← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 26 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 26 Ch. 359-360

အပိုင်း(၃၅၉)

ထိုအချိန် သားရဲတစ်ရာတောင်တွင်မူကား...

ရှားဝူကျင်းသည် သားရဲတစ်ရာတောင်တွင် ပုန်းအောင်းနေခဲ့ပြီး ဤသုံးလတာကာလသည် အတော်လေး စိတ်သက်သာရာရစရာ ကောင်းခဲ့လေသည်။ သုံးလတာ အချိန်ကာလ ကုန်လွန်သွားပြီးနောက်တွင် သူ၏ ဒဏ်ရာများမှာလည်း လုံးဝ သက်သာပျောက်ကင်းသွားခဲ့ပြီ ဖြစ်လေသည်။

ဤသုံးလတာကာလအတွင်း သားရဲတစ်ရာတောင်၌ ရှားဝူကျင်းသည် ထိပ်တန်း မိစ္ဆာစစ်သူကြီး ဆယ်ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ရာ မိစ္ဆာဘုရင် လေးပါး၏ အောက်တွင်သာရှိသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့လေသည်။ သူ့တွင် ကြီးစိုးလိုသော ရည်မှန်းချက်ကြီးများ မရှိခဲ့ဘဲ ပုံမှန်အားဖြင့် မိစ္ဆာနှိမ်နင်းရေးနှင့် မကောင်းဆိုးဝါး ဖယ်ရှားရေးအတွက် လာရောက်သူများကို တိုက်ခိုက်ခြင်း၊ သို့မဟုတ် အနီးအနားရှိ အခြားသော မိစ္ဆာဘုရင်များနှင့် နယ်မြေနှင့် မှော်လက်နက်များအတွက်တိူက်ခိုက်မှု အနည်းငယ် ဖြစ်ပွားခြင်းမျိုးလောက်သာ ရှိခဲ့လေသည်။

ဤသုံးလတာ အချိန်ကာလ ကုန်လွန်သွားသည့်တိုင်အောင် ဘဝမှာ အလွန်တရာ အေးချမ်းနေခဲ့လေသည်။

ဗောဓိသတ်သည် သူ့အား လာရောက်ရှာဖွေမည့် ရည်ရွယ်ချက် မရှိပုံပေါ်သောကြောင့် ရှားဝူကျင်း၏ စိတ်ထဲတွင် အတော်လေး ပေါ့ပါးသက်သာသွားခဲ့လေသည်။

ဤသုံးလတာကာလအတွင်း ရှားဝူကျင်းနှင့် အားမေတို့၏ ဆက်ဆံရေးမှာလည်း ပိုမို၍ ရင်းနှီးလာခဲ့လေသည်။

ကြီးမားသော အဖြစ်အပျက်ကြီးများ မရှိခဲ့သော်လည်း အားမေသည် ရှားဝူကျင်းအား ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ပြီး သူ၏ နေ့စဉ်လိုအပ်ချက်များနှင့် စားသောက်မှုများကို တာဝန်ယူပေးခဲ့လေသည်။ သူမ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ရှားဝူကျင်းသည် သူ၏ ရင်တွင်း၌ ယခင်က တစ်ခါမျှ မခံစားဖူးသော အေးချမ်းမှုမျိုးကို ခံစားနေရလေသည်။

တစ်နေ့တွင် ရှားဝူကျင်းက တိတ်ဆိတ်စွာ တရားထိုင်နေစဉ် အားမေက သူ၏ အခန်းကို သန့်ရှင်းရေးလုပ်ပေးနေပြီး ကြမ်းပြင်သည် အညစ်အကြေးကင်းစင်ပြီး ပြောင်လက်နေစေလေသည်။

ရုတ်တရက် အထိတ်တလန့်ဖြစ်နေသော ခြေသံများ ထွက်ပေါ်လာခဲ့ပြီး မကြာမီမှာပင် ဝံပုလွေမိစ္ဆာ နှစ်ကောင်သည် ထိတ်လန့်တကြား အမူအရာဖြင့် ပြေးဝင်လာကာ အော်ဟစ်လိုက်လေသည်။

"မိစ္ဆာစစ်သူကြီး လျိုရှား... မြန်မြန် ထွက်လာပြီး ကူညီပါဦး..."

"ဘာဖြစ်လို့လဲ..."

ဝံပုလွေမိစ္ဆာ နှစ်ကောင်၏ အထိတ်တလန့် အမူအရာများကို မြင်သောအခါ ရှားဝူကျင်းက အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။

"ဘုရင်ကြီးက ယင်းနဂါးမင်းကြီးနဲ့ မှော်လက်နက် တစ်ခုအတွက် တိုက်ခိုက်ရင်း အသတ်ခံလိုက်ရပြီ… အခု ယင်းနဂါးမင်းကြီးက သူ့ရဲ့ မိစ္ဆာတပ်တွေကို ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ သားရဲတစ်ရာတောင်ဆီကို တန်းတန်းမတ်မတ် လာနေပြီတဲ့… တခြား ဘုရင်ကြီးတွေက ကျွန်တော်တို့ကို စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်ပါတယ်..."

