်ပြီး ဖြန့်ဝေနေသူတွေကို တွေ့ရင် အားလုံးကို ဖမ်းဆီးလိုက်... သူတို့ရဲ့ ပုံနှိပ်စက်တွေကို ဖျက်ဆီးပစ်... သူတို့ရဲ့ စက္ကူတွေကို မီးရှို့ပစ်... ရေးတဲ့သူတွေရဲ့ လက်တွေကို ခုတ်ဖြတ်ပစ်..."
လီစစ်၏ မျက်လုံးများထဲရှိ လူသတ်လိုသော ရည်ရွယ်ချက်မှာ အစိုင်အခဲဖြစ်လုမတတ် ပေါ်လွင်နေသည်။ ဥပဒေအချုပ်အခြာဝါဒ၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် သူသည် ဥပဒေကို ဖျက်ဆီးသော ဤကဲ့သို့သော လုပ်ရပ်များကို အနည်းငယ်မျှပင် သည်းမခံနိုင်ပေ။ သူ၏ အမြင်တွင် အတွေးအခေါ်များကို ပေါင်းစည်းထားရမည်ဖြစ်ပြီး စကားပြောဆိုမှုများကို ထိန်းချုပ်ထားရမည် ဖြစ်သည်။ ဤရှုပ်ထွေးနေသော အသံများသည် တိုင်းပြည်၏ အုတ်မြစ်ကို လျှို့ဝှက်ဖျက်ဆီးနေသော ခြကောင်များပင် ဖြစ်သည်။
"ခဏလောက် စောင့်ပါဦး..."
တံခါးပေါက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
လီစစ်သည် လှည့်ကြည့်လိုက်ရာ သာမန်အရပ်ဝတ်ကို ဝတ်ဆင်ထားသော ချင်ရှီဟွမ်နှင့် သူ၏နောက်တွင် လိုက်ပါလာသော ဝမ်ကျန့်ကော်တို့ကို တံခါးဝ၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။
"အရှင်မင်းကြီး..."
လီစစ်သည် ကမန်းကတန်း အရိုအသေပေးလိုက်ပြီးနောက် နာကြည်းနေသော မျက်နှာဖြင့် သတင်းစာကို မြှောက်ပြလိုက်သည်။
"အရှင်မင်းကြီး... ဒ္ဆိုးသွမ်းတဲ့ လက်အောက်ငယ်သားတွေက အရှင်မင်းကြီးကို ဘယ်လိုပုံဖော်ထားလဲဆိုတာ ကြည့်တော်မူပါ... သူတို့က အရှင်မင်းကြီးဟာ ညတိုင်း နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်ပေါ်ကို ပျံတက်ကာ ကြယ်တွေကို စားသောက်တယ်လို့ ပြောနေကြတယ်... ဒါက မကောင်းဆိုးဝါးစကားတွေနဲ့ လူထုကို လှုံ့ဆော်နေတာပါပဲ..."
ချင်ရှီဟွမ်သည် သတင်းစာကို ယူလိုက်ပြီး စိတ်ကူးယဉ်ဆန်သော သရုပ်ဖော်ပုံကို တစ်ချက်ကြည့်လိုက်သည်။ ချင်ရှီဟွမ်၏ မျက်နှာနှင့် နဂါးတစ်ကောင်သည် လကို ကိုက်ခဲနေလေသည်။ သူသည် ဒေါသထွက်မည့်အစား အမှန်တကယ်ပင် ရယ်မောလိုက်လေသည်။
"သရုပ်ဖော်ပုံက မဆိုးပါဘူး... တော်တော်လေး ခမ်းနားတယ်..."
ချင်ရှီဟွမ်က စက္ကူကို ဝမ်ကျန့်ကော်ထံသို့ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်သည်။
"ကျန့်ကော်... မင်း ဘယ်လိုထင်လဲ..."
ဝမ်ကျန့်ကော်က မျက်မှန်ကို ပင့်တင်လိုက်ပြီး အကြမ်းထည် သတင်းစာကို ကြည့်လိုက်၏။
"အရှင်မင်းကြီး... ဒါက မဟာချင်အင်ပါယာမှာ စာတတ်မြောက်မှု တိုးတက်လာပြီး စက္ကူလုပ်ငန်း ထွန်းကားလာတယ်ဆိုတာကို ပြသနေတာပါ... ဒါက စက်မှုလုပ်ငန်း တိုးတက်လာခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ သတင်းအချက်အလက်တွေ လွန်ကဲလာခြင်းပဲ ဖြစ်ပါတယ်..."
"ဘေးထွက်ဆိုးကျိုး ဟုတ်လား..."
လီစစ်မှာ စိုးရိမ်လာသည်။
"နိုင်ငံတော်ဆရာ... ဒီအကျိတ်ကို ဖယ်ရှားပစ်ရမယ်... သခင်ရှန်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်တုန်းက နိုင်ငံရေးကိစ္စတွေကို ပုဂ္ဂလိက ဆွေးနွေးတာကို တင်းကျပ်စွာ တားမြစ်ထားခဲ့တယ်... သာမန်ပြည်သူတွေက စိုက်ပျိုးရေးနဲ့ စစ်ပွဲတွေအကြောင်းကိုပဲ သိဖို့လိုတယ်... ဘာလို့ ဒီလောက်အများကြီး သိနေဖို့ လိုရတာလဲ..."
