← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 26 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 26 Ch. 363-364

အပိုင်း(၃၆၃)

"ရွှမ်ကျန်းဆရာတော်… ဒါက ..."

ကျန်းလျိုနှင့် သူ၏ တပည့်များ အတူတကွ ရောက်ရှိလာသည်ကို မြင်သောအခါ ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်က မေးလိုက်လေသည်။ သူ၏ မျက်နှာအမူအရာမှာ နောက်ကွယ်မှ အကြောင်းရင်းများကို အကြမ်းဖျင်း ခန့်မှန်းမိနေပုံ ရလေသည်။

"မင်းကြီး... ကျုပ်တို့ ဒီမှာ တပည့် ပြန်အလာကို ရက်တစ်ရာလောက် စောင့်ဆိုင်းရင်း နေထိုင်ခဲ့ပြီးပြီ… အခု သူ ပြန်ရောက်လာပြီဆိုတော့ကာ ကျုပ်တို့ ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘဲ အနောက်အရပ်ကို ထွက်ခွာပါတော့မယ်..."

ကျန်းလျိုက လက်အုပ်ချီလျက် ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်အား ရိုသေယဉ်ကျေးသော အမူအရာဖြင့် ပြောလိုက်လေသည်။

"ဒီလိုလား..."

ကျန်းလျို၏ စကားကို ကြားသောအခါ ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်နေသော အမူအရာများ ပေါ်လွင်နေလေသည်။

ကျန်းလျိုသည် ရတနာဆင် တိုင်းပြည်၌ နေထိုင်စဉ်အတွင်း မိစ္ဆာမြောက်မြားစွာကို အမှန်တကယ် နှိမ်နင်းပေးခဲ့ရာ ယခု သူ ထွက်ခွာတော့မည်ကို ကြားရသောအခါ ဘုရင်မင်းမြတ်မှာ နှမြောတသ ဖြစ်နေမိလေသည်။

သို့သော်လည်း ဤနေရာတွင် အချိန်များစွာ ကုန်ဆုံးခဲ့ပြီးဖြစ်ကာ သူတို့သည် အနောက်အရပ်သို့ ဆက်လက်ခရီးဆက်ရန် လိုအပ်နေသေးကြောင်း သိထားသဖြင့် ဘုရင်မင်းမြတ်မှာ ယဉ်ကျေးစွာဖြင့် ဆက်လက်နေထိုင်ရန် တားဆီးပြောဆိုကြည့်သော်လည်း ကျန်းလျို ဆုံးဖြတ်ချက် မပြောင်းလဲသည်ကို မြင်သောအခါ ထပ်မံ၍ မပြောတော့ချေ။

ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြကာ ဘုရင်မင်းမြတ်သည် နှုတ်ဆက်ပွဲ အခမ်းအနားတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးခဲ့သည်။ မိဖုရားကြီး၊ ပိုင်ဟွာရှို့မင်းသမီး တို့နှင့်အတူ ကျန်းလျိုနှင့် သူ၏ တပည့်များကို ရိုသေလေးစားစွာဖြင့် လိုက်လံပို့ဆောင်ပေးခဲ့လေသည်။

"ဆရာတော်... တပည့်တော်မ..."

လူအုပ်ကြားတွင် လျှောက်လှမ်းလာရင်း ပိုင်ဟွာရှို့မင်းသမီးသည် ကျေးဇူးတင်စကား ဆိုလိုသည့် အကြောင်းပြချက်ဖြင့် ကျန်းလျို၏ အနီးသို့ ချဉ်းကပ်လာကာ တိုးတိုးလေး မေးမြန်းလိုက်လေသည်။

"အောမိတော်ဖော... မင်းသမီး... အခု မင်းသမီး လုပ်နိုင်တာဆိုလို့ တိတ်တဆိတ် စောင့်ဆိုင်းနေဖို့ပဲ ရှိတယ်..."

မင်းသမီး စကားမဆုံးမီမှာပင် ကျန်းလျိုသည် သူမ၏ ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် စကားဖြတ်ပြောလိုက်လေသည်။

လူအများအပြား ရှိနေသော ဤကဲ့သို့ လူမြင်ကွင်းမျိုးတွင် အချို့သော ကိစ္စရပ်များကို ဆွေးနွေးပြောဆိုရန် မသင့်တော်ပေ။

"ဟေ့ မျောက်လေး... အားတဲ့အချိန်ရှိရင် အချိန်မရွေး လာလည်လို့ရတယ်နော်..."

