အခန်း (၃၆၁-၃၆၂)
Vol. 26 Ch. 361-362
အပိုင်း(၃၆၁)
ကောင်းကင်ပိုက်ကွန် အစီအရင်သည် ဧရာမ ပိုက်ကွန်ကြီးတစ်ခုသဖွယ် သားရဲတစ်ရာတောင်ရှိ မိစ္ဆာများအားလုံးကို ၎င်း၏အတွင်း၌ ပိတ်လှောင်ထားခဲ့ပြီးနောက် တိုက်ခိုက်မှုများ အားလုံးသည် ပိတ်မိနေသော မိစ္ဆာများပေါ်သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာကာ သူတို့အား လွတ်မြောက်ရန် မည်သည့်အခွင့်အရေးမျှ မပေးတော့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် စူးရှသော အော်ဟစ်သံများသည် လေထုထဲတွင် ပြည့်နှက်သွားပြီး သားရဲတစ်ရာတောင်မှ မိစ္ဆာမြောက်မြားစွာသည် ပြင်းထန်စွာ ထိခိုက်သေဆုံးကုန်ကြလေသည်။ စုပြုံကျဆင်းလာသော မှော်လက်နက်များ၏ တိုက်ခိုက်မှုအောက်တွင် မိစ္ဆာများသည် တံစဉ်အောက်မှ စပါးနှံများပမာ လဲကျသေဆုံးသွားကြလေသည်။
ဤသေရေးရှင်ရေး အရေးကြီးသော အချိန်ကာလတွင် ရှားဝူကျင်းသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေးကို ထုတ်ယူကာ အစီအရင်ကြီး၏ လေဟာနယ်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဘုန်း...
ရှားဝူကျင်း၏ တိုက်ခိုက်မှုနှင့်အတူ ကောင်းကင်ပိုက်ကွန် အစီအရင်အတွင်း၌ ငြိမ်သက်နေသော ရေကန်တစ်ခုအတွင်းသို့ ကျောက်ခဲများ ပစ်ချလိုက်သကဲ့သို့ လှိုင်းဂယက်များ ထကြွလာခဲ့လေသည်။
သို့သော်ငြားလည်း ရှားဝူကျင်း၏ တိုက်ခိုက်မှုက အစီအရင် တစ်ခုလုံးကို လှိုင်းဂယက်များ ထစေခဲ့သော်လည်း ထိုအစီအရင်ကြီးမှာ ပြိုကျပျက်စီးသွားမည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။
"နတ်မိစ္ဆာတဲ့လား... ဒါက မထင်မှတ်ထားတဲ့ ဆုလာဘ်ကြီးပါလား..."
ရှားဝူကျင်း၏ လုပ်ရပ်များသည် နတ်လက်နက်ဂိုဏ်းမှ လူများ၏ အာရုံကို ဖမ်းစားသွားခဲ့ပြီး ဦးဆောင်သူ အဘိုးအို၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။
အကယ်၍ သူတို့သာ ဤနတ်မိစ္ဆာကို သတ်ဖြတ်နိုင်ခဲ့မည်ဆိုပါက သူ၏ ခန္ဓာကိုယ်သည် နတ်အဆင့် မှော်လက်နက် တစ်ခု ဖန်တီးရန်အတွက် အလွန်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်လာမည် မဟုတ်ပါလော။
...
ကောင်းကင်ဘုံ၊ တောက်ရွှိုင်နန်းတော်၌ ထိုက်ရှန်းလောင်ကျွင်း သည် တိတ်ဆိတ်စွာ ထိုင်နေပြီး တည်ကြည်ခန့်ညားသော အမူအရာဖြင့် နတ်မင်းတစ်ပါး၏ ပုံရိပ်ကို အပြည့်အဝ ပေါ်လွင်နေစေလေသည်။
ထိုက်ရှန်းလောင်ကျွင်း ၏ အရှေ့တွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကွမ်ယင် ဗောဓိသတ်သည် မျက်နှာချင်းဆိုင်၌ ထိုင်နေလေသည်။
မကြာမီမှာပင် ကောင်လေးတစ်ယောက်သည် ကြည်လင်သော လက်ဖက်ရည် နှစ်ခွက် တင်ထားသည့် ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး တစ်ခွက်ကို ထိုက်ရှန်းလောင်ကျွင်း ၏ အရှေ့တွင် ချထားပေးကာ ကျန်တစ်ခွက်ကို ကွမ်ယင် ဗောဓိသတ်၏ အရှေ့တွင် ချထားပေးလေသည်။
"ဗောဓိသတ်... လက်ဖက်ရည် သုံးဆောင်ပါဦး..."
ထိုက်ရှန်းလောင်ကျွင်း က သူ၏ အရှေ့ရှိ ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက် စကားဆိုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် တိုက်ရှန်းလောင်ကျွင်း..."