"လီစစ်..."
ချင်ရှီဟွမ်က ထိုင်ချလိုက်ပြီး သူတို့နှစ်ဦးကိုလည်း ထိုင်ရန် အမူအရာပြလိုက်၏။
"အဲဒါက သတင်းဟောင်းတွေပါ... အခု လူတိုင်းက မြို့ထဲမှာ နေကြတယ်... ပိုက်ဆံပိုတွေ ရှိလာတယ်... အားလပ်ချိန်တွေ ရှိလာတယ်... မင်း သူတို့ရဲ့ ပါးစပ်တွေကို ပိတ်ထားနိုင်ပေမယ့် သူတို့ရဲ့ မျက်လုံးတွေကိုတော့ ပိတ်ထားလို့ မရဘူး... မင်း သူတို့ရဲ့ စက္ကူတွေကို မီးရှို့နိုင်ပေမယ့် သူတို့ရဲ့ နှလုံးသားတွေကိုတော့ မီးရှို့ပစ်လို့ မရဘူး…”
ချင်ရှီဟွမ်က သူ၏ ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။
"အရင်တုန်းက ငါကိုယ်တော်က အုပ်ချုပ်တယ်ဆိုတာ လူတွေရဲ့ လက်နဲ့ ခြေထောက်တွေကို ထိန်းချုပ်တာလို့ ထင်ခဲ့တယ်... အခုတော့ ဘာကို ထိန်းချုပ်ရမယ်ဆိုတာ ငါကိုယ်တော် သဘောပေါက်သွားပြီ..."
ဝမ်ကျန့်ကော်သည် မြေဖြူခဲတစ်ချောင်းကို ထုတ်ယူကာ လီစစ်၏ စားပွဲပေါ်ရှိ ကျောက်သင်ပုန်းပေါ်တွင် မြစ်တစ်စင်းကို ဆွဲလိုက်ပြီးနောက် ရေကာတာတစ်ခုကို ဆွဲလိုက်လေသည်။
"ဝန်ကြီးချုပ်... ပြည်သူတွေရဲ့ ပါးစပ်ကို ပိတ်တာက မြစ်တစ်စင်းကို တားဆီးရတာထက် ပိုခက်ခဲတယ်... ဒီကောလာဟလတွေက ရေကြီးသလိုပဲ... မင်း ပိုတားဆီးလေ ရေမှတ်က ပိုမြင့်လာလေပဲ... ရေကာတာ ကျိုးပေါက်သွားတာနဲ့ တစ်ပြိုင်နက် အစိုးရရဲ့ ယုံကြည်ကိုးစားနိုင်မှုကိုပါ ဆေးကြောပစ်လိုက်လိမ့်မယ်..."
"ဒါဆို ငါတို့က ဘာလုပ်ရမလဲ... သူတို့ကို အဓိပ္ပာယ်မရှိတာတွေ ပြောခွင့်ပြုထားရမှာလား..."
လီစစ်မှာ ယုံကြည်မှုမရှိပေ။
"လုံးဝ မဟုတ်ဘူး..."
ဝမ်ကျန့်ကော်သည် ရေကာတာဘေးတွင် တူးမြောင်းတစ်ခုကို ဆွဲလိုက်ပြီး ၎င်းကို ဧရာမ ရေတာဘိုင်ကြီးတစ်ခုနှင့် ချိတ်ဆက်လိုက်၏။
"ငါတို့က အဲ့ရေတွေကို လမ်းလွှဲပေးဖို့ တူးမြောင်းတစ်ခု တူးရမယ်... ငါတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း စီးဆင်းခွင့်ပြုရမယ်... ပြီးတော့ အဲ့ဒါက ငါတို့ရဲ့ ကြိတ်ဆုံကျောက်တွေကို လှည့်ပေးဖို့ ကူညီပေးနိုင်သေးတယ်..."
"လမ်းကြောင်းလွှဲပေးမယ် ဟုတ်လား..."
လီစစ်က အံ့အားသင့်သွားသည်။
"မှန်တယ်..."
ဝမ်ကျန့်ကော်၏ မျက်လုံးများတွင် ကောက်ကျစ်သော အလင်းတန်းတစ်ခု တောက်ပသွားလေသည်။
"လီစစ်... အဲ့ဆိုးသွမ်းတဲ့ လက်အောက်ငယ်သားတွေက ဘာလို့ ကောလာဟလတွေကို ယုံကြည်ကြတယ်လို့ မင်း ထင်လဲ... အမှန်တရား မရှိလို့လေ... အစိုးရရဲ့ ကြေညာချက်တွေက အရမ်းခြောက်သွေ့ပြီး နားလည်ဖို့ ခက်ခဲလွန်းလို့ပဲ... သူတို့က သေလောက်အောင် ပျင်းနေကြလို့လေ..."