ပိုင်ဟွာရှို့မင်းသမီး၏ ဘေးမှ ဝံပုလွေဖမ်းသည့် ကောင်လေးက စွန်းဝူခုန်းအား လှမ်းပြောလိုက်လေသည်။

အတူ နေထိုင်စဉ်အတွင်း ဝံပုလွေဖမ်းသည့် ကောင်လေးနှင့် စွန်းဝူခုန်းတို့သည် စရိုက်တူချင်း ပေါင်းဖက်ခဲ့မိလေသည်။

"အေးပါကွာ... ငါ နောက်တစ်ခေါက် ပြန်လာဖို့ အခွင့်အရေးရခဲ့ရင် မင်းလည်း အခုထက် ပိုအစွမ်းထက်နေလိမ့်မယ်လို့ မျှော်လင့်တယ်..."

စွန်းဝူခုန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။

ရတနာဆင် တိုင်းပြည်၏ ဘုရင်မင်းမြတ်နှင့် နှုတ်ဆက်စကား အနည်းငယ် ဆိုပြီးနောက် ဘုရင်မင်းမြတ်နှင့်တကွ တိုင်းသူပြည်သား အများအပြား၏ ပို့ဆောင်မှုအောက်တွင် ကျန်းလျိုသည် နဂါးမြင်းဖြူပေါ်သို့ တက်စီးကာ လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက် သူနှင့် သူ၏ တပည့်များသည် မြို့တံခါးမှ ထွက်ခွာလာခဲ့ကြပြီး အနောက်အရပ်ဆီသို့ ခရီးဆက်လာခဲ့ကြလေသည်။

တစ်နေ့တာလုံး ခရီးနှင်ပြီးနောက် ကောင်းကင်ကြီး စတင် မှောင်မိုက်လာသောအခါ သူတို့သည် နတ်စံအိမ်တော် ကို ချထားလိုက်ကြလေသည်။ ညစာစားပြီးနောက်တွင် တပည့်များအားလုံး အသီးသီး အနားယူကြလေသည်။

သို့သော်လည်း ညစာစားပြီးနောက် ကျူးပါကျဲ သန့်ရှင်းရေး လုပ်ရန် ပြင်နေသည်ကို မြင်သောအခါ ရှားဝူကျင်းက တက်ကြွစွာဖြင့် ပြောလိုက်လေသည်။

"ဒုတိယ အစ်ကိုကြီး နားလိုက်ပါ... ဒါတွေကို ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်..."

"မင်း လုပ်မလို့လား..."

ကျူးပါကျဲမှာ အနည်းငယ် အံ့အားသင့်သွားပြီး ရှားဝူကျင်းကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။

"ဟုတ်ကဲ့... ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်..."

ရှားဝူကျင်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး စကားထပ်မပြောတော့ချေ။ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီးနောက် သူသည် နတ်စံအိမ်တော် ရှိ ရေတွင်းဆီသို့ သွားကာ ရေခပ်၍ ဆေးကြောသန့်စင်လေသည်။

ကျူးပါကျဲ ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း ပျင်းရိသော စရိုက်သဘာဝအရ ရှားဝူကျင်း က အလုပ်များကို တာဝန်ယူလုပ်ပေးမည်ဟု ဆိုလာသောကြောင့် သူကလည်း ဝမ်းသာအားရဖြင့် အနားယူရန် ထွက်သွားလေသည်။

ကျန်းလျိုသည် ကုလားထိုင်ကြီးပေါ်တွင် လှဲလျောင်းနေပြီး သူ၏ဘေးရှိ စားပွဲပေါ်မှ ငှက်ပျောသီး တစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်လေသည်။

ရှားဝူကျင်းသည် သန့်ရှင်းရေးလုပ်ရာတွင် အလွန် စေ့စပ်သေချာလှလေသည်။ အိုးခွက်ပန်းကန်များ အားလုံးကို ဆေးကြောပြီးနောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ တံမြက်စည်းတစ်ချောင်းကို ယူ၍ နတ်စံအိမ်တော် ကို သေချာစွာ တံမြက်စည်း လှဲကျင်းလေသည်။

တံမြက်စည်း လှဲကျင်းပြီးနောက် သူသည် အဝတ်စတစ်ခုကို ထုတ်ယူကာ ထူးကဲလှပသော နတ်စံအိမ်တော် အတွင်းရှိ ပရိဘောဂများ အားလုံးကို တိုက်ချွတ်သုတ်သင်လေရာ အလွန် ဝီရိယကောင်းပုံ ရလေသည်။

သို့သော်လည်း သူ၏ ပုံစံမှာ အချိန်ပြည့် အိမ်ရှင်မ တစ်ဦးနှင့် တူနေလေသည်။

"သူက အခု အိမ်တော်ထိန်းကြီး အဖြစ် ပြောင်းလဲသွားပြီလား..."