ထိုက်ရှန်းလောင်ကျွင်း သောက်ပြီးနောက်တွင် ဗောဓိသတ်ကလည်း သူမ၏ အရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ ကျေးဇူးတင်စကား တိုးတိုးလေး ဆိုလိုက်လေသည်။
"ဗောဓိသတ်... မကြာသေးခင်ကမှ ကျမ်းစာပင့် ခရီးစဉ် ကိစ္စတွေနဲ့ အလုပ်များနေခဲ့တာ မဟုတ်လား… ဒီနေ့ ငါ့ရဲ့ တောက်ရွှိုင်နန်းတော်ဆီကို ဘာကိစ္စများ ရှိလို့ ရောက်လာရတာလဲ..."
လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီးနောက် ထိုက်ရှန်းလောင်ကျွင်း သည် သူ၏ အရှေ့ရှိ ဗောဓိသတ်ကို တည်ငြိမ်စွာ ကြည့်ကာ မည်သည့် နိဒါန်းပျိုးမှုမျှ မပါဘဲ လိုရင်းကိုသာ တည့်တိုး မေးလိုက်လေသည်။
" ဒီနေ့ ကျွန်မ အကူအညီလေးတစ်ခု တောင်းချင်လို့ ရောက်လာခဲ့တာပါ..."
ကြည်လင်သော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက် ဗောဓိသတ်သည် သူမ၏ ခွက်ကို ချထားကာ ခေါင်းကို အနည်းငယ် ငုံ့လျက် ပြောလိုက်လေသည်။
"ငါ့ရှေ့မှာတော့ မင်းက တပည့်တစ်ယောက်လို ပြုမူနေစရာ မလိုပါဘူး..."
သို့သော်လည်း ဗောဓိသတ်၏ စကားကို တုံ့ပြန်ရာတွင် ထိုက်ရှန်းလောင်ကျွင်း က မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
ဗောဓိသတ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်မ အကူအညီတစ်ခု တောင်းခံဖို့ ရောက်လာတာပါ..."
"လွတ်လွတ်လပ်လပ် သာ ပြောပါ..."
ထိုက်ရှန်းလောင်ကျွင်းက သူ၏ အမူအရာကို တည်ငြိမ်စွာ ထားရှိလျက် ပြောလိုက်လေသည်။
"ကျမ်းစာပင့် ခရီးစဉ် ရဲ့ လမ်းခရီးမှာ ကြုံတွေ့ရမယ့် အခက်အခဲ ၈၁ ပါးက ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ပေမဲ့… ဒီဘဝမှာတော့ ရွှမ်ကျန်းက ကံတရားက ရွေးချယ်ထားသူ တစ်ယောက်အနေနဲ့ ထူးဆန်းမှုတွေ အများကြီးကို တွေ့ကြုံနေရတယ်..."
"သူ့ရဲ့ ကျင့်စဉ်စွမ်းအားတွေက နေ့စဉ်နဲ့အမျှ ခုန်ပျံကျော်လွှားပြီး တိုးတက်နေတယ်… ပြီးတော့ သူက ဥပဒေသစွမ်းအားကိုတောင် အကြမ်းဖျင်း နားလည်သဘောပေါက်နေပြီဆိုတော့ကာ အခက်အခဲ ၈၁ ပါး အပြည့်အဝ ပြည့်မြောက်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်..."
ဗောဓိသတ်သည် ထိုက်ရှန်းလောင်ကျွင်း ၏ အရှေ့တွင် စကားကို လှည့်ပတ်ပြောဆိုနေရန် ရည်ရွယ်ချက် မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
"ဪ..."
ဤစကားကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်း သည် အံ့အားသင့်သွားသော အမူအရာဖြင့် သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်ကာ ပြောလိုက်လေသည်။
"ရွှမ်ကျန်းက ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး တစ်ယောက်ပဲ မဟုတ်ဘူးလား… သူ့ရဲ့ ကျင့်စဉ်တိုးတက်မှုက ဒီလောက်တောင် မြန်ဆန်နေတာလား..."
"ဟုတ်ပါတယ်… ကျွန်မ သိထားသလောက်တော့ သူ ကျင့်ကြံလာတာ တစ်နှစ်ကျော်လေးပဲ ရှိပါသေးတယ်… ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်က ဥပဒေသထိန်းချုပ်ခြင်းအဆင့်ကို ရောက်နေပါပြီ..."
ဗောဓိသတ်က ခေါင်းအနည်းငယ် ညိတ်ပြကာ ဖြေကြားလိုက်လေသည်။
"ဥပဒေသထိန်းချုပ်ခြင်းအဆင့် ဟုတ်လား..."
ထိုက်ရှန်းလောင်ကျွင်း ၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုမှာ ပိုမိုနက်ရှိုင်းသွားခဲ့လေသည်။
ထိုက်ရှန်းလောင်ကျွင်း အတွက် ဥပဒေသထိန်းချုပ်ခြင်းအဆင့်မှာ အသေးအဖွဲမျှသာ ဖြစ်သော်လည်း တစ်နှစ်တာ အချိန်လေးအတွင်း ဤမျှသော အဆင့်တစ်ခုသို့ ရောက်ရှိသွားနိုင်ခြင်းကတော့...