ဝံပုလွေမိစ္ဆာ က ကပျာကယာ အော်ဟစ်ပြောဆိုလိုက်လေသည်။

"ဘုရင်ကြီး သေပြီ ဟုတ်လား..."

ဤစကားကို ကြားသောအခါ ရှားဝူကျင်းက မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး သူ၏ ရင်တွင်း၌ လေးလံသွားခဲ့လေသည်။

သူ လိုချင်ခဲ့သည်မှာ သားရဲတစ်ရာတောင်တွင် သေချာစွာ ပုန်းအောင်းနေပြီး တစ်ပါးသူ၏ အာရုံစိုက်မှုကို ခေတ္တမျှ ရှောင်ရှားရန်သာ ဖြစ်သော်လည်း ယခုအခါတွင် ဘုရင်ကြီးပင် သေဆုံးသွားခဲ့ပြီလော။

သားရဲတစ်ရာတောင်သည် အသက်နှင့်သေဆုံးခြင်းကြားက အရေးကြီးသော အချိန်ကာလတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီလော။

"ကောင်းပြီ ငါ နားလည်ပြီ… အခုချက်ချင်း လာကူပေးမယ်..."

ရင်တွင်း၌ လေးလံနေသော်လည်း ရှားဝူကျင်းသည် မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်စေဘဲ လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

"အားမေ... မင်း ဘယ်သွားမလို့လဲ..."

ဝံပုလွေမိစ္ဆာ နှစ်ကောင်ကို ပြန်လွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားသော အားမေကို ကြည့်ကာ ရှားဝူကျင်းက မထင်မှတ်ဘဲ မေးလိုက်လေသည်။

"ရှင် တိုက်ပွဲသွားရမှာ မဟုတ်ဘူးလား… ကျွန်မ ရှင့်အတွက် လက်နက်တွေ သွားယူပေးမလို့လေ..."

အားမေက ရှားဝူကျင်းဘက်သို့ ခေါင်းလှည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

"မဟုတ်ဘူး မင်း နားလည်မှုလွဲနေပြီ..."

အားမေ၏ စကားကို ကြားသောအခါ ရှားဝူကျင်းက ခေါင်းခါပြရင်း ပြောလိုက်လေသည်။

"တကယ်တော့ ငါ တိုက်ပွဲထဲ ဝင်မပါချင်ဘူး…ငါ သားရဲတစ်ရာတောင်ကနေ ထွက်သွားတော့မလို့..."

သားရဲတစ်ရာတောင်တွင် ပုန်းအောင်းနေခြင်းမှာ အခြားသူများ၏ အာရုံစိုက်ခံရမှုကို ရှောင်လွှဲရန်သာ ဖြစ်သည်။ ယခုအခါ သားရဲတစ်ရာတောင်၏ ပျက်စီးကိန်းမှာ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ရာ ရှားဝူကျင်းတွင် ဆက်လက်နေထိုင်ရန် ရည်ရွယ်ချက် မရှိတော့ချေ။

သို့မဟုတ်ပါက သေရေးရှင်ရေး အကျပ်အတည်း အချိန်ရောက်လာပါက သူ တကယ်ပဲ အစွမ်းကုန် မတိုက်ဘဲ နေနိုင်ပါမည်လား။

ထို့ကြောင့် ရှားဝူကျင်းသည် ဗျူဟာသုံးဆယ့်ခြောက်သွယ်အနက် ထွက်ပြေးခြင်းသည်သာ အကောင်းဆုံး ဗျူဟာဖြစ်သည်ဟု ယူဆကာ သူ၏ လွတ်မြောက်ရေးကသာ အရေးအကြီးဆုံး ဖြစ်လေသည်။

"ရှင်… ရှင် ထွက်ပြေးမလို့လား..."

ရှားဝူကျင်း၏ စကားကြောင့် အားမေ၏ မျက်လုံးများ ပြူးကျယ်သွားကာ စစ်မြေပြင်ကို စွန့်ခွာမည့်စကားများ သူ ပြောထွက်သည်ကိုပင် မယုံကြည်နိုင်သော အမူအရာက အထင်အရှား ပေါ်လွင်နေလေသည်။

"ငါ့မှာ ကိုယ်ပိုင် အခက်အခဲတွေ ရှိတယ်…ငါ ဆက်နေလို့ မဖြစ်ဘူး...”

ရှားဝူကျင်းသည် မိစ္ဆာဘုရင်များကြား တိုက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ ခေါင်းခါလိုက်လေသည်။ ထိုသို့ပြောပြီးနောက် သူက ခေတ္တမျှ ရပ်တန့်သွားကာ မေးလိုက်လေသည်။

"အားမေ…မင်း ငါနဲ့လိုက်ခဲ့..."