အရပ်သုံးမီတာခန့် မြင့်မားပြီး တောင့်တင်းခိုင်မာသော ရှားဝူကျင်း တစ်ယောက် မိန်းမသားများ လုပ်လေ့ရှိသော အိမ်မှုကိစ္စများဖြင့် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း ကျန်းလျိုသည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ညဉ့်နက်ချိန်သို့ ရောက်မှသာ ထူးကဲလှပသော နတ်စံအိမ်တော် တစ်ခုလုံးကို တိုက်ချွတ် သုတ်သင်ပြီးနောက် ရှားဝူကျင်းသည် လှည့်ထွက်ကာ အနားယူရန် သူ၏ အခန်းဆီသို့ ပြန်သွားခဲ့လေသည်။

"သူ့အပေါ် တကယ်ပဲ ကြီးမားတဲ့ ကိစ္စတစ်ခုခု ကျရောက်ခဲ့ပုံရတယ်..."

ကျန်းလျိုသည် ရှားဝူကျင်း ထံမှ ကြီးမားသော အပြောင်းအလဲကို အပြည့်အဝ ခံစားမိလိုက်ပြီး တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

သို့သော်လည်း ဤတစ်ကြိမ် ပြန်ရောက်လာပြီးနောက်တွင် ရှားဝူကျင်းသည် အဘယ်ကြောင့် အိမ်ရှင်မ တစ်ယောက်ကဲ့သို့ ဖြစ်သွားရသနည်း။ ကျန်းလျို ကိုယ်တိုင်လည်း စပ်စုချင်စိတ် ဖြစ်ပေါ်ကာ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

ကျမ်းစာပင့် အဖွဲ့ထဲတွင် သူ့အတွက် အရေးပါသော နေရာ သို့မဟုတ် အခန်းကဏ္ဍ မရှိတော့ဟု ခံစားရသဖြင့် သူ၏ တန်ဖိုးကို တတ်နိုင်သမျှ ပြသချင်နေ၍များလော။

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကျန်းလျို၏ ခန့်မှန်းချက်မှာ အတည်ပြုလိုက်သကဲ့သို့ ဖြစ်လာခဲ့သည်။ ရှားဝူကျင်းသည် အမှန်တကယ်ပင် အိမ်ရှင်မနှင့် တူသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ညစာစားပြီးတိုင်း သူက ပန်းကန်များကို ဦးဆောင်၍ ဆေးကြောပေးလေ့ရှိသည်။

တဖြည်းဖြည်းနှင့် စားသောက်ပြီးနောက် ကျူးပါကျဲ နှင့် အခြားသူများမှာ ကူညီခြင်းပင် မပြုကြတော့ဘဲ သူတို့၏ ပန်းကန်များကို ရှားဝူကျင်း ဆေးကြောရန် ချန်ထားခဲ့ကြလေသည်။

ထို့နောက် ပန်းကန်များ ဆေးကြောပြီးသည်နှင့် တစ်ပြိုင်နက် သူက အိမ်ကို ပုံမှန် သန့်ရှင်းရေးလုပ်ကာ ကျန်းလျိုနှင့် အခြားသူများကို အဝတ်အစားများ ချွတ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုပြီး လျှော်ဖွပ်ပေးလေသည်။

ကျန်းလျို ဟင်းချက်နေစဉ်မှာပင် ရှားဝူကျင်းသည် ဟင်းသီးဟင်းရွက်များကို ဆေးကြောလှီးချွတ်ပေးကာ တတ်နိုင်သမျှ ကူညီပေးလေသည်။

သူ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း ရှားဝူကျင်း ကိုယ်တိုင် စတင်၍ မည်သည့်အခါမျှ ပြောဆိုခြင်း မရှိခဲ့ဘဲ ကျန်းလျိုနှင့် အခြားသူများကလည်း အမှန်တကယ်ပင် ထပ်မံ မေးမြန်းခြင်း မပြုခဲ့ကြချေ။ ကျူးပါကျဲ အတွက်မူကား ရှားဝူကျင်း၏ ဤအပြောင်းအလဲကို များစွာ ကြိုဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း သူသည် အလွန်တရာ သက်သောင့်သက်သာ ဖြစ်နေခဲ့လေသည်။