သည်နှုန်းအတိုင်းသာဆိုရင် နောက်ထပ် နှစ်အနည်းငယ်လောက် ကြာရင် သူက သေမျိုးခန္ဓာကို စွန့်ပယ်ပြီး နတ်အဆင့် လမ်းစဉ်ကို အောင်မြင်သွားနိုင်သည် မဟုတ်ပါလော။
"တစ်ယောက်ယောက်ကများ သူ့ကို ကျင့်ကြံဖို့ သင်ပေးထားတာလား..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုက်ရှန်းလောင်ကျွင်း က ဗောဓိသတ်အား မေးလိုက်လေသည်။
"လုံးဝ မဟုတ်ပါဘူး..."
ခေါင်းခါပြရင်း ဗောဓိသတ်က ပြန်ဖြေလိုက်လေသည်။
"ကျွန်မ သိထားသလောက်တော့… သူက ကျမ်းစာပင့် ခရီးစဉ်ကို မထွက်ခွာခင် နံ့သာတိုင်ပူဇော်ပွဲ အပြီးမှာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်တစ်ခုကိုပဲ ရရှိခဲ့တာပါ… ပြီးတော့ သူက လမ်းညွှန်ပြသပေးမယ့်သူ မရှိဘဲ တစ်ယောက်တည်း ကျင့်ကြံနေခဲ့တာပါ..."
"လမ်းညွှန်ပေးမယ့်သူ မရှိဘဲ ကျင့်စဉ်တစ်ခုတည်းနဲ့တင် ဒီလောက်တောင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာလား..."
ဤစကားကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်း မှာ အနည်းငယ် ဂဏှာမငြိမ်ဖြစ်သွားကာ အံ့သြတကြီး ရေရွတ်လိုက်လေသည်။ ဤမျှ အရောင်မတင်ရသေးသော ရတနာတစ်ပါးကို သေချာစွာ လမ်းညွှန်သင်ကြားပေးမည်ဆိုပါက သူ၏ တိုးတက်မှုနှုန်းမှာ မည်မျှတောင် အံ့မခန်း ဖြစ်လာမည်နည်း။
ခေတ်သစ်အသုံးအနှုန်းဖြင့် ဆိုရလျှင် နာမည်ကျော် ဆရာတစ်ဦး၏ အကူအညီဖြင့် ချင်းဟွာ သို့မဟုတ် ပေကျင်း ကဲ့သို့သော ထိပ်တန်း တက္ကသိုလ်ကြီးများသို့ ဝင်ခွင့်ရခြင်းက ချီးကျူးထိုက်ပေသည်။
သို့သော် တစ်စုံတစ်ယောက်က ကျောင်းသုံးစာအုပ် အချို့ကိုသာ ဝယ်ယူပြီး ကိုယ်တိုင်လေ့လာရုံသက်သက်ဖြင့် ထိပ်တန်း အထက်တန်းကျောင်းသို့ ဝင်ခွင့်ရသွားမည်ဆိုပါကရော။ ဤမျှသော ပါရမီကို မည်သူက အံ့မခန်း မဖြစ်ဘဲ နေနိုင်မည်နည်း။
"အရှင်မင်းမြတ်... ရွှမ်ကျန်းက မဟာယနဂိုဏ်းရဲ့ တပည့်တစ်ပါးပါ… တထာဂတရဲ့ တပည့်တစ်ပါးပါ..."
ထိုက်ရှန်းလောင်ကျွင်း ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ ဗောဓိသတ်သည် သူ၏ အတွေးများကို ခန့်မှန်းမိသွားပြီး ချက်ချင်းပင် သတိပေးလိုက်လေသည်။
ဗောဓိသတ်၏ သတိပေးစကားကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်း ၏ ရင်တွင်းရှိ ထိုပါရမီရှင်လေးကို စည်းရုံးလိုသော အတွေးများမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားပြီး သူက လက်မြှောက်အရှုံးပေးဟန်ဖြင့် တိတ်ဆိတ်စွာ ခေါင်းခါလိုက်လေသည်။
မဟာယနဂိုဏ်းသည် ထွန်းလင်းတောက်ပလာရန် ကံကြမ္မာပါပြီးသား ဖြစ်လေသည်။ ကောင်းကင်ဘုံ ဥပဒေသမှ ပြဋ္ဌာန်းထားသော ကိစ္စရပ်များကို ရှောင်လွှဲရန် အမှန်တကယ်ပင် မဖြစ်နိုင်ပုံပေါ်လေသည်။
"ကံကြမ္မာဆိုတာ ဆုပ်ကိုင်ရခက်ပေမဲ့ တကယ်ရှိနေတဲ့ အရာတစ်ခုပဲ… ငါတို့တင် မဟုတ်ဘူး မူလအစ သူတော်စင် တွေတောင်မှ ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ ခက်ခဲလိမ့်မယ်… ရွှမ်ကျန်းက ကံတရားရဲ့ မျက်နှာသာပေးမှုကို ရရှိထားပြီး မွေးရာပါ ဥပဒေသစွမ်းအားကို ထိတွေ့နိုင်စွမ်း ရှိနေမှတော့… ဒါက မဟာယနဂိုဏ်း အတွက် ကံကောင်းတဲ့ အလှည့်အပြောင်း တစ်ခုပါပဲ..."