"အကယ်၍ ငါတို့က သူတို့ထက် ပိုကောင်းတဲ့ စက္ကူတွေ၊ ပိုမိုလှပတဲ့ သရုပ်ဖော်ပုံတွေ၊ ပိုကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ လုံးဝ အခွင့်အာဏာရှိတဲ့ သတင်းတွေ ပါဝင်တဲ့ သတင်းစာတစ်စောင်ကို ထုတ်ဝေလိုက်မယ်ဆိုရင်... ပြောစမ်းပါဦး... သူတို့က အမှိုက်တွေအတွက် ပိုက်ဆံသုံးချင်မလား ဒါမှမဟုတ် တရားဝင်အသိအမှတ်ပြုထားတဲ့ သတင်းတွေအတွက် ပိုက်ဆံသုံးချင်မလား..."
လီစစ်သည် ခေတ္တမျှ စဉ်းစားလိုက်၏။
"သဘာဝကျကျပဲ တရားဝင် သတင်းစာပေါ့..."
"အဲ့ဒါပဲ..."
ဝမ်ကျန့်ကော်က လက်ဖျောက်တီးလိုက်သည်။
"ငါတို့က လူတွေကို ဖမ်းဆီးမှာ မဟုတ်ဘူး... အတိုင်းအတာလျှော့ချတဲ့ တိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်မှာပဲ... ငါတို့က မဟာချင်အင်ပါယာရဲ့ ပြောရေးဆိုခွင့်ရှိသူကို တည်ထောင်ပြီး ပြည်သူ့သဘောထားရဲ့ အမြင့်ဆုံးနေရာကို သိမ်းပိုက်ရမယ်..."
ချင်ရှီဟွမ်က ဆုံးဖြတ်ချက်ချလိုက်၏။
"ကျန့်ကော် ပြောတာ မှန်တယ်... ဒီအရာကို စိတ်ကူးတွေကို လှောင်အိမ်ထဲ ထည့်တာလို့ ခေါ်တယ်... ဒါပေမယ့် အဲ့လှောင်အိမ်ကို ငါတို့ကိုယ်တိုင် တည်ဆောက်ရမယ်... ပြီးတော့ သူတို့ လွတ်လပ်စွာ ပြေးလွှားနေရတယ်လို့ ခံစားရအောင် ဘီးတွေ တပ်ပေးထားရမယ်..."
"ငါကိုယ်တော်ရဲ့ အမိန့်ကို နားထောင်ကြ... မဟာချင် ပုံနှိပ်နှင့်ထုတ်ဝေရေး အထွေထွေအုပ်ချုပ်မှုဌာနကို တည်ထောင်လိုက်... လီစစ်... မင်းက ညွှန်ကြားရေးမှူးဖြစ်ရမယ်... ဝမ်ကျန့်ကော်က စာတည်းမှူးချုပ် ဖြစ်ရမယ်... ကမ္ဘာပေါ်မှာ အကောင်းဆုံး သတင်းစာကို ငါကိုယ်တော့်အတွက် ဖန်တီးပေးကြ..."
သုံးရက်ကြာပြီးနောက် ရှန်းယန်နန်းတော်ရှိ ဘေးဘက်နန်းဆောင်တစ်ခုတွင် မဟာချင်နေ့စဉ်သတင်းစာတိုက်ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်လေသည်။
အင်ပါယာအကယ်ဒမီ မှ ရွေးချယ်ခံထားရသော အရည်အချင်းရှိသူ ဒါဇင်ပေါင်းများစွာသည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိထားသော ရပ်ရွာထဲမှ ကောလာဟလ ဖန်တီးသူ အချို့ (ရှန်းယန် လျှို့ဝှက်ချက်များကို ရေးသားခဲ့သူကဲ့သို့) နှင့်အတူ ဤနေရာတွင် စုဝေးနေကြသည်။
ဝမ်ကျန့်ကော်သည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏ နောက်ကျောရှိ ကျောက်သင်ပုန်းပေါ်တွင် စာလုံးကြီးများဖြင့် ရေးသားထားသည်။
“သတင်းစာပညာ မိတ်ဆက် - အရှင်မင်းကြီးကို ကျေနပ်စေပြီး ပြည်သူတွေကို ပိုက်ဆံပေးဝယ်ချင်လာအောင် ခေါင်းစဉ်ကို ဘယ်လိုရေးမလဲ”
"အားလုံးပဲ..."
ဝမ်ကျန့်ကော်က ညွှန်တံတစ်ချောင်းကို ကိုင်ထားရင်း ပြောလိုက်၏။
"အရင်တုန်းက မင်းတို့ စာမူတွေ ရေးတဲ့အခါ အချိုးညီဖို့နဲ့ ရှေးဟောင်းကျမ်းတွေကို ကိုးကားဖို့ အာရုံစိုက်ခဲ့ကြတယ်... ဒါပေမယ့် သတင်းစာမှာဆိုရင် အဲ့လိုစာမူမျိုးကို ခွေးတောင် ဖတ်မှာ မဟုတ်ဘူး..."
"ငါတို့ ဘာကို လိုချင်တာလဲ... လူတွေရဲ့ မျက်လုံးတွေ... လူအများရဲ့ စိတ်ဝင်စားမှုတွေ... စိတ်ခံစားချက်တွေပဲ..."
