← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 26 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 26 Ch. 355-356

အပိုင်း(၃၅၅)

ဟုတ်ပေသည် တကယ်ကို အရသာမရှိလှပေ…။ လျိုရှားမြစ်၌ မိစ္ဆာတစ်ကောင်အဖြစ် ကျက်စားခဲ့စဉ်က ရှားဝူကျင်းသည် သွေးသားများကိုသာမက လူသားများကိုပါ စားသုံးခဲ့ဖူးပြီး ထိုစဉ်ကမူ အလွန်အရသာရှိလှသည်ဟု ထင်မှတ်ခဲ့ဖူးလေသည်။

သို့သော်ငြားလည်း ကျန်းလျိုနှင့်အတူ ခြောက်လကျော်မျှ အတူနေထိုင်ပြီးနောက်တွင်မူ သူ၏အရသာခံနိုင်စွမ်းမှာ ဆရာဖြစ်သူကြောင့် လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ရှားဝူကျင်း တစ်ယောက် သဘောပေါက်သွားခဲ့ရသည်။ ယခု သူစားသုံးရန် ကြိုးစားနေသော သာမန်သွေးသားများမှာ သူ၏လျှာပေါ်၌ လွန်စွာအရသာပေါ့ပျက်ကာ ဆိုးရွားလွန်းနေပြီ ဖြစ်လေသည်။

သူ၏ ရင်တွင်း၌ ဆရာဖြစ်သူနှင့်အတူ အကင်များ၊ ဟော့ပေါ့များကို အတူတကွ စားသောက်ခဲ့ရသည့် နေ့ရက်များကို ရုတ်တရက် လွမ်းဆွတ်တမ်းတမိသွားလေသည်။

"အရသာမရှိဘူး ဟုတ်လား..."

ရှားဝူကျင်း၏ မှတ်ချက်ကြောင့် ဘေးနားရှိ အားမေမှာ သူ့အား အံ့အားသင့်စွာ ကြည့်လိုက်မိပြီး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

မိစ္ဆာတစ်ကောင်အနေဖြင့် သူ့လိုမျိုး နေ့စဉ် သက်သတ်လွတ် စားနေသူမျိုး ဘယ်မှာရှိပါမည်နည်း။ သူက မိစ္ဆာရော ဟုတ်သေးရဲ့လားဟု တွေးတောမိလေသည်။ သူသည် အခြားသော မိစ္ဆာများနှင့် တကယ်ကို ကွာခြားလွန်းလှပေသည်။

"ဒါနဲ့ ရှင့်ဒဏ်ရာတွေကော သက်သာသွားပြီလား..."

ရှားဝူကျင်း ဒဏ်ရာရထားသည်ကို သိထားသော အားမေက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်လေသည်။

"အင်း ပြီးခဲ့တဲ့ နှစ်လလောက် နားလိုက်ရတော့ ဒဏ်ရာတွေက ခုနစ်ဆယ်ရာခိုင်နှုန်းလောက် သက်သာသွားပါပြီ..."

အားမေ၏ အမေးကို ကြားသောအခါ ရှားဝူကျင်းက သူ၏အခြေအနေကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိဘဲ ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်လေသည်။

ရှားဝူကျင်းအား ကြည့်ပြီးနောက် အားမေသည် အနည်းငယ် တွေဝေသွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားဆိုလိုက်လေသည်။

"စကားမစပ် အချိန်ရရင် ရှင်ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပေးပါလား..."

"ဟာ အင်္ကျီချွတ်ရမယ် ဟုတ်လား..."

ထိုစကားကြောင့် ဆန်ပြုတ်သောက်နေသော ရှားဝူကျင်း၏ လှုပ်ရှားမှုများ တောင့်တင်းသွားကာ အားမေအား အနည်းငယ် အံ့ဩတကြီး ကြည့်လိုက်လေသည်။

"ရှင် ဘာတွေ တွေးနေတာလဲ..."

ရှားဝူကျင်း၏ မျက်နှာအမူအရာကို မြင်သောအခါ အားမေသည် သူမ၏ စကားများမှာ အဓိပ္ပာယ်ကောက်လွဲစရာ ဖြစ်သွားကြောင်း သဘောပေါက်သွားပြီး မျက်နှာလေး အနည်းငယ် နီရဲသွားကာ ဆက်ပြောလိုက်လေသည်။

"ရှင့်အင်္ကျီတွေ မလျှော်ရတာ ရက်နည်းနည်း ကြာနေပြီဆိုတော့ ကျွန်မ လျှော်ပေးမလို့ပါ..."