"အခက်အခဲ ၈၁ ပါးက အရေးကြီးနိုင်ပေမဲ့ အခုအခြေအနေတွေအရတော့ မဟာယနဂိုဏ်းက သေချာပေါက် အလွန် ဝမ်းသာနေလောက်ပြီ မဟုတ်လား..."
ထိုက်ရှန်းလောင်ကျွင်း သည် လက်ဖက်ရည်ခွက်ကို ပြန်လည် ကောက်ကိုင်လိုက်ပြီး စကားဆိုလိုက်လေသည်။ ဗောဓိသတ်သည် သူ၏ စကားကို ကန့်ကွက်ငြင်းဆန်ခြင်း မပြုခဲ့ချေ။
ယင်းမှာ အမှန်ပင် ဖြစ်လေသည်။ ကျန်းလျိုသည် လျင်မြန်စွာ တိုးတက်နေပြီး ဥပဒေသစွမ်းအား၏ အကူအညီပင် ရှိနေသောကြောင့် အခက်အခဲ ၈၁ ပါး အပြည့်အဝ ပြည့်မြောက်ရန် ခက်ခဲနေစေကာမူ ယေဘုယျအားဖြင့် ကျန်းလျိုသည် မဟာယနဂိုဏ်း၏ တပည့်တစ်ပါး ဖြစ်နေသောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ မဟာယနဂိုဏ်းသည် စိုးရိမ်ပူပန်မှုထက် ဝမ်းမြောက်မှုက ပိုမိုများပြားနေခဲ့လေသည်။
ထိုက်ရှန်းလောင်ကျွင်း ၏ စကားကို မငြင်းဆန်ဘဲ ဗောဓိသတ်က ပြောလိုက်လေသည်။
"ဒါကြောင့်မို့လို့ ဒီကိစ္စတွေကြောင့်ပဲ ဒီနေ့ ကျွန်မ အကူအညီ လာတောင်းရတာပါ... အခက်အခဲတွေ ထပ်တိုးဖို့အတွက် တာအိုဘိုးဘိုးကြီး ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
"ကျမ်းစာပင့် ခရီးစဉ် ဆိုတာ ကြီးမားတဲ့ ဘေးဒုက္ခကြီးတစ်ခုပဲ… မကြာသေးခင်က ပန်ကျား မြွေပါ သေဆုံးသွားတဲ့ ကိစ္စက ကောင်းကင်ဘုံ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီ… ငါက ငါ့ရဲ့ တပည့်တစ်ယောက်ကို ဒီဒုက္ခထဲမှာ ဝင်ပါခိုင်းလိုက်မယ်ဆိုရင် ဒါက လူသိရှင်ကြား ကြေညာသလို ဖြစ်မနေဘူးလား..."
ထိုက်ရှန်းလောင်ကျွင်းက ဗောဓိသတ်ကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။
ကွမ်ယင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အံကြိတ်ကာ ပြောလိုက်လေသည်။
"အောမိတော်ဖော... လွန်ခဲ့တဲ့ အချိန်က မျောက်မင်းက ပါကွ မီးဖိုကြီးကို မှောက်ချပစ်ခဲ့တယ်လို့ ကြားဖူးပါတယ်… အချိန်အတော်ကြာခဲ့ပြီဖြစ်လို့ အရှင်မင်းမြတ်က ပြုပြင်ပြီးသွားပြီ ဆိုပေမဲ့ ကုန်ကြမ်းပစ္စည်းတွေ ကန့်သတ်ချက်ရှိတာကြောင့် မီးဖိုကြီးမှာ အပြစ်အနာအဆာ နည်းနည်းလေးတော့ ရှိနေသေးတယ်... ကျွန်မရဲ့ မိုးမခကိုင်းက အဲဒါကို တစ်ဝက် တိတိ ဖြတ်ပေးနိုင်ပါတယ်...”