စားသောက်ရေးအတွက် ဆရာတော်က နေ့စဉ် အရသာရှိသော ဟင်းလျာမျိုးစုံကို ချက်ပြုတ်ပေးပြီး အိပ်စက်ရန်အတွက် နတ်စံအိမ်တော်က အနားယူစရာ နေရာပေးထားသည်။ ထို့ပြင် သူတို့၏ အဝတ်များကို လျှော်ဖွပ်ပေးမည့်သူပင် ရှိနေသေးသည် မဟုတ်ပါလော။ ယင်းက အမှန်တကယ်ပင် နတ်စည်းစိမ် ကျနေသော ဘဝမျိုး ဖြစ်လေသည်။

ထို့အပြင် ကျမ်းစာပင့် ခရီးစဉ် ၏ အရှိန်အဟုန်မှာ မမြန်ဆန်လှသဖြင့် ဤခရီးစဉ်ကြီးမှာ ကိုယ်ပိုင် အိမ်တော်ထိန်း တစ်ယောက်ပါသည့် အပန်းဖြေခရီးစဉ် တစ်ခုနီးပါးအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်လေသည်။

ထိုည..

ညဉ့်နက်ချိန်သို့ ရောက်သောအခါ ကျန်းလျိုသည် ကောင်းကင်နဂါး ဓမ္မတေးသံ နှင့် အစစ်အမှန် ယွမ်စွမ်းအင် တို့ကို ခန္ဓာကိုယ်အတွင်း ရှစ်ဆယ့်ကိုးကြိမ်တိုင်တိုင် လှည့်ပတ်ပြီးသွားပြီးနောက် မျက်လုံးများကို ဖွင့်လိုက်ကာ ထ၍ အိမ်သာဆီသို့ ထွက်လာခဲ့လေသည်။

လမ်းတွင် ရှားဝူကျင်း၏ အခန်းတံခါးရှေ့မှ ဖြတ်သွားစဉ် တိတ်ဆိတ်နေသော ညယံ၌ တံခါးအပြင်ဘက်မှနေ၍ပင် ရှားဝူကျင်း အိပ်မက်ယောင်ကာ စကားပြောနေသည့်အသံကို ကျန်းလျို ကြားလိုက်ရလေသည်။

"အားမေ... ငါ့အဝတ်တွေ ညစ်ပတ်နေပြီ… ငါ့အတွက် လျှော်ပေးပါဦး..."

"ဆရာတော်... ဆရာတော်က တပည့်တော်အပေါ်မှာ စစ်မှန်တဲ့ စေတနာထားခဲ့ပါတယ်… တပည့်တော်ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ခွဲခံရရင်တောင် ဆရာတော့်ရဲ့ ကြီးမားတဲ့ ကျေးဇူးကို ဆပ်နိုင်မှာ မဟုတ်ပါဘူး..."

"အားမေ... မသွားပါနဲ့… မသွားပါနဲ့..."

သူ၏ ယောင်ယမ်းသော စကားပြောသံများက နောက်ပိုင်းတွင် အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် စကားသံများ ရပ်တန့်သွားကာ အခန်းတွင်းမှ သက်ပြင်းချသံရှည်ကြီး တစ်ခုသာ ထွက်ပေါ်လာလေတော့သည်။

ရှင်းလင်းစွာပင် နောက်ဆုံးတွင် ရှားဝူကျင်းသည် အိပ်မက်ဆိုးထဲမှ နိုးထလာခဲ့ပြီ ဖြစ်လေသည်။

"ဟူး… ကွမ်ယင် ဗောဓိသတ်က အကွက်ဟောင်းတွေကို ပြန်သုံးလိုက်ပြန်ပြီပဲ… ဒါက နောက်ထပ် ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်များ ဖြစ်နေမလား..."

ရှားဝူကျင်း၏ အိပ်မက်ထဲမှ စကားပြောသံအချို့ကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ဘယ်သူမှ သတိမထားမိခင်မှာပင် ထွက်ခွာသွားလေတော့သည်။

***

အပိုင်း (၃၆၄)

လေမည်းတောင်ရှိ လေမည်းဂူ အတွင်း၌...