"ရှင့်ကျေးဇူးကြောင့် သားရဲတစ်ရာတောင်က တခြားမိစ္ဆာတွေ ကျွန်မကို အရင်ကလို အနိုင်မကျင့်ကြတော့သလို… မိစ္ဆာတွေအားလုံးအတွက် အဝတ်တွေ လိုက်လျှော်ပေးစရာ မလိုတော့ဘူး... ဒါပေမဲ့ ကျွန်မ ရှင့်ကို ကူညီပေးနိုင်တာဆိုလို့ အဝတ်လျှော်ပေးတာရယ်… ဟင်းချက်ပေးတာရယ်ပဲ ရှိတာကိုး..."

အားမေက ခေါင်းလေးကို အနည်းငယ် ငုံ့ထားလျက် ပြောလိုက်လေသည်။

"ကျေးဇူးပါပဲကွာ..."

ရှားဝူကျင်းက အနေခက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူ၏ရင်တွင်း၌ ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာကာ သူ၏ အတွေးများကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ရုန်းကန်နေရလေသည်။ နောက်ဆုံးတွင် သူတတ်နိုင်သမျှမှာ အားမေအား ကျေးဇူးတင်စကား ဆိုရန်သာ ရှိတော့သည်။

...

ဝမ်ဇီတောင်ဆီတွင်မူ စွန်းဝူခုန်းနှင့် နီကျားတို့သည် သူတို့၏ အပေါင်းအပါများနှင့်အတူ ထိုနေရာသို့ ပျံသန်းလာကြလေသည်။ လီတစ်ရာကျော် ဝေးကွာသော ခရီးစဉ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားခဲ့သည်။

"ဆရာတော် ဘာများ အမိန့်ရှိချင်သေးလဲ..."

လေထဲမှ ဆင်းသက်လာပြီးနောက် စွန်းဝူခုန်းက ကျန်းလျိုအား မေးလိုက်လေသည်။

"ဘာမှ အပိုစကားတွေ ပြောနေစရာ မလိုတော့ဘူး တန်းပြီးသာ ချလိုက်ကြရအောင်..."

စွန်းဝူခုန်း၏ အမေးကို ကြားသောအခါ ကျန်းလျိုက ခေါင်းခါပြလျက် ပြောလိုက်လေသည်။

ကြိုတင်စီစဉ်ထားသည့်အတိုင်းသာ ဆောင်ရွက်ရန် လိုအပ်တော့သည်။ ထို့အပြင် သူကသာ ဦးဆောင်၍ စတင်တိုက်ခိုက်မည်ဆိုပါက ဝတ်ရုံဝါ မိစ္ဆာ၏ သွေးတန်း လုံးဝကုန်ခမ်းသွားလျှင်တောင် သေဆုံးသွားမည်မဟုတ်ဘဲ ပြင်းထန်သော ဒဏ်ရာများကြောင့် သတိလစ်သွားရုံသာ ရှိမည်ဖြစ်သည်။

"ကောင်းပါပြီ..."

ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ သူ၏ နားရွက်ထဲသို့ လက်နှိုက်ကာ ရွှေတုတ်ကို ဆွဲထုတ်လိုက်ပြီး ဝမ်ဇီတောင်ဆီသို့ အားကုန်လွှဲရိုက်ချလိုက်လေသည်။

စွန်းဝူခုန်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေတုတ်သည် လေနှင့်အတူ ကြီးမားလာကာ ခဏအကြာမှာပင် ကောင်းကင်တိုင်ကြီး တစ်တိုင်ပမာ ဧရာမအရွယ်အစားသို့ ပြောင်းလဲသွားပြီး ဝမ်ဇီတောင်ကို မိုးခြိမ်းသံကြီးကဲ့သို့ ပြင်းထန်သော အသံကြီးနှင့်အတူ ရိုက်ခတ်သွားလေသည်။

ဘုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကြီးများ အက်ကွဲသွားကာ ဝမ်ဇီတောင်ကြီးသည်လည်း ပြိုကျတော့မည့်အလား ဖြစ်သွားခဲ့လေသည်။

ဤမျှ ကြီးမားလှသော ဆူညံသံကြီးသည် မိစ္ဆာငယ်လေးများစွာ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။ အနည်းဆုံး မိစ္ဆာစစ်သည်အဆင့်ရှိသော မိစ္ဆာငယ် အကောင်နှစ်ဆယ် သုံးဆယ်ခန့် အပြေးအလွှား ထွက်ပေါ်လာကြလေသည်။