ထိုအချိန် ရတနာဆင် တိုင်းပြည်အတွင်း၌မူ ကျန်းလျိုသည် သူ၏ နတ်သစ်ပင် တောင်ဝှေးကို ကိုင်ဆောင်လျက် နန်းတော်နှင့် မိုင်သုံးရာကျော် ဝေးကွာသော မှောင်မိုက်သည့် တောအုပ်တစ်ခုထဲတွင် ရှိနေလေသည်။ မိစ္ဆာများ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက် ထွက်ပေါ်လာနေပြီး ရတနာဆင် တိုင်းပြည်မှ စစ်သည်ထောင်ပေါင်းများစွာသည် သူတို့၏ လက်နက်များကို ဝှေ့ယမ်းကာ ထိုမိစ္ဆာများကို သတ်ဖြတ်ရန် တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်နေကြလေသည်။
မကြာသေးမီက ကျန်းလျိုသည် အခြားလုပ်စရာ ကိစ္စမရှိသည့်အခါ တရားထိုင်ကာ ကျင့်ကြံလေ့ရှိပြီး အားလပ်ချိန်များတွင် ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်အား မိစ္ဆာသတ္တဝါများ၏ တည်နေရာကို ရှာဖွေခိုင်းလေ့ရှိလေသည်။
ရှာတွေ့သွားသည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် မိစ္ဆာနှိမ်နင်းရေးနှင့် မကောင်းဆိုးဝါး ဖယ်ရှားရေးတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်ရန် အလွန်ပင် ဆန္ဒပြင်းပြနေခဲ့လေသည်။
ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်ကလည်း ကျန်းလျိုသည် မိစ္ဆာနှိမ်နင်းရေးနှင့် မကောင်းဆိုးဝါး ဖယ်ရှားရေးတို့တွင် အလွန်တရာ စိတ်အားထက်သန်နေကြောင်း သတိပြုမိသွားလေသည်။ ထို့ကြောင့် မိစ္ဆာများ၏ တည်နေရာကို ရှာဖွေရန် လူအများအပြားကို စေလွှတ်ပေးခဲ့လေသည်။
မည်သို့ပင်ဆိုစေ ရွှမ်ကျန်းဆရာတော်က မိစ္ဆာဆိုးများကို ပိုမို နှိမ်နင်းပေးနိုင်လေလေ သူ၏ ရတနာဆင် တိုင်းပြည်အတွက် ပိုမို အကျိုးရှိလေလေ မဟုတ်ပါလော။
***
အပိုင်း(၃၆၂)
ယခု တစ်ကြိမ်တွင်တော့ ဤနေရာ၌ အခြေချနေထိုင်နေသော မိစ္ဆာသတ္တဝါ တစ်စုကို ရှာဖွေတွေ့ရှိပြီးနောက် ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်သည် ကျန်းလျို ကွပ်ကဲရန်အတွက် စစ်သည်အင်အား နှစ်ထောင်ကို ခွဲဝေပေးလိုက်သည်။
စစ်သည်ထောင်ပေါင်းများစွာနှင့် မိစ္ဆာများကြား တိုက်ပွဲမှာ အလွန် ပြင်းထန်လှပြီး နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေခဲ့လေသည်။
ကျန်းလျိုသည် နဂါးမြင်းဖြူပေါ်တွင် ထိုင်လျက် ထိုစစ်သည်များကို အမိန့်ပေး ကွပ်ကဲနေပြီး အမှန်တကယ်ပင် ခန့်ညားထည်ဝါလှပေသည်။
အကယ်၍ ကျန်းလျိုသာ ပုလဲ သင်္ကန်းကို ဝတ်ဆင်မထားဘဲ စစ်သူကြီး တစ်ဦး၏ ချပ်ဝတ်တန်ဆာကိုသာ ဝတ်ဆင်ထားမည်ဆိုပါက ပို၍ပင် လိုက်ဖက်ညီနေမည် ဖြစ်ပေသည်။
ကျန်းလျို၏ လက်ထဲမှ လျှပ်စီး မီးလုံးများသည် မရပ်မနား ဆက်တိုက် ပစ်လွှတ်နေလေသည်။ ၎င်းတို့မှာ သာမန် မိစ္ဆာအဆင့်ရှိ မိစ္ဆာငယ်လေးများသာ ဖြစ်ကြပြီး ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်နိုင်သော မိစ္ဆာစစ်သည်များပင် အလွန် နည်းပါးလှလေသည်။ ထို့ကြောင့် ကျန်းလျိုအတွက်မူကား ဤအရာများသည် အသေးအဖွဲမျှသာ ဖြစ်လေသည်။
ခေတ္တမျှ တိုက်ခိုက်ပြီးနောက် စစ်သည်များစွာ လဲကျသွားသည်ကို မြင်သောအခါ ကျန်းလျိုသည် သူ၏ နတ်သစ်ပင် တောင်ဝှေးကို မြှောက်လိုက်လေသည်။
သူ၏ လှုပ်ရှားမှုနှင့်အတူ ကောင်းကင်ယံမှ ဆင်းသက်လာသည့်အလား ငွေရောင်တောက်ပနေသော အထွတ်အမြတ် ပစ္စည်းတစ်ခုသည် မိုးခြိမ်းသံကဲ့သို့ ကျဆင်းလာကာ မြေပြင်ပေါ်သို့ တည့်မတ်စွာ ရိုက်ခတ်သွားလေသည်။