"ရှင်နဲ့ လိုက်ခဲ့ရမယ် ဟုတ်လား..."

ရှားဝူကျင်း၏ စကားကို ကြားသောအခါ အားမေက တုံ့ဆိုင်းနေဟန် ပေါ်လေသည်။ သူမသည် သားရဲတစ်ရာတောင်တွင် သာယာသော မှတ်ဉာဏ်များ မရှိခဲ့သော်လည်း သူမအတွက် အသက်သာဆုံးသော အခိုက်အတန့်မှာ ရှားဝူကျင်း၏ ဘေးတွင် နေထိုင်ရခြင်း ဖြစ်လေသည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သားရဲတစ်ရာတောင်သည် သူမ ကြီးပြင်းလာခဲ့ရာ နေရာဖြစ်လေသည်။ ရုတ်တရက် ထွက်ခွာသွားရန်မှာ သူမအတွက် လွယ်ကူသော ဆုံးဖြတ်ချက်တစ်ခု မဟုတ်ခဲ့ပေ။

"ဘာလဲ... မင်း ငါနဲ့ မလိုက်ချင်ဘူးလား..."

အားမေ၏ မျက်နှာပေါ်ရှိ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ရှားဝူကျင်းမှာ စိုးရိမ်လာပြီး အားမေ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သူမကို လေးနက်စွာ စိုက်ကြည့်ရင်း မေးလိုက်လေသည်။

ပခုံးနှစ်ဖက်ကို အဆုပ်ကိုင်ခံရပြီး ရှားဝူကျင်း၏ စူးရှသော အကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ အားမေသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"ကျွန်မ… ကျွန်မ လိုက်ပါ့မယ်..."

"ဒါဆိုရင်လည်း အရမ်းကောင်းတာပေါ့… အခုပဲ သွားကြစို့..."

အားမေ ခေါင်းညိတ် သဘောတူလိုက်သည်ကို မြင်သောအခါ ရှားဝူကျင်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားကာ အလွန်ဝမ်းသာသွားလေသည်။

သူတို့ စကားပြောဆိုနေစဉ်အတွင်း ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး သားရဲတစ်ရာတောင်ရှိ ရှုပ်ထွေးပရမ်းပတာ ဖြစ်နေမှုများကို အခွင့်ကောင်းယူကာ သူတို့နှစ်ဦးသည် အဝေးဆီသို့ တိတ်တဆိတ် ထွက်ပြေးသွားကြလေသည်။

မိစ္ဆာမျိုးနွယ် အင်အားစုကြီး နှစ်ခု၏ တိုက်ပွဲများ၊ မိစ္ဆာရာပေါင်းများစွာ အချင်းချင်း တိုက်ခိုက်နေကြမှုများကြောင့် တစ်ချိန်တည်းမှာပင် သားရဲတစ်ရာတောင် တစ်ခုလုံးသည် အသူရာ ငရဲဘုံ ကဲ့သို့သော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရှားဝူကျင်းသည် ရှက်ရွံ့ခြင်းမရှိဘဲ အားမေ၏ လက်ကို ဆွဲကာ သားရဲတစ်ရာတောင်ထဲမှ ထွက်ခွာလာခဲ့လေသည်။

လမ်းတစ်လျှောက်တွင် သူ့ကို တိုက်ခိုက်လာသော မည်သည့် မိစ္ဆာကိုမဆို လျင်မြန်စွာ ရှင်းလင်းပစ်ခဲ့လေသည်။

ရှားဝူကျင်း၏ ဘေးမှ လိုက်ပါလာသော အားမေသည် ကြီးမားလှသော လုံခြုံမှုကို ခံစားနေရလေသည်။ မည်သူပင် တိုက်ခိုက်လာစေကာမူ ရှားဝူကျင်းက သူတို့ကို ချက်ချင်း အနိုင်ယူနိုင်ခဲ့လေသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ အံ့ဩမင်သက်ဖွယ် ကောင်းလှပေသည်။

သားရဲခေါင်းနှင့် လူကိုယ်လုံး ရှိသော မိစ္ဆာစစ်သူကြီးများပင် ရှားဝူကျင်း၏ အရှေ့တွင် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေခဲ့ပြီး မည်သူမျှ သူ၏ ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ပေ။

ရှားဝူကျင်းသည် လျင်မြန်စွာ ထွက်ခွာသွားသော်လည်း သူ၏ လွှမ်းမိုးနိုင်လှသော စွမ်းအားကြီးက ယင်းနဂါးမင်းကြီး၏ အာရုံကို လျင်မြန်စွာ ဖမ်းစားသွားခဲ့လေသည်။