အခြားသော မိစ္ဆာဘုရင်များနှင့် ခြားနားစွာပင်... ဝတ်ရုံဝါ မိစ္ဆာသည် လူ့ပြည်သို့ တိတ်တဆိတ် ဆင်းသက်လာခဲ့သူဖြစ်ရာ ဇနီးနှင့် သားဖြစ်သူကို စောင့်ရှောက်ရန်သာ ရောင့်ရဲတင်းတိမ်နေပြီး ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ဆောက်လိုစိတ် မရှိခဲ့ပေ။ ထို့ကြောင့် ဝမ်ဇီတောင်သည် ကြီးမားသော နယ်မြေတစ်ခု မဟုတ်ခဲ့သလို လက်အောက်ခံ မိစ္ဆာငယ်များလည်း များများစားစား မရှိခဲ့ပေ။

မိစ္ဆာနှိမ်နင်းရေး ဂါထာ...

အားဖြည့် မိစ္ဆာနှိမ်နင်းရေး ဂါထာ...

ရဟန္တာလက်သီး...

အပြေးအလွှား ထွက်ပေါ်လာကြသော ဤမိစ္ဆာငယ်လေးများကို ကြည့်ရင်း ကျန်းလျို၏ မျက်လုံးထဲတွင်တော့ ထိုအကောင်များသည် အတွေ့အကြုံမှတ်များသာ ဖြစ်နေလေသည်။ အပို စကားများ ဆိုမနေတော့ဘဲ ကျန်းလျိုသည် မိမိကိုယ်ကို အထောက်အပံ့စွမ်းရည်များဖြင့် လျင်မြန်စွာ အားဖြည့်လိုက်ပြီးနောက် စတင်လှုပ်ရှားလိုက်လေသည်။

သူ၏ လက်ကို မြှောက်လိုက်ကာ လျှပ်စီး မီးလုံး စွမ်းရည်ကို ပစ်လွှတ်လိုက်ရာ မိစ္ဆာစစ်သည်တစ်ကောင်၏ ခေါင်းတည့်တည့်သို့ သွားရောက် ပေါက်ကွဲသွားလေသည်။

လက်နက်ကိရိယာများနှင့် အထောက်အပံ့စွမ်းရည်များ ပေါင်းစပ်သွားသောအခါ တာအိုကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သော လျှပ်စီး မီးလုံးသည် သာမန်ထက် ထူးကဲသော စွမ်းအားများ ရှိနေခဲ့လေသည်။ မီးလုံး မိစ္ဆာစစ်သည်၏ ခေါင်းပေါ်တွင် ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ၎င်း၏ သွေးတန်းမှာ ချက်ချင်း ကုန်ခမ်းသွားခဲ့ပြီး တစ်ချက်တည်းဖြင့် အသက်ပျောက်သွားရလေသည်။

ဒင် - အတွေ့အကြုံမှတ် ၂၅၀ နှင့် ငွေကြေး ၂၂ ရရှိသည်။

ကျန်းလျိုသည် မိစ္ဆာစစ်သည်အဆင့်ရှိ မိစ္ဆာငယ်လေးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်နှင့် သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့ရာ ၎င်းက သူ့အား အတွင်းစိတ်ထဲ၌ များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားစေလေသည်။

အဆင့်ကွာဟမှုမှာ အလွန် သိသာလှပေသည်။ ကိုယ်ပိုင်အဆင့် ၃၅ နှင့်အတူ လက်နက်ကိရိယာများနှင့် စွမ်းရည်များ၏ ပံ့ပိုးမှုများ ပေါင်းစပ်လိုက်သောအခါ မိစ္ဆာစစ်သည်အဆင့်ရှိ မိစ္ဆာငယ်များနှင့် နှိုင်းယှဉ်လျှင် စွမ်းအားကွာဟချက်မှာ အမှန်တကယ်ပင် မိုးနှင့်မြေကဲ့သို့ ကွာခြားလှပေသည်။ ထို့ကြောင့် သူက ဤမိစ္ဆာငယ်လေးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

မိစ္ဆာငယ် အကောင်နှစ်ဆယ် သုံးဆယ်ခန့်ကို ရင်ဆိုင်ရာတွင် ကျန်းလျိုသည် သိုးအုပ်ထဲရောက်နေသော ကျားတစ်ကောင်ပမာ ဖြစ်နေခဲ့ပြီး သူ၏ လက်ထဲရှိ ရာဇဝင်လာ အရည်အသွေး သံစပ်တုတ်ကြီးကို မရပ်မနား ဝှေ့ယမ်းနေလေသည်။ ကာကွယ်မှုကို ၃၀ ရာခိုင်နှုန်း လျစ်လျူရှုနိုင်သော အာနိသင်နှင့်အတူ ပြင်းထန်လေးလံသော တိုက်ခိုက်မှုများကြောင့် မိစ္ဆာစစ်ဗိုလ်အဆင့်ရှိသူများပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။

"ရွှမ်ကျန်းဆရာတော်ရဲ့ တိုက်ခိုက်လိုစိတ်က အတော်လေး မြင့်မားနေပါလား… မဟာယနဂိုဏ်းက အမျက်ထွက်နေတဲ့ ဝရဇိန်နတ်မင်းကြီး တစ်ပါးလိုပဲ ခံစားနေရတယ်..."