ထိုအထွတ်အမြတ် ပစ္စည်းသည် မြေကြီးထဲသို့ စိုက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းထံမှ မျက်စိဖြင့် မမြင်နိုင်သော လှိုင်းတစ်ခု ပြန့်နှံ့ထွက်ပေါ်လာပြီး ထိုလှိုင်း၏ ဖြတ်သန်းသွားခြင်းကို ခံရသော စစ်သည်များအားလုံး၏ ဒဏ်ရာများသည် တဖြည်းဖြည်း သက်သာပျောက်ကင်းလာကြလေသည်။
၎င်းမှာ ကျန်းလျို ဝံပုလွေဖမ်းသည့် ကောင်လေးကို တစ်ကိုယ်တော် အနိုင်ယူပြီးနောက် ရရှိခဲ့သော ကျွမ်းကျင်မှုစာအုပ် တစ်အုပ်ဖြစ်ပြီး တိုက်ဆိုင်စွာပင် ၎င်းသည် ကရုဏာရှင် ဗောဓိသတ်၏ စွမ်းရည်တစ်ခု ဖြစ်နေခဲ့လေသည်။
ကုသခြင်း လက်တော် (အလယ်အလတ်အဆင့်) - ဖျက်ဆီး၍မရသော အထွတ်အမြတ် ပစ္စည်းတစ်ခုကို ကောင်းကင်ယံမှ ပင့်ခေါ်နိုင်သည်။ မီတာ တစ်ရာ ပတ်လည်အတွင်းရှိ မဟာမိတ် ပစ်မှတ်များအားလုံး၏ အမြင့်ဆုံး သွေးတန်းပမာဏမှ ၁ ရာခိုင်နှုန်းကို စက္ကန့်တိုင်းတွင် ပြန်လည်ကုသပေးမည်ဖြစ်ပြီး ၁၀ စက္ကန့်ကြာမြင့်မည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၁၂၀၀ စက္ကန့်
၎င်းသည် ကွမ်ယင် ဂါထာမှလွဲ၍ ကရုဏာရှင် ဗောဓိသတ်၏ နောက်ထပ် ကုသရေးစွမ်းရည် တစ်ခုဖြစ်လေသည်။ ပစ်မှတ်တစ်ခုတည်းကိုသာ ကုသပေးနိုင်သော ကွမ်ယင် ဂါထာ၏ အာနိသင်နှင့် ခြားနားစွာပင် ကုသခြင်း လက်တော် သည် အစုလိုက် ကုသရေးအာနိသင်ကို ပေးစွမ်းနိုင်လေသည်။
အခြေခံအဆင့်တွင် ၅ စက္ကန့်သာ ကြာမြင့်နိုင်လေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၌ ကျွမ်းကျင်မှတ် များ လုံလောက်စွာ ရှိနေသောကြောင့် ကျန်းလျိုသည် ထိုစွမ်းရည်ကို အလယ်အလတ်အဆင့်သို့ အဆင့်မြှင့်တင်လိုက်ရာ ၎င်း၏ ကြာမြင့်ချိန်ကို ၁၀ စက္ကန့်အထိ တိုးမြှင့်သွားစေခဲ့လေသည်။
၁၀ စက္ကန့် ကြာမြင့်ချိန်သည် သွေးတန်းပမာဏ၏ ၁၀ ရာခိုင်နှုန်းကိုသာ ပြန်လည်ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ကွမ်ယင် ဂါထာ ထက် များစွာ နည်းပါးသော်လည်း အစုလိုက် ကုသရေးနည်းလမ်းတစ်ခု အနေဖြင့်မူကား ဤစွမ်းရည်သည် အုပ်စုဖွဲ့ တိုက်ခိုက်ရသော စစ်ပွဲများတွင် အလွန်တရာ ထိရောက်မှုရှိလှပေသည်။
ထို့အပြင် နောင်အနာဂတ်တွင် စွမ်းရည်အဆင့် မြင့်တက်လာသည်နှင့်အမျှ ကြာမြင့်ချိန်လည်း ပိုမိုကြာရှည်လာမည်ဖြစ်ပြီး အာနိသင်များမှာလည်း ပိုမိုကောင်းမွန်လာမည် ဖြစ်လေသည်။
ပြင်းထန်သော တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီးနောက် ကျန်းလျို၏ လှုပ်ရှားမှုများနှင့် အစုလိုက် ကုသရေးစွမ်းရည်ဖြစ်သော ကုသခြင်း လက်တော် ၏ အကူအညီတို့ကြောင့် မိစ္ဆာသတ္တဝါ ရာပေါင်းများစွာ အသတ်ခံလိုက်ရလေသည်။ ၎င်းက ကျန်းလျိုအား အတွေ့အကြုံမှတ် တစ်သိန်းနီးပါး ရရှိသွားစေခဲ့ပြီး ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်သွားစေခဲ့လေသည်။
တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ပြည့်သွားသောအခါ ကျန်းလျိုသည် ကုသခြင်း လက်တော် ကို နောက်ထပ် အကြိမ်အနည်းငယ် အသုံးပြုလိုက်ရာ စစ်သည်များ၏ ဒဏ်ရာများမှာ နီးပါးခန့် အပြည့်အဝ သက်သာပျောက်ကင်းသွားစေခဲ့ပြီးနောက် သူက အနားယူရန် ရပ်တန့်လိုက်လေသည်။
ထိုအချိန်မှာပင် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး စွန်းဝူခုန်းသည် လေထဲမှနေ၍ ဆင်းသက်လာလေသည်။
"ဝူခုန်း... မင်း ဘာလို့ ရောက်လာတာလဲ..."