ဝမ်ကျန့်ကော်က အခုလေးတင် အလုပ်ခန့်ထားသော ပထမတန်းမှ ကျောက်ပေါက်မာနှင့် ကောလာဟလ ဖန်တီးသူကို လက်ညှိုးထိုးလိုက်သည်။
"မင်း... အကယ်၍ အစိုးရက ကွမ်ကျုံးလွင်ပြင်က အခွန်တွေကို လျှော့ချမယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်ချင်တယ်ဆိုရင် မင်း ခေါင်းစဉ်ကို ဘယ်လိုရေးမလဲ..."
ကျောက်ပေါက်မာက တုန်ရီစွာဖြင့် မတ်တတ်ရပ်လိုက်၏။
"အမ်း... အင်ပါယာရဲ့ ကျေးဇူးတော်က ကြီးမားလှပေတယ် ကွမ်ကျုံးလွင်ပြင်က ပြည်သူတွေ အခွန်လျှော့ပေါ့ခံရဆိုပြီး ရေးမလား..."
"မှားတယ်..."
ဝမ်ကျန့်ကော်က ကျောက်သင်ပုန်းပေါ်သို့ ညွှန်တံဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"အရမ်း ရိုးစင်းလွန်းတယ်... အရမ်း ပျင်းစရာကောင်းလွန်းတယ်... ပြည်သူတွေက အဲ့ခေါင်းစဉ်ကို တစ်ချက်ကြည့်ပြီး လွှင့်ပစ်လိုက်လိမ့်မယ်..."
"ဒါဆိုရင်... နိုင်ငံတော်ဆရာက ကျွန်တော်တို့ကို သင်ပေးနိုင်မလား..."
ဝမ်ကျန့်ကော်က လည်ချောင်းရှင်းလိုက်ရာ သူ၏ အကြည့်များက နက်ရှိုင်းသွားလေသည်။
"သေချာနားထောင်... အကယ်၍ မဟာချင်နေ့စဉ်သတင်းစာ သာဆိုရင် ခေါင်းစဉ်က ခုလိုမျိုးဖြစ်ရမယ်..."
"ရှန်းယန်မြို့ကြီး ပေါက်ကွဲနေပြီ... မနေ့ညက အရှင်မင်းကြီး ဆုံးဖြတ်ချက်ချလိုက်ရာ ချင်လူမျိုး သန်းဆယ်ချီပြီး ဖတ်ပြီးနောက် မျက်ရည်ကျခဲ့ရသည်…”
အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ အရည်အချင်းရှိသူများအားလုံး အံ့အားသင့်သွားကြပြီး သူတို့၏ လက်ထဲမှ စုတ်တံများပင် ပြုတ်ကျသွားလေသည်။
ဤသည်က... ဤသည်က အရှက်ကင်းမဲ့လွန်းတာ မဟုတ်ဘူးလား။ ဒါပေမယ့်... သူတို့က အကြောင်းအရာကို တကယ့်ကို မြင်ချင်နေကြပြီ ဖြစ်သည်။
ဝမ်ကျန့်ကော်က ဆက်ပြောသည်။
"ဥပမာအနေနဲ့ ရောမ ကိုယ်စားလှယ်အဖွဲ့ရဲ့ လည်ပတ်မှုနဲ့ ပတ်သက်ပြီး ရောမ သံတမန်တွေ ရှန်းယန်ကို ရောက်ရှိလာဆိုပြီး ရေးလို့မရဘူး... မင်းတို့က ခုလိုရေးရမယ်..."
"အံ့သြတုန်လှုပ်ဖွယ်ရာ... အနောက်ဘက်က လူရိုင်းများ မဟာချင်ပြည်သူ့အိမ်သာကို ပထမဆုံးအကြိမ် မြင်တွေ့ပြီးနောက် ဤသို့တကယ်လုပ်ခဲ့ကြသည်... ဓာတ်ပုံများစွာပါဝင်သည် သတိပြု၍ ဝင်ရောက်ကြည့်ရှုပါ..."
"ပြီးတော့ စက်မှုလုပ်ငန်း တိုးတက်မှုအတွက် ရေနွေးငွေ့အင်ဂျင် စွမ်းဆောင်ရည် တိုးတက်လာဆိုပြီး မရေးနဲ့... ခုလိုရေး..."
"ထိုညက... ကျောက်မီးသွေးနဲ့ သံတုံးတွေ အပုံလိုက်ရှေ့မှာ သူ တစ်ညလုံး တကယ်လုပ်ခဲ့သည်... အမှန်တရားက အိမ်နီးချင်းတွေကို မျက်နှာပူစေသည်..."
ကွန်ဖြူးရှပ်ဝါဒီများ၏ ကမ္ဘာ့အမြင်များ ပြိုကွဲသွားခဲ့စဉ် ကျောက်ပေါက်မာမှာမူ စိတ်တူကိုယ်တူ တစ်ဦးကို တွေ့ရှိလိုက်ရသကဲ့သို့ ပွက်ပွက်ဆူနေသော သွေးများဖြင့် နားထောင်နေလေသည်။
"နိုင်ငံတော်ဆရာ... ကျွန်တော် နားလည်ပြီ..."