ယင်းနဂါးမင်းကြီးသည် နဂါးမင်းကြီးဟု အမည်တွင်သော်လည်း အမှန်တကယ်တွင်မူ အစစ်အမှန် နဂါးမင်းကြီး တစ်ပါး မဟုတ်ဘဲ ချိုပါသော ရေနဂါးတစ်ကောင်သာ ဖြစ်လေသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ အတော်လေး အထင်ကြီးလောက်စရာရှိပြီး မိစ္ဆာဘုရင် အဆင့်သို့ ရောက်ရှိနေကာ သာမန် မိစ္ဆာဘုရင်များထက်ပင် ပိုမို အစွမ်းထက်နေလေသည်။ သို့သော်လည်း ရှားဝူကျင်းက သူ့အား တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ အားမေနှင့်အတူ လှည့်ထွက်သွားကာ သားရဲတစ်ရာတောင်မှ ထွက်ခွာသွားခဲ့လေသည်။

မည်သို့ပင်ဆိုစေ ဘဝဆိုသည်မှာ မမျှော်လင့်ထားသော အလှည့်အပြောင်းများနှင့် ပြည့်နှက်နေတတ်လေသည်။ ရှားဝူကျင်းက ယင်းနဂါးမင်းကြီးနှင့် မတိုက်ခိုက်လိုသော်လည်း ယင်းနဂါးမင်းကြီးကလည်း ထိုနည်းတူ စိတ်ဆန္ဒမျိုး ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ရှားဝူကျင်းက အားမေကို ဦးဆောင်ကာ ဓားထက်ထက်တစ်ချောင်းက အကွာအဝေးကို ဖြတ်တောက်သွားသကဲ့သို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏ မိစ္ဆာစစ်သူကြီးများကပင် သူ့ကို မတားဆီးနိုင်သည်ကို မြင်သောအခါ ယင်းနဂါးမင်းကြီး၏ မျက်မှောင်များမှာ နက်ရှိုင်းစွာ ကုတ်ကျသွားလေသည်။

ချက်ချင်းပင် သူက လှုပ်ရှားလိုက်ပြီး ရှားဝူကျင်းဆီသို့ ခုန်အုပ်သွားလေသည်။

"သားရဲတစ်ရာတောင်ထဲမှာ ဒီလိုမျိုး သိုင်းပညာရှင်တစ်ယောက် ပုန်းအောင်းနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."

ရှားဝူကျင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို သတိပြုမိသွားသော ယင်းနဂါးမင်းကြီးသည် သူ့ကို ထွက်ခွာခွင့် မပြုချင်တော့ပေ။

ဤမျှ အစွမ်းထက်သော သူတစ်ယောက်က မတိုက်ခိုက်ဘဲ ထွက်ပြေးရန် ကြိုးစားနေသည် ဟုတ်သလော...။ ယင်းနဂါးမင်းကြီး၏ အမြင်တွင် သားရဲတစ်ရာတောင်တွင် လှည့်ကွက်များ ရှိနေရမည်ဖြစ်ရာ မည်သည့်အရာမဆို မဖြစ်လာမီ သူ့ကို အရင်တားဆီးထားခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

ရွှီး…

ယင်းနဂါးမင်းကြီးက သူ၏ လက်ကို မြှောက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားပြင်းထန်လှသော အနက်ရောင် ရေစီးကြောင်းကြီး တစ်ခု ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါသော အရှိန်အဟုန်ဖြင့် ရှားဝူကျင်းဆီသို့ တဟုန်ထိုး စီးဆင်းသွားလေသည်။

မိစ္ဆာဘုရင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ယင်းနဂါးမင်းကြီးသည် သာမန် သေမျိုးခန္ဓာကို စွန့်ပယ်ကာ နတ်မိစ္ဆာအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

သို့သော်လည်း ယင်းနဂါးမင်းကြီး၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကြီးကို ရင်ဆိုင်ရချိန်တွင် ရှားဝူကျင်းသည် သူ၏ လက်ဝါးတစ်ဖက်တည်းဖြင့်သာ ပြန်လည်တိုက်ခိုက်လိုက်လေသည်။

သူသည် တစ်ပါးသူ၏ အာရုံစိုက်ခံရမှုကို မလိုလားသော်လည်း ယခု ထွက်ခွာတော့မည့် အချိန်တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သူသည် ကောင်းကင်နတ်မင်းအဆင့် ကျင့်စဉ်စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ထိုလက်ဝါးရိုက်ချက်ဖြင့် ယင်းနဂါးမင်းကြီး ပစ်လွှတ်လိုက်သော မှော်စွမ်းအင်များကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

ထို့အပြင် သူ၏ လက်ဝါးမှ အညှာအတာကင်းမဲ့သော စွမ်းအားကြီးသည် ယင်းနဂါးမင်းကြီး၏ ခန္ဓာကိုယ်ကို ဝင်ရောက်ရိုက်ခတ်သွားလေသည်။ စူးရှသော အော်ဟစ်သံကြီးနှင့်အတူ ယင်းနဂါးမင်းကြီးသည် လေထဲမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။