စွန်းဝူခုန်းကို မြင်သောအခါ ကျန်းလျိုသည် အနည်းငယ် လန့်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။
ဤအကောင်များမှာ မိစ္ဆာငယ်လေးများသာဖြစ်ပြီး မိစ္ဆာစစ်သူကြီး တစ်ကောင်မျှပင် မပါဝင်ပေ။ သူက အထူးတလည် ရောက်လာရန် ဘာအကြောင်းရှိနေပါသနည်း။
"ဆရာတော်... ပြန်ကြရအောင်… ညီတော် ရှားဝူကျင်း ပြန်ရောက်နေပြီ..."
မြေပြင်သို့ ဆင်းသက်လာစဉ် စွန်းဝူခုန်းက ပြောလိုက်လေသည်။
"ဝူကျင်း ဟုတ်လား... သူ ပြန်ရောက်နေပြီလား..."
ကျန်းလျို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။
‘သူ ထွက်သွားတာ သုံးလကျော်လေးပဲ ရှိသေးတယ် မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာရတာလဲ...’
အတွေးတစ်ခုနှင့်အတူ ကျန်းလျိုသည် စစ်သည်များကို သူတို့ဘာသာ ပြန်ကြရန် ညွှန်ကြားလိုက်ပြီး သူကမူ စွန်းဝူခုန်းနှင့်အတူ ရတနာဆင် တိုင်းပြည် ၏ ဘုရင်မင်းမြတ် နန်းတော်ဆီသို့ အပြေးအလွှား ပြန်လာခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်သုံးရာ ဝေးကွာသော ခရီးစဉ်မှာ နဂါးမြင်းဖြူ၏ ခွာသံများအောက်တွင် ဖြတ်သန်းပြီးစီးသွားခဲ့လေသည်။
ဝူကျင်းကို ပြန်မြင်လိုက်ရသောအခါ ကျန်းလျိုမှာ မှင်တက်သွားခဲ့ရလေသည်။
ပုံမှန်အားဖြင့် ဝူကျင်းသည် အနည်းငယ် တိတ်ဆိတ်ကာ စကားနည်းသူ ဖြစ်သော်လည်း ယင်းမှာ သူက စကားမပြောရန် ရွေးချယ်ထားခြင်းကြောင့်သာ ဖြစ်ပေသည်။
သို့သော် ယခု ဝူကျင်းကို ပြန်မြင်ရချိန်တွင် ကျန်းလျိုက သူသည် ပို၍ပင် တိတ်ဆိတ်နေသည်ဟု သတိပြုမိလိုက်ပြီး အထူးသဖြင့် သူ၏ထံမှ ထွက်ပေါ်နေသော အသက်မဲ့နေသည့် အငွေ့အသက်ကြီးက ယိုယွင်းပျက်စီးလုနီးပါး ဖြစ်နေသော အဘိုးအို တစ်ဦး၏ ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
"ဖြစ်နိုင်မလား... ကွမ်ယင် က လှုပ်ရှားလိုက်ပြီလား..."
ရှားဝူကျင်း၏ အမူအရာကို ကြည့်ရသည်မှာ သူသည် မျှော်လင့်ချက်မဲ့ကာ မိမိကိုယ်ကို အရှုံးပေးလိုက်ပြီဖြစ်သော ပုံစံမျိုး ပေါက်နေလေသည်။ ကျန်းလျို၏ ရင်တွင်း၌ အနည်းငယ် လှုပ်ခတ်သွားပြီး ရှားဝူကျင်းအား မေးလိုက်လေသည်။
"ဝူကျင်း… ဘာဖြစ်လို့လဲ… မင်း အဆင်ပြေရဲ့လား..."
"ဆရာတော်... တပည့်တော် အဆင်ပြေပါတယ်..."
ကျန်းလျို၏ အမေးကို တုံ့ပြန်ရာတွင် ရှားဝူကျင်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူ၏ မျက်လုံးများထဲတွင် ထုံထိုင်းကာ မီးခိုးပြာရောင် အငွေ့အသက်များ ပြည့်နှက်နေလျက် ခေါင်းခါပြကာ ပြောလိုက်လေသည်။
"တပည့်တော်အတွက် ဒီမှာ သုံးလကျော်ကြာအောင် စောင့်ပေးခဲ့တဲ့ ဆရာတော်ကို ကျေးဇူးတင်ပါတယ်... တပည့်တော် အပြစ်မကင်းသလို ခံစားရပါတယ်..."