ကျောက်ပေါက်မာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ဒါက ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်ပေးခြင်းရဲ့ လျှို့ဝှက်ချက်လား..."
"ဒါက အပေါ်ယံပဲ ရှိသေးတယ်..."
ဝမ်ကျန့်ကော်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"တကယ့် အဓိကအချက်က အစီအစဉ်သတ်မှတ်ခြင်းပဲ... ငါတို့က ပြည်သူတွေကို ဘာတွေးရမလဲဆိုတာ မပြောဘူး... ဒါပေမယ့် ပြည်သူတွေ ဘာတွေ စဉ်းစားသင့်တယ် ဆိုတာကိုပဲ ဆုံးဖြတ်ပေးတာ... ငါတို့ နေ့တိုင်း ပစ်ချပေးနေတဲ့ အကြောင်းအရာတွေကို သူတို့ ဆွေးနွေးနေကြတဲ့အခါ အဲ့ဒီကျပန်း ကောလာဟလတွေက သဘာဝကျကျပဲ သူတို့ရဲ့ ဈေးကွက်ကို ဆုံးရှုံးသွားလိမ့်မယ်..."
ချင်ရှီဟွမ် နန်းတက်ခြင်း ၃၆ နှစ်မြောက် ဆောင်းဦးရာသီတွင် မဟာချင်နေ့စဉ်သတင်းစာ ၏ ပထမဆုံးထုတ်ဝေမှုကို တရားဝင် ထုတ်ပြန်ခဲ့လေသည်။
၎င်းသည် သတင်းစာတစ်စောင်မျှသာ မဟုတ်ဘဲ စက်မှုအနုပညာ လက်ရာတစ်ခုပင် ဖြစ်သည်။ နောက်ဆုံးပေါ် ရွေ့လျားနိုင်သော ပုံနှိပ်နည်းပညာ (အကူးအပြောင်းကာလ သစ်သားပုံစံ) ကို အသုံးပြုထားပြီး စက္ကူမှာ ဖြူဖွေးကာ ခိုင်ခံ့ပြီး မင်ရောင်မှာ ရှင်းလင်းနေလေသည်။ ၎င်းတွင် အရောင်ဖြင့် ပုံနှိပ်ထားသော အနီရောင် နဂါးပုံစံ ဘောင်တစ်ခုပင်ပါရှိသည်။
နံနက်စောစော ရှန်းယန်မြို့တစ်ဝန်းရှိ စာတိုက်စခန်းများတွင် အစိမ်းရောင် ယူနီဖောင်းဝတ် စာပို့သမားများသည် စက်ဘီးများကို စီးကာ (ခြေထောက်ဖြင့် မြေပြင်ကို တွန်းကာ ရွေ့လျားရသော ကွင်းဆက်မပါသည့် အသစ်တီထွင်ထားသော နမူနာပုံစံ) ဧရာမ စာပို့အိတ်ကြီးများကို သယ်ဆောင်၍ ချောမွေ့စွာ သွားလာရင်း အော်ဟစ်နေကြ၏။
"သတင်းထူး သတင်းထူး... မဟာချင်နေ့စဉ်သတင်းစာ ထွက်ပြီဗျို့..."
"အရှင်မင်းကြီးကိုယ်တိုင် ရေးထိုးထားတဲ့ လက်မှတ်... အထူးထုတ် ပထမအကြိမ်..."
"မျက်နှာဖုံးသတင်း... အတွင်းဝန် ကျောက်ကောင်းက မိုးကြိုးနတ်ဘုရားရဲ့ နတ်ဘုရားစွမ်းအားကို ကိုယ်တိုင်စမ်းသပ်ခဲ့ပြီး လုပ်ငန်းခွင်မှာ အော်ဟစ်ခဲ့... အိုး... မဟုတ်ဘူး... သူ့ရဲ့ ထိုးထွင်းသိမြင်မှု မှတ်တမ်း..."
"နောက်ဆက်တွဲ ဇာတ်လမ်းတွဲ... စစ်သူကြီး ရှန်းယွီ၏ သီးသန့်... 'ကျွန်ုပ်၏ ရူပဗေဒ၊ ကျွန်ုပ်၏ တပ်ရင်း... ရှန်းနုံ တွေကို ဖယ်ရှားဖို့ လီဗာနိယာမကို ဘယ်လိုသုံးမလဲ'..."
"ဒါ့အပြင် နတ်ဘုရားကြီးရှောင်ဂျီကိုယ်တိုင် တွက်ချက်ထားတဲ့ ဒီအပတ်အတွက် ဗေဒင်ဟောစာတမ်းလည်း ပါသေးတယ်ဗျို့..."
လမ်းဘေး အတင်းအဖျင်းသတင်းစာများကို ဖတ်နေကြဆဲဖြစ်သော လူများသည် ချက်ချင်းပင် ဆွဲဆောင်ခြင်း ခံလိုက်ရလေသည်။
"ကျွန်တော့်ကို တစ်စောင်ပေး..."
"ကျွန်တော်လည်း တစ်စောင်လိုချင်တယ်... ကြေးပြား နှစ်ပြားတည်းလား... ကောက်ရိုးစက္ကူထက်တောင် ပိုသက်သာသေးတယ်..."