နီကျား၏ မျက်လုံးထဲတွင် ကျန်းလျို၏ ကျင့်စဉ်အဆင့်နှင့် စွမ်းအားမှာ ပမာမွှားမျှသာ ဖြစ်သော်လည်း ကျန်းလျို၏ တိုက်ခိုက်လိုစိတ်နှင့် ထက်သန်မှုတို့ကို မြင်တွေ့လိုက်ရသောအခါ နီကျား အံ့အားသင့်သွားပြီး အထင်ကြီးလေးစားစွာဖြင့် ရေရွတ်လိုက်လေသည်။

"ရွှမ်ကျန်းဆရာတော်… ငါ့ရဲ့ ဝမ်ဇီတောင်ပေါ်မှာ မင်းက ဒီလောက်တောင် ရမ်းကားသတ်ဖြတ်ရဲတယ်ပေါ့…"

ထိုအချိန်မှာပင် ကလေးငယ်တစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။ ချက်ချင်းဆိုသလိုပင် လျှပ်စီးကဲ့သို့ မြန်ဆန်သော ပုံရိပ်တစ်ခုသည် ကျန်းလျိုဆီသို့ ခုန်အုပ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အနီးသို့ ရောက်ရှိလာလေသည်။

"အရမ်း မြန်တာပဲ..."

မိမိ၏ အရှေ့တွင် ချက်ချင်း ထွက်ပေါ်လာသော ပုံရိပ်အား ကြည့်ကာ ကျန်းလျိုမှာ တိတ်တဆိတ် ချီးကျူးမနေဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

သို့သော်လည်း သူ၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှပေသည်။ ချက်ချင်းပင် သူသည် မိမိကိုယ်ကို ဝရဇိန်ဂါထာကို အသုံးပြုလိုက်လေသည်။

ဘုန်း...

ပြိုင်ဘက်၏ တိုက်ခိုက်မှုမှာ အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း ထိခိုက်မှု ၈၀ ရာခိုင်နှုန်း လျှော့ချပေးသော အာနိသင်ကြောင့် ကျန်းလျို၏ သွေးတန်းမှာ များစွာ ကျဆင်းမသွားခဲ့ပေ။ သူ၏ ကိုယ်ခန္ဓာသာ နောက်သို့ အတော်လေး လွင့်စဉ်သွားခဲ့ပြီး သူ၏ ရင်ဘတ်ထဲတွင် အနည်းငယ် အောင့်ကာ မသက်မသာ ဖြစ်သွားလေသည်။

"ဝံပုလွေဖမ်းတဲ့ ကောင်လေးပဲ..."

တိုက်ခိုက်သူကို မှတ်မိသွားသော စွန်းဝူခုန်းသည် ဝင်ရောက်တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် လှုပ်ရှားလိုက်လေသည်။ ပုံမှန် စည်းမျဉ်းများအရ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိသော တိုက်ခိုက်သူ သို့မဟုတ် အနည်းဆုံး မိစ္ဆာစစ်သူကြီးအဆင့်ရှိသူများကို သူကိုယ်တိုင်သာ ဖြေရှင်းရမည် ဖြစ်လေသည်။

"ဝူခုန်း မင်း ဝင်ပါစရာ မလိုဘူး..."

စွန်းဝူခုန်း၏ ဝင်ရောက်လှုပ်ရှားမည့် အရိပ်အယောင်ကို အာရုံခံမိသော ကျန်းလျိုက ခေါင်းခါပြရင်း ပြောလိုက်လေသည်။

အဆင့်သတ်မှတ်ချက်များအရ ဝံပုလွေဖမ်းသည့် ကောင်လေးမှာ အဆင့် ၄၁ တွင် ရှိနေပြီး နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ယခုမှ စတင်ဝင်ရောက်လာသူ ဖြစ်ကာ သူကိုယ်တိုင်မှာမူ အဆင့် ၃၅ တွင် ရှိနေသဖြင့် သိပ်ပြီး ကွာခြားလှခြင်း မရှိပေ။

ယနေ့တွင် ကျန်းလျိုသည် ဤအခွင့်အရေးကို အသုံးချကာ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သူကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်း ရှိမရှိ စမ်းသပ်လိုစိတ် ဖြစ်ပေါ်နေလေသည်။

***

အပိုင်း(၃၅၆)

ကျန်းလျို၏ စကားကြောင့် စွန်းဝူခုန်းမှာ ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက် သူ၏ မျက်ဝန်းများတွင် အံ့သြမှုနှင့် မျှော်လင့်ချက်တို့ ရောယှက်စွာ ပြည့်နှက်သွားလေသည်။

"ဆရာတော်က ဝံပုလွေဖမ်းတဲ့ ကောင်လေးကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေတာလား..."