‘မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... တကယ်တော့ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ... မင်းသာ မရှိရင် ငါက သုံးလကျော်လောက် ဘယ်လိုလုပ် အချိန်ဆွဲနေလို့ ရပါ့မလဲ...’
ရှားဝူကျင်း၏ စကားကြောင့် ကျန်းလျိုက အတွင်းစိတ်ထဲ၌ ခေါင်းခါပြရင်း မိမိကိုယ်ကို ညည်းတွားလိုက်လေသည်။
"မင်း တကယ်ပဲ အဆင်ပြေရဲ့လား… တစ်ခုခု ဖြစ်ခဲ့ရင်လည်း ငါ့ကို ပြောပြလေ..."
ကျန်းလျိုသည် အတွင်းစိတ်ထဲ၌ ညည်းတွားနေခဲ့သော်လည်း စပ်စုချင်စိတ်နှင့် ရှုပ်ထွေးမှုများက ပို၍သာ တိုးပွားလာခဲ့လေသည်။ ရှားဝူကျင်းအား ဤမျှ ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေရန် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
"တပည့်တော် အဆင်ပြေပါတယ် ဆရာတော်... တပည့်တော်..."
ရှားဝူကျင်းက ခေါင်းခါလိုက်လေသည်။ သူက အဆင်ပြေသည်ဟု ဆိုသော်လည်း စကားပြောနေစဉ်မှာပင် သူ၏ အသံမှာ ရုတ်တရက် ဆို့နင့်သွားခဲ့ပြီး မကြာမီမှာပင် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့လေသည်။
စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည် ရှားဝူကျင်း၏ အခြေအနေကို မြင်သောအခါ နားမလည်နိုင်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
‘ဒီလိုပုံစံမျိုး ဖြစ်နေတာတောင် သူက အဆင်ပြေတယ်လို့ ပြောနေသေးတာလား… ဒီစကားကို ဘယ်သူကများ ယုံကြည်မှာလဲ…’
"ကောင်းပြီလေ… မင်း မပြောပြချင်ဘူးဆိုရင်လည်း ငါ ထပ်မမေးတော့ပါဘူး… မင်း ပြောပြချင်တဲ့အချိန် ရောက်လာရင်တော့ ငါ့ကို ပြောပြလို့ ရပါတယ်..."
ရှားဝူကျင်း၏ အခြေအနေကို ကြည့်ရင်း ကျန်းလျိုသည် ခံစားချက်တစ်ခု ပြည့်နှက်လာကာ မတတ်သာသည့်အဆုံး ခေါင်းခါပြရင်း ပြောလိုက်လေသည်။
ရှားဝူကျင်းက ၎င်းအကြောင်းကို မပြောပြလိုသဖြင့် ကျန်းလျိုကလည်း သူ့အား အတင်းအကျပ် မေးမြန်းမည် မဟုတ်ပေ။ သို့သော်ငြားလည်း ရှားဝူကျင်း၏ အခြေအနေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ ကျန်းလျိုသည် ကိုယ်ချင်းစာစိတ်တစ်ခုကို ခံစားလိုက်ရလေသည်။
ရှားဝူကျင်းက အသေးစိတ် ပြောပြရန် မလိုအပ်ပေ။ ဤအရာမှာ ဗောဓိသတ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ ဖြစ်ရမည်ဟု ကျန်းလျို ခန့်မှန်းမိနေလေသည်။
ရှားဝူကျင်းကဲ့သို့ ကြီးမားခန့်ညားသော ယောက်ျားကြီးတစ်ယောက်ကို မျက်ရည်ကျစေနိုင်သည့် အရာဆိုသည်မှာ... သူ၏အပေါ်၌ မည်သို့သော အဖြစ်အပျက်မျိုး ကျရောက်ခဲ့သနည်း။
ကျန်းလျိုသည် ရှားဝူကျင်းနှင့် တမင်တကာ ဝေးဝေးနေကာ သူ့ကို ဖယ်ကြဉ်ထားခဲ့သော်လည်း တကယ်တမ်းတွင် သူတို့နှစ်ဦးကြား၌ မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ပေ။ သူတို့သည် လမ်းကြောင်းနှင့် ဗျူဟာများ မတူညီကြခြင်းသာ ဖြစ်လေသည်။
ယခု ရှားဝူကျင်း ပြန်ရောက်လာပြီဖြစ်ရာ ကျန်းလျိုတွင် ဤနေရာ၌ ဆက်လက်နေထိုင်ရန် ရည်ရွယ်ချက် မရှိတော့ချေ။
ကျမ်းစာပင့် ခရီးစဉ် အဖွဲ့အတွက် သိမ်းဆည်းစရာ ပစ္စည်းများများစားစား မရှိလှသဖြင့် ကျန်းလျိုသည် တပည့်များနှင့် အခြေအနေကို ခေတ္တမျှ တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့နှင့်အတူ ဘုရင်မင်းမြတ်ကို တွေ့ဆုံရန် ထွက်ခွာလာခဲ့ကြလေတော့သည်။
***