အဘိုးကျန်း၏ လက်ဖက်ရည်ဆိုင်တွင် မည်သူကမျှ ကျောက်ပေါက်မာ၏ အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်ကြတော့ပေ။ လူတိုင်းသည် လတ်ဆတ်သော မင်နံ့သင်းနေသည့် မဟာချင်နေ့စဉ်သတင်းစာ တစ်စောင်စီကို ကိုင်ဆောင်ထားကြပြီး အာရုံစိုက်ကာ လေ့လာနေကြသည်။
"အိုး... ရေနွေးငွေ့အင်ဂျင်က လူတွေရဲ့ ဝိညာဉ်ကို မစားဘူးပဲ... ကျောက်မီးသွေးကိုပဲ လောင်ကျွမ်းစေတာ... ဒီနေရာမှာ အရမ်းကို ရှင်းရှင်းလင်းလင်း ဆွဲပြထားတယ်... ပုံကြမ်းတောင် ပါသေးတယ်..."
လက်သမားတစ်ဦးက သိပ္ပံကဏ္ဍကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ကြည့်စမ်း ကြည့်စမ်း... ရောမ စောင့်ကြည့်ရေးကဏ္ဍကို... ရောမလူမျိုးတွေက သူတို့ရဲ့ လက်နဲ့ စားကြတာလား... ရွံစရာကောင်းလိုက်တာ... ဘယ်လောက်တောင် အဆင့်အတန်းမရှိလိုက်သလဲ..."
သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက ရွံရှာသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဒီအပတ်စဉ် ဝတ္ထုရှည်... 'အနိုင်ကျင့်တတ်တဲ့ ပထမဧကရာဇ်က ကျွန်မကို ချစ်မိသွားတဲ့အခါ'... အဟမ်း... မဟုတ်ဘူး... 'မဟာချင် အထက်တန်းလွှာစစ်သည်များ၏ အရှေ့အရပ် စစ်ဆင်ရေး မှတ်တမ်း' ... တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ..."
တစ်ခဏချင်းမှာပင် ရှန်းယန်မြို့တစ်ခုလုံးရှိ ပြည်သူ့သဘောထား၏ ဦးတည်ချက်သည် ဒီဂရီ ၁၈၀ ခန့် လှည့်ပြောင်းသွားလေသည်။ လူများသည် သရဲတစ္ဆေများနှင့် ပူးပေါင်းကြံစည်မှုများကို မဆွေးနွေးကြတော့ဘဲ ရေနွေးငွေ့အင်ဂျင်များ၏ လေဖိအား၊ ရောမလူမျိုးများ လက်ဖြင့် အစာစားခြင်းနှင့် လမ်းဆောက်လုပ်ရေးအတွက် ရန်ပုံငွေရှာရန် ထုတ်ဝေသည့် နောက်တစ်ပတ် ထီဂဏန်းများအကြောင်းကို စတင်ဆွေးနွေးလာကြသည်။
ကြမ်းတမ်းသော စက္ကူများ၊ လုပ်ကြံဖန်တီးထားသော အကြောင်းအရာများနှင့် ကြေးပြားဆယ်ပြားတန်ကြေးရှိသော ထိုလမ်းဘေး အတင်းအဖျင်းသတင်းစာများသည် ချက်ချင်းပင် သူတို့၏ ဈေးကွက်ကို ဆုံးရှုံးသွားကြ၏။ နောက်ဆုံးတွင် ကျောက်ပေါက်မာသည် 'မြို့ပြ အဖြစ်အပျက်များ' ကို အထူးရေးသားရန်အတွက် မဟာချင်နေ့စဉ်သတင်းစာ၏ အထူးသတင်းထောက်အဖြစ် လျှောက်ထားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
လီစစ်၏ နိုးထမှုနှင့် အကြောက်တရား။
ညနက်ယံအချိန်၊ ဝန်ကြီးချုပ်၏ စံအိမ်တော်၌။
လီစစ်သည် ထိုနေ့၏ မဟာချင်နေ့စဉ်သတင်းစာကို ကိုင်ဆောင်ထားပြီး သေသပ်စွာ စီစဉ်ထားသော စာကြောင်းများကို ကြည့်ကာ သူ၏ ရင်ထဲတွင် အမည်မသိ အေးစက်မှုတစ်ခု မြင့်တက်လာလေသည်။
နေ့လယ်က လက်ဖက်ရည်ဆိုင်တွင် သူမြင်ခဲ့ရသော မြင်ကွင်းကို သူ ပြန်အမှတ်ရမိသည်။ စာမတတ်သော အလုပ်သမားတစ်စုသည် စာဖတ်တတ်သူတစ်ဦးအား ဝိုင်းရံထားပြီး ညှို့ယူခံထားရသကဲ့သို့ နားထောင်နေကြ၏။ "မဟာချင် နှစ်သောင်းတိုင် တည်တံ့ပါစေ" ဟု သူတို့ ဖတ်လိုက်သောအခါ လူတိုင်းက အောင်ပွဲခံ အော်ဟစ်ကြပြီး "ကျောက်မီးသွေး ချွေတာခြင်းသည် လူတိုင်း၏ တာဝန်ဖြစ်သည်" ဟု ဖတ်လိုက်သောအခါ လူတိုင်းက သတိထားမိစွာဖြင့် မြေပြင်ပေါ်မှ ကျောက်မီးသွေးခဲများကို သွားရောက်ကောက်ယူကြလေသည်။
ကျာပွတ်များ မရှိ၊ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများ မရှိ၊ ကွပ်မျက်ခြင်းများ မရှိပေ။
ဤပေါ့ပါးသော စက္ကူတစ်ရွက်ကိုသာ အားကိုးခြင်းဖြင့် ထိုရာနှင့်ချီသော လူများ၏ နှလုံးသားများသည် မုန့်ညက်ကဲ့သို့ အတူတကွ ပေါင်းစပ်နယ်နှယ်ခံလိုက်ရသည်။
"ဒါက နိုင်ငံတော်ဆရာခေါ်တဲ့... ပျော့ပျောင်းတဲ့ဓားလား..."