ယခင်က ကျန်းလျိုသည် ဆရာလင်းရွှီနှင့် ရင်ဆိုင်ခဲ့ရစဉ်က သူ၏ အသက်မွေးဝမ်းကျောင်း အဆင့်ကူးပြောင်းရေး မစ်ရှင်၏ နောက်ဆုံးအပိုင်းကြောင့် မိစ္ဆာစစ်ဗိုလ်အဆင့်ရှိသော ဝံပုလွေ ရှေ့တန်းတပ်မှူးကို တစ်ကိုယ်တော် ယှဉ်ပြိုင်ခဲ့ရပြီး ထိုတိုက်ပွဲမှာ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်ပေသည်။

ယခုအခါတွင်မူ သူ၏ဆရာတော်သည် နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို တစ်ကိုယ်တော် ရင်ဆိုင်တော့မည်လော။

သူပင် မသိလိုက်ရဘဲ ဆရာတော်၏ စွမ်းအားသည် အဆင့်တစ်ခုလုံးစာအထိ တိုးတက်လာခဲ့ပြီလော။ ဤတိုးတက်မှုနှုန်းမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်လှပေသည်။

ဝံပုလွေဖမ်းသည့် ကောင်လေးနှင့် ရင်ဆိုင်ရာတွင် လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် ပြိုင်ဘက်၏ အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်လွန်းကြောင်း ကျန်းလျို သဘောပေါက်သွားခဲ့လေသည်။

သို့ဆိုလျှင် ဤသူသည် လျင်မြန်ဖြတ်လတ်မှုကို အသားပေးသော ပြိုင်ဘက်တစ်ဦး ဖြစ်နေမည်လော။ ထို့ကြောင့် သူ ပို၍ သတိထားရပေတော့မည်။

အတွေးတစ်ခုနှင့်အတူ ကျန်းလျို၏ ခေါင်းပေါ်တွင် မဟူရာ ကြာပန်း တစ်ပွင့် ပွင့်လန်းလာခဲ့ပြီး ၎င်း၏ မြူခိုးရောင်အလင်းတန်းသည် သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ပိုမိုကောင်းမွန်သော ကာကွယ်ရေးစွမ်းရည်များကို ပေးစွမ်းလိုက်လေသည်။

ဤအဆင့်ကိုး မဟူရာ ကြာပန်းသည် တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ပေါင်းစပ်ထားသော အထူးပစ္စည်းကိရိယာတစ်ခု ဖြစ်လေသည်။ ဝံပုလွေဖမ်းသည့် ကောင်လေးနှင့် ရင်ဆိုင်ရာတွင် ကျန်းလျိုသည် လျိုထားရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။

ရွှီး…

မြန်ဆန်လှပေသည်။ ဝံပုလွေဖမ်းသည့် ကောင်လေး၏ အမြန်နှုန်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လွန်းလှသည်။ အဆင့် ၄၁ သာ ရှိသော်လည်း ဇာတ်ကောင် အချက်အလက် မျက်နှာပြင်မှ သူ၏ အပြာရောင် မျက်နှာပြင် အနေအထားက သူ့အား သာမန်ထက် ထူးကဲနေစေလေသည်။

ကျန်းလျိုသည် မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို ရိပ်ရိပ် ကလေးသာ မြင်လိုက်ရ၏။ ဝံပုလွေဖမ်းသည့် ကောင်လေးမှာ သူ၏ အရှေ့တည့်တည့်သို့ ရောက်ရှိလာကာ သူ၏ လက်ဝါးမှာ ဝံပုလွေလက်သည်းအဖြစ် ပြောင်းလဲသွားပြီး ကျန်းလျိုဆီသို့ လှမ်း၍ ကုတ်ဖဲ့လိုက်လေသည်။