"ဘာ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သားရဲတစ်ရာတောင်ရှိ ဖရိုဖရဲ အခြေအနေကြီးသည် ခေတ္တမျှ ရပ်တန့်သွားသယောင် ရှိသွားပြီး မရေမတွက်နိုင်သော လူများစွာသည် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်လာကြကာ ရှားဝူကျင်းနှင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသော ယင်းနဂါးမင်းကြီးကို အလှည့်ကျ ကြည့်ရှုလိုက်ကြလေသည်။

မိစ္ဆာသတ္တဝါများသည် ယင်းနဂါးမင်းကြီး၏ ကျင့်စဉ်အဆင့်ကို ကောင်းစွာ သိရှိထားကြလေသည်။ သူသည် မိုင်ထောင်ပေါင်းများစွာအတွင်း အစွမ်းအထက်ဆုံးသော မိစ္ဆာဘုရင်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း သူသည် တစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်လော။ ထိုပုဂ္ဂိုလ်က မည်သူနည်း။

***

အပိုင်း(၃၆၀)

"မိစ္ဆာစစ်သူကြီး လျိုရှားလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူ.. သူကလေ..."

သားရဲတစ်ရာတောင်မှ မိစ္ဆာမျိုးနွယ်များသည် ရှားဝူကျင်းကို ကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။

သူတို့သည် ရှားဝူကျင်းကို မှတ်မိကြပြီး သူသည် သားရဲတစ်ရာတောင်၏ ထိပ်တန်း မိစ္ဆာစစ်သူကြီး ဆယ်ဦးအနက် တစ်ဦးဖြစ်ကြောင်း သိထားကြလေသည်။ သို့သော်လည်း မိစ္ဆာစစ်သူကြီးအဆင့် စွမ်းအားလေးဖြင့် သူက ယင်းနဂါးမင်းကြီးကို လက်တစ်ချက် ဝှေ့ရုံဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်နိုင်သည်လော။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

"လျိုရှား… ရှင်က..."

သားရဲတစ်ရာတောင်ရှိ မိစ္ဆာမျိုးနွယ်များနှင့် ယင်းနဂါးမင်းကြီး၏ လက်အောက်ခံများသာမက အားမေပင်လျှင် သူမ၏ မျက်လုံးများကို မယုံကြည်နိုင်အောင် ဖြစ်သွားရပြီး သူမဘေးရှိ ရှားဝူကျင်းကို မှင်တက်စွာ ကြည့်နေမိလေသည်။

အားမေ၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားသော်လည်း သူမတွင် စွမ်းအားများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်မှု ရှိထားလေရာ ယင်းနဂါးမင်းကြီးပင် လက်ဝါးတစ်ချက်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည့် အဖြစ်က မည်မျှ ထိတ်လန့်ဖွယ်ရာ ကောင်းကြောင်း သိရှိထားပေသည်။

လျိုရှားသည် သာမန် မိစ္ဆာစစ်သူကြီး တစ်ဦးတော့ လုံးဝ မဖြစ်နိုင်ပေ။ သို့ဆိုလျှင် သူက တကယ်တမ်း ဘယ်သူများနည်း။

ထို့အပြင် သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပါလျက်နှင့် အဘယ်ကြောင့် ယခုအချိန်အထိ မိစ္ဆာစစ်သူကြီး အဖြစ်သာ နေထိုင်ပြီး သားရဲတစ်ရာတောင်တွင် ပုန်းအောင်းနေခဲ့ရသနည်း။

"တော်တော့… အခု မေးခွန်းတွေ အများကြီး မမေးနဲ့ဦး… နောက်မှ ငါ သေချာ ရှင်းပြမယ်..."

အဖြေတစ်ခု လိုချင်နေသော အားမေ၏ အံ့အားသင့်နေသည့် မျက်နှာကို မြင်သောအခါ ရှားဝူကျင်းက နောက်ထပ် ရှင်းပြရန် ရည်ရွယ်ချက် မရှိဘဲ ခေါင်းခါလိုက်လေသည်။

စကားပြောဆိုနေစဉ်အတွင်းမှာပင် သူသည် အားမေနှင့်အတူ အဝေးဆီသို့ ဆက်လက်ထွက်ပြေးသွားလေသည်။

ဤတစ်ကြိမ်တွင်မူ သားရဲတစ်ရာတောင်မှ မိစ္ဆာမျိုးနွယ်များ ဖြစ်စေ၊ ယင်းနဂါးမင်းကြီး၏ လက်အောက်ခံများ ဖြစ်စေ၊ မည်သည့် မိစ္ဆာတစ်ကောင်ကမျှ သူတို့ကို ဝင်ရောက်တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။ ရှားဝူကျင်းနှင့် အားမေတို့ အဝေးဆီသို့ ထွက်ပြေးလွတ်မြောက်သွားသည်ကိုသာ ကြည့်နေနိုင်ကြလေသည်။

"နတ်မိစ္ဆာ ဟုတ်လား..."