ညဉ့်နက်နေပြီ ဖြစ်သော်လည်း ဂူအတွင်း၌ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေသော မြင်ကွင်းတစ်ခု ရှိနေဆဲပင် ဖြစ်လေသည်။

အနီးအနားရှိ အိုးကြီးတစ်လုံးမှာ လုံးဝ ရှုပ်ပွနေပြီး မစားရသေးသော အစားအစာ အများအပြား ပြည့်နှက်နေကာ ငရုတ်သီးများစွာ ပေါလောပေါ်နေပြီး မြေပြင်ပေါ်တွင်လည်း အရက်အိုးများစွာ ပြန့်ကျဲနေလေသည်။

ရှင်းလင်းစွာပင် သူတို့သည် ခမ်းနားသော ဟော့ပေါ့ကို စားသောက်ပြီးခါစ ဖြစ်လေသည်။

အခြားတစ်ဖက်တွင်မူ စားပွဲကြီးတစ်လုံးကို ခင်းကျင်းထားပြီး ကျင်းချီ၊ ဝက်ဝံနက် မိစ္ဆာ နှင့် လေဝါ မိစ္တာ တို့သည် အတူတကွ ထိုင်ကာ ဖဲကစားနေကြလေသည်။

"ဂေ့... ဒီဟော့ပေါ့က တကယ်ကို အရသာရှိတာပဲ… ငရုတ်သီးတွေကလည်း ကောင်းတယ်… နေဦး... ငါနိုင်ပြီ ဟားဟား..."

ဝက်ဝံနက် မိစ္ဆာ က လေချဉ်တက်လိုက်ပြီး ရုတ်တရက် အသံကို မြှင့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

လေဝါ မိစ္ဆာက သူ၏ ဖဲချပ်များကို စားပွဲပေါ်သို့ ချလိုက်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။

"ငါတို့ရဲ့ ဟော့ပေါ့အိုးက အရသာရှိပေမဲ့ ရွှမ်ကျန်းဆရာတော် ကိုယ်တိုင်ချက်တဲ့ ဟင်းကမှ တကယ့်ကို အစစ်အမှန်ကွ..."

...

ရတနာဆင် တိုင်းပြည်၊ နန်းတော်၌ ပိုင်ဟွာရှို့မင်းသမီးသည် ဥယျာဉ်အတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏ အရှေ့တွင် အစားအစာနှင့် ဝိုင်အချို့ကို တင်ထားကာ ထူထပ်သော လရောင်အောက်တွင် ကောင်းကင်ယံကို တိတ်ဆိတ်စွာ ငေးကြည့်နေလေသည်။

သူမ လကို ကြည့်နေခြင်းလား သို့မဟုတ် ကောင်းကင်ယံမှ တစ်စုံတစ်ရာကို စောင့်မျှော်နေခြင်းလား ဆိုသည်မှာ မသေချာလှပေ။

ညအချိန်တွင် နွေရာသီလေပြေလေညင်းလေး တစ်ချက် တိုက်ခတ်လာပြီး အနည်းငယ် အေးမြမှုကို သယ်ဆောင်လာခဲ့လေသည်။

ဝံပုလွေဖမ်းသည့် ကောင်လေးသည် ဥယျာဉ်၏ မြက်ခင်းပြင်တွင် လှဲလျောင်းနေပြီး ပိုးကောင်လေးများကို ဖမ်းကာ ကစားနေပုံရလေသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် အလွန် ငယ်ရွယ်သေးပြီး အပူပင်ကင်းကာ အပြစ်ကင်းစင်ဆုံးသော အရွယ်တွင်သာ ရှိနေသေးလေသည်။

ပိုင်ဟွာရှို့မင်းသမီးသည် ကောင်းကင်ယံဆီသို့ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး သူမ၏ သားဖြစ်သူကို ကြည့်လိုက်၏။ ထိုကလေး၏ တက်ကြွလှုပ်ရှားနေသော အမူအရာကို မြင်သောအခါ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ရွှမ်ကျန်းဆရာတော် ပြောခဲ့သလိုပင် သူမ လုပ်နိုင်သည့်အရာ များများစားစား မရှိဘဲ ဤနေရာတွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရန်သာ ရှိလေသည်။

ကံကောင်းထောက်မစွာဖြင့် ခင်ပွန်းဖြစ်သူ ထွက်သွားခဲ့ရသော်လည်း သူမ၏ ဘေးတွင် အဖော်ပြုရန် သားဖြစ်သူ ရှိနေသေးလေသည်။

"ရှင်မ..."