အမြန်နှုန်းမှာ လျင်မြန်လွန်းလှပြီး အင်အားမှာလည်း ကြီးမားလှပေသည်။

လက်ထဲရှိ သံစပ်တုတ်ကြီးကို မြှောက်ကာ ကျန်းလျိုသည် ဝံပုလွေဖမ်းသည့် ကောင်လေး၏ လက်သည်းချက်ကို ကာကွယ်လိုက်သော်လည်း နောက်ဆက်တွဲ ပါလာသော ပြင်းထန်လှသည့် အင်အားကြောင့် သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး သူ၏ လက်မောင်းများပင် အနည်းငယ် ထုံကျဉ်သွားခဲ့လေသည်။

ထိုအရာက ကျန်းလျိုအား အတွင်းစိတ်ထဲ၌ အံ့ဩသွားစေလေသည်။

အံ့မခန်း မြန်ဆန်လှသော အမြန်နှုန်းနှင့် အလွန်မြင့်မားသော တိုက်ခိုက်ရေးစွမ်းအားတို့ကြောင့် အပြာရောင် အဆင့်အတန်းရှိ သတ္တဝါ တစ်ကောင် ဆိုသော အဆင့်အတန်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်လော။

အတွင်းစိတ်ထဲ၌ အံ့အားသင့်နေသော်ငြားလည်း ကျန်းလျို၏ လှုပ်ရှားမှုများက နှေးကွေးမသွားခဲ့ပေ။ ဝံပုလွေဖမ်းသည့် ကောင်လေးက ဆက်လက်တိုက်ခိုက်လာသည်ကို မြင်သောအခါ သူသည် ထိုကောင်လေးကို လက်ညှိုးထိုးကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"သိုးအသွင်ပြောင်း နည်းစနစ်..."

ပဲ... ဟက်... ဟက်...

အတိုင်းအဆမသိအောင် မြန်ဆန်လှသော ဝံပုလွေဖမ်းသည့် ကောင်လေးသည် ထူးဆန်းသော အလင်းတန်းတစ်ခုအောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် အပြစ်ကင်းစင်ပုံရသော သိုးပေါက်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ တွေဝေရှုပ်ထွေးစွာဖြင့် အော်မြည်နေပြီး သူ၏ အော်သံသည်ပင် သိုးတစ်ကောင်၏ အသံအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

"မိုးကြိုးလက်ဝါး..."

သိုးအသွင်ပြောင်း နည်းစနစ်ကြောင့် ဝံပုလွေဖမ်းသည့် ကောင်လေး အန္တရာယ်မပြုနိုင်သော ပုံစံဖြစ်နေသည့် အချိန်လေးကို အမိအရ ဆုပ်ကိုင်ကာ ကျန်းလျိုသည် သိုးပေါက်လေး၏ ဦးချိုများကို ဖမ်းဆုပ်လိုက်ပြီး မိုးပြာရောင် မိုးကြိုးများကို သူ၏ လက်ဝါးထဲမှ ချက်ချင်း ပစ်လွှတ်လိုက်လေသည်။

ဘုန်း... ဘုန်း...

ဤမိုးကြိုးလက်တါး တိုက်ခိုက်မှုကြောင့် ကျန်းလျိုသည် ဝံပုလွေဖမ်းသည့် ကောင်လေး၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ ဆယ်ပုံတစ်ပုံခန့် ကျဆင်းသွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် ဝံပုလွေဖမ်းသည့် ကောင်လေး၏ ခန္ဓာကိုယ်သည် ရေပြာရောင်သို့ ပြောင်းလဲသွားသည်ကို ကျန်းလျို မြင်တွေ့လိုက်ရ၏။ သူ၏ သွေးတန်းမှာ လေလျော့နေသော ပူဖောင်းတစ်လုံးကဲ့သို့ စဉ်ဆက်မပြတ် ကျဆင်းနေလေသည်။

အနီးအနားတွင် ရပ်နေကြသော စွန်းဝူခုန်းနှင့် နီကျားတို့သည် ဝင်ရောက်မစွက်ဖက်ကြဘဲ ကျန်းလျိုအပေါ်သို့သာ အာရုံစိုက်ထားကြပြီး သူ ပြသလိုက်သော စွမ်းအားများကို မြင်တွေ့လိုက်ရလေသည်။ သူက ဝံပုလွေဖမ်းသည့် ကောင်လေးအပေါ်တွင် အသာစီးပင် ရနေသယောင် ဖြစ်နေသည် မဟုတ်ပါလော။

"မသိလိုက်မသိဘာသာနဲ့ ဆရာတော်ရဲ့ စွမ်းအားတွေက ဒီအဆင့်အထိတောင် မြင့်တက်လာခဲ့တာလား... ဒီတိုးတက်မှုနှုန်းက တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လွန်းလှတယ်..."