ထိုအချိန်မှာပင် ယင်းနဂါးမင်းကြီးသည် မြေပြင်ပေါ်မှ ပြန်ထလာခဲ့ပြီး ခေါင်းမော့ကာ ရှားဝူကျင်း၏ ကျောပြင်ကို လေးနက်စွာ စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများတွင် တည်ကြည်လေးနက်မှုများ ပြည့်နှက်နေလေသည်။

သူ၏ ကိုယ်ပိုင် ကျင့်စဉ်အဆင့်ဖြင့်ပင် လက်ဝါးတစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်ဆိုလျှင် ပြိုင်ဘက်သည် နတ်မိစ္ဆာအဆင့်သို့ ရောက်ရှိနေပြီဖြစ်မည်မှာ သေချာလေသည်။

နတ်မိစ္ဆာအဆင့်ရှိသော တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ယင်းနဂါးမင်းကြီး၌ တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် ရဲစွမ်းသတ္တိများ ကင်းမဲ့သွားခဲ့လေသည်။

ဘုန်း...

ရှားဝူကျင်းနှင့် အားမေတို့ သားရဲတစ်ရာတောင် နယ်မြေမှ ထွက်ခွာတော့မည့် အချိန်မှာပင် လေဟာနယ်အတွင်း၌ ရုတ်တရက် ဖောက်ထွင်းမြင်နိုင်လုနီးပါးရှိသော အတားအဆီးတစ်ခု ထွက်ပေါ်လာလေသည်။

ရှားဝူကျင်း၏ ခေါင်းသည် ထိုအတားအဆီးနှင့် ဝင်တိုက်မိသွားပြီး သူသည် နောက်သို့ တိုက်ရိုက် လွင့်စင်သွားခဲ့လေသည်။

"ဒါက ဘာတွေ ဖြစ်နေတာလဲ..."

နာကျင်သွားသောကြောင့် သူ၏ ခေါင်းကို ပွတ်သပ်ရင်း ရှားဝူကျင်းသည် သူ၏ အရှေ့ရှိ အရာကို စိုက်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် သဘောပေါက်သွားလေသည်။

တစ်စုံတစ်ယောက်က သားရဲတစ်ရာတောင်ကို လုံးဝ ပိတ်လှောင်ထားပြီး တောင်ကို ချိပ်ပိတ်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထွက်ပြေးခွင့် မပြုထားခြင်း ဖြစ်လေသည်။

"ငါက ငါးအသေးလေးတွေပဲ ဖမ်းမိမယ် ထင်ထားတာ… ငါးကြီးကြီး တစ်ကောင်ကိုပါ ပိုက်ကွန်ထဲ မိလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."

တစ်ချိန်တည်းမှာပင် ရွှင်လန်းသော အသံတစ်သံ ထွက်ပေါ်လာပြီး လူရိပ်များ စတင်ထွက်ပေါ်လာလေသည်။ ထို့အပြင် ကောင်းကင်ယံတွင် ဧရာမ ပျံသန်းရေး သင်္ဘောကြီး နှစ်စီးကလည်း လေထဲတွင် ဝဲပျံနေလေသည်။

"လူသားတွေ..."

ဤလူရိပ်များနှင့် လေထဲတွင် ဆိုင်းငံ့နေသော ပျံသန်းရေး သင်္ဘောကြီးကို မြင်လိုက်ရသောအခါ ရှားဝူကျင်း၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားခဲ့လေသည်။

သားရဲတစ်ရာတောင်ဘက်ရှိ ယင်းနဂါးမင်းကြီးနှင့် တိုက်ပွဲထဲတွင် ပါဝင်နေခဲ့ကြသော မိစ္ဆာဘုရင်များစွာသည်လည်း သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေသည်။ သူတို့သည် စစ်မြေပြင်တစ်ခုလုံးမှာ သူတို့မသိလိုက်ဘဲ ချိပ်ပိတ်ခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိသွားကြပြီး သူတို့ တစ်ဦးချင်းစီ၏ မျက်နှာများ ပျက်သွားကြလေတော့သည်။

"မင်းတို့က ဘယ်သူတွေလဲ... နတ်လက်နက်ဂိုဏ်းက လူတွေလား..."