ဝံပုလွေဖမ်းသည့် ကောင်လေး တစ်ယောက်တည်း ကစားနေသည်ကို ကြည့်ရင်း ပိုင်ဟွာရှို့မင်းသမီး စိတ်သက်သာရာ ရနေချိန်မှာပင် ရုတ်တရက် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ သူမ၏ မျက်နှာအမူအရာမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ ဥယျာဉ်၏ ထောင့်တစ်နေရာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဝတ်ရုံဝါ မိစ္ဆာမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ပါမည်နည်း။

မူလကိုယ်ပိုင်အမည်နာမကို ဖုံးကွယ်ထားရန် မလိုအပ်တော့သဖြင့် သူ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ မိစ္ဆာဆိုးတစ်ကောင်နှင့် လုံးဝ တူညီခြင်း မရှိတော့ချေ။ နက္ခတ်နှစ်ဆယ့်ရှစ်ပါးအနက်မှ တစ်ပါးအပါအဝင်ဖြစ်သော ကြယ်နတ်မင်း ခွေမုဝံပုလွေသည် ကောင်းကင်ယံမှ ကြယ်ရောင်များကို သူ၏ ကိုယ်ပေါ်သို့ စုစည်းထားသကဲ့သို့ ဖြစ်နေလေသည်။

"ရှင်… ရှင် တကယ်ပဲ ပြန်ရောက်လာပြီလား... အဆင်ပြေရဲ့လား..."

ခွေမုဝံပုလွေ ထွက်ပေါ်လာသည်ကို မြင်သောအခါ ပိုင်ဟွာရှို့မင်းသမီးမှာ အံ့ဩခြင်း၊ ဝမ်းသာခြင်းတို့ ရောယှက်စွာဖြင့် ပြောလိုက်လေသည်။

ရွှမ်ကျန်းဆရာတော်က သူမ၏ ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီး ကောင်းကင်ဘုံသို့ ပြန်လည်ခေါ်ဆောင်သွားခံရမည် ဆိုလျှင်တောင် ပြင်းထန်သော အပြစ်ပေးခံရမည် မဟုတ်ကြောင်း ပြောထားပြီးဖြစ်ပေသည်။ သို့သော်လည်း ဆရာတော် ကိုယ်တိုင် ရိုက်ကူးခဲ့သော ဇာတ်ကွက်ကြောင့် ခွေမုဝံပုလွေမှာ အတော်လေး ဒုက္ခရောက်ခဲ့ရပြီး ဖြစ်လေသည်။

သို့သော်ငြားလည်း စကားသက်သက်ထက် မျက်မြင်ကိုယ်တွေ့ မြင်ရသည်က အခြားကိစ္စတစ်ခု ဖြစ်လေသည်။

"အင်း... အားလုံး အဆင်ပြေပါတယ်... ရွှမ်ကျန်းဆရာတော် ပြောခဲ့တာတွေက တကယ်ကို မှန်ကန်ပါတယ်... ငါ အဖမ်းခံရပြီး ကောင်းကင်ဘုံကို ပြန်ခေါ်သွားခံရပေမဲ့ ကျောက်စိမ်းဧကရာဇ်က ထိုက်ရှန်းလောင်ကျွင်း အတွက် မီးမွှေးပေးဖို့ဆိုပြီး အပြစ်ပေးရုံလေးပဲ ပေးခဲ့တာပါ..."

ခွေမုဝံပုလွေက ခေါင်းညိတ်ပြကာ အပြုံးမျက်နှာဖြင့် ပြောလိုက်လေသည်။ စကားပြောရင်း ခွေမုဝံပုလွေက ပိုင်ဟွာရှို့မင်းသမီးအား ဖက်ရန် လက်ကို ဆန့်တန်းလိုက်လေသည်။

"အာ... ဖေဖေ ပြန်လာပြီ..."

သို့သော်လည်း အခြားပုံရိပ်တစ်ခုက ပိုင်ဟွာရှို့မင်းသမီးထက် အရင်ဦးသွားပြီး ခွေမုဝံပုလွေ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဝင်ကာ စိတ်လှုပ်ရှားစွာဖြင့် ခေါ်ဆိုလိုက်လေသည်။

"ဒါက ဘယ်သူလဲ..."

ကလေးလေးကို ရင်ခွင်ထဲတွင် ပွေ့ချီထားရင်း ခွေမုဝံပုလွေမှာ ခေတ္တမျှ မှင်တက်သွားပြီး ပိုင်ဟွာရှို့မင်းသမီးအား အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

‘ဘာတွေ ဖြစ်နေသနည်း… သူစိမ်းကောင်လေး တစ်ယောက်က အဘယ်ကြောင့် သူ့ကို ဖေဖေ ဟု ခေါ်ရသနည်း။

"ဪ... သား မေ့သွားတယ်... သားက ရုပ်ပြောင်းထားတာကိုး..."