စွန်းဝူခုန်းသည် ကျန်းလျိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က အချိန်ကို ပြန်လည်တွေးတောလိုက်၏။ ယခုအချိန်နှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ စွမ်းအားမှာ ဆယ်ဆ သို့မဟုတ် အဆရာချီ၍ပင် တိုးတက်လာခဲ့ပြီ ဖြစ်လေသည်။

ကျင့်စဉ်အဆင့် ကွာဟချက်များကို ကြည့်မည်ဆိုလျှင် ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့်၏ အစောပိုင်းကာလသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့်ထက် ဆယ်ဆခန့် ပိုမိုမြင့်မားလေသည်။

ထိုနည်းတူစွာပင် သွေးကြောပွင့်အဆင့်၏ ကျင့်စဉ်အဆင့်သည် ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့်ထက် ဆယ်ဆခန့် ပိုမိုမြင့်မားပြန်လေသည်။

ဥပဒေသထိန်းချုပ်ခြင်းအဆင့်သည်လည်း သွေးကြောပွင့်အဆင့်မှနေ၍ ထိုနည်းတူစွာပင် ခုန်တက်သွားခြင်း ဖြစ်ပေသည်။

အခြားသောအဆင့်များသည်လည်း ထိုအတိုင်းပင် ဖြစ်လေသည်။

ဇာတ်ကောင် အချက်အလက် မျက်နှာပြင်များအရ ကျန်းလျိုနှင့် ဝံပုလွေဖမ်းသည့် ကောင်လေး နှစ်ဦးစလုံးမှာ အပြာရောင် အဆင့်အတန်းများ ဖြစ်ကြလေသည်။

အဆင့်သတ်မှတ်ချက်အရ ကြည့်လျှင် ဝံပုလွေဖမ်းသည့် ကောင်လေးသည် ကျန်းလျိုထက် အဆင့်ခြောက်ဆင့်ခန့် ပိုမြင့်နေလေသည်။

သို့သော်ငြားလည်း အထောက်အပံ့စွမ်းရည်များ၊ ထိန်းချုပ်ရေး စွမ်းရည်များနှင့် လက်နက်ကိရိယာ အဆင့်မြှင့်တင်မှုတို့နှင့် ပေါင်းစပ်စွမ်းအားကို ယှဉ်ကြည့်ပါက ကျန်းလျိုသည် ဝံပုလွေဖမ်းသည့် ကောင်လေးနှင့် ယှဉ်နိုင်လုနီးပါး ရှိနေခဲ့လေသည်။

ထို့ကြောင့် သူတို့၏ အပြန်အလှန် တိုက်ခိုက်မှုများမှာ အတော်လေး အသက်ဝင်နေပြီး အထူးသဖြင့် ဝံပုလွေဖမ်းသည့် ကောင်လေး၏ လျင်မြန်လှသော အမြန်နှုန်းကြောင့် ကျန်းလျိုမှာ အနည်းငယ် ဖိအားဝင်နေခဲ့ရလေသည်။

လက်ဖက်ရည်တစ်ခွက်သောက်ချိန် တစ်ဝက်ခန့် ကြာမြင့်သော ပြင်းထန်သည့် တိုက်ပွဲအပြီးတွင်တော့ ကျန်းလျိုနှင့် ဝံပုလွေဖမ်းသည့် ကောင်လေး နှစ်ဦးစလုံး၏ သွေးတန်းများမှာ ထက်ဝက်အောက်သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး နှစ်ဦးစလုံးမှာ ဒဏ်ရာဗရပွဖြင့် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်လာလေသည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းလျိုသည် အခွင့်အရေးရသည်နှင့် မိမိကိုယ်ကို ကွမ်ယင် ဂါထာ ကို အသုံးပြုလိုက်လေသည်။

ပြီးပြည့်စုံခြင်း အဆင့်အထိ အဆင့်မြှင့်တင်ထားသော ကွမ်ယင် ဂါထာသည် ကျန်းလျို၏ သွေးတန်းတန်ဖိုးကို ၂၅ ရာခိုင်နှုန်း ချက်ချင်း ပြန်လည်ဖြည့်တင်းပေးလိုက်ပြီး သူ၏ ဒဏ်ရာများ သက်သာပျောက်ကင်းမှုကို သိသိသာသာ မြန်ဆန်သွားစေခဲ့လေသည်။ ဆက်လက်ဖြစ်ပွားမည့် တိုက်ပွဲတွင် မည်သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာမျှ မရှိတော့ချေ။