မိစ္ဆာမျိုးနွယ်များသည် အချင်းချင်း သတ်ဖြတ်နေကြသော်လည်း ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် နှစ်ဖက်စလုံးသည် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး အသစ်ထွက်ပေါ်လာသော လူများနှင့် လေထဲတွင် ဝဲပျံနေသော ပျံသန်းရေး သင်္ဘောကြီးပေါ်ရှိ လူရိပ်များစွာကို စူးစိုက်စွာ ကြည့်လိုက်ကြလေသည်။

နတ်လက်နက်ဂိုဏ်းကို မိစ္ဆာမျိုးနွယ်များက ကောင်းစွာ သိရှိထားကြလေသည်။ ၎င်းသည် မိုင်ထောင်ပေါင်းများစွာအတွင်းရှိ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုဖြစ်သည်။ ပုံမှန်အချိန်များတွင် နတ်လက်နက်ဂိုဏ်းနှင့် အနီးအနားရှိ မိစ္ဆာများသည် အဆက်မပြတ် တိုက်ခိုက်လေ့ရှိကြပေသည်။

သို့သော် ယနေ့ သူတို့၏ အနေအထားကို ကြည့်ရလျှင် နတ်လက်နက်ဂိုဏ်းသည် သာမန် ပွတ်တိုက်မှုလေးများထက် ကျော်လွန်နေပုံရလေသည်။ သူတို့သည် သားရဲတစ်ရာတောင်ရှိ မိစ္ဆာများအားလုံးကို တစ်ကြိမ်တည်းဖြင့် အကုန်အစင် ဖမ်းဆီးရန် ရည်ရွယ်ထားပုံပေါ်လေသည်။

"မင်းတို့ရဲ့ လောဘက ကြီးလှချည်လား... ငါရော ဒီသားရဲတစ်ရာတောင်က ကောင်တွေရော အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းပစ်ဖို့ ရည်ရွယ်ထားတာလား..."

ထိုအချိန်တွင် ယင်းနဂါးမင်းကြီးက နတ်လက်နက်ဂိုဏ်းမှ လူများကို ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"မင်းတို့ မိစ္ဆာတွေက လူ့ပြည်အတွက် ကပ်ဆိုးကြီးတစ်ခု ဖြစ်နေတာဆိုတော့… ငါတို့ နတ်လက်နက်ဂိုဏ်းက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပေးရမှာပေါ့..."

ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူများရှိသော ပုံရိပ်တစ်ခုက ရှေ့သို့ထွက်လာပြီး သားရဲတစ်ရာတောင်မှ မိစ္ဆာများနှင့် ယင်းနဂါးမင်းကြီးကို လှမ်း၍ ရဲရဲတောက် ကျယ်လောင်စွာ စကားဆိုလိုက်လေသည်။

"ခွေးစကားတွေ..."

အဘိုးအို၏ စကားကို ကြားသောအခါ ယင်းနဂါးမင်းကြီးက ပထမဆုံး တုံ့ပြန်လိုက်၏။ သူ၏ အသံက ဒေါသများနှင့် ပြည့်နှက်နေလေသည်။

"နှစ်ပေါင်းများစွာ တစ်လျှောက်လုံး မင်းတို့ နတ်လက်နက်ဂိုဏ်းက မိစ္ဆာနှိမ်နင်းရေးနဲ့ မကောင်းဆိုးဝါး ဖယ်ရှားရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါတို့ မိစ္ဆာမျိုးနွယ်ဝင်တွေကို လိုက်လံသတ်ဖြတ်နေခဲ့တာ… တကယ်တမ်းကျတော့ မင်းတို့ရဲ့ လက်နက်တွေ ဖန်တီးဖို့အတွက် မိစ္ဆာအရေခွံ၊ မိစ္ဆာအရိုးနဲ့ မိစ္ဆာသွေးတွေကို လိုချင်လို့ စုဆောင်းနေတာ မဟုတ်လား..."

"ရက်စက်ကြမ်းကြုတ်မှုနဲ့ ပတ်သက်လာရင်တော့ ငါတို့က မင်းတို့လို နတ်လက်နက်ဂိုဏ်းက သူတော်ကောင်းယောင်ဆောင်နေတဲ့ ကောင်တွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ..."

"အသုံးမကျတဲ့ စကားတွေ ရပ်လိုက်တော့..."

ယင်းနဂါးမင်းကြီး၏ စကားကို ကြားသောအခါ အဘိုးအိုက သူ၏ လက်ကို လျစ်လျူရှုဟန်ဖြင့် ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"ငါ့ရဲ့ ကောင်းကင်ပိုက်ကွန် အစီအရင်ကို ဖြန့်ကြက်လိုက်ပြီဆိုမှတော့… သေမျိုးခန္ဓာကို စွန့်ပယ်ထားတဲ့ နတ်မိစ္ဆာတွေတောင်မှ ထွက်ပြေးလို့ မလွတ်နိုင်တော့ဘူး... ဒီနေ့ မင်းတို့အားလုံး သေရမယ်… ပြီးတော့ မင်းတို့လို မိစ္ဆာတွေ လိုက်ပြီး ဒုက္ခမပေးနိုင်တော့ဘူးဆိုရင် လောကကြီးက သေချာပေါက် ငြိမ်းချမ်းသာယာတဲ့ အခြေအနေကို ပြန်ရောက်သွားမှာပဲ..."