ဖခင် မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သောအခါ ဝံပုလွေဖမ်းသည့် ကောင်လေးမှာလည်း သတိရသွားပြီး ကောင်းကင်မိစ္ဆာ ရုပ်ပြောင်းရုပ်လွှဲ သင်္ကန်းတော်၏ ရုပ်သွင်ပြောင်းလဲခြင်း အာနိသင်ကို ရုပ်သိမ်းကာ သူ၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်လေသည်။

"သား... သားက ရွှမ်ကျန်းဆရာတော်ရဲ့ သင်္ကန်းကို ဝတ်ထားတာလား..."

ဝံပုလွေဖမ်းသည့် ကောင်လေး မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်လိုက်ရပြီး သူဝတ်ဆင်ထားသော သင်္ကန်းကို ကြည့်ကာ ခွေမုဝံပုလွေက အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

"ဟုတ်ပါတယ်… ရွှမ်ကျန်းဆရာတော်က သားလေးသာ ကျွန်မနဲ့အတူ ဆက်နေချင်တယ်ဆိုရင် သူ့ရဲ့ မူလပုံစံကို ပြလို့ မဖြစ်ဘူးဆိုပြီး…ဒါကြောင့် သူ့ရဲ့ သင်္ကန်းကို ပေးခဲ့တာပါ... ဒီသင်္ကန်းက ရုပ်သွင်ဖုံးကွယ်ပေးနိုင်စွမ်း ရှိတယ် ထင်ပါတယ်..."

ခွေမုဝံပုလွေ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေမှုကို မြင်သောအခါ ပိုင်ဟွာရှို့မင်းသမီးက ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

"သေချာတာပေါ့… ဒီသင်္ကန်းက တကယ်ကို တန်ဖိုးကြီးတဲ့ ရတနာတစ်ပါးပဲ… ဒါပေမဲ့..."

ခွေမုဝံပုလွေက လေးစားအံ့မခန်းဖြစ်စွာဖြင့် တုံ့ပြန်လိုက်၏။ ဤသင်္ကန်းသည် သူ၏ အမြင်ကိုပင် လှည့်စားနိုင်ခဲ့လေရာ သာမန် အဝတ်အစား တစ်ခု မဟုတ်ကြောင်း သေချာနေလေသည်။

"ဒါပေမဲ့ ဘာဖြစ်လို့လဲ..."

ခွေမုဝံပုလွေ၏ မျက်နှာအမူအရာကို ကြည့်ရင်း ပိုင်ဟွာရှို့မင်းသမီးက အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။

"ဒါပေမဲ့ ဒီသင်္ကန်းက ရွှမ်ကျန်းဆရာတော်ရဲ့ ပစ္စည်းလေ… ပြီးတော့ သူက ကလေးကို တိုက်ရိုက် လက်ဆောင်ပေးခဲ့တယ်ဆိုတော့ ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ငါ ဘယ်လိုလုပ် ဆပ်ရပါ့မလဲ..."

ခွေမုဝံပုလွေက ခေါင်းခါလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိမှုနှင့်အတူ မိမိကိုယ်ကို မထိုက်တန်ဟု ခံစားရသော အမူအရာတို့ ရောယှက်နေလေသည်။

"ရွှမ်ကျန်းဆရာတော်က တစ်ခုခုကို မျှော်လင့်ပြီး ကူညီတတ်တဲ့သူမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်... ဒါပေမဲ့ ရှင်က ကျေးဇူးတင်လွန်းလို့ အကြွေးတင်နေသလို ခံစားနေရတယ်ဆိုရင် အချိန်တန်တဲ့အခါ ကျေးဇူးဆပ်တဲ့အနေနဲ့ တန်ဖိုးကြီး ရတနာတစ်ခု ရှာပြီး ပြန်ပေးလိုက်ပေါ့… အပြန်အလှန် ကျေးဇူးဆပ်တာက ယဉ်ကျေးမှု တစ်ခုပဲလေ..."

ပိုင်ဟွာရှို့မင်းသမီးက ခေတ္တမျှ တွေးတောပြီးနောက် အဓိပ္ပာယ်ရှိစွာ ပြောလိုက်လေသည်။

"အင်း… ငါတို့ လုပ်နိုင်တာ ဒါပဲ ရှိတော့တယ် ထင်ပါတယ်..."