လီစစ်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။
ဥပဒေအချုပ်အခြာဝါဒကို ယုံကြည်သူတစ်ဦးအနေဖြင့် သူသည် ပြင်းထန်သော ပြစ်ဒဏ်များနှင့် တင်းကျပ်သော ဥပဒေများကို ယုံကြည်ခဲ့သည်။ သို့သော် ယနေ့တွင် ဥပဒေထက် ပိုမိုအားကောင်းသော စွမ်းအားတစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့၏။ ဥပဒေသည် လူသားတို့၏ အပြုအမူကိုသာ အပြစ်ပေးနိုင်သော်လည်း ဤအရာက လူသားတို့၏ အတွေးအခေါ်ကို သတ်မှတ်ပေးနိုင်လေသည်။
"အကယ်၍..."
လီစစ်က တုန်ရီသွားသည်။
"အကယ်၍ ဒီသတင်းစာသာ ကျောက်ကောင်းလို လူတစ်ယောက်ရဲ့ လက်ထဲမှာ ဒါမှမဟုတ် ပြည်နယ်ခြောက်ခုရဲ့ အကြွင်းအကျန်တွေရဲ့ လက်ထဲမှာ ရှိနေခဲ့မယ်ဆိုရင်..."
သူ ထပ်မတွေးဝံ့တော့ပေ။
ထိုစဉ် တယ်လီဖုန်းမြည်လာလေသည်။
"ဟယ်လို... လီစစ်လား..."
ဝမ်ကျန့်ကော်၏ အသံက တယ်လီဖုန်းမှတစ်ဆင့် ထွက်ပေါ်လာ၏။
"ဟုတ်ကဲ့... နိုင်ငံတော်ဆရာ..."
"မနက်ဖြန် မျက်နှာဖုံးအတွက် အကြောင်းအရာ သတ်မှတ်ပြီးပြီ... အရှင်မင်းကြီးက အများပြည်သူ မသင်မနေရ ပညာရေး (စာတတ်မြောက်မှု အတန်းများ) ကို မြှင့်တင်ချင်နေတယ်... မင်းရဲ့ တာဝန်က အယ်ဒီတာ့အာဘော် ရေးဖို့ပဲ... မင်းအတွက် ခေါင်းစဉ်ကိုတောင် ငါ စဉ်းစားပြီးပြီ..."
"ခေါင်းစဉ်က ဘာပါလဲ..."
"'မင်းက စာမတတ်ဘူးဆိုရင် မဟာချင်အင်ပါယာကို ဘယ်လိုလုပ် ချစ်နိုင်မှာလဲ... စက်ယန္တရားတွေရဲ့ ဖယ်ရှားခြင်းကို မခံချင်တဲ့ ချင်လူမျိုး တိုင်းအတွက်'..."
လီစစ်သည် ဖုန်းကို ကိုင်ထားရင်း ခါးသီးစွာ ပြုံးလိုက်သည်။
"နိုင်ငံတော်ဆရာ... ခင်ဗျားက သတင်းစာ ထုတ်ဝေနေတာ မဟုတ်ဘူး... ခင်ဗျားက သိုးကျောင်းနေတာပဲ... ကမ္ဘာကြီးပေါ်က လူတွေက ခင်ဗျားရဲ့ စက္ကူတစ်ရွက်ကြောင့် မောင်းနှင်ခံနေရပြီ..."
"မဟုတ်ဘူး ဝန်ကြီးချုပ်..."
ဝမ်ကျန့်ကော်က တစ်ဖက်မှ ရယ်မောလိုက်၏။
"ငါတို့က သိုးကျောင်းနေတာ မဟုတ်ဘူး... လှောင်အိမ်ကို ဘီးတွေ တပ်ပေးနေတာ... ပြေးလွှားချင်နေတဲ့ သူတို့ရဲ့ နှလုံးသားတွေကို ငါတို့ တားဆီးလို့ မရနိုင်တော့တဲ့အတူတူ သူတို့ကို ငါတို့ရဲ့ ကားပေါ်မှာ ထိုင်ရင်းနဲ့ပဲ ပြေးလွှားခွင့် ပြုလိုက်ရမယ်... စတီယာရင်က ငါတို့ရဲ့ လက်ထဲမှာ ရှိနေသရွေ့ ငါတို့ ဘယ်လောက်မြန်မြန် သွားမလဲ၊ ဘယ်ကိုသွားမလဲဆိုတာက ငါတို့အပေါ်မှာပဲ မူတည်နေတုန်းပဲ မဟုတ်ဘူးလား..."