အကယ်၍ အခြားသော အသက်မွေးဝမ်းကျောင်း အဆင့်ကူးပြောင်းရေး ပြုလုပ်ထားသူများ အချင်းချင်း စွမ်းအားချင်း ယှဉ်ပြိုင်ကြမည်ဆိုပါက ရလဒ်ကို ခန့်မှန်းရန် ခက်ခဲနိုင်ပေသည်။ သို့သော် ကရုဏာရှင် ဗောဓိသတ် ကဲ့သို့သော ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရချိန်တွင် စွမ်းအားချင်း တူညီနေပါက ကရုဏာရှင် ဗောဓိသတ် အတွက် အောင်ပွဲက သေချာနေပြီ ဖြစ်လေသည်။

တစ်ဦးချင်း တိုက်ပွဲများတွင် ကုသရေးစွမ်းရည်များသည် အမှန်တကယ်ပင် ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍမှ ပါဝင်နေလေသည်။

မိုးကြိုးလက်ဝါး…

နောက်ဆုံးတွင် ကျန်းလျိုသည် တောက်ပသည့် ဖိနပ် ၏ အထူးစွမ်းရည်ကို အသုံးပြုကာ ဝံပုလွေဖမ်းသည့် ကောင်လေး၏ အမြန်နှုန်းကို ကျော်လွန်သွားခဲ့ပြီး သူ၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားကာ ပခုံးကို ဖမ်းဆုပ်လိုက်လေသည်။

ဘုန်း... ဘုန်း...

ကျန်းလျို၏ လက်ဝါးများဆီမှ မိုးပြာရောင် လျှပ်စီးတန်းများ ထပ်မံထွက်ပေါ်လာကာ ဒဏ်ရာများရနေပြီဖြစ်သော ဝံပုလွေဖမ်းသည့် ကောင်လေးကို လွှမ်းခြုံသွား၏။ သူ၏ သွေးတန်းမှာ ချက်ချင်း ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

ဒင် - အတွေ့အကြုံမှတ် ၃၁,၅၀၀ နှင့် ငွေကြေး ၁၀ တေးလ် ရရှိသည်။

ဝံပုလွေဖမ်းသည့် ကောင်လေး၏ သွေးတန်း ကုန်ခမ်းသွားသည်နှင့် တစ်ပြိုင်နက်လိုလိုပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့လေသည်။

၃၀,၀၀၀ ကျော်သော အတွေ့အကြုံမှတ် ပမာဏသည် ကျန်းလျိုအတွက် တစ်ရက်တာလုံး ကျင့်ကြံခြင်းနှင့် ညီမျှနေသောကြောင့် ဤဆုလာဘ်အပေါ်တွင် သူက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ဝံပုလွေဖမ်းသည့် ကောင်လေး ပြင်းထန်သော ဒဏ်ရာများဖြင့် သတိလစ်မေ့မြောသွားချိန်တွင် ဝမ်ဇီတောင်ရှိ ကြိုကြားကြိုကြား ကျန်ရှိနေသေးသော မိစ္ဆာငယ်များမှာလည်း နီးပါးအားလုံး ရှင်းလင်းပြီးဖြစ်သွားလေသည်။

ကျန်းလျိုသည် မျှော်လင့်ချက်အချို့ဖြင့် သူ၏ ပစ္စည်းသိုလှောင်ရာနေရာကို ဖွင့်ကြည့်လိုက်လေသည်။

အမှန်တကယ်ပင် နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိ ဝံပုလွေဖမ်းသည့် ကောင်လေးကို အနိုင်ယူပြီးနောက် သူ၏ ပစ္စည်းသိုလှောင်ရာနေရာထဲတွင် ပစ္စည်းအချို့ ထွက်ပေါ်လာခဲ့လေသည်။

ဆေးရည်များကို ဖယ်ထားလိုက်လျှင် ကျွမ်းကျင်မှုစာအုပ် တစ်အုပ်နှင့် လက်ကောက်တစ်ကွင်းတို့ကို တွေ့လိုက်ရလေသည်။

"တောက်... မင်းတို့က သေချင်နေတာပဲ… သားလေး..."

သို့သော်လည်း ကျန်းလျိုသည် ရရှိလာသော တိုက်ပွဲဝင်ပစ္စည်းများကို သေချာစွာ စစ်ဆေးခြင်း မပြုရသေးမီမှာပင် စူးရှလှသော အမုန်းတရားများ ပြည့်နှက်နေသည့် ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရုတ်တရက် ဝတ်ရုံဝါ မိစ္ဆာသည် ဂူထဲမှ ပြေးထွက်လာခဲ့၏။ သူ၏ မျက်လုံးများမှာ ဒေါသအမုန်းတရားများကြောင့် နီရဲနေကာ ကျန်းလျိုနှင့် အခြားသူများကို အော်ဟစ်လိုက်လေတော့သည်။

***

All Chapters