ပိုင်ဟွာရှို့မင်းသမီး၏ အကြံပြုချက်ကို အဓိပ္ပာယ်ရှိသည်ဟု သဘောတူကာ ခွေမုဝံပုလွေက ခေါင်းညိတ်ပြလိုက်လေသည်။

စကားပြောဆိုနေကြစဉ်အတွင်း သူတို့ ဇနီးမောင်နှံ နှစ်ဦးသည် အချင်းချင်း ထွေးပွေ့လိုက်ကြလေသည်။

...

အချိန်များ နေ့စဉ်ရက်ဆက် ကုန်လွန်လာသည်နှင့်အမျှ ရတနာဆင်တိုင်းပြည်မှ ထွက်ခွာလာပြီးနောက် ကျန်းလျိုတို့ အဖွဲ့သည် မသိလိုက်မသိဘာသာပင် ကျမ်းစာပင့် ခရီးစဉ်ပေါ်တွင် နှစ်လတာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ဤနှစ်လတာ ကာလအတွင်း လမ်းခရီးတစ်လျှောက်တွင် ကြီးမားသော အဖြစ်အပျက်များ မရှိခဲ့ချေ။ သူတို့သည် တရားထိုင် ကျင့်ကြံကြပြီး လမ်းတွင် မိစ္ဆာငယ်လေးများ သို့မဟုတ် ဓားပြများနှင့် ကြုံတွေ့ရပါက ကျန်းလျိုက ရှင်းလင်းပေးကာ အတွေ့အကြုံမှတ် အချို့ကို ရယူခဲ့လေသည်။ ဘဝမှာ အတော်လေး သာယာနေခဲ့လေသည်။

ထို့အပြင်... လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းလျို၏ အဆင့်သည် ထပ်မံမြင့်တက်သွားခဲ့ပြီး ၃၇ ဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

သို့သော်... ကျန်းလျိုအတွက်မူကား ဤအရှိန်အဟုန်မှာ အနည်းငယ် နှေးကွေးလွန်းသည်ဟု ခံစားနေရလေသည်။ အဆင့်မြင့်တက်လာမှုနှင့်အတူ သူသည် ကျွမ်းကျင်မှတ် တစ်မှတ် ထပ်မံရရှိခဲ့သည်။ ကျန်းလျိုသည် ၎င်းကို အစုလိုက် ကုသရေးစွမ်းရည်ဖြစ်သော ကုသခြင်း လက်တော် တွင် အသုံးပြုလိုက်လေသည်။

အဆင့်မြင့် ကုသခြင်း လက်တော် သို့ အဆင့်မြှင့်တင်ပြီးနောက် ၎င်း၏ ကြာမြင့်ချိန်မှာ ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ တိုးလာခဲ့ပြီး အာနိသင်မှာလည်း သိသိသာသာ တိုးတက်လာခဲ့လေသည်။

တစ်နေ့တွင် ကျန်းလျို မြင်းပေါ်တွင် ထိုင်နေစဉ် ရုတ်တရက် အရှေ့ဘက် လမ်းမပေါ်မှ သဲ့သဲ့လေး ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဒီလို လူသူကင်းမဲ့တဲ့ တောင်တွေ တောတွေထဲမှာ ငိုသံ ဟုတ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ငိုသံကို ကြားလိုက်ရသောအခါ နဂါးမြင်းဖြူပေါ်တွင် တရားထိုင်နေသော ကျန်းလျိုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ ရင်တွင်း၌ အနည်းငယ် ရှုပ်ထွေးသွားလေသည်။

ထူးဆန်းသော မိစ္ဆာတစ်ကောင်ကောင်၏ လက်ချက်များ ဖြစ်နေမည်လော။

"ဆရာတော်... တပည့်တော် သွားကြည့်လိုက်ရမလား..."

ကျန်းလျို၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေမှုကို မြင်သောအခါ ရှားဝူကျင်းက ဝင်ပြောလိုက်လေသည်။

ယခင်အဖြစ်အပျက်မှ ပြန်လည်ရောက်ရှိလာပြီးကတည်းက ရှားဝူကျင်းသည် ကျမ်းစာပင့် ခရီးစဉ် အဖွဲ့အတွင်း သူ၏ တန်ဖိုးကို သက်သေပြရန် အစွမ်းကုန် ကြိုးစားနေခဲ့ပြီး အလွန်တရာ ဝီရိယကောင်းနေခဲ့လေသည်။

"အင်း... သွားကြည့်လိုက်တာ ကောင်းမယ်..."

ကျန်းလျိုသည် ရှားဝူကျင်းအား တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။

***

All Chapters