"ယင်းနဂါးမင်းကြီး... စကားတွေ ဆက်ပြောမနေနဲ့တော့... နတ်လက်နက်ဂိုဏ်းက ဒီနေ့ ငါတို့ကို အကုန်ရှင်းပစ်ဖို့ ဆုံးဖြတ်ထားတာ ရှင်းနေပြီပဲ... ငါတို့ အခု ပူးပေါင်းမှ ရမယ်… ဒါမှ လွတ်မြောက်ဖို့ မျှော်လင့်ချက်လေး နည်းနည်း ရှိနိုင်လိမ့်မယ်..."

ထိုအချိန်တွင် သားရဲတစ်ရာတောင်မှ ကျားသစ်ဘုရင်က ယင်းနဂါးမင်းကြီးအား လှမ်း၍ အော်ပြောလိုက်လေသည်။

သားရဲတစ်ရာတောင်ရှိ ကြီးမြတ်သော မိစ္ဆာလေးပါးအနက် ဘုရင်ကြီးဖြစ်သော ကျားဘုရင်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်လေရာ ကျားသစ်ဘုရင်ကို သားရဲတစ်ရာတောင်၏ အုပ်စိုးသူအဖြစ် သတ်မှတ်ထားကြလေသည်။

"မှန်တယ်... ဒီလိုအချိန်မျိုးမှာ ငါတို့တွေ..."

ယင်းနဂါးမင်းကြီးက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ၏ စကားမဆုံးမီမှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ရွှီး...

ရုတ်တရက် သွေးရောင် အလင်းတန်း တစ်ခုသည် ကျားသစ်ဘုရင်၏ ခေါင်းကို ဖောက်ထွင်းသွားလေသည်။ ဤသွေးရောင် အလင်းတန်း၏ ဖောက်ထွင်းခံလိုက်ရပြီးနောက် ကျားသစ်ဘုရင်၏ ခန္ဓာကိုယ်မှာ မံမီအလောင်းကောင် တစ်ခုကဲ့သို့ ချက်ချင်း ခြောက်သွေ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

"သွေးအသွင်ပြောင်း နတ်အပ်..."

အလင်းတန်းက ကျားသစ်ဘုရင်အား ချက်ချင်း သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ယင်းနဂါးမင်းကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

"ဟား ဟား ဟား..."

နတ်လက်နက်ဂိုဏ်းမှ အဘိုးအိုက ရယ်မောလိုက်လေ၏။

"ယင်းနဂါးမင်းကြီး... သွေးအသွင်ပြောင်း နတ်အပ်မှာ ပိုင်ရှင်မရှိဘူးလို့ မင်းက ထင်နေတာလား... ငါက အစာချလိုက်တာလေးကို မင်းနဲ့ သားရဲတစ်ရာတောင်က ကြောင်ဘုရင် ဆိုတဲ့ကောင် သေမတတ် လုကြတော့တာပဲ..."

"ငါတို့ရဲ့ ဘုရင်ကြီးက ကျားဘုရင်ကွ… ကြောင်ဘုရင် မဟုတ်ဘူး..."

အထင်အမြင်သေးကာ လှောင်ပြောင်နေသော စကားများကြောင့် သားရဲတစ်ရာတောင်ရှိ မိစ္ဆာများမှာ ဒေါသထွက်သွားကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေသည်။

"လက်စသတ်တော့ ဒါတွေအားလုံးက မင်းတို့ နတ်လက်နက်ဂိုဏ်းက ချထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နေတာကိုး..."

ဤစကားကို ကြားသောအခါ ယင်းနဂါးမင်းကြီးမှာ ရုတ်တရက် သဘောပေါက်သွားပြီး ထိတ်လန့်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်သွားလေသည်။

"စကားတွေ များနေတာ တော်လောက်ပြီ... တိုက်ကြစို့..."

အံ့သြထိတ်လန့်မှုနှင့် ဒေါသများ ရောယှက်နေသော မိစ္ဆာများကို ကြည့်ရင်း နတ်လက်နက်ဂိုဏ်းမှ အဘိုးအိုသည် ကြီးမားလှသော ကျေနပ်မှုကို ခံစားလိုက်ရပြီး စကားဆက်ပြောလိုစိတ် မရှိတော့ဘဲ သူ၏ လက်ကိုဝှေ့ယမ်းလိုက်လေသည်။

အဘိုးအို၏ အချက်ပြမှုနှင့်အတူ အပြင်ဘက်ရှိ ကျင့်ကြံသူများသည် သူတို့၏ မှော်လက်နက်များကို လျင်မြန်စွာ ထုတ်ယူဝှေ့ယမ်းလိုက်ကြပြီး မိစ္ဆာများကို စတင်တိုက်ခိုက်လိုက်ကြလေတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် မှော်လက်နက်များသည် မိုးများ ရွာကျလာသည့်အလား သားရဲတစ်ရာတောင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။

***

All Chapters