နိဂုံး- လှောင်အိမ်ထဲမှ ပွဲတော်။
နောက်တစ်နေ့တွင် ရှန်းယန်မြို့ကြီး ထပ်မံ၍ ဆူပွက်လာပြန်သည်။
အဘယ်ကြောင့်ဆိုသော် မဟာချင်နေ့စဉ်သတင်းစာက အလုပ်ခေါ်ယူမှု ကြေညာချက်အသစ်တစ်ခုကို ထုတ်ပြန်ခဲ့သောကြောင့် ဖြစ်၏။ စာတတ်မြောက်မှု အတန်းများသို့ တက်ရောက်ပြီး စစ်ဆေးမှုကို အောင်မြင်သူ မည်သူမဆို နိုင်ငံပိုင်စက်ရုံများသို့ ဝင်ရောက်လုပ်ကိုင်ရန် ဦးစားပေး ခန့်အပ်ခံရမည်ဖြစ်ပြီး ဂုဏ်ကျက်သရေရှိသော ရထားစပယ်ယာဖြစ်လာမည့် အခွင့်အရေးပင် ရရှိနိုင်ပေသည်။
မရေမတွက်နိုင်သော လူငယ်များသည် သူတို့၏ လက်ထဲတွင် သတင်းစာများကို ဝှေ့ယမ်းရင်း၊ အနာဂတ်အတွက် ဆန္ဒများ တောက်ပနေသော မျက်လုံးများဖြင့် ကျောင်းများဆီသို့ အုပ်စုလိုက် သွားရောက်ကြလေသည်။
ချင်ရှီဟွမ်သည် စင်မြင့်တစ်ခုပေါ်တွင် မတ်တတ်ရပ်ကာ ဤမြင်ကွင်းကို ကြည့်ရှုနေ၏။
"ကျန့်ကော်... သူတို့ကို ကြည့်စမ်း..."
ချင်ရှီဟွမ်က အောက်ဘက်ရှိ လူအုပ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"သူတို့ လွတ်လပ်တယ်လို့ ခံစားရရဲ့လား..."
"သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်ပြီလို့ သူတို့ ခံစားရပါတယ် အရှင်မင်းကြီး..."
ဝမ်ကျန့်ကော်သည် အရိပ်ထဲတွင် ရပ်နေ၏။
"အဲ့ဒါက လုံလောက်ပါတယ်... တစ်ခါတလေကျရင် အဲ့ဒါက အကြီးမားဆုံးသော လွတ်လပ်မှုပါပဲ..."
ချင်ရှီဟွမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာလေသည်။
"အဲဒါဆိုရင်လည်း ဘီးတွေကို နည်းနည်းပိုမြန်မြန် လည်ပတ်ခွင့်ပြုလိုက်ပါ... အတွေးအခေါ်တွေ အပြည့်ပါတဲ့ ဒ္ရထားလုံးကြီးက မဟာချင်အင်ပါယာကို ဘယ်လောက်အထိ ခေါ်ဆောင်သွားနိုင်မလဲ ဆိုတာကို မြင်တွေ့ဖို့ ငါကိုယ်တော် စိတ်မရှည်နိုင်တော့ဘူး..."
ထိုအချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး စွန့်ပစ်ထားသော 'ရှန်းယန် လျှို့ဝှက်ချက်များ' အတင်းအဖျင်းသတင်းစာသည် ကြီးမားသော ခြေထောက်တစ်ဖက်ဖြင့် ရွှံ့နွံထဲသို့ မနင်းချေခံရမီ မြေပြင်ပေါ်တွင် လည်ထွက်သွားလေသည်။
ထိုခြေထောက်၏ ပိုင်ရှင်မှာ အခြားသူမဟုတ်ဘဲ ယခင်ကောလာဟလ ဖန်တီးသူ ကျောက်ပေါက်မာပင် ဖြစ်သည်။ သူသည် ယခုအခါ သပ်ရပ်သော မဟာချင်နေ့စဉ်သတင်းစာ သတင်းထောက် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ၏ ရင်ဘတ်တွင် အလုပ်သမား သက်သေခံကတ်ပြားကို ချိတ်ဆွဲထားကာ အင်တာဗျူး ဖြေဆိုသူတစ်ဦးအား ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေလေသည်။
"ငါက တရားဝင် သတင်းထောက်ကွ... မင်းရဲ့ စကားတွေကို သတိထားပါ... မင်းပြောတဲ့ စကားတစ်ခွန်းချင်းစီတိုင်းက မနက်ဖြန်ရဲ့ မျက်နှာဖုံးသတင်း ဖြစ်သွားနိုင်တယ်..."
ခေတ်ဟောင်းသည် မီးတောက်များထဲတွင် မဟုတ်ဘဲ ပုံနှိပ်စက်များ၏ ဟိန်းဟောက်သံများကြားတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။